လီဆွန်းဟွာ-“မင်းဆီက ဒီစကားကိုကြားလိုက်ရတာ ကျုပ်သိပ်ဝမ်းသာတယ်။ ကျုပ်အရမ်း ဝမ်း သာပါတယ်ကွာ...”
သူ၏အပြုံးကအသက်မပါသလိုမျိုးဖြစ်နေ၍ သူ့အပြုံးကို အားဖေ မမြင်တွေ့စေလိုသောကြောင့် တစ်ဖက်သို့ လှည့်ထားလိုက်၏။ ဟိုဟိုသည်သည် ကြည့်နေလိုက်ပြီးမှ သူ မေးမြန်းလိုက်သည်။ “ဒါနဲ့ မင်းရဲ့ဓားကော...”
အားဖေ-“ကျနော် ဓားမကိုင်တော့ပါဘူး။”
လီဆွန်းဟွာက လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “ဘာ... ဘာဖြစ်လို့လဲ...”
အားဖေ-“ဓားဆိုတာ လက်နက်တစ်မျိုးပါ။ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရစေပါ တယ်။”
လီဆွန်းဟွာ-“လင်ရှန်းအာက မင်းကို ဓားမကိုင်တော့ဖို့များ ပြောခဲ့တာလား။”
အားဖေ-“သူတောင်မှ ကျနော့်အတွက်နဲ့ အားလုံးကို စွန့်လွှတ်ခဲ့သေးတာပဲ။ ကျနော်တို့ ဘဝ သစ် စ’လို့ရပါပြီ။”
လီဆွန်းဟွာက ခေါင်းတညိတ်ညိတ်ဖြင့်- “ကောင်းတယ်... သိပ်ကောင်းတာပဲ...”
သူ နောက်ထပ်စကားအနည်းငယ် ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် လင်ရှန်းအာက အဝေး တစ်နေရာမှ လှမ်းအော်ပြောလိုက်သည်။ “နေ့လည်စာရပါပြီ။ လာပြီးသုံးဆောင်လိုက်ကြပါဦး...”
စားပွဲပေါ်တွင် ဟင်းခွက်အများအပြားရှိမနေသော်လည်း ဟင်းများက အဆင့်အတန်းမြင့်လှ၏။
လင်ရှန်းအာ ဤမျှဟင်းချက်ကောင်းကြောင်း လီဆွန်းဟွာ မယုံကြည်နိုင်သလို ဖြစ်နေရလေ သည်။
ဟင်းခွက်များအပြင် စားပွဲပေါ်တွင် အရက်အိုးတစ်အိုးလည်း ရှိနေသေး၏။ အိုးထဲတွင်တော့ လက်ဖက်ရည်ကြမ်းများသာ ထည့်ထား၏။
လင်ရှန်းအာ-“ဒီလိုမျိုး တောထဲတောင်ထဲမှာဆိုတော့ အရက်မရနိုင်လို့ လက်ဖက်ရည်ကြမ်းနဲ့ပဲ တည်ခင်း ဧည့်ခံနိုင်ပါတယ်ရှင်...”
လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “စိတ်မပူပါနဲ့... ကျုပ်မှာ အရက်ပါလာပါသေးတယ်။”
သူမည်သည့်နေရာ၌ အရက်အိုးထားခဲ့သနည်းဆိုသည်ကို လိုက်ရှာကြည့်လိုက်၏။ ပြီးနောက် အိုးထဲမှ အရက်အနည်းငယ်ကို သူ့ခွက်ထဲသို့ ငဲ့လိုက်ပြီး အားဖေကိုကြည့်လိုက်ကာ- “မင်းခွက်ထဲလည်း နည်းနည်းလောက်ထည့်လိုက်ပါလား။”
အားဖေထံမှ မည်သည့်တုံ့ပြန်သံမျှ မကြားရပါ။
ထို့နောက် အားဖေက ရုတ်တရက်ပင် ပြောဆိုလိုက်၏။ “ကျနော် အရက်ဖြတ်လိုက်ပါပြီ။”
လီဆွန်းဟွာက နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြန်သည်။ “အရက်ဖြတ်ထားတယ်... ဘာ ဖြစ်လို့လဲ...”
