သူမက တုန်လှုပ်စွာပင် မေးမြန်းလိုက်၏။ “ရှင့်ဓားပျံကို ဘာဖြစ်လို့ မပစ်သေးတာလဲ။ ကျမကို သတ်လိုက်ပါတော့လား။”
လီဆွန်းဟွာ-“မင်းဟာ ရိခူအပေါ်မှာ အချစ်ကြီးလို့ လက်စားချေချင်နေတယ်ဆိုတာ ကျုပ်သိပါ တယ်။ အခု သူသေသွားတော့ မင်းအတော်လေး ခံစားနေရမှာပဲ။”
သူ၏လက်ထဲမှ ဓားပျံလေးအား ကြည့်လိုက်ပြီးနောက် ငြင်သာစွာ ပြောဆိုလိုက်၏။ “မင်းရဲ့ခံစား ချက်ကို ကျုပ်နားလည်ပါတယ်။ ကျုပ် တကယ်ကို နားလည်ပါတယ်။ မင်း လူသတ်လိုက်တိုင်း အဲ့ဒီခံ စားရမှုက ပျောက်သွားမှာမဟုတ်ဘူး။ လူဘယ်လောက်ပဲသတ်သတ် မင်းဆက်ပြီး ခံစားနေရဦးမှာပဲ။”
မီးရောင်မှိန်မှိန်အောက်၌ စူးရှတောက်ပသော အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ဓားပျံတစ်လက် လက်ကနဲထွက်ပေါ်လာပြီး ကင်းမြီးကောက်ပြာဘေးရှိ နံရံပေါ်သို့ စိုက်ဝင်သွား၏။
လီဆွန်းဟွာ-“မင်းသွားလို့ရပါပြီ။”
ကင်းမြီးကောက်ပြာသည် အေးခဲသွားခဲ့ရ၏။
အတော်လေးကြာသောအခါမှ သူမက မေးလိုက်၏။ “အဲ့ဒီလိုဆိုရင် ကျမရဲ့ ဝေဒနာကို ဘယ်လို ကုစားရမှာလဲ။”
လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “အဲ့ဒီအဖြေကို ကျုပ်လည်းမသိဘူး။ ဒါပေမဲ့... သူ့နေရာမှာ အ စားထိုးနိုင်မယ့် လူတစ်ယောက်ကို မင်းရှာတွေ့နိုင်ရင်တော့ သက်သာကောင်း သက်သာသွားနိုင်မယ်လို့ ထင်တယ်။ အဲ့ဒီလူကို မင်းရှာတွေ့နိုင်ပါစေလို့လည်း ကျုပ်ဆုတောင်းပေးပါတယ်။”
ကင်းမြီးကောက်ပြာက သူ့ကိုစိုက်ကြည့်နေလိုက်ပြီး မျက်ရည်များ စီးကျလာခဲ့၏။
စွန်းရှောင်းဟုန်သည်လည်း လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်၏။ သူလိုလူတစ်ယောက်ကို သူမ တစ်ခါ မှမတွေ့ခဲ့ဖူးချေ။ သူလိုလူ နောက်တစ်ယောက်မရှိနိုင်ဟု သူမ ထင်သည်။ သူ့ခန္ဓာကိုယ်အားစိုက်ကြည့် နေလိုက်ပြီး သူ့နှလုံးသားကို ထွင်းဖောက်မြင်နိုင်အောင် ကြိုးစားလိုက်၏။
ကင်းမြီးကောက်ပြာ ထွက်ခွာသွားပါပြီ။ မျက်ရည်စက်များနှင့် ထွက်ခွာသွားခဲ့ပါပြီ။
လီဆွန်းဟွာက ပြုံးပြီးပြောလိုက်၏။ “ကျုပ်ဘာဖြစ်လို့ သူ့ကိုမသတ်ခဲ့တာလဲဆိုတာ မင်းသိပ်သိ ချင်နေမယ်ထင်တယ်။”
စွန်းရှောင်ဟုန်က တိတ်ဆိတ်နေလိုက်၏။
