Friday, March 4, 2011

(၃၇) အဘိုးအို

လီဆွန်းဟွာက ဘယ်သန်ဓားသမားကို အာရုံစူးစိုက်နေချိန်တွင် စွန်းရှောင်းဟုန်၏ အာရုံက တခြားတစ်နေရာသို့ ရောက်ရှိနေ၏။

ထိုသူနှစ်ယောက်သည် လမ်းကိုဖြေးလေးစွာလျှောက်နေကြသော်လည်း ခြေလှမ်းများက ကျဲ၏။ ပထ မဆုံးအကြိမ်ကြည့်လိုက်ရာ ထူးခြားသည်ဟုမထင်ရဘဲ ပုံမှန်အတိုင်းသာ ရှိကြ၏။ သို့သော် စွန်းရှောင်း ဟုန်၏ အာရုံခံစားမှုများက တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားနေရ၏။

အတော်လေးကြာသောအခါမှ မည်သည့်အရာက သူမအတွက်မှားယွင်းနေကြောင်း တွေ့ရှိလိုက် ရလေတော့သည်။

လူနှစ်ယောက် ပုံမှန်အတိုင်းသာ လမ်းလျှောက်လာကြပါက ဟန်ချက်ညီ ဖြစ်နေကြပေမည်။ သို့ သော် ထိုလူနှစ်ယောက်မှာမူ ကွဲပြားခြားနားနေကြ၏။ ပထမလူ၏ခြေဖဝါးက မြေကြီးပေါ်ထိချိန်တွင် ဒုတိယလူ၏ ခြေဖျားက လေထဲ၌ပင် ရှိနေသေး၏။ ခြေထောက် ၄ စုံရှိသော်လည်း လူတစ်ယောက်တည်း လမ်းလျှောက်နေသကဲ့သို့ပင်။

ပထမလူက ပထမခြေလှမ်းလိုက်သော် ဒုတိယလူက ဒုတိယခြေလှမ်းလိုက်၏။ ပထမလူက တတိ ယခြေလှမ်းလိုက်သောအခါ ဒုတိယလူက စတုတ္ထခြေလှမ်းပြီးသား ဖြစ်နေ၏။ သူတို့၏ခြေလှမ်းများက လွန်စွာမှပင် သဟဇာတရှိပြီး ဟန်ချက်ညီလွန်းလှ၏။



စွန်းရှောင်းဟုန်၏ တစ်သက်တာတွင် လူနှစ်ယောက် ဤကဲ့သို့လမ်းလျှောက်ကြပုံမျိုး တစ်ခါမှ မတွေ့ ခဲ့ဖူးချေ။ သူမအတွက်တော့ လွန်စွာမှပင် ထူးဆန်းနေရလေသည်။

လီဆွန်းဟွာကတော့ ထိုအချက်ကို ထူးဆန်းသည်ဟု မထင်။ လွန်စွာမှပင် ကြောက်မက်ဖွယ် ကောင်းသည်ဟု ယူဆထား၏။

သူတို့နှစ်ယောက်၏ သဟဇာတဖြစ်နေသော ခြေလှမ်းချက်များက မည်သည့်အရာကို ပြသနေသ နည်းဆိုသော် သူတို့နှစ်ယောက်လုံး၏ စိတ်များကလည်း သဟဇာတဖြစ်နေကြကြောင်းကို ဖော်ပြနေကြ လေသည်။

ထိုသူနှစ်ဦးသာ ပူးပေါင်းတိုက်ခိုက်လာပါက တစ်ယောက်၏ဟာကွက်ကို တစ်ယောက်က ဖြည့်စွက် ပေးပြီး ဟာကွက်ကင်းသော တိုက်ကွက်များဖြင့် လွန်စွာမှပင် ကြောက်မက်ဖွယ်ကောင်းနေပေလိမ့် မည်။

စန့်ကွမ်းကျင်းဟုန်တစ်ယောက်တည်းသည်ပင် သိုင်းလောကတွင် အကောင်းဆုံး အတော်ဆုံး သိုင်း ပညာရှင်တစ်ယောက်ဖြစ်နေ၏။ ကျင်းဝူမင်းသာ သူနှင့်အတူတွဲပြီး ပူးပေါင်းတိုက်ခိုက်လာပါက မခန့်မှန်း ရဲစရာပင်။

လီဆွန်းဟွာ၏ နှလုံးသားက လေးလံသွားခဲ့ရ၏။ သူတို့နှစ်ယောက်ပေါင်း တိုက်ကွက်ကို မည်သို့ ချေပ တန်ပြန်တိုက်ခိုက်ရမည်မှန်း သူ ယခုထက်ထိ စဉ်းစား၍မရသေးပေ။

ဇရပ်ပျက်တွင်း၌ရှိနေသော အဘိုးအိုကိုယ်တိုင်ပင်လျှင် ထိုသူနှစ်ယောက်အား မောင်းထုတ်နိုင် မည်မဟုတ်ဟု သူယုံကြည်ထားလေ၏။

အဘိုးအိုသည် ဆေးတံဖွာရှိုက်မြဲ ဖွာရှိုက်နေ၏။ ဆေးတံ မီးရောင်က မှန်လိုက်လင်းလိုက် ဖြစ်နေ ၏။

ရုတ်ချည်းပင် ဆေးတံ၏မီးရောင်က မီးအိမ်များ၏ အလင်းရောင်ကဲ့သို့ ထိန်လင်းလာခဲ့၏။ ဆေးတံ ဖွာရှိုက်ရုံဖြင့် ဤမျှလင်းထိန်သော မီးရောင်ထွက်ပေါ်လာအောင် လုပ်နိုင်သည့် ပညာရှင်တစ်ယောက် ရှိ နေသေးသည်ကို လီဆွန်းဟွာ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

