Saturday, March 5, 2011

(၄၂) အကောက်ကြံမှု

အခန်းက ကျယ်ဝန်းပြီး အိပ်ယာခင်းများကို အသစ်လဲထား၏။ သန့်ရှင်းသပ်ရပ်လှသည်။ ရေနွေး ကြမ်းအိုးသည် သစ်လွင်တောက်ပနေပြီး ရေနွေးသောက်သည့်ခွက်များကလည်း သန့်ရှင်းမှုအပြည့်ရှိလေ သည်။

ခုတင်ပေါ်တွင် လင်ရှန်းအာ ထိုင်နေပြီး ယောက်ျားဝတ်ရုံတစ်ခု၏ အပြဲများကို ဖာချုပ်နေသည်။ သူမ၏ အပ်ကိုင်လက်က ဓားကိုင်လက်လောက် မကောင်းသောကြောင့် တစ်ခါတရံတွင် သူမ၏လက် ချောင်းများကို အပ်ထိုးမိလေသည်။

ပြတင်းပေါက်နားတွင် အားဖေ ရပ်နေပြီး ကောင်းကင်မှ လဝန်းကြီးကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။

ကြယ်သီးကို ဝတ်ရုံပေါ်သို့ ချုပ်လိုက်ပြီးနောက် လင်ရှန်းအာက ခေါင်းခါရမ်းလိုက်သည်။ “ကျမ တည်းခိုခန်းမှာ နေရတာ သိပ်ပြီးနေသားမကျလှဘူး။ အကောင်းဆုံးအခန်းဆိုတာတောင်မှ ကျမအ တွက်တော့ ငှက်လှောင်အိမ်တစ်ခုလိုပါပဲ။ ဝင်လိုက်တာနဲ့ ကျဉ်းကြပ်သွားသလို ခံစားမိတယ်။”

အားဖေက ခေါင်းညိတ်ပြလိုက်သည်။

လင်ရှန်းအာ-“ကိုယ့်အိမ်ကိုယ့်ယာလောက် ဘယ်နေရာမှ မကောင်းဘူးဆိုတဲ့စကားလည်း ရှိသေး တယ်မဟုတ်လား။”



အားဖေ-“အင်း... ဟုတ်တယ်။”

လင်ရှန်းအာက မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီး- “ကျမက ရှင့်ကို အိမ်ကနေထွက်လာခိုင်းလို့ ရှင် စိတ်မကောင်းဖြစ်နေတယ် မဟုတ်လား။”

အားဖေ-“မဖြစ်ပါဘူး။”

လင်ရှန်းအာက သက်ပြင်းချလိုက်ပြီး- “လီဆွန်းဟွာဟာ ရှင့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုတာ ကျမသိ ပါတယ်။ ရှင့်အတွက်သူ့လို မိတ်ဆွေမျိုး ရှိသင့်တယ်လို့လည်း ကျမထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ဘဝတွေ ကို ပြန်စထူထောင်ကြမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီးမှတော့ သူ့ကို မေ့ပစ်လိုက်တာပဲ ကောင်းမယ်ထင် တယ်။ သူလိုလူတစ်ယောက်က ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေပဲ သယ်ဆောင်လာတတ်တယ်မဟုတ်လား။”

ပြီးနောက် သူမက အလွန်ချိုသာစွာ ပြောဆိုလိုက်၏။ “ကျမတို့တွေ နောက်ထပ်ဘယ်တော့မှ အဲ့ဒီလို ဒုက္ခသုက္ခရောက်မယ့် အဖြစ်မျိုးတွေမကြုံစေရတော့ဘူးလို့ သစ္စာပြုထားခဲ့ကြတယ်မဟုတ်လား။”

အားဖေက ခေါင်းညိတ်ပြလိုက်ပြန်သည်။

လင်ရှန်းအာ-“သူဟာ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း အရက်သမားတစ်ယောက်လည်း ဖြစ် နေပြန်သေးတယ်။ အရက်သမားတိုင်းမှာ ပြဿနာတစ်ခုမဟုတ်တစ်ခုတော့ ရှိစမြဲပဲ။ သူတို့ရဲ့ ပြဿနာတွေ ကို သူတို့ကိုယ်တိုင်တောင်မှ မသိကြဘူး။”

သူမသည် သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ပြီး- “အဲဒါကြောင့်မို့လို့ ကျမရဲ့အခန်းတံခါးကို သူရိုက် ချိုးပြီး ကျမကို... ကျမကို...”