ခါးကုန်းစွန်းသည် မြေကြီးပေါ်ကျနေသော အပြာရောင်လက်နက်ဆန်းကို စိုက်ကြည့်နေ၏။ သူ သည်လည်း တိတ်ဆိတ်စွာပင် ရှိနေလေ၏။
လီဆွန်းဟွာ-“မျက်ရည်ကျတတ်တဲ့ လူတစ်ယောက်ဟာ မသေသင့်ဘူးလို့ ကျုပ်ထင်တယ်။”
ချက်ချင်းပင် စွန်းရှောင်းဟုန်က သူ့ကိုပြုံးပြလိုက်၏။ “ရှင်လူမသတ်ချင်ဘူးဆိုတာ ကျမသိပါတယ်။ အဲ့ဒီအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကျမသိချင်တာတစ်ခုက ရှင်အရက်မမူးဘဲနဲ့ ဘာ ဖြစ်လို့ မူးချင်ယောင်ဆောင်နေရတာလဲ။”
လီဆွန်းဟွာ-“မင်းလည်း အရက်သောက် ကျွမ်းကျင်သူတစ်ယောက်ပဲ။ အရက်မူးချင်ယောင်ဆောင် ရတာက တကယ် အရက်မူးတာထက်ပိုခက်ခဲတယ်ဆိုတာ သိမှာပေါ့။ ကျုပ်သာ တကယ်အရက်မူးခဲ့ ရင် ပျော်ဖို့မကောင်းတော့ရုံတင်မကသေးဘူး နောက်ရက်ထလာရင် ခေါင်းကိုက်ခဲတဲ့ဒဏ်ကိုလည်း အလူးအလဲ ခံစားရဦးမယ်။”
စွန်းရှောင်းဟုန်-“ဒါလည်း ဟုတ်တာပဲ။”
လီဆွန်းဟွာ-“ဒါပေမဲ့ အရက်သောက်သူတိုင်းဟာ မူးချင်လို့ သောက်ကြတဲ့သူတွေချည်းပဲ။ ကျုပ် အရက်မူးတာကို တွေ့ချင်သေးတယ်ဆိုရင်တော့ မင်းအတွက် တွေ့ဖို့အခွင့်အရေး အများကြီးရှိပါသေး တယ်။”
စွန်းရှောင်းဟုန်က သက်ပြင်းချလိုက်ပြီး- “အခု ကျမက ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွား ခဲ့ရပြီဆိုတော့ နောက်ထပ်အခွင့်အရေးလည်း ရှိတော့မယ်မထင်ပါဘူး။”
လီဆွန်းဟွာ-“တကယ်တမ်းပြောရမယ်ဆိုရင်... ကျုပ်...”
သူ့စကားကို အဆုံးမသတ်နိုင်သေးခင်မှာပင် ခါးကုန်းစွန်းသည် စားပွဲနောက်မှ ကြီးမားလှသော အရက်အိုးတစ်အိုးကိုမယူလိုက်ပြီး အိုးလိုက်ပင် တစ်ဂွပ်ဂွပ် မော့ချလိုက်တော့သည်။
အရက်တစ်အိုးလုံးနီးပါးကို တစ်ခါတည်းမော့သောက်လိုက်သော်လည်း စွန်းရှောင်းဟုန်က လျင်မြန်စွာ ပင် သူ့လက်ထဲမှ အရက်အိုးကို ဆွဲလုလိုက်၏။ သူမက ခြေဆောင့်လိုက်ပြီး- “သူကတော့ အရက်မူးချင် ယောင်ဆောင်ခဲ့တယ်။ ဘာဖြစ်လို့ ဒုတိယဘဒွေးက အရက်မူးချင်နေရတာလဲ။”
ခါးကုန်းစွန်း-“အရက်မူးရင် ပြသနာတွေအားလုံး ပြေလည်သွားလိမ့်မယ်။ စိတ်ညစ်တာတွေလည်း ပျောက်သွားလိမ့်မယ်။ မူးတာပဲကောင်းတယ်။ မူးတာပဲကောင်းပါတယ်။”
စွန်းရှောင်းဟုန်-“ဘာဖြစ်ရတာလဲရှင်...”