အားဖေ၏မျက်နှာအမူအရာက ခပ်သေသေဖြစ်နေ၏။
လင်ရှန်းအာ-“အရက်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးမဟုတ်လား အစ်ကိုကြီး လီ...”
လီဆွန်းဟွာက စဉ်းစားလိုက်ပြီး ပြုံးပြလိုက်၏။ “မှန်တာပေါ့။ မင်းသာ အရက်ဆက်သောက်နေ မယ်ဆိုရင် ကျုပ်လိုပဲ ဖြစ်သွားမှာပဲ။ ကျုပ်သာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၂၀ လောက် ပြန်သွားလို့ရရင် ကျုပ်လည်း အရက်ဖြတ်မိမှာပဲ။”
အားဖေက ခေါင်းငုံ့ထားလိုက်ပြီး အစားအစာများကို စားနေလိုက်၏။
အစားအသောက်ကို စိတ်မပါ့တပါဖြင့် စားသောက်နေခြင်းဖြစ်သောကြောင့် တူနှင့်ညှပ်လိုက် သော အသားလုံးက အောက်သို့ပြုတ်ကျသွားခဲ့ရ၏။
လင်ရှန်းအာ-“ကြည့်စမ်းပါဦး... ကလေးလေးကျနေတာပဲ... နမော်နမဲ့သိပ်နိုင်နေ ဟုတ်လား။”
အားဖေက စားပွဲပေါ်မှ အသားလုံးကို ပြန်ကောက်ယူလိုက်ပြန်၏။
လင်ရှန်းအာ-“ကြည့်... လုပ်ပြန်ပြီ။ အောက်ကျပြီးသား အစားအစာကို ဘာလို့ ပြန်ကောက်စား ရတာလဲ။”
သူမက ပန်းကန်ထဲတွင်ထည့်ထားသော အသားလုံးကို ယူလိုက်ပြီး အားဖေကို ခွံ့ကျွေးလိုက်၏။
ညစာက နေ့လည်စာထက်ပင် ပိုစားကောင်းနေသေး၏။ ညစာစားပြီးသော် မှောင်လာလေသည်။
အားဖေ၏အခန်းထဲ၌ လီဆွန်းဟွာ အိပ်စက်ရပြီး အားဖေကတော့ ဧည့်ခန်းထဲတွင် သွားအိပ်နေ သည်။
အားဖေအတွက် အိပ်ယာခင်းသစ်များ၊ ခြုံစောင်အသစ်များနှင့် ခေါင်းဦးတို့ကို လင်ရှန်းအာ ကိုယ်တိုင်ပင်ယူလာပေးပြီး သူအိပ်မည့် ကုတင်ပေါ်သို့ တင်ထားပေးလိုက်၏။
“နေ့တိုင်း ရှောင်းဖေက အင်္ကျီအဝတ်အစားတွေ လဲဝတ်ရမယ်နော်...”
အိပ်ယာမဝင်ခင် အားဖေ၏ခြေထောက်များကို ရေနွေးပူဖြင့် ရေပတ်သုတ်ပေးနေပြန်သည်။ ပြီး နောက် အားဖေကို မျက်နှာသစ်စေလိုက်ပြီး အဝတ်စတစ်စဖြင့် သူ၏နားများထဲသို့ သန့်ရှင်းရေးလုပ် ပေးလိုက်ပြန်၏။
အိပ်ယာပေါ်သို့ အားဖေလှဲချလိုက်သောအခါ စောင်ကို လုံလုံခြုံခြုံဖြစ်အောင် ခြုံပေးလိုက်ပြန်၏။ “ဒီနေ့ နည်းနည်းအေးတယ်။ အိပ်ပျော်ယင်း အအေးမမိစေနဲ့နော်။”
သူမသည် အားဖေကို ဘက်ပေါင်းစုံမှ ထောင့်စေ့ အကွက်စေ့ စောင့်ရှောက်ပေးသည်ကို လီဆွန်း ဟွာ တွေ့ရှိနေရလေသည်။ မိခင်တစ်ယောက်သည်ပင်လျှင် သူမလောက် ဂရုတစိုက်ရှိနိုင်မည်မဟုတ် ချေ။
အားဖေ၏ဘဝက အားကျစရာကောင်းလှ၏။ အားဖေတစ်ယောက် ပျော်ရွှင်စွာ နေထိုင်နေသည် လော...
