သူ့ကို နှုတ်မဆက်ဘဲ အားဖေထွက်ခွာသွားခဲ့သည်ကို လီဆွန်းဟွာ မယုံကြည်နိုင်လောက်အောင် ပင် ဖြစ်နေရသည်။ ပတ်ဝန်းကျင်အား ချောင်းတစ်ဟွပ်ဟွပ်ဆိုးပြီး အကဲခတ်နေလိုက်၏။
ကော့စွန်းယန်က လက်နောက်ပြန်ပစ်ပြီး သူ့ကိုငြိမ်သက်စွာပင် အကဲခတ်နေသည်။ ပြီးနောက် လေသံအေးအေးဖြင့် မေးမြန်းလိုက်၏။ “အားဖေက ခင်ဗျားရဲ့မိတ်ဆွေဆို...”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။
ကော့စွန်းယန်-“ဒါပေမဲ့ သူထွက်သွားခဲ့တာ ခင်ဗျားတောင်မှ မသိလိုက်ရပါလား။”
လီဆွန်းဟွာသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ရပြီး အားတင်းပြုံးလိုက်ကာ- “သူပြဿနာတစ်ခုခုကြုံ တွေ့ခဲ့လို့များလားမသိဘူး။”
ကော့စွန်းယန်-“မိန်းမတစ်ယောက်ရဲ့ စကားကို မြေဝယ်မကျ နားထောင်ရတာလည်း ဖြစ်နိုင်တာပဲ။”
လီဆွန်းဟွာအား မည်သည့်စကားကိုမျှ ပြောခွင့်မပေးလိုက်ဘဲ နောက်ထပ် မေးခွန်းတစ်ခု ထပ်မေး လိုက်ပြန်သည်။ “သူဒီမှာနေနေတာ တော်တော်လေးကြာပြီလား။”
လီဆွန်းဟွာ-“၂နှစ်နီးနီး ရှိပြီ။”
ကော့စွန်းယန်-“ကျုပ် လင်ရှန်းအာနဲ့ အဲ့ဒီအိမ်ငယ်လေးထဲမှာ တွေ့နေခဲ့တာ ၂ နှစ်ကျော်တောင် ရှိပြီ။ ဒီအိမ်က သူ့ရဲ့အိမ်ဟောင်းများ ဖြစ်နေမလား။”
လီဆွန်းဟွာက ခြောက်ကပ်စွာရယ်မောလိုက်ပြီး- “သူ့လို ကောက်ကျစ်တဲ့မိန်းမတစ်ယောက်အဖို့ ပုန်းခိုစရာနေရာတွေ အများကြီးရှိနေမှာ မဆန်းတော့ပါဘူး။”
ကော့စွန်းယန်က သက်ပြင်းချလိုက်ပြီး- “ဒါပေမဲ့ တစ်ခြားနေရာတွေတော့ ကျုပ်လည်း မသိတော့ဘူး။”
လီဆွန်းဟွာက ဘာမှ ပြန်မပြောလိုက်တော့ဘဲ လင်ရှန်းအာ၏ အခန်းဘက်ဆီ ထွက်သွားလိုက် သည်။
အခန်းထဲတွင် ခုတင်တစ်လုံး၊ အဝတ်အစားထားစရာ နေရာကန့်လေးတစ်ခုနှင့် စားပွဲတစ်လုံးသာရှိ ကြလေသည်။
အကန့်လေးထဲတွင် အဝတ်အစား များများစားစားရှိမနေပါ။ ရှိနေသည့် အဝတ်အစားများမှာလည်း ရိုးရှင်းသော အဝတ်အစားများပင်ဖြစ်သည်။ စားပွဲပေါ်တွင်တော့ အမွှေးနံ့သာမှုန့်ထည့်သောဗူးလေး တစ်ဗူးရှိနေပြီး မည်သည့်အမွှေးနံ့သာမှုန့်မှ ရှိမနေပါ။