ခါးကုန်းစွန်း-“ဘာဖြစ်လဲသိချင်လား။ ကျုပ်ဘယ်သူ့အပေါ်မှာမှ ကျေးဇူးတင်မခံချင်ဘူး။ ကျေးဇူး တင်ခံရမှာထက်စာရင် ကျုပ်ဗိုက်ကို ဓားနဲ့ထိုးခွဲသွားတာကမှ တော်ဦးမယ်။”
ပြီးနောက် ခုံတစ်လုံးပေါ်သို့ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်ထား လိုက်ကာ- “လီဆွန်းဟွာ... လီဆွန်းဟွာ... ကျုပ်ကို ဘာဖြစ်လို့ ကယ်တင်ခဲ့ရတာလဲ။ ကျုပ်အသက် ကိုလူတစ်ယောက်က တစ်ခါကယ်တင်ပေးခဲ့ဖူးတယ်ဆိုတာကော သိရဲ့လား။ ကျုပ်ဒီနေရာမှာ ၁၄ နှစ်လုံး လုံး ဘာဖြစ်လို့ လာနေနေရတာလဲဆိုတာကော သိရဲ့လား။”
“ခင်ဗျားကို ဘယ်သူက ကယ်တင်ခဲ့တာလဲ...”
“ဘာဖြစ်လို့ ဒီနေရာမှာ ဇာတ်မြှုပ်ပြီး ၁၅ နှစ်တိုင်တိုင်နေမယ်လို့ ဆုံးဖြတ်ထားခဲ့တာလဲ။”
“ခင်ဗျား ဘယ်သူ့ကို ကာကွယ်စောင့်ရှောက်ပေးနေတာလဲ။”
ထိုမေးခွန်းများကို လီဆွန်းဟွာ မေးလိုက်ချင်ပါသည်။
ခါးကုန်းစွန်း၏ စကားသံများက တဖြည်းဖြည်း တိုးညင်းသွားခဲ့၏။ သူအရက်မူးနေပြီလော။ အိပ် ပျော်သွားခြင်းပင်လော။
စွန်းရှောင်းဟုန်ကို လီဆွန်းဟွာ ကြည့်လိုက်၏။ သူမအား ထိုမေးခွန်းများကို သူမေးလိုက်ချင်ပါ သည်။ သို့သော် သူမ၏ တောက်ပရွှန်းလဲ့နေသော မျက်လုံးရွဲကြီးများကို တွေ့လိုက်ပြီးသည့်နောက် ထိုအကြံကို သူစွန့်လွှတ်လိုက်၏။
သူမလို မိန်းကလေးတစ်ယောက်ထံမှ မည်သည့်အဖြေမှ ရရှိနိုင်လိမ့်မည်မဟုတ်ကြောင်း သူသိနေပါ သည်။
လီဆွန်းဟွာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး- “မင်းရဲ့ ဘဒွေးဟာ လူကြီးလူကောင်း တစ်ယောက်ပါ။”
စွန်းရှောင်းဟုန်က သူမ၏မျက်လုံးထောင့်မှ လီဆွန်းဟွာအား စိုက်ကြည့်လိုက်ပြီး- “တကယ့်လူ ကြီး လူကောင်းတစ်ယောက်ကသာ ဒီလိုမျိုး မြန်မြန်ဆန်ဆန် မူးသွားတတ်တယ်လို့ ရှင်ဆိုလိုချင်တာ လား။”
လီဆွန်းဟွာ-“ကျုပ်ဆိုလိုတာက စစ်မှန်တဲ့ လူကြီးလူကောင်းတစ်ယောက်ကသာ ကတိတစ်လုံးကို ဘာပဲဖြစ်ဖြစ် တန်ဘိုးထားတတ်တယ်။ လူကြီးလူကောင်းတစ်ယောက်ကသာ ဘယ်တော့မှ သူတစ်ပါးရဲ့ အကူအညီကို မယူတတ်ဘူး။ အခြားလူတွေအတွက် သူ့ကိုယ်ကျိုးကို စွန့်လွှတ်တတ်တယ်။ မင်းဘဒွေး က လူကြီးလူကောင်းတစ်ယောက်ပါကွာ။”
စွန်းရှောင်းဟုန်သည် သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီး- “ဒါကြောင့်မို့လို့လည်း ရှင်ဒီနေရာမှာ လာပြီး တစ်စုံတစ်ယောက်ကို စောင့်ရှောက်ပေးနေတာမဟုတ်လား။”
လီဆွန်းဟွာက တိတ်ဆိတ်နေလိုက်၏။
စွန်းရှောင်းဟုန်-“ဘာပဲဖြစ်ဖြစ် ရှင်ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူးမဟုတ်လား။”
