လီဆွန်းဟွာ၏နှလုံးသားသည် ဆောင်းဦးကဲ့သို့ပင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လုလု ဖြစ်နေရ၏။
“မင်းဆက်နေနေလို့ကတော့ သူ့ကိုဒုက္ခပိုရောက်အောင်လုပ်သလို ဖြစ်နေဦးမှာပဲ...”
အဘိုးအို၏ စကားက သူ့နားထဲ၌ ကျယ်လောင်စွာ မြည်ဟီးနေ၏။
လင်ရှီးယင်ကို မတွေ့သင့်တော့သလို သူမအကြောင်းကိုပင် မစဉ်းစားသင့်တော့ပါ။
အဘိုးအိုသည် ဉာဏ်ပညာကြီးရင့်သူတစ်ယောက်ဖြစ်နေရုံပင် မကသေး၊ လွန်စွာမှပင် လျှို့ဝှက်နိုင် လွန်း၏။ သိုင်းပညာရှင်ကြီးတစ်ယောက်လည်း ဖြစ်နေပြန်၏။ သိုင်းလောကကြီးအကြောင်းကို သူမသိသည် များ မရှိသလောက်ပင်။
သို့သော် သူဘယ်သူများ ဖြစ်နေနိုင်ပါလဲ...
သူ ဘာကိုများ ဖုံးကွယ်ထားပါသလဲ...
ခါးကုန်းစွန်းကို လီဆွန်းဟွာ လေးစားမိ၏။
မည်သူမဆို ကတိတစ်လုံးအတွက် စားပွဲသုတ်သောအလုပ်ကို ၁၅ နှစ်လုံးလုံး လုပ်ဆောင်ပေးနိုင် လျှင် ထိုသူ့ကို လေးစားရမည်သာ။
သို့သော် သူထိုနေရာ၌ ဘာလုပ်နေသနည်း...
ဘယ်သူ့ကိုများ ကာကွယ်စောင့်ရှောက်ပေးနေသနည်း။
စွန်းရှောင်းဟုန်အတွက်ကော... သူမ၏ ခံစားချက်များကို သူမသိဘဲရှိပါ့မလား။
သို့သော် သူ လက်မခံနိုင်ပါ။ လက်မခံရဲပါ။
ဘာပဲပြောပြော ထိုမိသားစုသည် လွန်စွာမှပင် လျှို့ဝှက်သိပ်သည်းလှ၏။ ကြောက်စရာကောင်း လောက်အောင်ပင် လျှို့ဝှက်နိုင်လွန်းကြ၏။
တောင်တန်းလေးပေါ်မှ ရွာလေးတစ်ရွာ...
တောင်ခြေလေးတွင် အရက်ဆိုင်တစ်ဆိုင်ရှိလေသည်။
အရက်က သိပ်မကောင်းလှသော်လည်း လွန်စွာမှပင် လတ်ဆတ်လှ၏။ တောင်တန်းမှ ကျဆင်းလာ သော စမ်းချောင်းရေဖြင့် ချက်လုပ်ထားခြင်းဖြစ်ကြောင်း သံသယရှိစရာမလိုပါ။
တောင်တန်းလေး၏ ဘေးတစ်ဘက်မှ စမ်းချောင်းလေး စီးဆင်းနေ၏။ လွန်စွာမှပင် ကြည်လင်လှ၏။ ထိုစမ်းချောင်းလေးအတိုင်း အပေါ်တည့်တည့်လျှောက်တက်သွားပါက သစ်သားအိမ်လေးတစ်လုံးကို တွေ့ရမည်ဖြစ်ကြောင်း လီဆွန်းဟွာ သိရှိနေ၏။
အားဖေနှင့် လင်ရှန်းအာတို့ ထိုအိမ်လေးတွင် နေထိုင်ကြလေသည်။
လီဆွန်းဟွာ၏မျက်နှာက အားဖေ၏ မာနကြီးသောမျက်နှာပေး၊ စူးရှတောက်ပသောအကြည့် များ၊ ယောက်ျားဆန်ဆန် ချောမောလှပသော မျက်နှာလေးတို့အား တွေးမိလိုက်သောအခါ ကြည်လင် တောက်ပလာခဲ့ရ၏။
မေ့၍မရနိုင်သော အချက်မှာ သူ၏ တွေ့ရခဲသော အပြုံးများပင်ဖြစ်၏။
အေးစက်စက် မျက်နှာပေးအောက်က နွေးထွေးသော မိတ်ဆွေကောင်း စိတ်ထားကိုလည်း လီဆွန်း ဟွာ သတိရမိလိုက်၏။
၂ နှစ်အတွင်း မည်မျှလောက် အားဖေပြောင်းလဲသွားခဲ့သနည်းဆိုသည်ကိုမူ သူ မခန့်မှန်းနိုင်ခဲ့ပါ။
အားဖေကို လင်ရှန်းအာ မည်ကဲ့သို့ ဆက်ဆံနေမည်မှန်းလည်း သူ မသိနိုင်ပါ။
နတ်သမီးတစ်ပါးကဲ့သို့ ချောမောလှပသော်လည်း ယောက်ျားများကို ငရဲပြည်သို့ ပို့ဆောင်ပေးတတ် သည်မဟုတ်ပါလား။
အားဖေ ငရဲပြည်သို့များ ရောက်ရှိသွားခဲ့ပြီလား...
