လရောင်အောက်မှ ရေတံခွန်က ငွေမျှင်တံများ ဖြာထွက်နေသကဲ့သို့ပင်။
လီဆွန်းဟွာက ရေကျစီးရာတစ်လျှောက် လိုက်လျှောက်လာ၏။ အားဖေကို မနှောင့်ယှက်ချင် သဖြင့် မနက်မိုးမလင်းခင် အရောက်မသွားချင်သေးပါ။
သူများကို အနှောင့်အယှက်ပေးသောအလုပ်ကို သူလုံးဝမကြိုက်နှစ်သက်ပါ။
သို့သော် သူ့ကိုလာပြီး အနှောင့်အယှက်ပြုသူများကိုမူ မည်သည့်အချိန် မည်သည့်နေရာ၌ဖြစ် စေ သူ သည်းခံနိုင်၏။
အဘွားအိုသည် လင်ရှန်းအာ ရုပ်ဖျက်ထားခြင်း မဖြစ်နိုင်ပါ။
ဒါဆို လင်ရှန်းအာ ဘယ်ရောက်နေသနည်း။
လီဆွန်းဟွာက သူ့မျက်လုံးကို ပွတ်သတ်လိုက်ပြီး- “ငါများ မျက်စိမှောက်မှားခဲ့တာလား...”
မနက်ခင်း၏ နေရောင်ခြည်ဖြာထွက်လာခဲ့လေပြီ။ ဆောင်းဦးကုန်တော့ပေမည်။ မက်မုံပန်းများက မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်နေကြ၏။
အမွှေးရနံ့တစ်ခုကို လီဆွန်းဟွာ ရရှိလိုက်ပြီး မျှော်ကြည့်လိုက်ရာ မက်မုံတောတစ်ခုကို တွေ့လိုက်ရ ၏။
သစ်တောအုပ်လေး၏ အတွင်းဘက်ကျကျတွင် သစ်သားအိမ်လေးတစ်လုံး တည်ရှိနေ၏။
သစ်တောအုပ်လေးကို ထုံအ’စွာပင် လီဆွန်းဟွာ ငေးကြည့်နေမိ၏။
မက်မုံတော၏ တစ်နေရာတွင် စမ်းချောင်းလေး၏ အစဖြစ်သော ရေပူစမ်းလေးတစ်ခု ရှိနေ၏။
တောင်စောင်းလေးမှ ရေများစီးဆင်းနေကြပြီး မက်မုံတောလေးကို ဖြတ်သန်းစီးဆင်းနေ၏။ ဝန်း ကျင်တစ်ခုလုံးက ပန်းချီကားတစ်ချပ်ကဲ့သို့ သာယာလှပနေလေသည်။
ပန်းချီကားချပ်ထဲတွင် လူတစ်ယောက်ကို လီဆွန်းဟွာ တွေ့လိုက်ရ၏။
မျက်နှာကို မမြင်ရသော်လည်း အဝတ်အစားများကို သပ်ရပ်စွာဝတ်ဆင်ထား၏။ ထိုသူသည် အစိမ်း ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သေသပ်စွာ စည်းနှောင်ထား၏။
သူသည် မက်မုံတောတွင်း စီးဆင်းနေသော စမ်းချောင်းတွင်းမှ ရေများကို သစ်သားပုံးလေးဖြင့် ခပ်ယူလိုက်ပြီး သစ်သားအိမ်လေးတွင်းသို့ သယ်ယူနေ၏။
ထိုသူ၏ ကိုယ်နေဟန်ပန်များက အားဖေနှင့် ဆင်တူလှသော်လည်း ထိုသူသည် အားဖေမဖြစ်နိုင်မှန်း လီဆွန်းဟွာ တွေးထင်လိုက်သည်။
ဒါဆိုရင် သူ ဘယ်သူများဖြစ်နိုင်လဲ...