လီဆွန်းဟွာက တိတ်ဆိတ်မြဲတိတ်ဆိတ်နေလိုက်၏။
စွန်းရှောင်းဟုန်-“အားဖေအတွက် ရှင်မစဉ်းစားတော့ဘူးလား။ သူ့ကိုကော ရှင်မတွေ့ချင်ဘူး လား။ သူဟာ ရှင့်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။”
လီဆွန်းဟွာသည် အတန်ကြာမျှတိတ်ဆိတ်နေခဲ့ပြီး လေးတွဲ့စွာဖြေကြားလိုက်၏။ “အနဲဆုံးတော့ သူ့ကိုယ်သူထိန်းသိမ်းနိုင်မှာပါ။”
စွန်းရှောင်းဟုန်-“ကျမ ကြားဖူးတာတော့ လင်ရှန်းအာက နတ်သမီးတစ်ပါးလို သိပ်ကိုလှပပေမယ့် ယောက်ျားတွေကို ငရဲပြည်အရောက် ပို့တတ်တယ်တဲ့။”
သူမသည် စကားကို ဖြေးညင်းစွာပြောဆိုလိုက်၏။ “ရှင့်မိတ်ဆွေကိုကော ငရဲပြည်အရောက် မပို့ ဘူးလို့ ပြောနိုင်ပါ့မလား။”
လီဆွန်းဟွာသည် သူ့ပါးစပ်ကို ပိတ်ထားလိုက်လေတော့သည်။
စွန်းရှောင်းဟုန်က သက်ပြင်းချလိုက်ပြီး- “ရှင်ဒီကနေ ထွက်ခွာသွားမှာမဟုတ်ဘူးဆိုတာ ကျမ သိ ပါတယ်။ ‘သူမ’အတွက်ဆိုရင် အရာအားလုံးကို ရှင်စွန့်လွှတ်ရဲပါတယ်။ အရာအားလုံးကို...”
သူမ၏မျက်ဝန်းများက လွန်စွာမှပင် နူးညံ့သိမ်မွေ့လာခဲ့ပြီး လီဆွန်းဟွာကို စိုက်ကြည့်လိုက်ကာ- “ရှင့်အတွက်ကော ဘာဖြစ်လို့ အစားထိုးစရာလူ နောက်တစ်ယောက်မရှာသေးတာလဲ။”
လီဆွန်းဟွာ၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ရပြီး ချောင်းဆိုးလိုက်၏။
စွန်းရှောင်းဟုန်-“ရှင်မသွားချင်မှတော့ ရှင့်ကိုထွက်သွားဖို့ ကျမ မတိုက်တွန်းတော့ပါဘူး။ ဒါပေမဲ့ ကျမရဲ့ ဘိုးဘိုးနဲ့တော့ ရှင်လိုက်တွေ့သင့်တယ်လို့ ထင်တယ်။”
ချောင်းဆိုးနေသည့်ကြားမှ လီဆွန်းဟွာက မေးမြန်းလိုက်၏။ “ဘယ်မှာလဲ... မင်းဘိုးဘိုးက ဘယ် မှာလဲ။”
စွန်းရှောင်းဟုန်-“သူ မြို့ပြင်က ဇရပ်ပျက်ကြီးမှာ ရှိနေမှာပေါ့။”
လီဆွန်းဟွာ-“ဘာဖြစ်လို့ အဲ့ဒီနေရာမှာ ရှိနေရတာလဲ။”
စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာက စန့်ကွမ်းကျင်းဟုန် ဖြတ်သွားလိမ့်မယ်။”
လီဆွန်းဟွာ-“အဲ့ဒီနေရာကနေ စန့်ကွမ်းကျင်းဟုန် ဖြတ်သွားခဲ့ဦးတောင်မှ မင်းဘိုးဘိုးက သူ့ကို တွေ့နိုင်ဖို့ လွယ်ပါ့မလား။”
စွန်းရှောင်းဟုန်-“အိုး... သူတွေ့မှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်က ဘယ်တုန်းကမှ မြင်းရထားစီးတာတို့ မြင်းစီးပြီးလာတာတို့ မရှိဘူး။ လူတွေမှာ ခြေထောက်တွေပါတဲ့ အတွက် လမ်းလျှောက်သင့်တယ်လို့ သူကိုယ်တိုင်က ပြောဖူးတယ်။”