လီဆွန်းဟွာ ထိုအကြောင်းများကို မတွေးချင်ပါ၊ အဘယ်ကြောင့်ဆိုသော် အားဖေ၏ စိတ်ဓာတ် ကို သူ သိရှိထားသောကြောင့်ဖြစ်လေ၏။ အချစ်အတွက် ငရဲပြည်သို့ပင် အလည်သွားမည့်လူစားမျိုး ဖြစ်ကြောင်းကို သူ သိရှိထားလေသည်။
ညနေ နေဝင်လေပြီ။
ဆိုင်၏ အမှောင်ဆုံး ထောင့်အကျဆုံးနေရာတွင် လီဆွန်းဟွာ ထိုင်နေ၏။
ဤသည်မှာ သူ၏အမူအကျင့်တစ်ခုပင် ဖြစ်နေခဲ့လေပြီ။ ဆိုင်တွင်းသို့ ဝင်ရောက်လာသူအားလုံးကို သူ တွေ့ရှိနိုင်သော်လည်း ထိုလူများက သူ့ကိုတွေ့ရှိနိုင်ရန် မလွယ်ကူပါ။
ပထမဆုံးဝင်ရောက်လာသူမှာ စန့်ကွမ်းဖေဖြစ်နေမှန်း သူလုံးဝ ထင်မထားခဲ့ချေ။
စန့်ကွမ်းဖေက တံခါးဝနှင့်အနီးဆုံး စားပွဲတွင် နေရာယူထား၏။ အပြင်ဘက်သို့ ငေးကြည့်နေပြီး တစ်စုံတစ်ယောက် ရောက်အလာကို စိတ်မရှည်စွာ စောင့်ဆိုင်းနေပုံလည်းရ၏။
ဤသည်မှာ လီဆွန်းဟွာ နောက်ဆုံးတွေ့ခဲ့ရစဉ်တုန်းက ရှိခဲ့သော သူ၏ အေးစက်စက်အမူအရာ များနှင့် တခြားစီပင်။
အရေးကြီးသောလူတစ်ယောက်နှင့် ချိန်းထားပုံရ၏။ အဖော်၊ အစေခံများမပါဘဲ ရောက်ရှိလာခဲ့ သောကြောင့် ထိုတွေ့ဆုံမှုသည် လွန်စွာမှပင် လျှို့ဝှက်မည်ထင်သည်။
ဤမျှခေါင်ခိုက်သောနေရာမျိုးတွင် မည်ကဲ့သို့သော အရေးကြီး ပုဂ္ဂိုလ်များ ရောက်ရှိလာမည် နည်း။
သူ မည်သူ့ကို စောင့်ဆိုင်းနေသနည်း။
အားဖေနှင့် လင်ရှန်းအာတို့နှင့်များ ပတ်သက်နေမည်လား။
သူ့မျက်နှာကို လက်ဝါးနှင့် လီဆွန်းဟွာ အုပ်ထားလိုက်၏။ သူ့ကို ဤနေရာတွင် တွေ့မြင်မသွား စေချင်ပါ။
သို့သော် ထိုအတွက် မလိုအပ်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် စန့်ကွမ်းဖေ၏ မျက်လုံးများ က တံခါးဝမှ ဘယ်သောအခါမှ လွဲဖယ်သွားခြင်းမရှိကြချေ။
ဆိုင်ရှင်က မီးများထွန်းညှိလိုက်၏။
စန့်ကွမ်းဖေတစ်ယောက်ပို၍ပင် ဂနာမငြိမ်ဖြစ်လာလေသည်။
ထိုအချိန်၌ပင် ဝေါယာဉ် ၂ စီး တံခါးဝရှေ့သို့ ဆိုက်ရောက်လာခဲ့၏။ ဝေါယာဉ်ထမ်းလာသူများ သည် သန်မာထွားကြိုင်းသော လုလင်ပျိုများဖြစ်ကြလေသည်။