သူမသည် အဝတ်အစားလဲလှယ်သောအလုပ်ကို အခြားအိမ်ငယ်လေးတွင် ပြုလုပ်လိမ့်မည်မှာ သေချာသည်။
ကော့စွန်းယန်-“ကျုပ်ထွက်လာခဲ့တုန်းက အဲ့ဒီအိမ်လေးမှာ သူ ကျန်နေခဲ့သေးတာပဲ။ ဒါပေမဲ့ အားဖေကို သူ လာခေါ်မှာကတော့ သေချာတယ်။ ဒါတောင်မှ သူ့အရိပ်အယောင်ကို ကျုပ်တို့ မတွေ့ ခဲ့ကြဘူးဆိုတော့ တော်တော်လေး ထူးဆန်းနေပါလား။”
လီဆွန်းဟွာ-“သူ တခြားလမ်းကနေလာခဲ့တာ ဖြစ်နိုင်တယ်။”
ကော့စွန်းယန်-“နောက်တစ်လမ်း... ဟုတ်လား။ ဒီလို တောင်ကုန်းစွန်းနေရာလေးမှာ နောက်ထပ် ဘာလမ်းများ ရှိနိုင်ဦးမှာလဲ။”
လီဆွန်းဟွာက ခုတင်ကို ဆွဲလှန်လိုက်သည်။
ခုတင်အောက်တွင် လျှို့ဝှက်လူသွားလမ်းတစ်ခု ရှိနေလေသည်။
ထိုလျှို့ဝှက်လမ်းလေးက မည်သည့်နေရာသို့ ရောက်ရှိနိုင်မှန်း လီဆွန်းဟွာ သိရှိလိုက်ပြီးဖြစ်၏။
ကော့စွန်းယန်-“အဲ့ဒီလမ်းလေးက ဘယ်ကိုသွားတာလို့ ခင်ဗျားထင်လဲ။”
လီဆွန်းဟွာ-“ခင်ဗျားရောက်ခဲ့တဲ့အိမ်လေးက သူ့အခန်းရဲ့ ခုတင်အောက်ကိုပဲပေါ့။”
ကော့စွန်းယန်-“ကျုပ်စဉ်းစားထားသလိုပါပဲလား။”
သူအံကြိတ်လိုက်ပြီး- “ခုတင်တစ်ခုကနေ နောက်ခုတင်တစ်ခုကို ပြောင်းပုံထောက်ရင် အချိန်ကို လုံးဝ အကျိုးရှိရှိအသုံးချနေတာပဲ။”
လီဆွန်းဟွာ-“သူ့မှာ ချိန်းဆိုထားတာတွေက သိပ်များလွန်းနေတော့ သူ့အတွက် အချိန်ဆိုတာ သိပ်အရေးကြီးတယ်။”
ကော့စွန်းယန် မျက်နှာပျက်သွားခဲ့ရ၏။ လင်ရှန်းအာ ဘာလုပ်ကိုင်သည်ကို သူသိသော်လည်း ဤအ ကြောင်းအရာကို သူများပြောဆိုသံကြားလိုက်တိုင်း သူ့ရင် ပူလောင်စွာခံစားရ၏။
မိန်းမများကို သဝန်တိုတတ်ကြောင်း ယောက်ျားများက ပြောဆိုလေ့ရှိကြသော်လည်း ယောက်ျားများ က မိန်းမများထက်ပင်ပို၍ သဝန်တိုတတ်ကြပြီး တစ်ကိုယ်ကောင်းပိုဆန်တတ်ကြလေသည်။
မိန်းမပေါင်းအယောက် ၁၀၀၀ ခန့်ရှိစေဦးတော့၊ မိန်းမတိုင်းကို သူနှင့်သာ ဆက်ဆံလိုစေသည်မှာ ယောက်ျားအများစု၏ စိတ်ထားပင်ဖြစ်သည် မဟုတ်ပါလား။ မိန်းမတစ်ယောက်ကို သူ မချစ်တော့ဘူး ဆိုလျှင်တောင် ထိုမိန်းမက သူ့ကိုဆက်၍ ချစ်နေစေချင်သေးသည်မှာလည်း ထိုသဘာဝပင် မဟုတ်ပါလား။