သို့သော် လီဆွန်းဟွာအတွက်မူ အားဖေသည် ပျော်ရွှင်နေသည်လား... စိတ်ညစ်နေရသည်လား မဝေခွဲနိုင်တော့ပါ။
အခြေအနေတစ်ရပ်လုံးသည် သူ့အတွက်တော့ ရီစရာကောင်းနေသလို ငိုရမည်လားလဲမသိတော့။
လျင်မြန်စွာပင် အားဖေ အိပ်မောကျသွားခဲ့၏။
လီဆွန်းဟွာကတော့ အိပ်မပျော်သေးချေ။ သူ ၃ နှစ်သားအရွယ်မှစ၍ အိပ်ယာစောစောဝင်သည့် အလေ့အထမရှိခဲ့ပါ။ သေရေးရှင်ရေးအချိန်မျိုးတွင်ပင် စောစောစီးစီး သူ အိပ်ပျော်နိုင်မည်မဟုတ်ပါ။
လင်ရှန်းအာ၏ အခန်းက တိတ်ဆိတ်နေပြီး အိပ်မောကျနေပုံရ၏။
လီဆွန်းဟွာက ဝတ်ရုံထပ်ဝတ်လိုက်ပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။
အားဖေနှင့် သူ စကားပြောချင်နေသေး၏။
သို့သော် အားဖေက တခေါခေါနှင့် ဟောက်၍ပင်နေသေး၏။ လှုပ်နှိုးလိုက်သော်လည်း သူနိုးမလာခဲ့ ပါ။
ဝက်တစ်ကောင်ပင် ဤမျှလောက် အိပ်မောကျမည်မထင်။ ထိပ်တန်းသိုင်းသမားဖြစ်သော အားဖေ အတွက်ဆိုလျှင် ဝေးစွ။
အားဖေ၏ အိပ်ယာဘေး၌ ရပ်နေပြီး လီဆွန်းဟွာ တစ်စုံတစ်ခုကို သတိရမိလိုက်သည်။
“သူမ’ အိပ်ယာစောစောဝင်တတ်တယ်။ ညမှောင်တာနဲ့ အိမ်ပြင်ကို လုံးဝမထွက်တော့ဘူး။”
“နေ့တိုင်းပဲ ညမှောင်မှောင်ခြင်း ကျနော် အိပ်ပြီ။ အိပ်ပျော်သွားလိုက်တာ နောက်တစ်ရက် မိုးလင်း တဲ့ထိပဲ။”
ညစာတွင် ဝက်နံပေါင်းဟင်းရည်တစ်ခွက် ပါဝင်ခဲ့မှန်း လီဆွန်းဟွာ အမှတ်ရလိုက်မိ၏။ တော်တော် လေး အရသာရှိလှ၏။ ထို့ကြောင့်ပင် အများကြီး အားဖေသောက်ခဲ့သည် မဟုတ်ပါလား။ လီဆွန်းဟွာ ကိုလည်း သောက်ရန် လင်ရှန်းအာ တိုက်တွန်းခဲ့လေသည်။
ဟင်းရည်ခွက်ထဲတွင် မျှစ်စို့များပါဝင်နေသောကြောင့် လီဆွန်းဟွာ မသောက်ချင်ခဲ့ပါ။ မျှစ်ပါသော ဟင်းလျာများကို လီဆွန်းဟွာ လုံးဝခံစား၍မရချေ။ သို့သော် တစ်ယောက်၏စေတနာကို စော်ကားသ လိုဖြစ်နေမည်ဖြစ်သောကြောင့် အနဲငယ်မျှ သူ သောက်ချင်ဟန်ဆောင်ခဲ့ပြီး လင်ရှန်းအာ မီးဖိုချောင် ထဲသို့ ပြန်ဝင်သွားချိန်တွင် သူ့ဟင်းရည်များကို အားဖေကို ပေးသောက်လိုက်၏။
သူမ ပြန်ထွက်လာသောအခါ လီဆွန်းဟွာ၏ ပန်းကန်လွတ်ကိုကြည့်ပြီး အဓိပ္ပါယ်ရှိသောအပြုံး မျိုးဖြင့် ကြည့်ခဲ့သည်ကိုလည်း သူသတိရမိလိုက်သည်။
မည်ကဲ့သို့သော အိပ်ဆေးများ ခပ်ထားခဲ့သည်လဲ...