စွဲဆောင်မှုကောင်းလှသော ၁၃-၄ နှစ်အရွယ် အနီရောင်ဝတ် လုံမပျိုလေးတစ်ယောက် ပထမဆုံး ဝေါယာဉ်ပေါ်မှ ဆင်းလာ၏။
စန့်ကွမ်းဖေက သူ၏အရက်ခွက်ကို ကိုင်လိုက်ကာစပင် ရှိသေးသော်လည်း ပြန်ချထားလိုက်ပြန်၏။
ထိုမိန်းမပျိုလေးသည် စန့်ကွမ်းဖေရှိရာသို့ လှမ်းလျှောက်လာခဲ့ပြီး- “ရှင့်ကို စောင့်ခိုင်းသလိုဖြစ် နေရတဲ့အတွက် အားနာလှပါတယ်ရှင်။”
စန့်ကွမ်းဖေ၏မျက်လုံးများက ဝေ့ဝိုက်ကြည့်လိုက်ပြီး- “သူဘယ်မှာလဲ... သူပါမလာခဲ့ဘူးလား။”
အနီရောင်မိန်းကလေးက ပြုံးပြလိုက်ပြီး- “စိတ်အေးအေးထားပြီး ကျမနဲ့ လိုက်ခဲ့ပါရှင်။”
ဆိုင်တွင်းမှ စန့်ကွမ်းဖေ ထွက်ခွာသွားပြီး ဒုတိယဝေါယာဉ်ပေါ်သို့ တက်လိုက်သွားသည်ကို လီ ဆွန်းဟွာ ကြည့်နေလိုက်ပြီး တစ်စုံတစ်ခုတော့ ထူးခြားနေပြီမှန်း သိရှိလိုက်ရ၏။
ဝေါယာဉ်ထမ်းသူ လုလင်ပျိုများသည် အတော်လေးသန်စွမ်းပုံရကြသည်။ ပထမဆုံးဝေါယာဉ်ကို မ’သွားသည်မှာ လွန်စွာမှပင် ပေါ့ပါးလှပုံရသည်။
ဒုတိယဝေါယာဉ်ကို မ’ယူလိုက်သောအခါတွင်မူ အနည်းငယ် တုန့်ဆိုင်းသွားကြလေသည်။
အရက်ဖိုးရှင်းပြီး လီဆွန်းဟွာ လျင်မြန်စွာပင် ထိုသူများနောက်သို့ လိုက်ခဲ့လိုက်၏။
သူ၏ဗီဇအတိုင်းဆိုပါက မည်သူ၏ ကိစ္စများတွင်မှ ဝင်ရောက်စွက်ဖက်လိုခြင်းမရှိသော်လည်း စန့် ကွမ်းဖေ၏ အမူအရာများက ထူးဆန်းလှသောကြောင့် သူသွားရောက်တွေ့ဆုံမည့်သူကို သူ လွန်စွာမှ ပင် စိတ်ဝင်စားနေမိလေသည်။
အဘယ်ကြောင့်ဆိုသော် အားဖေနှင့် တစ်စုံတရာပတ်သက်ဆက်နွယ်မှု ရှိနိုင်ကြောင်း လီဆွန်းဟွာ ထင်ထားခဲ့မိ၏။
ဝေါယာဉ်များသည် မေပယ်လ်သစ်တောထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။
ဝေါယာဉ်တစ်ခုတွင်းမှ ရုတ်ချည်းပင် ရယ်မောလိုက်သံ ထွက်ပေါ်လာခဲ့၏။
အသံသည် ချစ်စရာကောင်းပြီး နွေးထွေးသော၊ စိတ်လှုပ်ရှားဖွယ်ကောင်းသော ညှို့ငင်မှုများ အပြည့်ပါရှိလေသည်။ ထိုရယ်မောသံကို ကြားလိုက်ရသည့် ပုရိသအပေါင်းတို့သည် ထိုအသံရှင်နောက် တကောက်ကောက်ပါသွားကြမည်မှာ ယုံမှားစရာမရှိချေ။