စန့်ကွမ်းကျင်းဟုန်က မီးရောင်ကို မြင်တွေ့လိုက်ရပြီး ရပ်တန့်လိုက်၏။

ဇရပ်ပျက်လေးထဲမှ မီးရောင်က ပြန်မှိန်သွားခဲ့ပြန်သည်။

အတော်လေးကြာသောအခါ ဇရပ်ပျက်လေးရှိ အဘိုးအိုရှေ့သို့ စန့်ကွမ်းကျင်းဟုန် လျှောက်သွား လိုက်၏။ သူ မည်သည့်နေရာသွားသွား သူ့ဘေး၌ ကျင်းဝူမင်းက ကပ်ပါလာမြဲပင်။ သူသည် စန့်ကွမ်း ကျင်းဟုန်၏ အရိပ်ပင်ဖြစ်သည် မဟုတ်ပါလား။

မီးအိမ်များကလည်း သူတို့လျှောက်လှမ်းသွားရာရှေ့မှ ဇရပ်တစ်ခုလုံး ထိန်ထိန်လင်းသွားအောင် ရောက်ရှိလာခဲ့ကြ၏။

စန့်ကွမ်းကျင်းဟုန်သည် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်၏။ သူ၏ မျက်နှာကို မည်သူ့ကိုမျှ မမြင်တွေ့စေချင်ပါ။

သို့သော် သူ၏မျက်လုံးများက အဘိုးအို၏ လက်များကို ဂရုတစိုက် စိုက်ကြည့်နေလိုက်ကြ၏။

အဘိုးအိုက ဆေးဖတ်အချို့ထုတ်ယူလိုက်ပြီး ဆေးတံထဲသို့ ဆေးဖတ်များ သွတ်သွင်းလိုက်၏။ ပြီး နောက် မီးခတ်ကျောက်ကို ထုတ်ယူကာ သူ၏ဘေး၌ ချထားလိုက်၏။ သူ၏လှုပ်ရှားမှုများက နှေးကွေး လွန်းသော်လည်း လွန်စွာမှပင် တည်ငြိမ်နေကြလေသည်။

စန့်ကွမ်းကျင်းဟုန်က ထိုနေရာသို့ ရုတ်တရက်ပင် လျှောက်သွားလိုက်ပြီး ကျောက်တုန်းပေါ်တင် ထားသော မီးစာစက္ကူရွက်ကို ကောက်ယူလိုက်၏။ ပြီးနောက် မီးစာစက္ကူရွက်ကို သေချာစွာ စေ့စေ့ စပ်စပ်လေ့လာနေပြီးမှ အဘိုးအိုဘေးတွင်ချထားသော မီးခတ်ကျောက်ကို မီးခတ်လိုက်ပြီး စက္ကူစာရွက် ကို မီးညှိလိုက်၏။

စက္ကူစာရွက်မှ မီးတောက်ထွက်ပေါ်လာ၏။

စန့်ကွမ်းကျင်းဟုန်က မီးတောက်စက္ကူစာရွက်ကို ဆေးတံတွင်းသို့ ထည့်လိုက်၏။

လီဆွန်းဟွာနှင့် စွန်းရှောင်းဟုန်တို့နှစ်ယောက်သည် အလှမ်းဝေးသောနေရာ၌ ရောက်ရှိနေကြ သော်လည်း အဖြစ်အပျက်အားလုံးကို ထင်ရှားစွာ မြင်တွေ့နေကြရ၏။

လီဆွန်းဟွာ-“ကျုပ်တို့ အဲ့ဒီကိုသွားလိုက်ကြရင် ကောင်းမယ်။”

စွန်းရှောင်းဟုန်က ခေါင်းခါရမ်းလိုက်ပြီး- “မလိုပါဘူး။ ဘိုးဘိုးက သူတို့ကို ထိန်းထားနိုင်ပါလိမ့် မယ်။”

သူမ၏အဖြေစကားက လွန်စွာမှပင် သေချာပိုင်နိုင်လှသော်လည်း သူမ၏လက်ဖျားများက အေးစက် နေကြကြောင်း လီဆွန်းဟွာ သိရှိခံစားလိုက်ရ၏။

သူမ အဘယ်ကြောင့် စိုးရိမ်ပူပန်မှုဖြစ်နေကြောင်း လီဆွန်းဟွာ သိရှိနေလေသည်။

ဆေးတံသည် သိပ်ပြီး မရှည်လျားလှပါ။ ထိုအခြေအနေကို အသုံးချပြီး အဘိုးအို၏ သွေးကြော ကွက်များကို အချိန်မရွေး စန့်ကွမ်းကျင်းဟုန်က ထိုးပိတ်ပစ်လိုက်နိုင်၏။

သို့သော် သူဘာမှ မလှုပ်ရှားခဲ့ပါ။ အဘိုးအို၏ ဟာကွက်ကို ရှာဖွေနေခြင်းများလား...

အဘိုးအိုက ဆေးတံကို ဖွာရှိုက်ရန်ကြိုးစားလိုက်၏။

ဆေးဖတ်များက စိုစွတ်နေ၍ပင်လော... ဒါမှမဟုတ် ဆေးဖတ်များကို ပြည့်ကြပ်စွာ သွတ်သိပ် ထား၍လောမသိ... ဆေးတံသို့ မီးကူးမလာခဲ့ချေ။ စက္ကူစာရွက်က တဖြည်းဖြည်းလောင်ကျွမ်းလာသည် မှာ ငြိမ်းခါနီးဖြစ်လာသည်ထိပင်။

စန့်ကွမ်းကျင်းဟုန်သည် စက္ကူစာရွက်ကို ညာဘက်လက်၏ လက်မနှင့် လက်ညှိုးနှစ်ခုဖြင့် ညှပ် ကိုင်ထား၏။ သူ၏ ကျန်လက်၃ချောင်းမှာ လက်ညှိုးနောက်၌ ကွေးကွေးလေး ရှိနေကြ၏။

အဘိုးအို၏ ညာဘက်လက် လက်သန်းကြွယ်က စန့်ကွမ်းကျင်းဟုန်၏ လက်ကောက်ဝတ်မှ လက်မအနည်းငယ်သော အကွာအဝေး၌ ရှိနေ၏။