ရုတ်တရက် အားဖေက လှည့်လာပြီး သူမကို စိုက်ကြည့်လိုက်ကာ- “ကျေးဇူးပြုပြီး ဒီစကားကို နောက်တစ်ခါ ထပ်မပြောပါနဲ့တော့နော်၊ ဟုတ်လား။”

လင်ရှန်းအာက ချိုသာစွာပြုံးပြလိုက်ပြီး- “ကျမသူ့ကို ခွင့်လွှတ်ခဲ့ပြီးပါပြီ။ သူက ရှင့်မိတ်ဆွေတစ် ယောက်မဟုတ်လား။”

အားဖေ၏မျက်နှာက ဖြူဖွေးသွားခဲ့ပြီး စိတ်ညစ်ငြူးသွားသည့်ဟန် ဖြစ်ပေါ်လာခဲ့၏။ “ကျုပ်မှာ တခြားမိတ်ဆွေဘယ်သူမှ မရှိဘူး။ မင်းတစ်ယောက်ထဲပဲရှိတယ်။”

လင်ရှန်းအာက မတ်တတ်ထရပ်လိုက်ပြီး အားဖေ၏ပခုံးနှစ်ဘက်ပေါ် သူမ၏လက်နှစ်ဘက်ကို တင် ထားလိုက်ပြီး- “ရှင်ဟာလည်း ကျမဘဝထဲမှာ တစ်ယောက်တည်းသောသူပါရှင်။”

သူမက အားဖေကို ပါးချင်းအပ်လိုက်ကာ- “ရှင့်တစ်ယောက်တည်းပဲ ကျမဘဝမှာ လိုအပ်တယ်။ ရှင်ကလွဲလို့ ဘယ်သူ့ကိုမှ ကျမ မလိုအပ်ပါဘူး။”

အားဖေက လက်နှစ်ဘက်ဖြင့် သူမ၏ခန္ဓာကိုယ်လေးအား တင်းကြပ်စွာ သိုင်းဖက်လိုက်လေတော့ သည်။

လင်ရှန်းအာ-“ကျမတို့ တရားဝင်လက်ထပ်လိုက်ကြရအောင်လား။ ဒါမှ ကျမဟာ ရှင့်ရဲ့တရားဝင် ဇနီးမယားဆိုတာ လူတွေသိသွားကြမှာပေါ့။ ရှင်ဘာကို စိုးရိမ်နေတာလဲရှင်။ ကျမရဲ့ အတိတ်ကအ ကြောင်းတွေကို ခွင့်မလွှတ်နိုင်သေးလို့လား။ ဒါမှမဟုတ် ကျမကို ရှင်တကယ်မချစ်လို့လား။”

အားဖေ၏မျက်နှာပေါ်တွင် တွေဝေစိုးရွံ့သည့်အမူအရာများ ဖြစ်ပေါ်လာခဲ့ပြီး သိုင်းဖက်ထားသော သူ၏လက်များကို သူမ၏ခန္ဓာကိုယ်မှ ဖယ်ခွာလိုက်၏။

သို့သော် လင်ရှန်းအာကတော့ သူ့ကို တင်းကြပ်စွာ သိုင်းဖက်ထားဆဲပင်။

အားဖေက အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ သူ တစ်စစီပြိုကွဲနေရလေသည်။

သူ့နှလုံးသားထဲတွင် အမုန်းတရားများ တောက်လောင်နေ၏။ နာကျင်စွာလည်း ခံစားနေရသည်။

သူ့ကိုယ်သူ မုန်းတီးသည်။ ဤကဲ့သို့ သူမလုပ်သင့်သော်လည်း ဘာမှမတတ်နိုင်ချေ။ တစ်ခါတရံတွင် သူ့ကိုယ်သူသေသွားရင်ကောင်းမည်ဟု ထင်မိသော်လည်း သူမကို သူစွန့်ခွာမသွားရက်ပါ။

မှန်တင်ခုံရှေ့တွင် လင်ရှန်းအာ ခေါင်းဖြီးနေ၏။ သူမ၏ပါးမို့မို့နှစ်ဘက်က နီတွတ်နေပြီး မျက်လုံး များက တောက်ပရွှန်းစိုနေကြလေသည်။