လျှို့ဝှက်လမ်းလေးသည် သိပ်ပြီးရှည်လျားလှမည် မထင်ပါ။
ထွက်ပေါက်သည် တကယ်ပင် လင်ရှန်းအာ၏ အခြားခုတင်အောက် တည့်တည့်၌ ဖြစ်လေသည်။
ဤအိပ်ယာသည် အားဖေနေထိုင်သော အိမ်လေးရှိ အိပ်ယာထက် အဆပေါင်းများစွာ သာလွန် ၏။ လွန်စွာမှပင် ပျော့ပြောင်းနူးညံ့လှပြီး အဖိုးထိုက်တန်သော အိပ်ယာခင်းများ၊ ခေါင်းဦးများဖြင့် တန် ဆာဆင်ထားလေသည်။
ထိုနေရာ၌ လင်ရှန်းအာ ရှိမနေပါ။ အနီရောင်ဝတ် ချာတိတ်မလေးသာ ရှိနေလေသည်။
အလှပြင်ခုံရှေ့တွင်ထိုင်နေပြီး ငန်းများရေကူးနေသောပုံကို ခေါင်းဦးစွပ်တစ်ခုပေါ်၌ ဇာပန်းထိုးနေ ၏။
ခုတင်အောက်မှ ယောက်ျားသားနှစ်ယောက် တွားသွားထွက်လာကြသည်ကို သူမ အံ့အားသင့် ဟန်လုံးဝ မရှိခဲ့ပါ။ သူတို့ ရောက်လာကြလိမ့်မည်ကို သူမ သိထားပြီးသည့်အတိုင်းပင်။
သူတို့နှစ်ယောက်အား သူမက မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး- “ရှင်တို့နှစ်ယောက်က အချင်း ချင်းသိနေကြပြီးသားပေါ့လေ။”
ကော့စွန်းယန်က မျက်နှာထားတင်းတင်းဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။ “ဒီအိမ်မှာ မင်းတစ်ယောက်တည်း ရှိနေတာလား။”
မိန်းကလေးငယ်-“ရှင်ဘာဖြစ်လို့ ကျမကို လာပြီးအော်နေရတာလဲ။ ရှင်လာတိုင်း အိပ်ယာခင်း တွေ အသစ်လဲပေးခဲ့တာ၊ အိပ်ယာပြင်ပေးခဲ့တာတွေ မေ့သွားခဲ့ပြီလား။”
ကော့စွန်းယန်တစ်ယောက် ဆွံ့အ’သွားခဲ့ရလေသည်။
ပြီးနောက် သူမ၏ အာရုံကို လီဆွန်းဟွာဘက်သို့ ပြောင်းလိုက်ပြီး- “ရှင်က လီတွမ့်ဟွာပေါ့၊ ဟုတ် လား။”
လီဆွန်းဟွာ-“ဟုတ်ပါတယ်။”
မိန်းမငယ်လေး-“လူတိုင်းကတော့ ပြောကြပါတယ်။ လီတွမ့်ဟွာက သိုင်းပညာတော်ရုံမကသေး ဘူး၊ ဉာဏ်ပညာလည်း အလွန်ထက်မြက်တယ်တဲ့။ ရှင့်လိုလူတစ်ယောက်က လှည့်စားခံလိုက်ရတာကိုတော့ ကျမ သိပ်အံ့ဩမိတာပဲ။”
ပြီးနောက် သူမက ချိုသာစွာပြောဆိုလိုက်ပြန်သည်။ “အရင်တစ်ခေါက် ရှင်လာခဲ့တုန်းက ကျမ လိမ်ညာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ရှင်။”