စန့်ကွမ်းကျင်းဟုန်၏ လက်ချောင်းများကို မီးလောင်သွား၏။ သို့သော် ထိုအချက်ကို သူသတိ ထားမိပုံမပေါ်။

ထိုအချိန်၌ပင် ‘ရှဲ’ကနဲ ဆေးတံသို့ မီးကူးစက်သွား၏။

တစ်ချိန်ထဲ၌ပင် စန့်ကွမ်းကျင်းဟုန်၏ ကျန်လက်ချောင်း ၃ ချောင်းတို့က တို့ရုံထိရုံဟန်လေး လှုပ် ရှားသွားကြ၏။ အဘိုးအို၏ လက်သန်းနှင့် လက်သန်းကြွယ်ကလည်း အလိုက်သင့်ပင် လိုက်ပါလှုပ်ရှားလာ ခဲ့ကြ၏။

သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများက လွန်စွာလျင်မြန်ပြီး လွန်စွာပေါ့ပါးကြ၏။

ပြီးသော် စန့်ကွမ်းကျင်းဟုန် နောက်သို့ဆုတ်သွားခဲ့၏။

အဘိုးအိုက ဆေးတံကို အေးဆေးစွာ ဖွာရှိုက်လိုက်လေတော့သည်။

ထိုအချိန်တစ်ချိန်လုံး၌ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် လုံးဝမကြည့်ခဲ့ကြချေ။

သာမန်လူတစ်ယောက်အတွက်တော့ ထိုမြင်ကွင်းသည် သာမန် ဆေးတံမီးညှိခြင်းသာဖြစ်သည်ဟု ထင်ရသော်လည်း လီဆွန်းဟွာအတွက်တော့မူ ထိုအချိန်ခဏလေးအတွင်း၌ပင် ထိုသူနှစ်ဦးသည် လွန်စွာ မှပင် အဆင့်မြင့်မားလှသော တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ပြီးဆုံးသွားကြကြောင်း မြင်တွေ့လိုက်ရ၏။

စန့်ကွမ်းကျင်းဟုန်သည် တစ်ချိန်လုံး အဘိုးအို၏ ဟာကွက်ပေါ်လာနိုးဖြင့် စောင့်မျှော်နေခဲ့၏။ ဟာ ကွက်သေးသေးလေးထွက်ပေါ်လာသည်နှင့် သူဘက်က အစွမ်းကုန်တိုက်ခိုက်ရန်လည်း ပြင်ဆင်ထားခဲ့၏။

သို့သော် သူ့အတွက် အခွင့်အရေးလုံးဝ မရရှိခဲ့ပါ။

နောက်ဆုံးတွင်တော့ စိတ်မရှည်တော့ဘဲ သူ၏လက်ချောင်း၃ချောင်းဖြင့် စတင်တိုက်ခိုက်လိုက်၏။ သို့သော် ထိုလက်ချောင်းများ၏ တိုက်ကွက်များကို အဘိုးအို၏ လက်သန်းနှင့် လက်သန်းကြွယ်လေး နှစ်ချောင်းက ချေဖျက်ပစ်လိုက်နိုင်ခဲ့၏။

ဤတိုက်ပွဲသည် လီဆွန်းဟွာတစ်ယောက်တည်းသာ နားလည်ခံစားနိုင်သော တိုက်ပွဲတစ်ပွဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများတွင် လွန်စွာမှပင် နူးညံ့သိမ်မွေ့သော သိုင်း ပညာသဘောတရားများ ပါဝင်ခဲ့သောကြောင့် ဖြစ်လေ၏။ သိုင်းပညာရပ်၏ အမြင့်ဆုံးသော အဆင့် ရောက် အဆင့်လွန် သိုင်းသမားနှစ်ယောက်တိုက်ခိုက်ကြသော တိုက်ပွဲဖြစ်ခဲ့သည် မဟုတ်ပါလား။

ထိုလက်ချောင်းလေးများ၏ လှုပ်ရှားမှုနောက်ကွယ်တိုင်းတွင် လွန်စွာအဆင့်မြင့်ပြီး ကွက်ပြောင်း များစွာပါဝင်သော သိုင်းကွက်များ ပါရှိခဲ့ကြလေသည်။

ယခုတော့ အန္တရာယ် အရိပ်များ ပျောက်ကွယ်လွင့်စင်သွားခဲ့ချေပြီ။

စန့်ကွမ်းကျင်းဟုန်က နောက်သို့ ခြေ ၃ လှမ်းဆုတ်သွားလိုက်ရာ မူလက ရပ်နေခဲ့သောနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

အဘိုးအိုက ပြုံးပြီးနှုတ်ဆက်လိုက်၏။ “ခင်ဗျားရောက်လာခဲ့တယ်ကိုး...”

စန့်ကွမ်းကျင်းဟုန်-“ဟုတ်တယ်။”

အဘိုးအို-“ခင်ဗျား နောက်ကျနေပါလား။”

စန့်ကွမ်းကျင်းဟုန်-“ခင်ဗျားလည်း ရောက်နေမှတော့ ကျုပ်ဒီလမ်းကလာမယ်ဆိုတာ သိထားခဲ့ပုံ ရတယ်။”

အဘိုးအို-“ခင်ဗျားရောက်မလာပါစေနဲ့လို့ပဲ ကျုပ်ယူဆထားလိုက်ချင်တယ်။”

စန့်ကွမ်းကျင်းဟုန်-“ဘာကြောင့်...”

အဘိုးအို-“ခင်ဗျားရောက်လာနိုင်ခဲ့ပေမယ့်လည်း မြန်မြန်ပြန်လှည့်သွားရမှာပါ။”

စန့်ကွမ်းကျင်းဟုန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး- “ကျုပ်က ပြန်လှည့်မသွားဘူးဆိုရင် ကော။”

အဘိုးအိုက အေးအေးဆေးဆေးပင် ပြောဆိုလိုက်၏။ “ခင်ဗျား ပြန်လှည့်သွားရမှာပါ...”