ထိုသူကဲ့သို့ လူတစ်ယောက်သည် အားဖေနှင့် အတူတူနေထိုင်နေမည်ဖြစ်ကြောင်း လီဆွန်းဟွာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။
အိမ်လေးဆီသို့ သူ သုတ်ခြေတင်လိုက်သည်။
တံခါးကပွင့်နေသောကြောင့် အိမ်ထဲတွင် မည်သည့်အဖိုးတန် ပစ္စည်းများ ရှိမနေကြောင်း တွေ့နေ ရ၏။ သို့သော် အရာအားလုံးသည် လွန်စွာမှပင် သန့်ရှင်းသပ်ရပ်နေလေသည်။
အခန်းအလယ်၌ လူ ၈ ယောက်ခန့် ဝိုင်းဖွဲ့ထိုင်နိုင်သော စားပွဲကြီးတစ်လုံးရှိနေပြီး ထိုလူရွယ်က ရေ ပုံးထဲမှ အဝတ်စိုတစ်စကို ထုတ်ယူလိုက်ပြီး စားပွဲသုတ်နေလိုက်၏။
သူစားပွဲသုတ်နေပုံမှာ ခါးကုန်းစွန်းထက်ပင်ပို၍ စေ့စပ်သေချာလှပြီး ဖြေးညင်းလှ၏။ စားပွဲပေါ်၌ ဖုန်မှုန့်တစ်စက်မှ မကျန်ရှိအောင် သန့်ရှင်းနေပုံရသည်။
လီဆွန်းဟွာက ထိုသူ့နောက်သို့ လျှောက်သွားလိုက်ရာ ထိုသူ၏နောက်ကျောဘက်သည် အားဖေနှင့် လွန်စွာတူကြောင်း ခံစားမိလိုက်လေသည်။
သို့သော် အားဖေမဟုတ်ကြောင်းကိုလဲ သူယုံကြည်နေမိပြန်၏။
အားဖေတစ်ယောက် စားပွဲသုတ်နေပုံကို လီဆွန်းဟွာ မည်သို့မျှ ပုံဖော်ကြည့်၍မရချေ။ သို့သော် အားဖေရှိနိုင်မည့်နေရာကို ထိုသူအား သူမေးမြန်းရပေလိမ့်မည်။
လီဆွန်းဟွာက ညင်သာစွာ ချောင်းဆိုးလိုက်၏။ ထိုသူများ လှည့်ကြည့်လာလေမလားဟု သူယူ ဆထားခဲ့၏။
ထိုသူ့ထံတွင် မြန်ဆန်သွက်လက်သော လှုပ်ရှားမှုများ ရှိမနေပါ။ သို့သော် နောက်သို့တော့ လှည့် ကြည့်လိုက်လေ၏။
မတ်တတ်ရပ်လျက်ပင် လီဆွန်းဟွာ ကြက်သေသေသွားမိ၏။
အားဖေမဟုတ်နိုင်ဟု သူထင်ထားခဲ့သူသည် အားဖေ ဖြစ်နေလေသည်။
အားဖေ၏ မျက်နှာလေးက ပြောင်းလဲမသွားခဲ့ပါ။ သူ့မျက်လုံးများက ဝိုင်းစက်နေဆဲ။ သူ့နှာတံက ဖြောင့်ဆင်းနေဆဲ။ ချောမောနေဆဲပင်။ ယခင်ကထက်တောင် ပိုကြည့်ကောင်းလာသည်ဟု လီဆွန်းဟွာ တွေးလိုက်မိ၏။
သို့သော် သူ၏အမူအရာများက ပြောင်းလဲသွားခဲ့ကြပေပြီ။ လွန်စွာမှပင် ပြောင်းလဲသွားခဲ့ရပေပြီ။
သူ၏ မာနကြီးသော အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့ရ၏။ ဘာမထီသော အကြည့်များ ပြောင်းလဲသွားခဲ့ရ၏။ အထီးကျန်ဆန်ခြင်း လုံးဝမရှိတော့ပါ။ ယခုသော် လွန်စွာမှပင် နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်၍နေ၏။
ယခင်ကထက်ပို၍ ကြည့်ကောင်းလာသော်လည်း... ယခင်ကထက်ပို၍ သန့်ရှင်းသပ်ရပ်လာသော် လည်း... ယခင်ကကဲ့သို့ ဘာမထီဟန်အမူအရာများ လုံးဝမကျန်ရှိတော့ချေ။
ထိုသူသည် အားဖေမှ ဟုတ်ပါလေစ...