လီဆွန်းဟွာ-“ကိစ္စမရှိပါဘူး။ ကလေးတစ်ယောက်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတာ တစ်ခါတလေ တော့လည်း နေလို့ထိုင်လို့ ကောင်းသလိုပဲ ဖြစ်သွားရတတ်ပါတယ်။ မင်းက ကျုပ်ကို တစ်ခါလိမ်ညာခဲ့ဖူး တော့ ကျုပ်ကိုယ်ကျုပ် ပြန်ငယ်သွားသလိုတောင် ခံစားလိုက်ရသေးတယ်။”
မိန်းမငယ်လေးသည် လီဆွန်းဟွာကို စိုက်၍ကြည့်နေ၏။ ဤလူသည် လွန်စွာမှပင် စိတ်ဝင်စားစ ရာလူတစ်ယောက်ဖြစ်ကြောင်း သူမ၏အကြည့်များက ပြောဆိုနေကြလေသည်။ မှန်ပါသည်... လီဆွန်း ဟွာလို လူတစ်ယောက်ကို တွေ့ဖူးဖို့ဆိုသည်မှာ တော်တော်လေးခက်ခဲသည် မဟုတ်ပါလား။
သူမက အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။ “ရှင့်ပုံစံကြည့်ရတာ ကျမရဲ့ အလိမ်အညာကို မခံခဲ့ ရဘူးဆိုရင်တောင် လူငယ်လေးတစ်ယောက်လိုပါပဲ။ နောက်ထပ်နဲနဲလေးထပ်ပြီး အလိမ်ခံလိုက်ရမယ်ဆို ရင် ရှင်က အူဝဲ ကလေးလေးတစ်ယောက် ပြန်ဖြစ်သွားတော့မှာပေါ့။”
လီဆွန်းဟွာ-“နောက်ဆိုရင် ကျုပ်တော်တော်လေး သတိထားရတော့မယ်။ မဟုတ်ရင်တော့ အသက် ၄၀ လောက်ရှိတဲ့ ကလေးတစ်ယောက်အတွက် မင်းစိတ်ညစ်သွားရမှာပေါ့၊ မဟုတ်ဘူးလား။”
မိန်းမငယ်လေးက သဘောကျစွာ ရယ်မောလိုက်ပြီး- “စိတ်မပူပါနဲ့ရှင်။ အရင်တစ်ခေါက်တုန်းက ကျမ လိမ်ညာခဲ့တယ်ဆိုတာလည်း ရှင်က လူစိမ်းတစ်ယောက် ဖြစ်နေလို့ပါ။ ကျမရဲ့ဘွားဘွားက ပြောဖူး တယ်။ လူစိမ်းတစ်ယောက်ရှေ့မှာ ဘယ်တော့မှ အမှန်အတိုင်း မပြောရဘူးတဲ့။ မဟုတ်ရင်တော့ ကျမကို သူတို့က ပြုစားသွားကြလိမ့်မယ်တဲ့...”
လီဆွန်းဟွာ-“အခုဆိုရင်ကော...”
မိန်းမငယ်လေး-“အခုဆိုရင် ရှင့်ကို ကျမ သိသွားပြီ။ လိမ်စရာမလိုတော့ပါဘူး။”
လီဆွန်းဟွာ-“အဲ့ဒါဆိုရင်တော့ မင်းကို တစ်ခုလောက် မေးချင်ပါတယ်။ ဒီခုတင်အောက်ကနေ လောလောလတ်လတ် တစ်ယောက်ယောက်များ ထွက်လာခဲ့တာ မင်းတွေ့မိသေးလား။”
မိန်းမငယ်လေး-“မတွေ့မိပါဘူး။”
သူမ၏မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး- “ဒါပေမဲ့ အပြင်ဘက်က တစ်ယောက် ယောက်ဖြတ်သွားခဲ့တာတော့ တွေ့ခဲ့တယ်။”
လီဆွန်းဟွာ-“ဘယ်သူလဲ...”