စန့်ကွမ်းကျင်းဟုန်က သူ့လက်နှစ်ဘက်အား တင်းကြပ်စွာဆုပ်ထားလိုက်၏။

ဇရပ်ဝန်းကျင်တစ်ခုလုံးတွင် လူသတ်ငွေ့များ ဖုံးလွှမ်းလာခဲ့ရလေသည်။

အဘိုးအိုက ဆေးတံကို ရှိုက်ဖွာလိုက်ပြီး မီးခိုးငွေ့များ မှုတ်ထုတ်လိုက်၏။ မီးခိုးငွေ့များက ဖြောင့် တန်းစွာ ထွက်ပေါ်လာခဲ့ကြ၏။ ပြီးနောက် လေထဲ၌ပင် ဦးတည်ချက်ပြောင်းလဲသွားခဲ့ပြီး စန့်ကွမ်းကျင်း ဟုန်၏ မျက်နှာရှေ့သို့ တိုးဝင်သွားခဲ့၏။

စန့်ကွမ်းကျင်းဟုန်သည် လွန်စွာမှပင် မှင်တက်အံ့အားသင့်သွားခဲ့ရ၏။

တစ်ခဏလေးအတွင်းမှာပင် မီးခိုးငွေ့များ ပျောက်ကွယ်သွား၏။ စန့်ကွမ်းကျင်းဟုန်က ခါးညွှတ် လိုက်ပြီး- “အံ့အားသင့်စရာပါပဲလား...”

အဘိုးအို-“ဒီလောက်လည်း မဟုတ်သေးပါဘူး။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်တို့တွေမတွေ့ကြတာ ၂၇ နှစ်ကြာတောင် ရှိပြီနော်။ ဒီနေ့ပြီးရင် နောက်ဘယ်တော့များမှ ထပ်တွေ့ရမယ်မသိဘူး။”

အဘိုးအို-“ကျုပ်တို့ နောက်ထပ်ဆုံတွေ့ဖို့ အကြောင်းမရှိတော့ဘူး ထင်ပါတယ်။”

စန့်ကွမ်းကျင်းဟုန်သည် ခဏလောက် စဉ်းစားနေလိုက်ပြီး တစ်စုံတစ်ခုပြန်ပြောရန် ပြင်လိုက်သော် လည်း ဘာမှပြန်မပြောတော့ဘဲ တိတ်ဆိတ်နေလိုက်၏။

အဘိုးအိုသည်လည်း ဆေးတံကို ဖွာရှိုက်နေလိုက်တော့သည်။

စန့်ကွမ်းကျင်းဟုန်သည် ချာကနဲ လှည့်ထွက်သွားတော့၏။ သူ့နောက်မှ ကျင်းဝူမင်းက အရိပ်တစ်ခု လို ကပ်၍ပါသွားခဲ့လေသည်။

လီဆွန်းဟွာက ဇရပ်ပျက်လေးအားငေးကြည့်နေပြီး တစ်စုံတရာကို လေးနက်စွာ တွေးနေမိ၏။

စန့်ကွမ်းကျင်းဟုန်က ထွက်မသွားခင် လီဆွန်းဟွာ ပုန်းအောင်းနေသော နေရာသို့ တစ်ချက်လှည့် ကြည့်သွားခဲ့ရာ လီဆွန်းဟွာအဖို့ ပထမဆုံးအကြိမ်အဖြစ် စန့်ကွမ်းကျင်းဟုန်၏ မျက်နှာအား မြင်တွေ့ ဖူးခြင်းပင် ဖြစ်တော့၏။

သူ၏မျက်လုံးအကြည့်ကြောင့် စန့်ကွမ်းကျင်းဟုန်ထံတွင် လူအများပြောဆိုနေသော အတွင်းအား ထက် များစွာ အဆင့်မြင့်သော အတွင်းအား ပိုင်ဆိုင်ထားရှိသည်ကို လီဆွန်းဟွာ ခန့်မှန်းမိလိုက်လေ သည်။

အဆိုးဆုံးမျက်လုံးများက ကျင်းဝူမင်း၏ မျက်လုံးတစ်စုံပင်...

အဘယ်ကြောင့်ဆိုသော် သူ၏မျက်လုံးများက လူတစ်ယောက်၏ မျက်လုံးများ မဟုတ်သကဲ့သို့ တိရိစ္ဆာန်တစ်ကောင်၏ မျက်လုံးမျိုးလည်း မဟုတ်ပြန်ချေ။

လူသေတစ်ယောက်၏ မျက်လုံးများသာ ဖြစ်ကြ၏။

စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုကင်းမယ့်သော မျက်လုံးတစ်စုံပင်...

ထိုအရာများအားလုံးကို စွန်းရှောင်းဟုန်တစ်ယောက် တွေ့မြင်ခဲ့ခြင်းလုံးဝမရှိခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် လီဆွန်းဟွာအား သူမ ငေးကြည့်နေမိသောကြောင့် ဖြစ်လေသည်။

အမှောင်ထုထဲမှာပင် လီဆွန်းဟွာ၏ မျက်နှာကောက်ကြောင်းများကို သူမ မြင်တွေ့နေရ၏။ အထူးသဖြင့် သူ၏မျက်လုံးများနှင့် နှာခေါင်းတို့ကို ဖြစ်၏။

သူ၏မျက်လုံးများက ပြူးကျယ်တောက်ပနေကြပြီး ဉာဏ်ပညာ ရင့်ကျက်သော မျက်လုံးများဖြစ် ကြ၏။ သူ၏အကြည့်များက မှုန်မှုန်တွေတွေ၊ ပျင်းရိပျင်းတွဲ ရှိနေသော်လည်း အကြင်နာတရားကြီးမားစွာ ရှိကြောင်း ဖော်ပြနေကြ၏။