သို့သော် ဝေါယာဉ်တွင်း၌ရှိနေသူသည် စန့်ကွမ်းဖေဖြစ်နေပါက မိန်းမအသံရှင်သည် မည်သူဖြစ် နိုင်မည်နည်း။
အတန်ကြာသောအခါ တိုးတိတ်ညင်သာသောအသံထွက်ပေါ်လာပြီး- “ရှောင်းဖေ... အဲ့ဒီလိုမျိုး မလုပ်နဲ့ကွာ... ဒီနေရာမှာ လုပ်လို့မကောင်းဘူး။ တခြားယောက်ျားတွေလိုပဲ ကျမကိုပဲ အနိုင်ကျင့်ချင် နေတယ်ပေါ့လေ...”
အသံသည် တဖြည်းဖြည်းတိုးညှင်းသွားရာ လီဆွန်းဟွာပင် မကြားနိုင်တော့အောင် ဖြစ်လာခဲ့၏။
ဝေါယာဉ်သည် တောင်စောင်းလေးပေါ်သို့ ရောက်ရှိသွား၏။
လီဆွန်းဟွာ သက်ပြင်းချလိုက်၏။
ဝေါယာဉ်ထဲ၌ လူနှစ်ယောက်ရှိနေခဲ့သည်ကိုး...
တစ်ယောက်ကတော့ စန့်ကွမ်းဖေဖြစ်၏။
ထိုမိန်းမ မည်သူများဖြစ်နိုင်မည်နည်း။
မိန်းမများနှင့်ပတ်သက်လာလျှင် သူ့၌ အတွေ့အကြုံများစွာ ရရှိခဲ့ပြီးဖြစ်၏။ မိန်းမတော်တော်များ များသည် အီစီကလီ ပဲများတတ်ကြောင်းကို သူသိထားသော်လည်း ယောက်ျားများကို မြှူဆွယ်ရာတွင် ရာနှုန်းပြည့် အောင်မြင်မှုရရန် အခွင့်အရေး နည်းပါးလှ၏။
ဝေါယာဉ်တွင်းမှ မိန်းမ၏ နာမည်ကို သူအော်ခေါ်မိမတတ်ဖြစ်သွားခဲ့ရ၏။
သို့သော် သူအော်မခေါ်လိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် မသေချာသေးသော ကြောင့် ဖြစ်လေ၏။
ဆုံးဖြတ်ချက် မြန်မြန်ချသော အလုပ်ကို သူမပြုလုပ်လိုပေ။ သူ့အတွက် အမှားတစ်ခုထပ်မံ ဖြစ်ပွား ရမည်ကို မလိုလားပေ။ အမှားတစ်ခုအတွက် သူပေးဆပ်လိုက်ရသည်များက များပြားလွန်းလှသည် မဟုတ်ပါလား။ ထိုအမှားအတွက် သူ့ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရသလို အခြားသူတစ်ယောက်၏ ဘဝ သည်လည်း ပျော်ရွှင်မှုများ ဆိတ်သုဉ်းခဲ့ရသည် မဟုတ်ပါလား။
ဝေါယာဉ်များသည် အိမ်ငယ်လေးတစ်ခုရှေ့၌ ရပ်တန့်သွားခဲ့ကြ၏။ ဒုတိယဝေါယာဉ်ကို ထမ်းလာ ကြသူများက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကြ၏။
အနီရောင်ဝတ်ထားသော မိန်းကလေးက တံခါးဝသို့ လျှောက်သွားလိုက်ပြီး တံခါးကို ၃ ကြိမ် ခေါက်လိုက်ရာ တံခါးပွင့်လာခဲ့၏။
ဒုတိယဝေါယာဉ်တွင်းမှ လူတစ်ယောက် ထွက်ပေါ်လာလေ၏။ မိန်းမတစ်ယောက်...