ညစဉ်ညတိုင်း အားဖေတစ်ယောက် အိပ်မောကျသည်မှာ ဤအိပ်ဆေးများကြောင့်ပင် ဖြစ်ရမည်။
ထို့ကြောင့် ညတိုင်း လင်ရှန်းအာ အပြင်ဘက်ထွက်ပြီး ဘာလုပ်နေမှန်း အားဖေမသိသည်ဘဲ ဖြစ်ရ မည်။
သို့သော် အိပ်ဆေးအစား ဘာဖြစ်လို့များ အဆိပ်မခပ်ခဲ့ခြင်း ဖြစ်သနည်း...
အားဖေသည် သူမအတွက် တစ်စုံတစ်ရာသော အတိုင်းအတာထိ အသုံးဝင်နေသေးသောကြောင့် ပင် ဖြစ်ရမည်။
လီဆွန်းဟွာ လွန်စွာမှပင် စိတ်ဆိုးသွား၏။ လင်ရှန်းအာ၏ အခန်းဆီသို့ လျှောက်သွားလိုက်ပြီး အခန်းတံခါးကို ပြင်းထန်စွာ ထုနှက်လိုက်သည်။
မည်သည့်အသံမျှ မကြားရပါ။
သူတစ်ပါး၏ အခန်းတံခါးကို လီဆွန်းဟွာ ဘယ်တုန်းကမျှ မချိုးဖျက်ခဲ့ဖူးချေ။
ယနေ့အတွက်တော့ ခြွင်းချက်ဖြစ်လေသည်။
အခန်းတွင်း၌ မည်သူမျှ ရှိမနေပါ။ လင်ရှန်းအာ ဘယ်များပျောက်ကွယ်သွားသနည်း။
မနေ့က သူတွေ့ခဲ့ရသော အိမ်လေး၌ လင်ရှန်းအာ သေချာပေါက်ပင် ရှိနေရမည်။
ထိုအိမ်လေးသို့ လျင်မြန်စွာ သူရောက်သွားခဲ့ပြီး အိမ်တွင်းသို့ဇွတ်အတင်း ဝင်ရောက်လျှင် ကောင်းမလားဟု တွေးတောနေမိပြန်၏။
သူစဉ်းစားနေစဉ်မှာပင် တံခါးပွင့်လာခဲ့လေသည်။
လူတစ်ယောက် ဖြည်းလေးစွာ ထွက်လာခဲ့၏။ စန့်ကွမ်းဖေနှင့် ဆင်တူစွာပင် တော်တော်လေး ပျော် ရွှင်နေပုံရပြီး အတော်လေးလည်း ပင်ပန်းနေပုံရ၏။
အိမ်လေးတွင်းမှ မီးရောင်ကြောင့် သူ့မျက်နှာကို လင်းလင်းချင်းချင်းပင် မြင်လိုက်ရ၏။
တော်ရုံတန်ရုံလောက်နှင့် လီဆွန်းဟွာ အံ့အားသင့်မသွားနိုင်ခဲ့ပါ။ သို့သော် ထိုသူ၏မျက်နှာအား တွေ့လိုက်ရပြီးနောက် လီဆွန်းဟွာ လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြန်သည်။
ထိုသူသည် ကော့စွန်းယန် ဖြစ်နေလိမ့်မည်ဟု သူလုံးဝ တွေးထင်မထားခဲ့ပါ။
အတွင်းဘက်မှ လက်ကလေးတစ်ဘက်က ကော့စွန်းယန်၏လက်ကို ဆုပ်ကိုင်ထား၏။
သူတို့နှစ်ယောက် တီးတိုးစကားများဖြင့် နှုတ်ဆက်နေကြပုံရသည်။
ခဏကြာသော် ကော့စွန်းယန် ထွက်ခွာသွားတော့၏။
ဖြည်းညှင်းစွာပင် လမ်းလျှောက်ထွက်ခွာသွားခဲ့သော်လည်း နောက်သို့ လှည့်ကြည့် လှည့်ကြည့်လုပ် နေသည်မှာ မခွဲခွာချင်သေးကြောင်း ထင်ရှားနေ၏။
တံခါးပြန်ပိတ်သွားလေပြီ။
ထိုတံခါးသည် နတ်ပြည်ဝင်ပေါက်လား... သို့မဟုတ် ငရဲတံခါးများလား...