လီဆွန်းဟွာ လက်မခံနိုင်ပါ။ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အဝတ်စုတ်တစ်စဖြင့် စားပွဲသုတ်နေသူ သည် သူသိခဲ့သော အားဖေဖြစ်သည်ဟု လက်မခံနိုင်ပါ။
အားဖေကလည်း လီဆွန်းဟွာကို တွေ့လိုက်၏။
ဤနေရာ၌ လီဆွန်းဟွာကို တွေ့မြင်လိုက်ရမည်ဟု သူတွေးထင်မထားခဲ့သောကြောင့် အံ့အား သင့်သွားပြီး ဆွံ့အ’ သွားခဲ့ရ၏။ ပြီးနောက် တဖြည်းဖြည်း သူ့မျက်နှာက ပြုံးရောင်သန်းလာခဲ့၏။ သူ့ အပြုံးများကတော့ အယင်အတိုင်း မပြောင်းမလဲပင် ရှိနေသေးသည်။
လီဆွန်းဟွာကလည်း ပြန်ပြုံးပြလိုက်၏။
အပြင်ပန်းက ပြုံးနေသော်လည်း သူ့နှလုံးသားထဲတွင်မူ လေးလံနေရ၏။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ပြုံးနေကြ၏။ မည်သူမျှ စကားစတင် ပြောဆိုခြင်းမရှိကြသလို မလှုပ်မရှား ငြိမ်သက်နေကြပြန်၏။ သို့သော် သူတို့၏မျက်ဝန်းများက မျက် ရည်စများဖြင့် စိုစွတ်နေကြပြီး နီရဲလာခဲ့ကြ၏။ အတန်ကြာသောအခါမှ အားဖေမှ စတင်ပြောဆိုလိုက် ၏။ “ခင်ဗျားကိုး...”
လီဆွန်းဟွာ-“ဟုတ်ပါတယ်... ကျုပ်ပါပဲ...”
အားဖေ-“နောက်ဆုံးတော့လည်း ခင်ဗျားရောက်လာခဲ့ပြီ။”
လီဆွန်းဟွာ-“ဟုတ်တယ်။ နောက်ဆုံးတော့လည်း ကျုပ်ရောက်လာခဲ့ပါပြီ။”
အားဖေ-“ခင်ဗျားရောက်လာလိမ့်မယ်ဆိုတာ ကျနော်သိထားပါတယ်။”
သူတို့နှစ်ယောက်သည် တုန်ခါသော လေသံများဖြင့် ပြောဆိုနေကြခြင်းဖြစ်၏။ ထိုအချိန်၌ပင် အားဖေက အိမ်တွင်းမှ ပြေးထွက်လာပြီး လီဆွန်းဟွာက အိမ်တွင်းသို့ ပြေးဝင်သွား၏။ လမ်းတွင်သူတို့ နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တိုက်မိတော့မယောင် ဖြစ်သွားခဲ့ကြပြီး တစ်ယောက်၏လက်ကို တစ်ယောက်က တင်းကြပ်စွာဆုပ်ကိုင်ထားပြီး နှုတ်ဆက်လိုက်ကြ၏။
အတော်လေးကြာသောအခါမှ လီဆွန်းဟွာက မေးမြန်းလိုက်၏။ “ဒီ၂နှစ်အတွင်း မင်းအခြေအနေ ဘယ်လိုရှိလဲ။”
အားဖေက ခေါင်းကိုဖြေးလေးစွာ ညိတ်ပြလိုက်ပြီး- “ကောင်းပါတယ်။ တော်တော်လေး ပိုပြီးတော့ တောင် ကောင်းလာသေးတယ်။ ခင်ဗျားကော...”
လီဆွန်းဟွာ-“ကျုပ်လား...ကျုပ်ကတော့ အရင်အတိုင်းပါပဲ။”
သူ အရက်အိုးကို မြှောက်ပြလိုက်ပြီး အပြုံးတစ်ဝက်ဖြင့်- “ကြည့်လိုက်စမ်း... ကျုပ် အရက်သောက် နေတုန်းပဲ။ ကျုပ်ရဲ့ ချောင်းဆိုးတဲ့ရောဂါတောင်မှ တော်တော်လေး သက်သာလာသလိုပဲ။ မင်းကော...”