လူတကာနှင့် နေချင်သလိုနေနိုင်သော်လည်း အားဖေနှင့် သူမ အတူမနေရဲပါ။

လင်ရှန်းအာ၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ခပ်တွန့်တွန့်လေး ထွက်ပေါ်လာ၏။ သူမ၏အပြုံးက လွန်စွာမှပင် လှပသော်လည်း အလွန်ရက်စက်သော အပြုံးမျိုးလည်းဖြစ်နေပြန်သည်။ ယောက်ျားများကို နှိပ် စက်ရသည့်အလုပ်ကို သူမလွန်စွာ ကျေနပ်မိ၏။ ဤလောကကြီးထဲတွင် ထိုအလုပ်လောက်သူမကို စိတ်လှုပ်ရှားမှုပေးနိုင်သောအရာ တခြားဘာမှ မရှိနိုင်တော့ချေ။

ထိုအချိန်၌ပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က အခန်းတံခါးကို ပြင်းပြင်းထန်ထန် ထုနှက်လိုက် ၏။ “တံခါးဖွင့်ပေးစမ်း... မင်းအထဲမှာရှိနေတာ ကျုပ်သိတယ်။ ကျုပ်မင်းကို မြင်တွေ့ခဲ့တယ်နော်။”

အားဖေက ချက်ချင်း ထရပ်လိုက်ပြီး အော်မေးလိုက်သည်။ “ဘယ်သူလဲ...”

သူ့စကားမဆုံးသေးခင်မှာပင် တံခါးကို ချိုးဖျက်ပြီး လူတစ်ယောက် ဝင်ရောက်လာခဲ့သည်။

ထိုသူက လင်ရှန်းအာကို လက်ညှိုးထိုးကာ ရူးသွတ်စွာရယ်မောလိုက်ပြီး- “မင်းငါ့ကို မတွေ့ချင် ယောင်ဆောင်နေခဲ့ပေမယ့်လည်း ငါက မင်းကိုတွေ့နိုင်ခဲ့ပါတယ်။ ငါ့ကိုထားပြီး မင်းဘယ်သွားဦးမှာလဲ။”

လင်ရှန်းအာ၏ မျက်နှာတွင် မည်သည့်ပြောင်းလဲမှုများမှ မတွေ့ရဘဲ ရိုးသားစွာပင် မေးမြန်းလိုက် ၏။ “ရှင်ကဘယ်သူလဲ။ ရှင့်ကို ကျမ မသိပါလား။”

ထိုလူငယ်က ရယ်မောလိုက်ပြီး- “မင်း ငါ့ကိုမမှတ်မိတော့ဘူးပေါ့။ လုံးဝကို မမှတ်မိတော့ဘူးပေါ့ လေ။ အဲ့ဒီညက အဖြစ်အပျက်တွေကို မေ့သွားပြီလား။ ကောင်းတယ်... ဟင်းဟင်းဟင်း... ကျုပ်မှာ တော့ မင်းဆီကို ရေးလိုက်ရတဲ့စာတွေ။ အခုတော့ ကျုပ်ကို မင်းမေ့သွားပြီပေါ့လေ။”

ရုတ်တရက်ပင် ထိုသူက လင်ရှန်းအာနားသို့ လျင်မြန်စွာကပ်လာခဲ့ပြီး သူမကို ဆွဲဖမ်းရန်ကြိုးစား လိုက်၏။ “ဒါပေမဲ့ ငါကတော့ မင်းကို သိနေသေးတယ်။ ထွက်ပြေးဖို့ မကြိုးစားနဲ့တော့။”

လင်ရှန်းအာက တစ်ဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ထိတ်လန့်စွာ အော်ဟစ်လိုက် သည်။ “ဒီလူအရက်မူးနေတယ်။ အရူးတစ်ယောက်ပဲ...”

ထိုသူက နောက်တစ်ကြိမ် ဆွဲဖမ်းရန် ကြိုးစားလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အားဖေက သူ့ ရှေ့တွင် လမ်းပိတ်ထားလေသည်။ အားဖေက ကျယ်လောင်စွာဖြင့်- “ထွက်သွားစမ်း...”

ထိုလူငယ်-“မင်းက ဘယ်သူလဲ။ ငါ့ကို ထွက်သွားခိုင်းရအောင် မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းသူ့ကို စိတ်ကျေနပ်စေချင်တယ်မဟုတ်လား။ ငါပြောပြမယ်... သေချာနားထောင်... တစ်နေ့ကျရင် မင်းကို သူ စွန့်ခွာသွားမှာပဲ... ငါ့ကိုစွန့်ခွာသွားသလို စွန့်ခွာသွားမှာပဲကွ... နားလည်လား။”

ထိုသူသည် ရူးသွတ်စွာရယ်မောလိုက်ပြန်၏။ “သူကချစ်ပါတယ်လို့ပြောတာကို နားယောင်တဲ့ ကောင်ကတော့ တကယ့်ကို ငတုံးတစ်ယောက်ပဲ။ တော်တော့်ကို တုံးတဲ့ကောင်။ ဒီမိန်းမက ယောက်ျား ပေါင်း ရာနဲ့ချီပြီး ပွေခဲ့ပြီးပြီကွ။”