လီဆွန်းဟွာသည် စိတ်မကောင်းဖြစ်ရုံမက လွန်စွာမှပင် စိတ်တိုနေရ၏။ သူစိတ်မကောင်းဖြစ်ရ သည်မှာ အားဖေအတွက်ကြောင့်ဖြစ်ပြီး သူစိတ်တိုနေရသည်မှာလည်း အားဖေအတွက်ကြောင့်ပင် ဖြစ်၏။
သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် သူစိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ဖူးချေ။
ထိုနေရာသို့ ချက်ချင်းပင် ပြေးသွားလိုက်ပြီး သူတို့၏ ဖောက်ပြန်နေမှုများကို ဟစ်အော်လိုက်ချင် သော်လည်း သူ့စိတ်ကို သူပြန်ထိန်းထားလိုက်သည်။ ကော့စွန်းယန်သည် သူ၏မိတ်ဆွေကောင်းတစ် ယောက်ဖြစ်နေရုံမကသေး ယောက်ျားကောင်းတစ်ယောက်လည်း ဖြစ်နေသေးသည် မဟုတ်ပါလား။
ကော့စွန်းယန် အနေခက်မည့်အလုပ်မျိုး သူမလုပ်ဆောင်ချင်ပါ။
ကော့စွန်းယန်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။
ခြေလှမ်းအနဲငယ်မျှ လျှောက်သွားပြီးသော် သူ ရုတ်တရက်ပင် ရပ်တန့်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်၏။ “ပုန်းအောင်းနေတာ ဘယ်သူလဲ... ထွက်လာခဲ့စမ်း။”
ကော့စွန်းယန်သည် ထိပ်သီးသိုင်းသမားတစ်ယောက် ပီသပါပေသည်။ သူ၏ အာရုံခံစားမှုနှင့် ဖျတ် လတ်မှုများက စန့်ကွမ်းဖေထက် အပုံကြီးသာ၏။
မည်သည့်နေရာရောက်ရောက် သူ၏အာရုံစုစည်းထားမှုများက လျော့နည်းမသွားခဲ့ပါ။ သူ၏စိတ် ကိုလည်း အရှင်းဆုံးဖြစ်အောင် ထားထားသည်။ သို့သော် ပုန်းအောင်းနေသူသည် လီဆွန်းဟွာဖြစ်နေမှန်း ကိုတော့ သူမသိရှိနိုင်ခဲ့ချေ။
ထိုအိမ်လေးမှ တောင်ခြေရှိ အိမ်ခြေလေးများရှိရာသို့ သိပ်မဝေးကွာလှချေ။ လူနှစ်ယောက်သည် မည်သည့်စကားမျှ ပြောဆိုကြခြင်းမရှိဘဲ တောင်ဆင်းလမ်းလေးအတိုင်း ဆင်းလျှောက်လာကြ၏။ သို့ သော် စကားတစ်ခွန်းနှစ်ခွန်းတော့ အနည်းဆုံး သူတို့ ပြောဆိုကြရပေမည်။
သူတို့သည် အဆောင်လေးတစ်ခု၏ ခေါင်မိုးပေါ်၌ ထိုင်ပြီး အရက်သောက်နေကြ၏။
လီဆွန်းဟွာသည် နေရာများစွာ၌ အရက်သောက်ခဲ့ဖူးသော်လည်း ခေါင်မိုးတစ်ခုပေါ်တွင် တစ်ခါမှ မသောက်ခဲ့ဖူးပါ။ ယခုကဲ့သို့ အရက်သောက်ရခြင်းသည် အတော်လေး အရသာရှိကြောင်း သူ ခံစား မိလိုက်လေသည်။
အရက်အိုးများ တစ်ဝက်ကျိုးသွားခဲ့ကြလေပြီ။
ရုတ်တရက်ပင် ကော့စွန်းယန်က ပြောဆိုလာ၏။ “ခင်ဗျား... ခင်ဗျား ကျုပ်အဲ့ဒီအိမ်ထဲမှာ ဘာ သွားလုပ်လဲဆိုတာ သိနေခဲ့တယ် မဟုတ်လား။”
လီဆွန်းဟွာ-“ခင်ဗျားက ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာပဲ ကျုပ်သိထားတယ်။”
ကော့စွန်းယန်-“အိမ်ထဲမှာ ဘယ်သူရှိလဲဆိုတာလည်း ခင်ဗျားသိထားခဲ့မှာပဲ။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်၏။
ကော့စွန်းယန်-“ကျုပ် သူ့ကို ခဏခဏ သွားမတွေ့ပါဘူး။”
လီဆွန်းဟွာ-“ဟုတ်လား...”