စကားဆက်မပြောလိုက်နိုင်ခင်မှာပင် လီဆွန်းဟွာ ချောင်းဆိုးလိုက်လေတော့သည်။
အားဖေက သူ့ကို တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သော်လည်း သူ့မျက်ဝန်းထောင့်မှ မျက်ရည်စ လေးတစ်စ စိုစွတ်လာခဲ့ရ၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ ပြောဆိုလိုက်သံကို သူတို့ကြားလိုက်ကြရ၏။ “ဟေး... အစ်ကို ကြီးလီကို နေရာထိုင်ခင်း လုပ်ပေးလိုက်ဦးလေ... ဒီအတိုင်းကြီး မတ်တတ်ရပ်ပြောနေကြတာ ရိုင်းရာ ရောက်နေမှာပေါ့။”
လင်ရှန်းအာ ပေါ်ထွက်လာခဲ့လေပြီ။
သူမသည် မပြောင်းလဲသွားခဲ့ပါ။
ငယ်ရွယ်နုပျိုနေဆဲ... လှပချောမောနေဆဲ... အပြုံးက ညှို့ငင်ဆွဲဆောင်မှုအားကောင်းနေဆဲ... မျက်ဝန်းများက ကောင်းကင်မှ ကြယ်တစ်စင်းလို တောက်ပနေဆဲ...
သူမသည် ထိုနေရာ၌ ရပ်နေလိုက်ပြီး လီဆွန်းဟွာကို အကဲခတ်နေလိုက်၏။ ပြီးနောက် ချိုသာ ကြည်လင်သောအသံလေးဖြင့်- “၂ နှစ်ကျော်တောင်မှ ရှိသွားခဲ့ပြီနော်။ ရှင်ဘာဖြစ်လို့ အရင်ကတည်း က လာမလည်ခဲ့တာလဲ။ ကျမတို့ကို မေ့များသွားခဲ့လို့လား။”
ထိုစကားကို ချင့်ခြင်းအားဖြင့် ဤနေရာကို လီဆွန်းဟွာသိထားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ရောက်မလာနိုင်ခဲ့လောက်အောင်ပင် အလုပ်များနေသည်ဟု အဓိပ္ပါယ်ထွက်နေ၏။
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “ကျုပ်ကို လာခေါ်မယ့် ဝေါယယာဉ်မှမရှိတာ... ကျုပ်ဘယ်လိုလုပ် ပြီး လာနိုင်မှာလဲ...”
လင်ရှန်းအာက သူမ၏မျက်တောင်များကို ပုတ်ခတ်လိုက်ပြီး- “အိုး... အခုရှင် ဝေါယာဉ်နဲ့ လာခဲ့ တာလား။ ကျမတွေ့ချင်လိုက်တာရှင်။ ဝေါယာဉ်ပေါ်တက်စီးရတဲ့ အရသာ ဘယ်လိုရှိမလဲ သိချင်လိုက် တာ။”
လီဆွန်းဟွာ၏ မျက်လုံးများက တောက်ပလာခဲ့ကြပြီး- “မင်းဆိုလိုတာက ဝေါယာဉ်တစ်ခါမှ မစီးဖူး ဘူးပေါ့၊ ဟုတ်လား။”
လင်ရှန်းအာ က ခေါင်းကို ငုံ့ထားလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။ “ကျမလို လူတစ်ယောက်က အဲ့ဒီလို ဘယ်ဇိမ်ခံနိုင်ပါ့မလဲရှင်။”
လီဆွန်းဟွာ-“ဒါပေမဲ့ မနေ့ညတုန်းက ဝေါယာဉ်စီးသွားတဲ့လူတစ်ယောက်ကို ကျုပ်တွေ့ခဲ့ပါသေး တယ်။ မင်းနဲ့သိပ်တူတာပဲ။”
သူ၏မျက်လုံးများက လင်ရှန်းအာကို အကဲခတ်ကြည့်နေကြ၏။