လီဆွန်းဟွာက မချိပြုံးလေးပြုံးလိုက်ပြီး- “မင်းသိတာတွေ များလှချည်လား။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်ပြီး- “ဟုတ်တယ်။ ကျမသိတာတွေ သိပ်များတယ်။”
လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန် ဒီကိုရောက်လာလိမ့်မယ်ဆိုတာ သိထားရုံတင်မကသေးဘူး... သူဘယ်လမ်းက ဘယ်လိုလာမယ်ဆိုတာပါသိနေသေးတယ်။ အဲ့ဒီစာကို လင်ရှန်းအာ ရေးထားခဲ့တယ် ဆိုတာ သိထားရုံမကသေးဘူး သူပုန်းအောင်းနေတဲ့နေရာကိုပါ သိထားသေးတယ်။”
လီဆွန်းဟွာက သူမ၏မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။ “မင်းဘာဖြစ်လို့ ဒါတွေအားလုံး သိနေရတာလဲ။”
စွန်းရှောင်းဟုန်က နှုတ်ခမ်းကို ဖိကိုက်ထားပြီး အဖြေပေးလိုက်၏။ “ကျမဆီမှာ နည်းလမ်းလေး တွေရှိတာပေါ့ရှင်။ ဒါပေမဲ့ ရှင့်ကိုတော့ မပြောပြပါဘူး။”
ညသည် ပိန်းပိတ်အောင် မှောင်နေ၏။
စွန်းရှောင်းဟုန်၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေကြ၏။ အရာအားလုံးကို သူမသည် စူးစမ်း တတ်သော ညာဉ်ရှိသည်မဟုတ်ပါလား။
သူမ၏ဘ၀သည် အားကျစရာကောင်းလှ၏။
သူမ၏အသက်အရွယ်က နုပျိုလွန်းလှ၏။
သူမ၏ဘေး၌ လီဆွန်းဟွာသည် သူ့ကိုယ်သူ အခြားလူတစ်ယောက်ကဲ့သို့ ခံစားနေရလေသည်။
သူသည် သူမကို အားကျမိ၏။ နဲနဲလေးပင် မနာလိုဖြစ်မိသေး၏။ ထိုခံစားမှုအား သူသိလိုက်သော အချိန်တွင် သူ့ကိုယ်သူ လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရ၏။
“ငါ ဒီလောက်တောင်မှပဲ အိုသွားခဲ့ပြီလား...”
လူအိုတစ်ယောက်သာ ငယ်ရွယ်သူများအပေါ် မနာလိုဝန်တိုစိတ် ဖြစ်ပေါ်ပေလိမ့်မည်။
သူသည် အပြုံးတစ်စဖြင့် ပြောလိုက်၏။ “ကျုပ်သာ ၁၀ နှစ်လောက် ပြန်လည်နုပျိုခဲ့မယ်ဆိုရင် မင်း နဲ့အတူ အခုလိုတွဲပြီးလျှောက်မှာ မဟုတ်ဘူး။”
စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ...”
လီဆွန်းဟွာ-“ကျုပ်ကို မိန်းမပွေသူလို့ အားလုံးက ပြောကြတယ်။ မင်းဘေးမှာ ကျုပ်ရောက်နေ တယ်ဆိုတော့ သူတို့တွေ တစ်မျိုးထင်ကုန်ကြမှာပေါ့။”
မချိပြုံးလေးပြုံးလိုက်ပြီး သူဆက်ပြောလိုက်၏။ “အခုတော့ ကျုပ်က လူအိုတစ်ယောက်ဖြစ်သွားခဲ့ ပြီ။ အဲ့ဒီတော့ လူတွေက ကျုပ်တို့နှစ်ယောက်ကို သားအဖတွေလို့ပဲ ထင်ကြလိမ့်မယ်။”
စွန်းရှောင်းဟုန်သည် ဆတ်ဆတ်ထိမခံ ပြန်မေးလိုက်၏။ “ကျမရဲ့အဖေ... ဟုတ်လား။ ရှင့်ကိုယ် ရှင် ဒီလောက်တောင်မှ အိုနေပြီလို့ ထင်နေတယ်ပေါ့။”
လီဆွန်းဟွာ-“မဟုတ်လို့လား။”
စွန်းရှောင်းဟုန်သည် သဘောကျစွာ ရယ်မောလိုက်တော့၏။
လီဆွန်းဟွာ-“မင်း ဘာရယ်နေတာလဲ...”