သူမ၏မျက်နှာကို လီဆွန်းဟွာ မတွေ့မြင်ရသော်လည်း သူမ၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေ ကြပြီး ဆံပင်များက ဖွာလန်ကျဲနေကြ၏။ သူမ၏ ခန္ဓာကိုယ်က လွန်စွာမှပင် အချိုးအစား ပြေပြစ်လှပြီး ဆွဲဆောင်မှု အပြည့်ရှိလေသည်။
ထိုအမျိုးသမီးကို မြင်ဖူးသလိုရှိသည်ဟု လီဆွန်းဟွာ တွေးလိုက်မိ၏။
သူမသည် တံခါးဝသို့ လျှောက်သွားလိုက်ပြီး စန့်ကွမ်းဖေအား နောက်သို့ လှည့်မကြည့်ဘဲ လက် ဝှေ့ယမ်းပြလိုက်၏။ ပြီးနောက် အိမ်ငယ်လေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့လေသည်။
သူမ၏ မျက်နှာကို ရိပ်ခနဲသာ လီဆွန်းဟွာ တွေ့လိုက်ရလေသည်။
ယခုတော့ သူသေချာသွားပေပြီ။
ထိုမိန်းမသည် လင်ရှန်းအာ ဖြစ်နေသည်ကော...
လင်ရှန်းအာသာ ဤနေရာတွင်နေထိုင်ပါက အားဖေကော ဘယ်ရောက်နေပြီနည်း။
လီဆွန်းဟွာ သူမကို မေးမြန်းလိုက်ချင်သော်လည်း စိတ်ကို ထိန်းထားလိုက်၏။
သူသည် လူကြီးလူကောင်းတစ်ယောက်မဟုတ်သော်လည်း လူကြီးလူကောင်းမဆန်သည့် အလုပ်မျိုး မည်သည့်အခါမှ လုပ်ကိုင်လိမ့်မည်မဟုတ်ချေ။
သူ၏လုပ်ဆောင်မှုများသည် အခြားလူများအတွက် ရင်သပ်ရှုမောဖွယ်ရာများ ဖြစ်ကောင်းဖြစ်နေ နိုင်သည်။
သူ့ကို သေစေချင်သူများ အမြောက်အများ ရှိနေသကဲ့သို့ သူ့အတွက် အသက်စွန့်ကယ်တင်ချင် သူများလည်း ရှိနေသေး၏။
လုံးဝ အမှောင်ထု ဖုံးလွှမ်းသွားလေပြီ။
အပြင်ဘက်၌ လီဆွန်းဟွာ စောင့်ဆိုင်းနေဆဲပင်။
စောင့်ဆိုင်းနေရင်းမှ များစွာသော အကြောင်းအရာများကို သူစဉ်းစားမိနေ၏။ အားဖေနှင့်တွေ့ ဆုံခဲ့သော ပထမဆုံးအကြိမ်ကို သူမှတ်မိနေသေး၏။
ထိုအချိန်တုန်းက သူ သိပ်ပြီးအထီးကျန်ဆန်မနေသေးပါ။ သူ့ဘေးတွင် ထယ်ကျွမ်ကျားရှိနေခဲ့ သည် မဟုတ်ပါလား။
ထယ်ကျွမ်ကျားအကြောင်းကို စဉ်းစားမိလိုက်သောအခါ သူ၏ ကြင်နာသနားတတ်သော မျက် နှာ၊ သံမဏိကဲ့သို့ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ရှိပုံတို့ကို သွားသတိရနေပြန်၏။