လင်ရှန်းအာက တုန်လှုပ်မသွားသည့်ပြင် ပြုံးပြလိုက်ကာ- “အဲ့ဒါဆိုရင်တော့ ကျမ အိပ်ပျော်ရင်း လမ်းထလျှောက် နေခဲ့တာများလား။”
ထိုမေးခွန်းက အားဖေကို တိုက်ရိုက် မေးမြန်းလိုက်ခြင်းလည်း ဖြစ်၏။
ချက်ချင်းပင် အားဖေက အဖြေပေးလိုက်၏။ “သူ ညတိုင်းစောစောစီးစီး အိပ်ယာဝင်လေ့ရှိပါ တယ်။ ညမှောင်တာနဲ့ အိမ်ပြင်ကို လုံးဝမထွက်တော့ပါဘူး။”
လီဆွန်းဟွာ၏ စိတ်ထဲတွင် နောက်ထပ် သံသယကြိုးလေးတစ်စ ချည်နှောင်ခံလိုက်ရပြန်သည်။
အားဖေက သူ့ကိုဘယ်တော့မှ လိမ်ပြောမည်မဟုတ်မှန်း သူသိထား၏။ လင်ရှန်းအာသာ အိမ်မှာ ရှိနေသည်ဆိုလျှင် မနေ့ညက မိန်းကလေး မည်သူဖြစ်နိုင်မည်နည်း။
အားဖေရှိရာသို့ လင်ရှန်းအာက လျှောက်လာလိုက်ပြီး သူ၏ခါးစီးကြိုးကို ပြင်ဝတ်ပေးလိုက်၏။ ပြီး နောက် လောကတွင် အငြင်သာဆုံး လေသံလေးဖြင့် မေးမြန်းလိုက်ပြန်၏။ “ရှင်မနေ့ညက ကောင်း ကောင်းအိပ်ပျော်ခဲ့ရဲ့လား။”
အားဖေက ခေါင်းညိတ်ပြလိုက်သည်။
လင်ရှန်းအာ-“အကိုကြီးလီနဲ့ လမ်းလျှောက်ထွက်သွားလိုက်ပါလား။ ကျမက ဒီမှာ စားစရာတွေ ပြင်ဆင်ထားလိုက်မယ်လေ။”
လီဆွန်းဟွာကို သူမ ကြည့်လိုက်ပြီး- “မက်မုံပန်းတွေပွင့်နေတယ်။ မက်မုံပန်းတွေဟာ အစ်ကိုကြီး လီရဲ့ အနှစ်သက်ဆုံးပန်းတွေဖြစ်တယ်ဆိုတာ ကျမ သိထားပါတယ်ရှင်။ ဟုတ်တယ်မို့လား။”
အားဖေ၏ လမ်းလျှောက်ဟန်သည်လည်း ပြောင်းလဲသွားခဲ့၏။
အယင်တုန်းကဆိုလျှင် ခါးကိုတည့်မတ်စွာထားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ပျော့ ပြောင်းစွာထားရှိပြီး လမ်းလျှောက်တတ်၏။
အခြားသူများအတွက် လမ်းလျှောက်ခြင်းသည် ပင်ပန်းနွမ်းနယ်သော အလုပ်ဖြစ်ချင်ဖြစ်လိမ့်မည်။ အားဖေအတွက်တော့ အနားယူခြင်းသာ။
ယခုတော့ ထိုသို့မဟုတ်တော့ပြီ။ သူ၏ခါးက တည့်တည့်မတ်မတ်မရှိတော့။ သူ့အတွေးများက တစ်စုံတစ်ခုကို အမြဲတမ်း စိုးရွံ့နေပုံရသည်။
ထို့ကြောင့်သူ့ခန္ဓာကိုယ်ကြွက်သားများက ပျော့ပြောင်းခြင်းမရှိတော့ဘဲ တောင့်တင်းနေကြရ၏။
လမ်းတော်တော်ကြာလျှောက်ပြီးသည်ထိ လီဆွန်းဟွာဆိတ်ငြိမ်နေလိုက်၏။
သူဘယ်ကစ’ ပြောရမည်မှန်း မသိ၍လည်းဖြစ်၏။
အားဖေကို သူမေးမြန်းလိုက်ချင်ပါသည်။ “ဒီနေရာမှာ ဘာလာလုပ်နေတာလဲ... လင်ရှန်းအာ ပြောင်းလဲသွားခဲ့ပြီလား... သူ့ရတနာပစ္စည်းတွေကော ဘာဖြစ်သွားခဲ့ပြီလဲ...”