ကော့စွန်းယန်-“ကျုပ်စိတ်ညစ်တဲ့ အချိန်ကျမှသာ သွားတွေ့မိတာပါ။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်ပြန်သည်။
ကော့စွန်းယန်-“ကျုပ် မိန်းမတွေ အများကြီးနဲ့ တွေ့ခဲ့ဖူးပါတယ်။ သူကတော့ အားလုံးထဲမှာ အ ကောင်းဆုံးပဲ။”
လီဆွန်းဟွာ-“သူဘယ်လို မိန်းမမျိုးလဲဆိုတာကော သိလား။”
ကော့စွန်းယန်က အရက်အနဲငယ် မော့သောက်လိုက်ပြီး- “သူ့ကို ကျုပ်သိနေခဲ့တာ တော်တော် ကြာပါပြီ။”
လီဆွန်းဟွာ-“သူ ခင်ဗျားကို ဘယ်လိုမျိုး ဆက်ဆံလဲ။”
ကော့စွန်းယန်-“ဘယ်လိုမျိုးဆက်ဆံရမှာလဲ။ သူလိုမိန်းမမျိုးက ယောက်ျားတွေအားလုံးကို ဆက် ဆံပုံ တစ်မျိုးတည်းပဲ ရှိမှာပေါ့။ အဲ့ဒီယောက်ျားဟာ သူ့အတွက် အသုံးဝင်မှသာ သူဆက်ဆံမှာပေါ့။”
လီဆွန်းဟွာ-“ဒါဆိုရင် ခင်ဗျားကို အသုံးချနေမှန်း ခင်ဗျားသိထားတယ်ပေါ့။”
ကော့စွန်းယန်-“ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်ဘာမှမဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်လည်း သူ့ကို အသုံးချနေတာပဲ မဟုတ်လား။ ပျော်ရွှင်မှုအတွက် နဲနဲလေး ပေးဆပ်လိုက်ရတာလောက်တော့ ကျုပ် ဘက်ကကြည့်ရင် မနစ်နာပါဘူး။”
လီဆွန်းဟွာ-“တရားမျှတပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်လိုက်လို့ တစ်စုံတစ်ယောက်ကို နစ်နာသွား စေခဲ့မယ်ဆိုတာ ခင်ဗျားသိရဲ့လား။”
ကော့စွန်းယန်-“ဘယ်သူ့ကိုလဲ။”
လီဆွန်းဟွာ-“သူ့ကို ချစ်နေတဲ့ ယောက်ျားတစ်ယောက်အတွက်ပေါ့။”
ကော့စွန်းယန်က သက်ပြင်းချလိုက်ပြီး- “တစ်ခါတစ်ခါကျတော့လည်း ကျုပ်ဘာမှကို နားမလည်နိုင်တော့ ဘူးဗျာ။ မိန်းမတွေက သူတို့ကို ချစ်နေတဲ့ယောက်ျားကိုမှ ရွေးပြီး ဘာဖြစ်လို့ နှိပ်စက်ချင်ကြရတာလည်း မသိဘူး။”