စွန်းရှောင်းဟုန်-“ကျမ ရှင့်ကို ရယ်ချင်နေတာ။”
လီဆွန်းဟွာ-“ကျုပ်က ဘာဖြစ်နေလို့လဲ။”
စွန်းရှောင်းဟုန်-“ရှင် ကျမကို စိုးရွံ့နေတယ်ဆိုတာ ကျမသိပါတယ်။”
လီဆွန်းဟွာ-“ကျုပ်က ဘာကို စိုးရွံ့နေရမှာလဲ။”
စွန်းရှောင်းဟုန်၏ မျက်လုံးများက ကြယ်တာယာများကဲ့သို့ တဖျပ်ဖျပ် လင်းလက်လာခဲ့ကြ၏။
သူမက အပြစ်ကင်းစင်စွာ ရယ်မောလိုက်ပြီး- “ရှင်ဘာဖြစ်လို့ အဲ့ဒီစကားကို ပြောခဲ့တာလဲဆို တော့ ကျမကို စိုးရွံ့နေလို့မဟုတ်လား။ ရှင်စိုးရွံ့နေတာက ရှင်က ကျမကို... ... ဒါကြောင့်မို့လို့ ရှင့်ကိုယ် ရှင် အိုနေပြီလို့ ပြောခဲ့တာမဟုတ်လား။”
လီဆွန်းဟွာတစ်ယောက် ခါးသီးစွာ ရယ်မောလိုက်ရုံမှတစ်ပါး ဘာများတတ်နိုင်ပါဦးမည်နည်း။
စွန်းရှောင်းဟုန်-“ရှင်သာ လူအိုတစ်ယောက်ဆိုရင် ကျမလည်း လူအိုတစ်ယောက် ဖြစ်သွားမှာပေါ့ရှင်။”
သူမသည် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ လီဆွန်းဟွာအား စိုက်ကြည့်ပြီး ပြောဆိုလိုက် ၏။ “ယောက်ျားတစ်ယောက်ဟာ သူ့ကိုယ်သူ အိုပြီလို့ထင်တဲ့အချိန်မှသာ တကယ်ကို အိုမင်းသွားခဲ့ရ တာပါ။ ကျမရဲ့ ဘိုးဘိုးဆိုရင် ဘယ်တော့မှ သူ့ကိုယ်သူအိုတယ်လို့ မထင်ဘူး။ ရှင်လည်း မအိုသေးပါဘူးရှင်။ နောက်ကို ဘယ်တော့မှ ဒီလိုစကားမျိုး မပြောပါနဲ့လား။”
လီဆွန်းဟွာသည် ထိုမျက်ဝန်းတစ်စုံကို ကြည့်လိုက်ရာ ၁၀ နှစ်ခန့်က လင်ရှီးယင်ကို သွားပြီး သတိ ရမိလိုက်၏။
ထိုအချိန်တုန်းက သူမသည်လည်း ဤကဲ့သို့ပင် စွင့်စွင့်ငွါးငွါး လှပစွာဖူးပွင့်နေသော ပန်းလေးတစ် ပွင့်အတိုင်းပင် ရှိခဲ့သည် မဟုတ်ပါလား။
ယခုအချိန်၌ကော...