သို့သော် သူတစ်ခုမှ မေးမြန်းခဲ့ခြင်းမရှိပါ။
အားဖေ၏ နောက်ကြောင်းအဖြစ်အပျက်များကို သူယူဆောင်မလာချင်ပါ။
အတော်လေးကြာသောအခါမှ အားဖေက စတင်ပြောဆိုလာခဲ့သည်။ “ကျနော် တောင်းပန်ပါ တယ်။”
လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “ကျုပ်ကို ကယ်တင်ဖို့အတွက် မင်း ပန်းဘီလူးအယောင် ဆောင်ခဲ့ပြီးပြီ။ မင်းရဲ့အသက်ကိုတောင် စွန့်ပြီးကျုပ်ကို လာကယ်ခဲ့သေးတာပဲ။ ဘာကို မင်းက တောင်း ပန်နေရတာလဲ။”
ထိုစကားများကို အားဖေ ကြားဟန်မတူပါ။ သူက ဆက်ပြောနေလိုက်ပြန်၏။ “ကျနော်မထွက်ခွာ လာခင်တုန်းက အနဲဆုံးတော့ နှုတ်ဆက်ခဲ့သင့်တာပေါ့။”
လီဆွန်းဟွာ-“မင်းမှာလည်း မင်းအကြောင်းနဲ့မင်း ရှိမှာပဲ။ ကျုပ်မင်းကို ဘယ်လိုမှ မအောက်မေ့ပါ ဘူး။”
အားဖေ-“ကျနော်အမှားတွေလုပ်ခဲ့တယ်ဆိုတာ သိပါတယ်။ သူ့ကို ကျနော်မသတ်နိုင်ခဲ့ဘူး။ ကျနော်... ကျနော်သူ့ကို ထားမပစ်ခဲ့နိုင်ဘူး။”
လီဆွန်းဟွာက ပြုံးပြီးပြောလိုက်၏။ “ချစ်ခြင်းမေတ္တာတရားဆိုတာ လူသားတွေမှာရှိကြတဲ့ သ ဘာဝတရားတစ်ခုပဲ။ ဘာမှမမှားဘူး။ အချစ်အတွက်ကြောင့်မို့လို့ မင်းကိုယ်မင်းဘာဖြစ်လို့ စိတ် မကောင်းဖြစ်နေရမှာလဲ။”
အားဖေ-“ဒါပေမဲ့... ဒါပေမဲ့...”
ရုတ်တရက်ပင် သူ့ထံမှ ပေါက်ကွဲသံများ လွင့်ထွက်လာခဲ့ရ၏။ “ဒါပေမဲ့ ကျနော်ခင်ဗျားအပေါ်မှာ အမှားကျူးလွန်ခဲ့မိတယ်လို့ ခံစားနေရတုန်းပဲ။ ပန်းဘီလူးလက်ချက်နဲ့ ဒုက္ခရောက်ခဲ့သူတွေအပေါ်မှာ ကော ကျနော် တာဝန်မကျေသလိုမျိုး ခံစားနေရတုန်းပဲ။”
လီဆွန်းဟွာက ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး စိတ်ဝင်တစား မေးမြန်းလိုက်၏။ “ဒါပေမဲ့ သူ ပြောင်း လဲသွားခဲ့ပြီမဟုတ်လား။”
အားဖေ-“ကျုပ်တို့ ထွက်မလာခင်တုန်းက သူခိုးထားခဲ့တဲ့ ပစ္စည်းတွေအားလုံး သူ့ပိုင်ရှင်အသီး သီးကို ပြန်ပေးခဲ့ပြီးပြီ။”
လီဆွန်းဟွာ-“ဒါဆိုရင် ဘာပြောစရာရှိသေးတော့လို့လဲ။ လူတိုင်းအတွက် ဒုတိယအခွင့်အရေး ဆိုတာ ရှိသင့်တာပေါ့။”
ထိုအကြောင်းအရာများကို ဆက်၍မပြောချင်တော့သဖြင့် သူ စကားလမ်းလွှဲလိုက်၏။ “ကြည့် စမ်း၊ မက်မုံပန်းတွေ ဖူးပွင့်နေလိုက်ကြတာ...”