ထိုသူ၏စကားပင်မဆုံးလိုက်သေး အားဖေ၏လက်သီးတစ်လုံးက ပျံဝဲထွက်သွား၏။

‘ဗုန်း’... ပြတင်းပေါက်မှ ထိုလူငယ် ပျံဝဲထွက်သွားပြီး အပြင်ဘက်ရှိမြေကြီးပေါ်သို့ မျက်နှာအပ် ကျသွားခဲ့လေတော့သည်။

လင်ရှန်းအာက သူမ၏မျက်နှာကို အုပ်ထားလိုက်ပြီး ငိုကြွေးနေ၏။ “ကျမဘာများအမှားလုပ်ခဲ့မိ လို့လဲ။ ဘာဖြစ်လို့ လူတွေက ကျမကို အသရေဖျက်နေကြတာလဲရှင်။ ကျမသိပ် ခံစားရတာပဲ။”

အားဖေက သက်ပြင်းချလိုက်ပြီး သူမကို တင်းကြပ်စွာပွေ့ဖက်ထားရင်း- “ကျုပ် မင်းဘေးမှာရှိနေ သရွေ့ မင်းဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။”

အတန်ကြာသောအခါမှ လင်ရှန်းအာ အငိုရပ်သွားခဲ့၏။ သူမက တိုးတိုးလေး ပြောဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်ရှင်။ ကျမဘက်မှာ ရှင်တစ်ယောက်လုံးရှိနေမှတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ ပါဘူး။”

အားဖေ၏ မျက်ဝန်းများထဲမှ မီးတောက်မီးလျှံများ ထွက်ပေါ်နေပြီး အံကြိတ်လိုက်ကာ- “နောက် ဆိုရင် ဘယ်သူမှ မင်းကိုမစော်ကားစေရဘူး။”

လင်ရှန်းအာ-“ဘယ်သူမှမစော်ကားစေရဘူးဆိုတာ တကယ်လား။”

အားဖေ-“ဟုတ်တယ်။ တစ်ယောက်မှ မစော်ကားစေရဘူး။”

လင်ရှန်းအာက ပြုံးလိုက်ပြီး အားဖေကို ပို၍တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။

သို့သော် သူမ၏မျက်လုံးများက တစ်စုံတစ်ယောက်ကို ကြည့်နေလေသည်။ သူမ၏မျက်လုံးများထဲ တွင် နာကျင်ခံစားမှုများရှိမနေပါ။ ပျော်ရွှင်မှုများသာ ပြည့်နှက်နေလေသည်။

ထိုလူကလည်း သူမကို ပြန်စိုက်ကြည့်နေ၏။

ထိုသူသည် လဲကျသွားခဲ့သော လူငယ်အနီး၌ ရပ်နေသည်။

အရပ်မြင့်မားလှပြီး ပိန်ပိန်ပါးပါးဖြစ်ကာ ခါးတွင် ဓားတစ်လက်ချိတ်ဆွဲထား၏။

အပြင်ဘက်တွင် အလင်းရောင်အနဲငယ်ရှိနေသော်လည်း ထိုသူ၏မျက်နှာမှ ဓားဒဏ်ရာအမာရွတ် ကြီးကိုမူ ထင်ထင်ရှားရှားပင် မြင်တွေ့နိုင်လေသည်။

ကြောက်စရာအကောင်းဆုံးကတော့ သူ၏ မျက်လုံးများပင်ဖြစ်၏။

သူ၏မျက်လုံးများက မီးခိုးရောင်ရှိပြီး ခံစားမှုကင်းမယ့်နေလေသည်။ အသက်မရှိသောမျက်လုံးများ...

ထိုသူက လင်ရှန်းအာကို အေးစက်စက်စိုက်ကြည့်နေလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ပြီး နောက် တည်းခိုခန်း၏ တောင်ဘက်ရှိအဆောင်များရှိရာသို့ လှည့်ထွက်သွားတော့သည်။

ခဏကြာသော် လဲကျနေသောလူငယ်ကို လူနှစ်ယောက် လာမ’ယူသွားကြ၏။

လင်ရှန်းအာ အငိုရပ်သွားခဲ့လေပြီ။

ညသည်လည်း မှောင်လာတော့၏။

ခုတင်ပေါ်၌ အားဖေ အိပ်မောကျနေသည်။ လင်ရှန်းအာတိုက်သော လဘက်ရည်ကြမ်းကို နှစ် ခြိုက်စွာ သောက်သုံးပြီးနောက် သူ အိပ်မောကျသွားခဲ့လေပြီ။