ဖြောင့်စင်းစွာ သွယ်တန်းနေသော နှာတံပေါ်ပေါ်က သူ၏စိတ်ထားအတိုင်းပင် တည့်မတ်နေ၏။

မျက်လုံးတစ်ဝိုက်တွင် မျက်ရစ်လေးများပေါ်နေကြသည်မှာ ရင့်ကျက်တည်ငြိမ်မှုကို ပြသနေသည့် အလား... ခင်မင်နှစ်လိုဖွယ်ကောင်းပြီး သူ့ဘေး၌နေနေရသည့်အချိန်တိုင်းသည် အရာအားလုံးကို စိတ် ချလက်ချ ဖြစ်စေသည်။ လူတစ်ယောက်က အသက်ပုံပေးပြီး ယုံကြည်နိုင်သူတစ်ယောက်ကဲ့သို့ပင်။ သူ၏ ဟန်ပန်က ညများတွင် အိပ်မက်မက်တတ်သော မိန်းမပျိုလေးများ၏ အိပ်မက်ထဲမှ သူရဲကောင်း တစ်ယောက်ကဲ့သို့ပင်။

သူတို့နှစ်ယောက်လုံး အဘိုးအို စိတ်ကျေနပ်စွာ ပြုံးပြီးလျှောက်လှမ်းလာသည်ကို သတိမထားမိခဲ့ ကြချေ။

အဘိုးအိုက သူတို့နှစ်ယောက်ကို စောင့်ကြည့်နေလိုက်ပြီး- “အဘိုးကြီးတစ်ယောက်နဲ့ စကားစ မြည် ပြောဖို့ ဆန္ဒရှိပါရဲ့လား...”

လထွက်ပေါ်လာပေပြီ...

အဘိုးအိုနှင့် လီဆွန်းဟွာတို့ ရှေ့မှလျှောက်နေကြပြီး စွန်းရှောင်းဟုန်က နောက်မှ လိုက်လာ၏။

သူမက စကားပြောဆိုခြင်းမရှိသော်လည်း သူမ၏ နှလုံးသားထဲ၌ လွန်စွာမှပင် ပျော်ရွှင်ကြည်နူးနေ ရလေသည်။ အဘယ်ကြောင့်ဆိုသော် သူမဘဝတွင် အယုံကြည်နိုင်ဆုံး ချစ်ခင်နှစ်သက်ရဆုံး ယောက်ျားတစ်ယောက်ကို သူမ နှစ်နှစ်ကာကာကြီးပင် စိုက်ကြည့်နေမိသောကြောင့် ဖြစ်လေသည်။

အဘိုးအို-“ကျုပ် မင်းအကြောင်းတွေ ကြားဖူးနေခဲ့တာ ကြာပါပြီ။ အတူတူအရက်သောက်ချင် နေခဲ့တာလည်း ကြာပါပြီ။ အခုတော့ ကျုပ်တို့ ဆုံတွေ့ဖြစ်ကြပြီပေါ့။ မင်းနဲ့ စကားစမြည်ပြောရမှာ ကျုပ် တော်တော်လေး စိတ်လှုပ်ရှားနေမိပါတယ်။”

လီဆွန်းဟွာက ပြုံးပြလိုက်၏။ စွန်းရှောင်းဟုန် တစ်ယောက်သာ မနေနိုင်မထိုင်နိုင် ဝင်ရောက်ပြော ဆိုလိုက်၏။ “သူပြောချင်တာကတော့ ဘိုးဘိုးကို ကျန်းခန့်သာလို့ မာပါစလို့ ပြောနေတာပါ။”

အဘိုးအို-“ဒီအချက်က သူ့ကို သိပ်ပြည့်ဝတဲ့လူတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်စေတယ်။ သူမ မေးသင့်တဲ့မေးခွန်းတွေ ဘယ်တော့မှ သူမေးမှာမဟုတ်ဘူး။ အခြားသူတစ်ယောက်ဆိုရင် ဘိုးဘိုးဘယ် သူလဲဆိုတာ မေးပြီးနေလောက်ပြီ။”

လီဆွန်းဟွာ-“ကျနော်က ဆရာကြီးရဲ့ ဇာစ်မြစ်ကို သိပြီးသားဖြစ်နေလို့လည်း ဖြစ်နိုင်တာပဲ။”

အဘိုးအို-“ဟုတ်ရဲ့လား...”

လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန်ကို မောင်းထုတ်နိုင်လောက်တဲ့သူ ဘယ်နှစ်ယောက်များ သိုင်း လောကမှ ရှိဦးမှာလဲ။”

အဘိုးအို-“ကျုပ်က စန့်ကွမ်းကျင်းဟုန်ကို မောင်းထုတ်ခဲ့တယ်လို့ မင်းထင်ထားရင်တော့ မှား သွားပြီ။”

လီဆွန်းဟွာက ပြန်မပြောနိုင်မီတွင် သူဆက်ပြောလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့ စွမ်းပကားကို မင်းလည်းသိပြီးလောက်ပြီ ဖြစ်နေမှာပေါ့။ သူ့နောက်က ပါလာတဲ့လူငယ်လေးကိုလည်း သတိထားမိခဲ့မယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်သာ ပူးပေါင်းပြီးတိုက်ခိုက်မယ်ဆိုရင် သူတို့ကို တိုက်ကွက်ပေါင်း ၃၀၀ အထိခုခံကာကွယ်နိုင်မယ့်သူ သိုင်းလောကမှာ တစ်ယောက်မှမရှိဘူး။”

လီဆွန်းဟွာ၏မျက်လုံးများက ဖျတ်ကနဲ တောက်ပလာခဲ့ကြပြီး- “ဒီက ဆရာကြီးအပါအဝင် ဆို ပါတော့။”

အဘိုးအို-“ကျုပ်အပါအဝင်ပဲ။ မှန်တယ်။”

လီဆွန်းဟွာ-“ဒါပေမဲ့ သူတို့တွေ ထွက်သွားခဲ့ကြတာပဲ မဟုတ်လား။”