သူ၏ရင်ဘတ်က သံမဏိကဲ့သို့ မာကျောကောင်း မာကျောလိမ့်မည်ဖြစ်သော်လည်း သူ၏ နှလုံးသား ကမူ လွန်စွာမှပင် နူးညံ့သိမ်မွေ့လှ၏။ ထို့ကြောင့်ပင် တစ်ခါတရံတွင် သူသည် ပျော်ရွှင်နေရမည့်အစား ဝမ်းနည်းကြေကွဲနေရလေသည်။
အကြောင်းအရာပေါင်းစုံကို စဉ်းစားလာမိသောအခါ အရက်သောက်ချင်စိတ်များ လီဆွန်းဟွာ တွင် ဖြစ်ပေါ်လာခဲ့ရ၏။
သူ၏အရက်အိုးငယ်လေးကို ထုတ်ယူလိုက်ပြီး ကုန်အောင် မော့သောက်လိုက်၏။
ပြီးနောက် ချောင်းဆိုးနေလိုက်ပြန်၏။
ထိုအချိန်၌ တံခါးပွင့်လာခဲ့ပြီး စန့်ကွမ်းဖေ ထွက်ပေါ်လာ၏။ အရင်တုန်းကထက် ပို၍ပျော်ရွှင်နေ ပုံရသော်လည်း မောပန်းသည့် အသွင်လည်း ဆောင်နေ၏။
တံခါးဝမှ လက်တစ်ဘက်ထွက်ပေါ်လာပြီး စန့်ကွမ်းဖေ၏ လက်ကို ဆုပ်ကိုင်ထားလိုက်၏။
တိုးညှင်းစွာပြောဆိုနေသံများ ကြားလိုက်ရ၏။ တိုးညှင်းစွာ နှုတ်ဆက်နေကြခြင်း ဖြစ်နိုင်၏။
အတန်ကြာသောအခါ ထိုလက်တစ်ဘက်က တံခါးတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေတော့၏။
စန့်ကွမ်းဖေသည် ဖြေးလေးစွာလျှောက်လှမ်းနေပြီး သမင်လည်ပြန် လှည့်ကြည့်လှည့်ကြည့် လုပ် နေသေးသည်မှာ မခွဲခွာချင်သေးပုံရသည်။
တံခါးပိတ်သွားခဲ့ချေပြီ။
စန့်ကွမ်းဖေသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။ သူ၏ ခြေလှမ်းများက သွက်လက်လာ သော်လည်း သူ့အမူအရာများက ထူးဆန်းနေ၏။ တစ်ခါတရံ တစ်ယောက်တည်း ပြုံးနေတတ်ပြီး တစ်ခါတရံ သက်ပြင်းမောများ ချနေ၏။
ငရဲပြည်သို့ သူရောက်သွားခဲ့ပြီလော...
အဆောင်တွင်းမှ မီးရောင်လေးက တော်တော်လေးပင် နွေးထွေးပုံရသည်။ ပြတင်းပေါက်တံခါး စက္ကူစများကိုပင် အနီရောင်သမ်းနေစေ၏။
စန့်ကွမ်းဖေ ထွက်ခွာသွားခဲ့ချေပြီ။ ထိုလူငယ်လေးအတွက် လီဆွန်းဟွာ တော်တော်လေးပင် စိတ် မကောင်းဖြစ်သွားခဲ့ရ၏။
လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး တံခါးဝသို့ လျှောက်သွားလိုက်၏။
‘ဒေါက်’ပထမတစ်ကြိမ် တံခါးခေါက်လိုက်၏။ ‘ဒေါက် ဒေါက်’ နှစ်ကြိမ်ဆက်တိုက်ပင် အနီရောင် ဝတ် မိန်းကလေးကဲ့သို့ တံခါးခေါက်လိုက်ပြန်၏။
တကယ်ပင် တံခါးပွင့်သွားခဲ့လေသည်။
“ရှင်...”