လီဆွန်းဟွာ-“ပန်းဘယ်နှစ်ပွင့်လောက်ရှိမယ်ထင်လဲ။”
အားဖေက မဆိုင်းမတွပင်- “၁၇ ပွင့်။”
လီဆွန်းဟွာ၏ရင်ထဲသို့ အလေးတုံးကြီး ပစ်ချလိုက်သလို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆို သော် တစ်ခါတရံသော အချိန်တုန်းက မက်မုံပန်းများကို သူကိုယ်တိုင် ရေတွက်ခဲ့ဖူး၏။
လွန်စွာမှပင် အထီးကျန်ဆန်သူတစ်ယောက်သာ မက်မုံပန်းပွင့်များကို ရေတွက်မိပေလိမ့်မည်။
အားဖေက တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်ပြီး- “ဟိုးမှာတွေ့လား... နောက်တစ်ပွင့် ထပ်ပွင့်ဦး မယ်။ ဘာဖြစ်လို့များ ဒီလောက်မြန်မြန် ဖူးပွင့်နေကြတာလဲမသိဘူး။ စောစောပွင့်လေ... စောစောသေ လေပဲ မဟုတ်လား။”
သစ်သားအိမ်လေး၌ အခန်း ၅ ခန်းရှိလေသည်။ ဧည့်ခန်း၊ ပစ္စည်းသိုလှောင်ခန်း၊ မီးဖိုခန်းနှင့် အိပ် ခန်း ၂ ခန်းတို့ဖြစ်ကြသည်။
ပိုကြီးသောအိပ်ခန်းက အလှပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး အိပ်ယာဘေးတွင် မိန်းမသုံး အလှပစ္စည်းများ ထားရှိထား၏။
အားဖေ-“အဲ့ဒီမှာ လင်ရှန်းအာ အိပ်တယ်လေ...”
အခန်းငယ်လေးကတော့ ပိုပြီးရှင်းလင်းသော်လည်း သန့်ရှင်းသပ်ရပ်လှ၏။
အားဖေ-“ဒါကတော့ ကျနော့်အခန်း...”
လီဆွန်းဟွာ နာကျင်စွာခံစားလိုက်ရ၏။
အားဖေနှင့် လင်ရှန်းအာတို့နှစ်ယောက် တစ်အိမ်ထဲ အတူတူနေကြသော်လည်း တစ်ခန်းစီခွဲအိပ်ကြ သည်ကို သူသိရှိလိုက်ရ၏။ ဤ ၂ နှစ်အတွင်း အားဖေတစ်ယောက် မည်သို့ဖြတ်သန်းခဲ့ပါသလဲ။ အားဖေ သည် ခွန်အားသန်မာသော လူငယ်လူရွယ်တစ်ယောက်ဖြစ်၏။
သူ့အတွက် လွန်စွာမှပင် အံ့အားသင့်စရာ... အားဖေကိုလည်း အလွန်လေးစားသွားမိပြန်သည်။
အားဖေက ပြုံးပြလိုက်ပြီး- “ဒီ၂နှစ်အတွင်းမှာ ကျနော် တော်တော်လေး အိပ်ကောင်းခဲ့ရတာ ခင်ဗျားတော့ အံ့ဩနေတော့မှာပဲ။”
လီဆွန်းဟွာ-“ဟုတ်လား...”
အားဖေ-“ညမမှောင်ခင်ဆိုရင် ကျနော် အိပ်ယာဝင်ပြီ။ မနက်ထိ မနိုးတော့ဘူး။ ညဆိုရင် တစ်ခါမှ ကို မထဖူးဘူး။”
လီဆွန်းဟွာကလည်း ပြန်လည်ပြုံးပြလိုက်ပြီး- “မင်းရဲ့ဘဝက အစီအစဉ်တကျဖြစ်နေမှတော့ ကောင်း ကောင်းအိပ်ပျော်တာ သဘာဝပါပဲကွာ...”
0 comments:
Post a Comment