အဘိုးအို-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကို မသတ်ချင်သေးလို့လည်း ဖြစ်နိုင်တာပဲ။ မင်းဒီနေရာကို ရောက်နေတာသိသွားပြီး ကျုပ်တို့နှစ်ယောက်ပေါင်း တိုက်ခိုက်မှုကို ရင်မဆိုင်ချင်လို့လည်း ဖြစ်နိုင်တာပဲ။”

စွန်းရှောင်းဟုန်က စိတ်မရှည်စွာ မေးမြန်းလိုက်၏။ “သူတို့ သိခဲ့ကြတယ်ထားပါဦး။ သစ်ပင် နောက်မှာ ပုန်းအောင်းနေတာ လီ... လီဆွန်းဟွာဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်ကြမှာလဲ။”

အဘိုးအို-“လီတွမ့်ဟွာလို ထိပ်သီးသိုင်းသမားတစ်ယောက်က အင်အားကြီးမားတဲ့ရန်သူကို မြင် တွေ့လိုက်ပြီဆိုတာနဲ့ သူ့ခန္ဓာကိုယ်ကနေ လူသတ်ရိပ်အငွေ့အသက် ထွက်ပေါ်လာတတ်တယ်။”

စွန်းရှောင်းဟုန်-“လူသတ်ရိပ်အငွေ့အသက်... ဟုတ်လား...”

အဘိုးအို-“ဟုတ်တယ်။ ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်လို သိုင်းပညာရှင်မျိုးကသာ အဲ့ဒီအငွေ့ အသက်ကို ခံစားသိရှိနိုင်တယ်။”

စွန်းရှောင်းဟုန်-“ဘိုးဘိုးပြောတာ သိပ်ပြီးအဆင့်မြင့်သွားလို့ ကျမတောင်မှ လိုက်မမီတော့ဘူး။”

အဘိုးအို-“သိုင်းပညာဆိုတာ သိပ်ကို နူးညံ့သိမ်မွေ့ပြီး လျှို့ဝှက်မှုတွေ ပြည့်နှက်နေတတ်ပါတယ် ကွယ်။”

လီဆွန်းဟွာ-“ဘာပဲဖြစ်ဖြစ် သူတို့တွေ ထွက်ခွာသွားကြတဲ့အတွက် ကျနော်က ဆရာကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။”

အဘိုးအိုက အပြုံးလေးဖြင့် ပြန်လည်ပြောကြားလိုက်၏။ “မင်းလိုလူမျိုးတစ်ယောက်ကို အသက် ရှည်ရှည်နေစေချင်တာ သက်သက်ပါ။ ဘာကြောင့်လဲဆိုတော့ မင်းလိုလူမျိုးက နောက်တစ်ယောက် မရှိ နိုင်တော့ဘူးလေ။”

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး ဆိတ်ဆိတ်ငြိမ်နေလိုက်၏။

အဘိုးအို-“ကျုပ်တို့အခုမှသာ တွေ့ဖူးကြပေမယ့် မင်းရဲ့စိတ်ဓာတ်ကို ကျုပ်သိထားပါတယ်။ ဒါ ကြောင့် မင်းကို ထွက်သွားပါလို့ ကျုပ် မတိုက်တွန်းချင်ပါဘူး။”

သူသည် လီဆွန်းဟွာ၏ မျက်လုံးထဲသို့ စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်ပြီး- “ဒါပေမဲ့ ကျုပ် မင်းကို တစ်ခုတော့ ပြောခဲ့ချင်တယ်။”

လီဆွန်းဟွာ-“လမ်းညွှန်ပေးပါခင်ဗျာ။”

အဘိုးအို-“လင်ရှီးယင်အတွက် မင်းရဲ့ကာကွယ်စောင့်ရှောက်ပေးမှု မလိုအပ်ဘူး။ မင်းသာထွက် သွားလိုက်မယ်ဆိုရင် သူ့ကို ကူညီရာရောက်တယ်။”

လီဆွန်းဟွာတစ်ယောက် ထိုစကားကို ကြားလိုက်ရပြီးနောက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ ရ၏။

အဘိုးအို-“ဘယ်သူမှ လင်ရှီးယင်ကို ဒုက္ခရောက်အောင် မလုပ်ချင်ကြပါဘူး။ သူတို့သာ သူ့ကို နာကျင်စေချင်ကြမယ်ဆိုရင် မင်းကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မင်းက သူ့ကို ကာ ကွယ် စောင့်ရှောက်မှုပေးနေတာကိုး။ မင်းသာ ထွက်သွားလိုက်မယ်ဆိုရင် သူ့ကို ဒုက္ခပေးစရာဘာအ ကြောင်းမှ မရှိနိုင်တော့ဘူး။”

ထိုစကားသည် လီဆွန်းဟွာအား ကျာပွတ်တစ်လက်ဖြင့် အားကုန် လွှဲရိုက်လိုက်သည့်အတိုင်းပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သွားခဲ့ရ၏။

သူ၏ နာကျင်ခံစားနေရမှုကို အဘိုးအိုက သတိထားမိပုံမပေါ်ဘဲ ဆက်၍ပြောဆိုနေ၏။ “သူ့အ တွက် သိပ်ပြီး အထီးကျန်စွာ ခံစားနေရမယ်လို့ မင်းထင်ထားတယ်ဆိုရင်တော့ မင်းအတွေးတွေကို ပြန် ရုတ်သိမ်းလိုက်ပါ။ ဘာလို့လဲဆိုတော့ လောင်ရှောင်း၄ယွန် ပြန်ရောက်လာခဲ့ပြီ။ မင်းသာ ဆက်နေနေ မယ်ဆိုရင် ပြဿနာကို ပိုပြီးကြီးထွားအောင် လုပ်နေတာနဲ့ အတူတူပဲ။”

လီဆွန်းဟွာသည် မှောင်မည်းနေသော ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်လိုက်ပြီး သက် ပြင်းကြီးတစ်ချက်ချလိုက်ကာ အတန်ကြာ စဉ်းစားခန်းဝင်နေလိုက်၏။ ပြီးနောက်- “ကျနော်မှားသွားပြန် ပြီ။ ကျနော် သိပ်ကို မှားသွားခဲ့ပြန်ပြီ။”