မိန်းမငယ်လေး-“ယောက်ျားတစ်ယောက်ပဲ... ဒါပေမဲ့ သူ့ကိုကျမ မသိဘူး။”
သူမက တောက်ပစွာ ပြုံးပြလိုက်ပြီး- “ရှင်ကလွဲလို့ တခြားယောက်ျား ဘယ်သူ့ကိုမှ ကျမ မသိ ဘူးရှင့်။”
နောက်ဆုံးပြောလိုက်သောစကားကို လီဆွန်းဟွာက မကြားချင်ယောင်ဆောင်လိုက်ပြီး- “သူဘာ လာလုပ်တာလဲ။”
မိန်းမငယ်လေး-“အဲ့ဒီလူက တော်တော်လေးကြောက်ဖို့ကောင်းတယ်။ မုတ်ဆိတ်မွှေးတွေကလည်း ထူလဗြစ်နဲ့... မျက်မှာမှာလည်း ဓားဒဏ်ရာ အမာရွတ်ကြီးလည်း ရှိလိုက်သေးတယ်။ သူဝင်လာခဲ့ပြီး မေးမြန်း သွားခဲ့တာကတော့... ‘လီဆွန်းဟွာကို သိလားတဲ့... ဒီကိုသူ ရောက်လာမှာလားတဲ့...’”
လီဆွန်းဟွာ-“မင်းက ဘာပြန်ပြောလိုက်လဲ။”
မိန်းမငယ်လေး-“သူ့ကိုမှ ကျမ မသိတာ။ လိမ်ပြောလိုက်တာပေါ့။ ကျမ လီဆွန်းဟွာကို သိပါ တယ်ပေါ့။ သူဒီကို မကြာခင်လေးမှာ ရောက်လာလိမ့်မယ်ပေါ့။”
လီဆွန်းဟွာ-“အဲ့ဒီနောက် သူက ဘာဆက်ပြောခဲ့သေးလဲ။”
မိန်းမငယ်လေး-“ပြီးတော့ သူ စာတစ်စောင်ထုတ်ပေးခဲ့ပြီး ရှင့်ကို ပေးလိုက်ဖို့ မှာသွားခဲ့တယ်။”
လီဆွန်းဟွာ-“ဒါဆို စာက မင်းဆီမှာ ရှိနေတာပေါ့။”
မိန်းမငယ်လေး-“ရှိနေတာပေါ့။ မဟုတ်ရင် ကျမ လိမ်ပြောလိုက်သလို ဖြစ်သွားမှာပေါ့။ အဲ့ဒီလူက သိပ်ကြောက်ဖို့ကောင်းတာ။ ကျမသာ သူ့ကိုလိမ်ပြောနေတာမှန်းသိသွားခဲ့ရင်တောင် ကျမရဲ့ ခေါင်းကို လိမ်ချိုးပစ်လိုက်မလားမသိဘူး။”
သူမက ပြုံးလိုက်ပြီး- “ခေါင်းလိမ်ကျိုးနေတဲ့ မိန်းမငယ်လေးတစ်ယောက်က တော်တော်လေး နာ ကျင်ခံစားနေရမှာပေါ့၊ မဟုတ်ဘူးလား။”
လီဆွန်းဟွာက ပြန်လည်ပြုံးပြလိုက်ကာ- “ခေါင်းလိမ်ကျိုးနေတဲ့ ယောက်ျားလေးတစ်ယောက်ကလည်း တော်တော်လေး နာကျင်ခံစားနေရမှာပဲ...”