လီဆွန်းဟွာကို တွေ့မြင်လိုက်ပြီး သူမ’ စကားတစ်ခွန်းသာ ပြောဆိုလိုက်ကာ တံခါးကို လျင်မြန် စွာ ပြန်ပိတ်လိုက်၏။
သို့သော် လီဆွန်းဟွာက တံခါးချပ် နှစ်ခုကြားတွင် ခြေထောက်ထိုးခံထားပြီး ဖြစ်နေ၏။
တံခါးဖွင့်ပေးလိုက်သူမှာ လင်ရှန်းအာ မဟုတ်သလို အနီရောင်ဝတ် မိန်းကလေးလည်း မဟုတ်ပြန် ချေ။ ဆံပင်များ ဖြူဖွေးနေသော အဘွားအိုတစ်ယောက်သာ ဖြစ်လေ၏။
သူမက လီဆွန်းဟွာအား အံ့အားသင့်စွာ စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။ “ရှင်... ရှင် ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ။”
လီဆွန်းဟွာ-“မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ကျုပ်တွေ့ချင်လို့ပါ။”
အဘွားအို-“မင်းရဲ့ မိတ်ဆွေဟောင်းဆိုတာ ဘယ်သူလဲ။”
လီဆွန်းဟွာ-“ကျုပ်ကိုတွေ့ရင် သူမ’ သိမှာပါ။”
စကားပြောနေစဉ်မှာပင် အခန်းတွင်းသို့ သူဝင်ရောက်လိုက်၏။
အဘွားအိုသည် သူ့ကို ပိတ်ဆို့ရန် ကြိုးစားလိုက်သော်လည်း လွန်စွာမှပင် နောက်ကျသွားခဲ့လေပြီ။ “ဒီမှာ မင်းမိတ်ဆွေတစ်ယောက်မှ မရှိဘူး။ ကျုပ်နဲ့ ကျုပ်မြေးမလေးပဲ ရှိကြတယ်။”
အိမ်ငယ်လေးထဲတွင် အခန်း ၃ ခန်းသာရှိနေပြီး လင်ရှန်းအာ၏ အရိပ်ယောင်ကို တစ်ခန်းမှပင် မတွေ့ရချေ။
အနီရောင်ဝတ်မိန်းကလေးသည် လွန်စွာမှပင် ကြောက်ရွံ့ ထိတ်လန့်နေပုံရ၏။ အကြောက်လွန် နေသောကြောင့် သူမ၏မျက်နှာတစ်ခုလုံး ဖြူစွတ်နေလေ၏။ သူမက ကျယ်လောင်စွာပင် မေးမြန်းလိုက် ၏။ “ဘွားဘွား... ဒီလူက ဓားပြတစ်ယောက်လား။”
အဘွားအိုသည် အကြောက်လွန်နေသောကြောင့် မည်သည့်စကားမျှ ပြန်မဖြေနိုင်ခဲ့ပါ။
လီဆွန်းဟွာ ရီမောရမည်လား။ ငိုရမည်လား မသိနိုင်တော့ဘဲ- “ကျုပ်က ဓားပြတစ်ယောက်နဲ့ တူ နေလို့လား။”
မိန်းမပျိုလေးသည် သူမ၏နှုတ်ခမ်းများကို ဖိကိုက်လိုက်ကာ- “ဓားပြတစ်ယောက်မဟုတ်ရင် ည သန်းခေါင်ကြီး ရှင် ဒီအိမ်ထဲကို ဘာဝင်လုပ်နေတာလဲ။”
လီဆွန်းဟွာ-“ကျုပ် ‘လင်’မိန်းကလေးကို လာရှာတာပါ။”
သူ၏စကားပြောဆို ယဉ်ကျေးပုံအားတွေ့လိုက်ရပြီးသည့်နောက် မိန်းကလေးငယ်သည် နဲနဲ အကြောက်ပြေသွားပုံရကာ သူမ၏ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောဆိုလိုက်၏။ “မိန်းကလေး ‘လင်’ တော့မရှိဘူး။ ဒီအိမ်မှာ ‘ကျို’မိန်းကလေးပဲရှိတယ်။”
လင်ရှန်းအာ၏ နာမည်တုတစ်ခုများ ဖြစ်နေမည်လား...