သူခါးကုန်းညွှတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် မတ်မတ်ရပ်နေရန် သူ့၌ စွမ်းအားမကျန်ရှိ တော့၍ ဖြစ်လေသည်။

စွန်းရှောင်းဟုန်က နောက်နားမှ သူ့ကိုကြည့်နေပြီး သနားသော၊ ခံစားနားလည်သော၊ ကြင်နာ မှုအပြည့်ပါရှိသော အကြည့်များဖြင့် ကြည့်နေလိုက်၏။

အဘိုးဖြစ်သူက လီဆွန်းဟွာအား နာကျင်စွာခံစားသွားရအောင် ဆွပေးလိုက်မှန်း သူမ သိပါ သည်။

ထိုအချက်က သူ့အားအကူအညီပေးခြင်းလည်း ဖြစ်နေကြောင်း သူမ သိရှိထားပြန်၏။ သို့သော် လီဆွန်းဟွာတစ်ယောက် ဤကဲ့သို့ ခံစားနေရသည်ကိုမူ သူမ မကြည့်ရက်ပါ။

အဘိုးအို-“လောင်ရှောင်း၄ယွန်က မင်းကိုသတ်နိုင်တဲ့လူတစ်ယောက်ကို ရှာဖွေပြီး ပြန်လာခဲ့တာ ပဲ။”

လီဆွန်းဟွာ-“သူ့အတွက် ဘာဖြစ်လို့ အဲ့ဒီလူကို ရှာတွေ့စရာလိုသေးလို့လဲ။ သူ့ကို မိတ်ဆွေ တစ်ယောက်အဖြစ် ကျနော် သဘောထားနေတုန်းပါပဲ။”

အဘိုးအို-“သူကတော့ မင်းလို စိတ်ထားမရှိနိုင်တာခက်တယ်။ သူဘယ်သူ့ကို ရှာတွေ့ခဲ့လဲဆို တာ သိလား။”

လီဆွန်းဟွာ-“ဟူပုကွေ့...”

အဘိုးအို-“မှန်တယ်။ အဲ့ဒီအရူးပဲ...”

စွန်းရှောင်းဟုန်-“အဲ့ဒီအရူးဟူရဲ့ သိုင်းပညာက တကယ်ကော ကောင်းနေလို့လား။”

အဘိုးအို-“သိုင်းလောကမှာ လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှု စွမ်းအားကို ကျုပ်တကယ်ပဲ တိတိကျ ကျ မခန့်မှန်းနိုင်ခဲ့ဘူး။”

စွန်းရှောင်းဟုန်-“ဘယ်သူတွေလဲ ဘိုးဘိုး...”

အဘိုးအို-“တစ်ယောက်ကတော့ လီတွမ့်ဟွာ... နောက်တစ်ယောက်ကတော့ အရူးဟူပဲ...”

လီဆွန်းဟွာ-“ဆရာကြီးက ကျနော့်ကို မြှောက်ပြောနေပြန်ပြီ။ ကျနော့် မိတ်ဆွေ အားဖေရဲ့ သိုင်း ပညာက ကျနော့်လိုပဲ ကောင်းပါတယ်။ ဒါ့ပြင် ကျင်းဝူမင်းလည်း ရှိသေးတယ်မဟုတ်လား။”

အဘိုးအို-“အားဖေနဲ့ ကျင်းဝူမင်းတို့က အုပ်စုတစ်စုထဲမှာ အတူတူရှိနေကြတဲ့သူတွေပါ။ ဘယ်သူ တွေလဲဆိုတော့ သိုင်းပညာဆိုတာကို နကန်းတစ်လုံးမှ မသိကြတဲ့သူတွေပေါ့။”

လီဆွန်းဟွာက လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “ဆရာကြီးက သူတို့ကို သိုင်းပညာအ ကြောင်း လုံးဝမသိဘူးလို့ ဆိုလိုချင်တာလား။’

အဘိုးအို-“အဟုတ်ပဲ။ အဲ့ဒါတင်မကသေးဘူး။ သူတို့ပါးစပ်ကနေ သိုင်းပညာအကြောင်း ဆွေး နွေးလောက်အောင်ကို ထိုက်တန်တဲ့သူတွေ မဟုတ်ကြဘူး။ သူတို့က လူပဲသတ်နိုင်ကြတယ်။ လူသတ် တဲ့နည်းပဲ သူတို့ သိထားကြတယ်။”

လီဆွန်းဟွာ-“ဒါပေမဲ့ အားဖေကတော့ ကျင်းဝူမင်းနဲ့မတူပါဘူး။”

အဘိုးအို-“ဘယ်လိုမျိုး မတူတာလဲ။”

လီဆွန်းဟွာ-“သူတို့လူသတ်ပုံခြင်း တူချင်တူကြလိမ့်မယ်။ ဒါပေမဲ့ လူသတ်ရတဲ့ ရည်ရွယ်ချက် ခြင်းကတော့ မတူညီကြဘူး။”

အဘိုးအို-“ဟုတ်ရဲ့လားကွဲ့...”

လီဆွန်းဟွာ-“အားဖေက လူသတ်တယ်ဆိုတာ သတ်သင့်လို့ သတ်သင့်တဲ့အချိန်မှသာ လူသတ် တာပါ။ ကျင်းဝူမင်းကတော့ လူသတ်ခြင်းအတွက် လူသတ်နေတာပါ။”

လီဆွန်းဟွာက ခေါင်းငုံ့ထားလိုက်ပြီး- “ကျနော်ဆိုရင်လည်း...”