လီဆွန်းဟွာသည် ရှက်ရွံ့စွာပင် သူမ၏ အကြည့်များအောက်မှ ရှောင်ဖယ်လိုက်၏။ အဝေးတစ်နေ ရာရှိ မှောင်မဲနေသောနေရာသို့ ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။ “ဇရပ်ပျက်လေးက ရှေ့ဆိုရင်ရောက် ပြီ။ မြန်မြန်သွားလိုက်ကြရအောင်လား။”
ည၏အမှောင်ထုထဲ၌ ဖယောင်းတိုင်တစ်တိုင်၏ မီးရောင်လေးက ဇရပ်တစ်ခုလုံး ဖြန့်ကျက်လင်း လက်နေ၏။ မီးရောင်နောက်ကွယ်မှ ခပ်ရေးရေး လူရိပ်တစ်ရိပ်ကို တွေ့မြင်လိုက်ကြရ၏။
စွန်းရှောင်းဟုန်-“ဖယောင်းတိုင်မီးကို ရှင်မြင်ရလား။”
လီဆွန်းဟွာ-“အင်း...”
စွန်းရှောင်းဟုန်က အပြုံးလေးဖြင့် မေးလိုက်၏။ “အဲ့ဒီမီးရောင်ကဘာလဲဆိုတာ ရှင်သိလား။ ရှင် သာသိမယ်ဆိုရင် ကျမ ရှင့်ကို သိပ်လေးစားသွားရမှာပဲ။”
လီဆွန်းဟွာ-“အဲ့ဒါ မင်းဘိုးဘိုးရဲ့ ဆေးတံမီးရောင်မဟုတ်လား။”
စွန်းရှောင်းဟုန်-“အိုး... ရှင်သိပ်တော်ပါလား။”
လီဆွန်းဟွာ ပြုံး၍သာ နေလိုက်၏။ ဘာကြောင့်မှန်းမသိ ဤမိန်းကလေးရှေ့တွင် သူချောင်းဆိုး တာ နဲနေပြီး ခပ်များများပြုံးနေမိ၏။
စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန် ရောက်လာခဲ့ပြီးပြီလားမသိဘူး။ ဘိုးဘိုးက သူ့ကို မောင်း ထုတ်ခဲ့ပြီးပြီလား...”
သူမသည် စိတ်လှုပ်ရှားလာပြီး- “လာ... မြန်မြန်သွားကြည့်ကြရအောင်...”
သူမ၏စကားမဆုံးသေးခင်မှာပင် လီဆွန်းဟွာက သူမ၏လက်ကို ဆွဲထားလိုက်၏။
စွန်းရှောင်းဟုန်၏ နှလုံးခုန်သံများက မြန်ဆန်လာခဲ့ရပြီး မျက်နှာသည်လည်း နီမြန်းသွားခဲ့ရ၏။
လီဆွန်းဟွာ၏ မျက်နှာအားခိုးကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်၌ လွန်စွာမှ လေးနက်သော အမူအရာများကို တွေ့လိုက်ရလေသည်။ အဝေးတစ်နေရာသို့ သူစိုက်ကြည့်နေ၏။
ခပ်မှိန်မှိန်မီးရောင်လေးနှစ်ခု အဝေးတစ်နေရာမှ ပေါ်ထွက်လာခဲ့၏။
မီးပုံးအိမ် မီးရောင်လေးများ...