လီဆွန်းဟွာက ချက်ချင်းပင် မေးမြန်းလိုက်၏။ “ဒါဆိုရင်လည်း ‘ကျိုမိန်းကလေးနဲ့ ကျုပ်တွေ့ချင်ပါ တယ်။”
မိန်းကလေးငယ်သည် သူမ၏နှာခေါင်းကို လက်ညှိုးထိုးပြလိုက်ပြီး- “ကျမရဲ့ မျိုးရိုးနာမည်က ‘ကျို’ ဒါကြောင့်မို့လို့ ကျမကို ‘ကျို’မိန်းကလေးလို့လည်း ခေါ်နိုင်တယ်။”
လီဆွန်းဟွာက ပြုံးပြလိုက်သည်။
သူ့ကိုယ်သူ လူနုံတစ်ယောက်လို ခံစားမိလိုက်လေသည်။
မိန်းကလေးငယ်လေးကလည်း ထိုအချက်ကို သဘောကျသွားခဲ့ပြီး- “ဒါပေမဲ့ ရှင့်ကို ကျမ မသိပါလား။ ဘာကိစ္စနဲ့ ကျမကို လာရှာရတာလဲ။”
လီဆွန်းဟွာက ခါးသီးစွာ ပြုံးပြလိုက်ပြီး- “ကျုပ်ရှာနေတာက မိန်းမပျိုကြီး တစ်ယောက်ကိုပါ။ မိန်း ကလေးငယ်လေးတစ်ယောက် မဟုတ်ပါဘူး။”
မိန်းကလေးငယ်-“ဒီမှာ ဘာမိန်းမပျိုကြီးမှ မရှိဘူး။”
လီဆွန်းဟွာ-“ဒီအိမ်ထဲကို လောလောလတ်လတ် တစ်ယောက်မှ ဝင်မလာခဲ့ဘူးပေါ့၊ ဟုတ်လား။”
မိန်းကလေးငယ်-“လူတချို့တော့ ဝင်လာခဲ့ပါသေးတယ်။”
လီဆွန်းဟွာက ဖြတ်မေးလိုက်၏။ “ဘယ်သူတွေလဲ...”
မိန်းကလေးငယ်-“ကျမ ဘွားဘွားနဲ့ ကျမကိုယ်တိုင်ပဲ။ ကျမတို့ ခုလေးတင်မှ မြို့ထဲက ပြန်လာ ခဲ့ကြတာ။”
သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီးနောက်- “ဒီမှာ ကျမတို့ နှစ်ယောက်ပဲ နေကြတယ်။ ကျမ က ငယ်ငယ်လေး၊ ကျမရဲ့ ဘွားဘွားကတော့ ကြီးကြီးပဲ။ သူ မိန်းမပျိုလေးဖြစ်ခဲ့တာ ကြာလှပေါ့။ ရှင် သူ့ကို လာရှာတာတော့ မဟုတ်လောက်ပါဘူးနော်။”
လီဆွန်းဟွာက ပြုံးပြလိုက်ပြန်၏။ သူ့ကိုယ်သူ နုံအ’မိသည့်အချိန်များတွင် သူများများပြုံးမိလေ သည်။ ခုလေးတင်ပဲ လင်ရှန်းအာ ဤအိမ်လေးထဲသို့ ဝင်ရောက်သွားခဲ့သည်ကို သူတွေ့ခဲ့ရသေး သည်မဟုတ်ပါလား။ သူ့မျက်လုံးများ အမြင်မှားနေရော့သလား...
ဝေါယာဉ်ထဲမှ မိန်းကလေးသည် ဤအဘွားအိုများ ဖြစ်နေရော့သလား။
အဘွားအိုသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး- “ကျုပ်တို့က ဆင်းရဲတဲ့ မိသားစုလေး ပါ။ တန်ဖိုးကြီးကြီးမားမား ဘာမှမရှိပါဘူးရှင်။ လိုချင်တယ်ဆိုရင်တော့ ရှိတာလေးတွေအကုန်ယူသွား ပြီး ထွက်သွားပါတော့။ ကျုပ်တို့ကိုတော့ ချမ်းသာပေးပါရှင်။”
လီဆွန်းဟွာ-“ကောင်းပြီလေ...”
စားပွဲပေါ်၌ အရက်အိုးတစ်အိုးရှိနေလေသည်။ လီဆွန်းဟွာက ထိုအရက်အိုးအား မ’ယူလိုက်ပြီး တံခါးဝမှတဆင့် ထွက်ခွာသွားတော့၏။
မိန်းကလေးငယ်လေးထံမှ ခပ်ပြုံးပြုံးလေး ပြောလိုက်သံကို သူ ကြားဖြစ်အောင် ကြားလိုက်သေး ၏။ “အိုး... သူက ဓားပြတစ်ယောက်မှမဟုတ်ဘဲ။ အရက်သမားတစ်ယောက် ဖြစ်နေပါလား။”
0 comments:
Post a Comment