အဘိုးအိုက ဖြတ်ပြောလိုက်၏။ “မင်းသူ့ကိုတွေ့ချင်သေးတယ်ဆိုရင်တော့ မင်းမှာအချိန်ရှိသေး တယ်။ ဒါမှမဟုတ်ရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်။”

လီဆွန်းဟွာက နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး- “ဒီလိုဆိုရင်လည်း ကျနော် သူ့ကိုသွားတွေ့ပါ တော့မယ်။”

အဘိုးအိုက ပြုံးပြီးမေးလိုက်၏။ “သူဘယ်မှာနေလဲဆိုတာကော သိလို့လား။”

လီဆွန်းဟွာ-“ကျနော် သိပါတယ်။”

စွန်းရှောင်းဟုန်က လီဆွန်းဟွာ၏ရှေ့သို့ ရုတ်တရက် လျှောက်လှမ်းလာခဲ့ပြီး- “အဲ့ဒီနေရာကို ရှင် ရှာလို့တွေ့ချင်မှတွေ့မှာ။ ကျမပါ အဖော်လိုက်ပေးခဲ့မယ်လေ။”

လီဆွန်းဟွာက ဘာမှပြန်မပြောနိုင်ခင်မှာပင် အဘိုးအိုက အေးစက်စွာပြောဆိုလိုက်၏။ “မင်းမှာ လုပ်စရာတွေ ရှိသေးတယ်။ နောက်ပြီး သူ့အတွက် မင်းအကူအညီမလိုအပ်ဘူး။”

စွန်းရှောင်းဟုန်သည် ငိုချင်စိတ်ပေါက်သွားခဲ့၏။

လီဆွန်းဟွာ-“ကျနော် နှုတ်ဆက်ခဲ့ပါတယ်။”

သူ စကားများထပ်ပြောချင်နေသေးသော်လည်း ထိုမျှဖြင့်ပင် ရပ်ထားခဲ့၏။

အဘိုးအိုက လက်မထောင်ပြလိုက်ပြီး- “ကောင်းတယ်။ သွားချင်တဲ့အချိန်မှာ ထသွားနိုင်တာ ယောက်ျားကောင်းတို့ရဲ့အလုပ်ပဲ။”

လီဆွန်းဟွာ လျင်မြန်စွာပင် ထွက်ခွာသွားခဲ့ချေပြီ။ နောက်သို့ လုံးဝလှည့်ကြည့်ခြင်းမရှိခဲ့ပါ။

စွန်းရှောင်းဟုန်က သူပျောက်ကွယ်သွားခဲ့ရာသို့ ငေးကြည့်နေပြီး သူမ၏မျက်လုံးများက နီရဲနေကြ ၏။

အဘိုးအိုက သူမ၏ကျောပြင်လေးကို ပွတ်သပ်လိုက်ပြီး- “သိပ်ပြီးဝမ်းနည်းနေလား မြေးလေး...”

စွန်းရှောင်းဟုန်-“မဟုတ်ပါဘူး...”

အဘိုးအိုက ရယ်မောလိုက်၏။ “ကြည့်စမ်း... အရူးမလေး... နင့်ဘိုးဘိုးက နင့်ရင်ထဲရှိတာတွေ မသိနိုင်ဘူးလို့များ ထင်နေတာလားကွယ်။”

စွန်းရှောင်းဟုန်က နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး- “ဘိုးဘိုးသိထားတယ်ဆိုရင်လည်း ဘာဖြစ်လို့ ကျမတို့ကို ခွဲခိုင်းခဲ့ရတာလဲ။”

အဘိုးအို-“လီဆွန်းဟွာလို ယောက်ျားတစ်ယောက်ကို ဖမ်းမိနိုင်ဖို့ဆိုတာ မလွယ်ကူလှဘူးကွဲ့။ နင်သာ သူ့ကိုလိုချင်တယ်ဆိုရင် သူ့နှလုံးသားကို အရင်ဆုံးကိုင်လှုပ်နိုင်မှ ရမယ်။ အဲ့ဒါကလည်း မလွယ်ကူ ပါဘူးကွယ်။ နင့်အတွက် အချိန်တွေ အများကြီးပေးရဦးမယ်။ မဟုတ်ရင်တော့ သူ့ကို ထွက်ပြေးချင် အောင်လုပ်သလိုပဲ ဖြစ်နေတော့မှာပေါ့။”

+++++

ဘာမှမဖြစ်သလို ထွက်ခွာလာခဲ့ရသော်လည်း လီဆွန်းဟွာ၏ နှလုံးသားထဲ၌ ခပ်တင်းတင်းလေး ငြိ တွယ်လာသော သံယောဇဉ်ကြိုးလေးတစ်မျှင် ကပ်ပါလာခဲ့လေသည်။

လင်ရှီးယင်ကို နောက်ထပ် မည်သည့်အခါမှ ထပ်မံတွေ့ရှိနိုင်တော့မည်မှန်းလည်း သူမသိတော့ပါ။

သူမကို တွေ့ရှိရန် လွန်စွာမှပင် နာကျင်စွာခံစားရသကဲ့သို့ သူမကို စွန့်ခွာသွားရန်လည်း နာကျင်နေ ရပြန်၏။

လွန်ခဲ့သော ၁၀ နှစ်အတွင်း သူမကို ၃ ကြိမ်ထဲသာ သူတွေ့ခဲ့ရလေသည်။ အကြိမ်တိုင်းပင် သူမ ကို တိတ်တိတ်လေးသာ ခိုးကြည့်ခဲ့ရ၏။ တစ်ခါတရံအချိန်များတွင် သူမကိုကြည့်၍ပင် သူ စကားမပြော ဆိုခဲ့ပါ။ သို့သော် သူ၏နှလုံးသားတွင် လင်ရှီးယင်ဆိုသော သံယောဇဉ်ကြိုးလေးတစ်ချောင်း အမြဲတမ်း တွယ်ငြိနေမိမည်သာ။ သူမကို တွေ့သည်ဆိုရုံလေးတွေ့ရရင်၊ သို့မဟုတ် သူမ၏ အနီးအနားလေးမှာ နေခွင့်ရလျှင်ပင် သူကျေနပ်ပေပြီ။

0 comments:

Post a Comment