မီးအိမ်လေးများသည် ရွှေဝါရောင်ရှိကြပြီး ရှည်လျားသော ဝါးတံထိပ်တွင် ချိတ်ဆွဲထား၏။ မီးအိမ် အရောင်များက လွန်စွာမှပင် လျှို့ဝှက်သည်ဟု ထင်ရပြီး တုန်လှုပ်စရာလည်း ကောင်းလှတော့၏။
မျက်စေ့တစ်မှိတ်အတွင်းမှာပင် လီဆွန်းဟွာက စွန်းရှောင်းဟုန်ကို သစ်ပင်တစ်ပင်နောက်သို့ လျင်မြန် စွာ ဆွဲခေါ်သွား၏။
စွန်းရှောင်းဟုန်က တိုးတိုးလေးကပ်ပြောလိုက်၏။ “ရွှေဒင်္ဂါးဂိုဏ်း...”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်၏။
စွန်းရှောင်းဟုန်-“ကြည့်ရတာတော့ စန့်ကွမ်းကျင်းဟုန် ခုလေးတင်ပဲ ရောက်လာခဲ့တယ်နဲ့တူ တယ်။ လမ်းခရီးမှာ ပြဿနာတစ်ခုခုကြောင့် နောက်ကျနေခဲ့တာများလား။”
လီဆွန်းဟွာ-“သူ့ဆီမှာ ခြေထောက်နှစ်ချောင်းပဲရှိလို့ လမ်းမြန်မြန်မလျှောက်နိုင်တာလားမှ မသိ တာ။”
ရှေ့ဆုံးမှ မီးအိမ်နှစ်ခု၏နောက်မှ နောက်ထပ်မီးအိမ်နှစ်ခု ကပ်လျက်ပါလာ၏။
မီးအိမ်လေးခုကြားမှ လူနှစ်ယောက်ကို သူတို့တွေ့လိုက်ကြရလေတော့သည်။
နှစ်ယောက်လုံးပင် အရပ်များ မြင့်မားကြ၏။ အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားကြ၏။ ရှေ့ဆုံးမှ လူ၏ ဝတ်ရုံသည် ရှည်လျားလှပြီး မြေကြီးနှင့် ထိတော့မယောင်။ သို့သော် ထိုဝတ်ရုံရှည်ကြောင့် သူ၏ လှုပ်ရှားမှုများ နှေးကွေးမသွားခဲ့ပါ။
ထိုသူ၏နောက်မှလူသည် တိုနံ့နံ့ဝတ်စုံကို ဝတ်ဆင်ထား၏။ ဝတ်ရုံက သူ၏ဒူးခေါင်းမရောက်တ ရောက်ဖြစ်နေ၏။
ရှေ့ဆုံးမှလူထံတွင် မည်သည့်လက်နက်မျှ ကိုင်ဆောင်ထားခြင်းမရှိပါ။
နောက်မှလူသည် ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထား၏။
သူ၏ဓားချိတ်ဆွဲထားပုံမှာ အားဖေ၏ ဓားချိတ်ဆွဲထားပုံနှင့် ခပ်ဆင်ဆင်တူနေခြင်းကို လီဆွန်းဟွာ သတိထားမိလိုက်သည်။ အားဖေက ခါးစီးကြိုးအလယ်လောက်နားတွင် ချိတ်ဆွဲထားပြီး ဓားလက်ကိုင် ကို သူ၏ညာဘက်လက်မှ ဆွဲထုတ်နိုင်သောနေရာ၌ ခပ်စောင်းစောင်းလေး ထားရှိထား၏။
သို့သော် ထိုသူ၏ဓားသည် သူ၏ညာဘက်ခါးစောင်းနေရာတွင် ချိတ်ဆွဲထားပြီး ဓားလက်ကိုင်က ဘယ်ဘက်လက်ဖြင့် ဆွဲထုတ်ယူနိုင်လောက်သော နေရာတွင်ရှိနေ၏။
ဘယ်သန်သူများ ဖြစ်နေမလား...
လီဆွန်းဟွာ၏ မျက်ခုံးများ မြင့်တက်သွားခဲ့ရ၏။
ဘယ်သန်ဓားသမားတစ်ယောက်နှင့် သူ မတိုက်ခိုက်လိုပါ။ အဘယ်ကြောင့်ဆိုသော် ထိုလူ၏လှုပ် ရှားမှုတိုင်းသည် သာမန်လူတစ်ယောက်၏ လှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေလိမ့်မည်။ ထို့ ကြောင့် သူ့ကိုတိုက်ခိုက်ရန် လွန်စွာမှပင် ခက်ခဲပေလိမ့်မည်။
ထို့ပြင် ထိုဓားသည် ဓားအိမ်တွင်းမှ ဆွဲထုတ်လိုက်သည်နှင့် လွန်စွာမှပင် လျင်မြန်မည်ဖြစ်ကြောင်း သူခံစားလိုက်ရ၏။
ထိုအချက်ကို လီဆွန်းဟွာ သိနေရခြင်းမှာ နှစ်ပေါင်းများစွာသော သူ၏သိုင်းလောက အတွေ့ အကြုံများကြောင့်ပင်ဖြစ်၏။ ထိုသူသည် လွန်စွာမှပင် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ယောက်ဖြစ်နေမည်မှန်း သူသိထားလေသည်။
0 comments:
Post a Comment