ဤမိန်းမငယ်လေးထံတွင် ထူးခြားသော အရည်အချင်းတစ်ခုရှိလေသည်။ သူမ ပြောသောစကား လုံးတိုင်းကို အမှန်ဖြစ်သည်ဟု တခြားသူများအား ထင်စေနိုင်၏။
အခြားသူများဆိုလျှင်... “အဲ့ဒီလူ ဘယ်ကို ထွက်သွားခဲ့တာလဲ။ စာကကော ဘယ်မှာလဲ” စ သော မေးခွန်းများကို မေးမိလိမ့်မည်ဖြစ်သော်လည်း လီဆွန်းဟွာကတော့ ထိုမေးခွန်းများကို မေးမြန်းစုံစမ်း ခဲ့ခြင်းမရှိပါ။
သူ့ထံတွင်လည်း ထူးခြားသော အရည်အချင်းတစ်ခုရှိလေသည်။ အခြားလူတစ်ယောက်က မည်သို့ပင် ပြောဆိုနေစေကာမူ ထိုသူပြောသမျှစကားလုံးတိုင်းကို သူ့ဘက်မှ ယုံကြည်ပြလိုက်ခြင်းပင်။ ထို့ကြောင့် သူ့ကို လိမ်ညာခဲ့နိုင်ပြီဟု လူတိုင်းက ထင်မြင်နေခဲ့ခြင်းပင်တည်း။
မိန်းမငယ်လေးက စာကို ထုတ်ယူပြလိုက်၏။ စာအိတ်ပေါ်တွင် သူ့နာမည်ကို ရေးထိုးထားလေ သည်။ စာအိတ်ကို ချိပ်ပိတ်ထားသောကြောင့် စာပါအကြောင်းအရာများကို မိန်းမငယ်လေး သိရှိနိုင် မည်မဟုတ်ချေ။
“လီတွမ့်ဟွာကို ကျုပ်အမြဲပဲ လေးစားခဲ့ရပါတယ်။ ဒီတောင်ခြေက စမ်းချောင်းလေးဘေးမှာ ၉လ ပိုင်း ၁ ရက်နေ့ကျရင် တွေ့ကြမယ်။ ကျုပ်ကိုစိတ်မပျက်ပါစေနဲ့။”
စာအောက်၌ရေးထိုးထားသော လက်မှတ်ကို ကြည့်လိုက်သောအခါ ‘စန့်ကွမ်းကျင်းဟုန်’ဖြစ် နေလေသည်။
စာက ရိုးရှင်းသည်။ ယဉ်ကျေးသည်။ သို့သော် ဤစာကို လက်ခံရရှိသူတိုင်းသည် မိမိသေတမ်းစာ များကို ရေးသားထားနှင့်ခဲ့ပေလိမ့်မည်။ သို့မဟုတ်... သေလောက်အောင်ပင် ထိတ်လန့်ကြောက်ရွံ့ သွားကြပေလိမ့်မည်။
စန့်ကွမ်းကျင်းဟုန်ကိုယ်တိုင် စိန်ခေါ်ခံရသူတစ်ယောက်အဖို့ မည်မျှကြာကြာ အသက်ရှင်နေထိုင် နိုင်ပါမည်နည်း။
လီဆွန်းဟွာက စာကို စာအိတ်ထဲသို့ ဖြေးညှင်းစွာထည့်လိုက်ပြီး စာအိတ်ကို ပြန်ပိတ်ထားလိုက် ၏။ ပြီးနောက် သူ၏ဝတ်ရုံတွင်းသို့ ထည့်သိမ်းထားလိုက်တော့သည်။
သို့သော် သူ ပြုံးနေဆဲပင်။
မိန်းမငယ်လေးက သူ့ကို တစ်ချိန်လုံး အကဲခတ်ကြည့်နေရာမှ မအောင့်အီးနိုင်တော့ဘဲ မေးမြန်း လိုက်၏။ “စာထဲမှာ ဘာတွေရေးထားတာလဲ။”
လီဆွန်းဟွာ-“ဘာမှ အရေးကြီးတဲ့အကြောင်းမဟုတ်ပါဘူး။”
မိန်းမငယ်လေး-“ရှင့်မျက်နှာပေါ်က အပြုံးကို ကြည့်ရတာ အဲ့ဒီစာဟာ မိန်းမတစ်ယောက်က ရေး လိုက်တဲ့စာ မဟုတ်လား။”
လီဆွန်းဟွာ-“မင်း ခန့်မှန်းတာ မှန်ပါတယ်။”
မိန်းမငယ်လေးက သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီး- “စာထဲမှာ ရှင့်ကိုတွေ့ချင်တယ်လို့ များ ရေးထားလား။”
လီဆွန်းဟွာ-“မှန်သွားပြန်ပြီ...”