လီဆွန်းဟွာ-“သူ့ကိုချစ်တဲ့ယောက်ျားကိုမှ သူနှိပ်စက်နိုင်လို့ ဖြစ်မှာပေါ့။ အဲ့ဒီယောက်ျားကသာ သူ့ကိုမချစ်ဘူးဆိုရင် သူဘာပဲလုပ်လုပ် ဘာစိတ်ဝင်စားရဦးမှာတုန်း။”
ကော့စွန်းယန်က ပြုံးပြလိုက်ပြီး- “မိန်းမတွေအကြောင်းကို ခင်ဗျားတော်တော်လေး သိထားပုံရ တယ်။”
လီဆွန်းဟွာ-“ဘယ်ယောက်ျားတစ်ယောက်ကမှ မိန်းမတစ်ယောက်ကြောင်းကို နားမလည်နိုင်ပါ ဘူး။ နားလည်နိုင်ခဲ့မယ်ဆိုရင်လည်း အဲ့ဒီလူအတွက် သူများတွေထက် ပိုပြီးကြေကွဲခံစားရလိမ့်မယ်။”
ကော့စွန်းယန်က အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ မေးမြန်းလိုက်သည်။ “သူ့ကို အားဖေက တော်တော့်ကို ချစ်တာလား။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။
ကော့စွန်းယန်-“သူဟာ အားဖေရဲ့မိတ်ဆွေဖြစ်သလို ခင်ဗျားကလည်း အားဖေရဲ့မိတ်ဆွေဖြစ်တယ် ဆိုတာ ကျုပ်သိထားပါတယ်။”
လီဆွန်းဟွာက ဘာမှ ပြန်မပြောလိုက်ပါ။
ကော့စွန်းယန်-“ဒါပေမဲ့ ကျုပ်က အားဖေရဲ့မိတ်ဆွေတော့ မဟုတ်ဘူး။ သူ့ကိုတစ်ခါမှတောင် မတွေ့ ဖူးဘူး။”
လီဆွန်းဟွာ-“ကျုပ်ကိုရှင်းပြနေစရာမလိုပါဘူး။ ခင်ဗျားမှာ ဘာအပြစ်မှမရှိပါဘူးဗျာ။”
အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ ကော့စွန်းယန်က မေးမြန်းလိုက်ပြန်သည်။ “အားဖေက သူနဲ့ အတူတူနေ နေတုန်းပဲလား။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်ပြန်သည်။ ပြီးနောက် သက်ပြင်းချလိုက်ပြီး- “လင်ရှန်းအာကို သူ သိပ်ချစ်ပေမဲ့လည်း ခင်ဗျားလိုတော့ တစ်ခါမှ မဆက်ဆံဖူးဘူး။”
ကော့စွန်းယန်က လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရလေသည်။ “ခင်ဗျားဆိုလိုတာက သူတို့ ဘယ် တုန်းကမှ...”
လီဆွန်းဟွာက ခါးသီးစွာပြုံးပြလိုက်၏။ “လင်ရှန်းအာက ယောက်ျားတကာနဲ့ နေချင်သလိုနေနိုင် ပေမဲ့ အားဖေနဲ့တော့ မနေနိုင်ဘူး။”
ကော့စွန်းယန်-“ဘာဖြစ်လို့လဲ...”
လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ အားဖေက သူ့အပေါ်သိပ်ပြီး တန်ဘိုးထားတယ်။ သူ့ကိုလည်း ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး။ အားဖေအတွက်တော့ သူဟာ နတ်သမီးတစ်ပါးပဲ။ ဒီအချက်ကို လင်ရှန်းအာက အားဖေရဲ့စိတ်ထဲမှာ စွဲမြဲထားစေချင်တယ်။”
လီဆွန်းဟွာက ဆက်ပြောနေလိုက်ပြန်သည်။ “ဒါပေမဲ့ မိန်းမတွေဆိုတာ ချစ်ဖို့အတွက်ပဲမဟုတ် လား။ သူတို့ကို လေးစားနေစရာမလိုအပ်ပါဘူး။ ယောက်ျားတစ်ယောက်က လေးစားစရာမကောင်းတဲ့ မိန်းမတစ်ယောက်ကို လေးစားနေမိတယ်ဆိုရင် သူ့အတွက်တော့ နာကျင်ကြေကွဲမှုတွေပဲ ခံစားနေရ တော့မှာပေါ့။”
ကော့စွန်းယန်-“ဒါဆိုရင် လင်ရှန်းအာလုပ်နေသမျှကို အားဖေ ဘာမှမသိဘူးပေါ့။”
လီဆွန်းဟွာ-“သူဘာမှကို မသိပါဘူး။”
ကော့စွန်းယန်-“ခင်ဗျားက ဘာဖြစ်လို့ မပြောပြခဲ့တာလဲ။”
လီဆွန်းဟွာ-“ကျုပ်ပြောလည်း သူယုံမှာမဟုတ်ဘူး။ ယောက်ျားတစ်ယောက်ဟာ အချစ်စိတ်မွှန်လာ ပြီဆိုရင် သူ့နားတွေ မျက်စေ့တွေ ကန်းသွားတတ်ကြတယ်။ သိပ်ပြီးထက်မြက်တဲ့လူတစ်ယောက်တောင် မှ ငတုံးတစ်ယောက် ဖြစ်သွားတတ်သေးတာပဲ။”
ကော့စွန်းယန်-“ခင်ဗျား... ကျုပ်က အားဖေကို သွားပြောပြစေချင်တာလား။’
လီဆွန်းဟွာ-“အားဖေဟာ သိပ်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ပါ။ ပြီးတော့ ကျုပ်ရဲ့ မိတ် ဆွေတစ်ယောက်လည်း ဖြစ်နေသေးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့ သူ့ဘဝကြီးကို မနစ်မွန်းစေချင်တာ ကျုပ်ရဲ့ ဆန္ဒအမှန်ပါ။”
ကော့စွန်းယန်က တိတ်ဆိတ်နေလိုက်၏။
လီဆွန်းဟွာ-“ကျုပ်ဘဝမှာ ဘယ်သူ့ဆီကမှ အကူအညီမတောင်းခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီအကြိမ် တော့...”
ကော့စွန်းယန်က သူ့ကို ဖြတ်ပြောလိုက်၏။ “သူက ကျုပ်ပြောတာကို ယုံပါ့မလား။”
လီဆွန်းဟွာ-“အနည်းဆုံးတော့ လင်ရှန်းအာက ခင်ဗျားနဲ့ဆက်ဆံမှုကို မငြင်းပယ်နိုင်ဘူးမဟုတ် လား။”
ကော့စွန်းယန်က မတ်တတ်ထရပ်လိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျားနဲ့ အတူသွားပြီး ပြောမယ်။”
လီဆွန်းဟွာက သူ့လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး- “ကျေးဇူးတင်လိုက်တာဗျာ။ ခင်ဗျားလည်း အားဖေနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာမှာပါ။”
ကော့စွန်းယန်-“ကျုပ်အတွက် မိတ်ဆွေကောင်း တစ်ယောက်ပဲလိုတယ်။ ခင်ဗျားလိုလူမျိုးနဲ့ မိတ် ဆွေဖြစ်ခွင့်ရပြီးတဲ့နောက် ကျုပ်အတွက် လုံလောက်ပါပြီ။”
သစ်သားအိမ်လေးသည် ဗလာနတ္ထိဖြစ်နေ၏။
ဧည့်ခန်းထဲမှ အားဖေ၏အိပ်ယာက ညကအတိုင်းပင် ရှိနေသေး၏။ ညကကျန်ခဲ့သော လက်ဖက် ရည်ကြမ်းအိုးက စားပွဲပေါ်တွင် ထိုအတိုင်းပင် ရှိနေသေးသည်။ သို့သော် ဟင်းရည်ခွက်ကတော့ ပြောင် သလင်းခါ ဖြစ်နေပြီး သပ်သပ်ရပ်ရပ်ပင် ရှိနေ၏။
လင်ရှန်းအာ၏အခန်းက ညတုန်းကအတိုင်းပင်... လီဆွန်းဟွာ ကန်ကျောက်ဖျက်ဆီးထားခဲ့သည့် အတိုင်းရှိနေပြီး လေတိုးလိုက်တိုင်း တံခါးချပ်အကျိုးများက တကျွီကျွီ မြည်နေကြလေသည်။
0 comments:
Post a Comment