မိန်းမငယ်လေးက နှုတ်ခမ်းစူလိုက်ပြီး- “မိန်းမတစ်ယောက်က ပေးလိုက်တဲ့စာသာဖြစ်မှန်းသိခဲ့ရင် ရှင့်ကို ဒီစာ ပေးမဖတ်ခဲ့ပါဘူး။”
လီဆွန်းဟွာ-“အိုး... မင်းကသာ ကျုပ်ကို ဒီစာ ပေးမဖတ်ခဲ့ရင် သူ ရင်ကွဲသွားမှာပေါ့၊ မဟုတ်ဘူး လား။”
မိန်းမငယ်လေးက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေလိုက်ပြီး- “အဲ့ဒီမိန်းမက ဘယ်လိုလူစားမျိုးလဲ။ တော်တော်လေး စွဲဆောင်မှု ရှိတယ်ပေါ့လေ။”
လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့ကွယ်။ မဟုတ်ရင် ကျုပ်က စာကို ဘာဖြစ်လို့ သိမ်းထားရဦးမှာ လဲ။ လွှတ်ပစ်လိုက်တာ ကြာပေါ့။ ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ဟာ ခပ်တုံးတုံးယောက်ျားတစ်ယောက် ထက်ပိုပြီးတော့တောင် ကြောက်စရာကောင်းနေသေးတယ်။”
မိန်းမငယ်လေး-“သူ့ အသက်ဘယ်လောက်ရှိပြီလဲ။”
လီဆွန်းဟွာ-“အသက် သိပ်မကြီးသေးပါဘူး။”
မိန်းမငယ်လေးက သူမ၏ ဇာပန်းထိုးနေသော အပ်ကို ဇာပန်းထိုးရာတွင်အသုံးပြုသော ဝါးဖြင့်ပြု လုပ်ထားသော စက်ဝိုင်းပုံခြင်းလေးသို့ အားစိုက်၍ ထိုးစိုက်လိုက်ပြီး စိတ်ဆိုးစွာဖြင့်- “ရှင့်ကို စောင့်စား နေတဲ့ မိန်းမချောလေးတစ်ယောက်ရှိနေမှတော့ ဘာဖြစ်လို့ ချက်ချင်းသွားမတွေ့သေးတာလဲ။ ရှင်ဒီမှာ ဘာလုပ်နေတာလဲ။”
လီဆွန်းဟွာ-“အိမ်ရှင်က ဧည့်သည်ကို မောင်းထုတ်တာတော့ သိပ်အထာမကျဘူးထင်တယ် နော်။”
မိန်းမငယ်လေးက အေးစက်စက် ပြန်ပြောလိုက်၏။ “ကျမ နှင်မထုတ်လည်း ရှင်ထွက်သွားမှာပဲ မဟုတ်လား။”
လီဆွန်းဟွာ-“ကျုပ်က ဆက်ပြီးနေချင်နေသေးတယ်ဆိုရင်ကော...”
မိန်းမငယ်လေး-“ရှင်သာဆက်ပြီး နေမယ်ဆိုရင်တော့ ကျမက ရှင့်ကို အထူးဧည့်သည်အဖြစ် ပြုစု မှာပေါ့ရှင်...”
လီဆွန်းဟွာ-“ဟုတ်ရဲ့လား...”
မိန်းမငယ်လေး-“သိပ်ဟုတ်တာပေါ့။ ကျမက သိပ်ပြီးရက်ရောတတ်သူမဟုတ်ပေမယ့် ကပ်စေးမနဲပါ ဘူး။ ရှင်သာ ၁၀ ရက်လောက်နေမယ်ဆိုရင် ရှင့်ကို ၁၀ ရက်လောက် ပြုစုမှာပေါ့။ ရှင်သာ တစ်သက်လုံး နေမယ်ဆိုရင်လဲ... တစ်သက်လုံး...”
ထိုစကားကို ပြောဆိုနေစဉ်မှာပင် သူမ၏မျက်နှာလေးက နီမြန်းလာခဲ့ရလေသည်။
မိန်းမငယ်လေးတစ်ယောက်၏ ပါးပြင်မို့မို့တွင် နီရဲလာသည်ဆိုပါက ထိုမိန်းမငယ်လေးသည် မိန်းမ ငယ်လေးတစ်ယောက် မဟုတ်တော့ချေ။
လီဆွန်းဟွာ-“ကောင်းပြီလေ... ဒါဆိုရင် ကျုပ်ဒီမှာပဲ နေတော့မယ်။”
သူ၏စကားမဆုံးသေးခင်မှာပင် ထိုမိန်းမငယ်လေးသည် သူ့ရှေ့ခုန်ရပ်လိုက်ပြီး လျင်မြန်စွာ မေး မြန်းလိုက်သည်။ “ရှင်ညာပြောတာတော့ မဟုတ်ပါဘူးနော်။”
လီဆွန်းဟွာက သဘောကျစွာ ပြုံးလိုက်ပြီး- “ကျုပ်လိမ်မပြောပါဘူး။ မင်းလိုမျိုး အိမ်ရှင်ကောင်း တစ်ယောက်ရှိနေမှတော့ ကျုပ်ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။”
မိန်းမငယ်လေးက တောက်ပစွာပြုံးလိုက်ပြီး- “ရှင်အရက်ကြိုက်တာ ကျမသိတယ်။ ကျမ အရက် သွားယူလိုက်ဦးမယ်။ ဒီအိမ်လေးမှာ ဘာမှသိပ်မရှိပေမယ့် အရက်ကတော့ ချောင်းစီးလောက်အောင်ကို ပေါတယ်။ ရှင်တောင် နစ်သွားနိုင်တယ်။”
လီဆွန်းဟွာ-“အရက်အပြင် သစ်သားတုံးလေးများ ရနိုင်ဦးမလား။ မာလေကောင်းလေပဲ။”
မိန်းမငယ်လေး၏ မျက်နှာ၌ ပဟေဠိဆန်သွားခဲ့ပြီး- “သစ်သား... ရှင်က ဘာဖြစ်လို့ သစ်သားလို ချင်ရတာလဲ။ အရက်သောက်သလိုပဲ သစ်သားကို ရှင်အမြည်းလုပ်တာလား။ ရှင့်ရဲ့သွားတွေကတော့ အံ့မခန်းပါပဲရှင်။”
သူမက စကားပြောဆိုနေစဉ်မှာပင် သဘောကျစွာ ရယ်မောလိုက်ပြီး- “ဒါပေမဲ့ ရှင်က သစ်သား ဆိုတော့လည်း သစ်သားပေါ့ရှင်။ ကျမ ရှာပေးပါ့မယ်။ ကျမ ရှင့်အတွက် အားလုံးရှာဖွေပေးနိုင်ပါတယ်။ ကောင်းကင်ပေါ်က လဝန်းကြီးကို လိုချင်တယ်ဆိုရင်တောင် ကျမ လှေကားရှာပေးပါ့မယ်။”
လီဆွန်းဟွာ၏ မျက်နှာအမူအရာများကို တစ်ချိန်လုံး ကော့စွန်းယန်က စောင့်ကြည့် အကဲခတ်ခဲ့ လေသည်။ ရုတ်တရက်ပင် သူပြောဆိုလိုက်၏။ “ကျုပ်ကတော့ သစ်သားမစားဘူး။ ဥတော့စားတယ်။ ဘာဥပဲဖြစ်ဖြစ်... ကြက်ဥ၊ ဘဲဥ၊ စာကလေးဥ၊ ဆားစိမ်ဥ... ဥမှန်လို့ကတော့ အကုန်သာယူလာခဲ့။ များလေ ကောင်းလေပဲ။”
မိန်းမငယ်လေးက အံ့အားသင့်သွားခဲ့ရပြီး- “ရှင်လည်း ဒီမှာဆက်နေဦးမယ်လား။”
ကော့စွန်းယန်-“မင်းလိုမျိုး အိမ်ရှင်ကောင်း ရှိနေမှတော့ ကျုပ် ဘယ်လိုလုပ်ပြီး ထွက်သွားနိုင် တော့မှာလဲ။”
မိန်းမငယ်လေးက တစ်ဘက်သို့လှည့်သွားခဲ့ပြီး ပွစိပွစိပြောကာ ထွက်သွားလိုက်တော့၏။ “လူတွေ က ခက်ပါတယ်နော်... ဘာဖြစ်လို့များ သူတို့နဲ့ မဆိုင်တဲ့နေရာမှာ လာရှုပ်ချင်နေရတာလဲ မသိဘူး။”
0 comments:
Post a Comment