တည်းခိုခန်းအဆောင်များက တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ပုရစ်ထိုးသံများနှင့် လေတိုးသံများမှ လွဲ၍ မည်သည့်အသံမျှ မကြားရပါ။

ထို့နောက် တံခါးတစ်ချပ် ပွင့်လာ၏။

အခန်းထဲမှ တိတ်ဆိတ်စွာ သူမ ထွက်လာခဲ့ပြီး တောင်ဘက်ရှိ အဆောင်များဆီသို့ ဦးတည် လျှောက်သွားနေ၏။

အဆောင်အားလုံးထဲမှ အခန်းတစ်ခန်းသာ မီးလင်းနေသည်။

လင်ရှန်းအာ အခန်းတံခါးကို ခေါက်လိုက်သည်။

အသံဩဩတစ်သံက တိုးညှင်းစွာထွက်ပေါ်လာ၏။ “တံခါးသော့ မခတ်ထားဘူး။”

လင်ရှန်းအာက တံခါးကို ညင်သာစွာဖွင့်ပြီး အခန်းတွင်းသို့ ဝင်လာသည်။

သူမကို စိုက်ကြည့်နေခဲ့သော စောစောကလူသည် အခန်းတွင်း၌ အရုပ်တစ်ရုပ်လို တောင့်တောင့် ကြီး ထိုင်နေ၏။

သူ၏မျက်လုံးများကို အနီးကပ် လင်ရှန်းအာ တွေ့လိုက်ရလေတော့သည်။

သူ၏မျက်ဆံများက ပြူးကျယ်လှသည်။ သင့်ကို သူကြည့်နေသည့်အချိန်များတွင် တခြားတစ်နေရာ သို့ကြည့်နေသည်ဟု ထင်မှတ်ရပြီး သူက တခြားနေရာသို့ကြည့်နေချိန်တွင်မူ သင့်ကိုစိုက်ကြည့်နေ သည်ဟု ထင်ရပြန်လေသည်။

ထိုမျက်လုံးများက ကြည်လင်စူးရှပြီး တောက်ပမနေပါ။ သို့သော် မကောင်းဆိုးရွားအရိပ်အ ယောင်များ ထွက်ပေါ်နေကြလေသည်။ ထိုမျက်လုံးများအား တွေ့လိုက်ရပြီးနောက် လင်ရှန်းအာပင် ကြက်သီးဖြန်းဖြန်းထသွားခဲ့ရ၏။

သို့သော် အပြင်ပန်းတွင်တော့ သူမ၏အပြုံးကို အလှပဆုံးဖြစ်အောင် ပြုံးထားခဲ့လေသည်။

ပိုပြီးကြောက်စရာကောင်းသူနှင့်တွေ့လေ... သူမ၏အပြုံးက ပိုပြီးအပြစ်ကင်းစင်လေဖြစ်၏။ ဤအ ချက်သည် ယောက်ျားများအတွက် သူမ၏ ပထမဆုံးလက်နက်ပင်ဖြစ်၏။ ထိုအတတ်ပညာကို သူမ ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်ထားလေသည်။

သူမက အပြုံးစလေးဖြင့် မေးမြန်းလိုက်၏။ “ရှင်က ဆရာကျင်းဆိုတာလား။”

ကျင်းဝူမင်းက သူမကို စိုက်ကြည့်နေလိုက်၏။ ပြန်ဖြေကြားခြင်းမရှိသလို မည်သည့်ကိုယ်ဟန်အမူ အရာကိုမှလည်း မပြသခဲ့ချေ။

လင်ရှန်းအာက ပိုမိုလှပစွာ ပြုံးလိုက်ပြီး ချိုသာစွာဖြင့်- “နာမည်ကျော် ဆရာကျင်းရဲ့အကြောင်း ကို ကြားဖူးနေတာတော့ ကြာပါပြီ။ အခုမှပဲ လူချင်းတွေ့ဖူးတော့တယ်။”

သူမကို ကျင်းဝူမင်း ဆက်၍စိုက်ကြည့်နေ၏။ သူ့အကြည့်များက သိုင်းလောက၏ အချောမောဆုံး မိန်းမတစ်ယောက်သည် သူ့မျက်စိထဲတွင် သစ်သားတစ်တုံးကဲ့သို့ပင် ရှိနေရသည်ဟု ဖော်ပြနေကြသ ယောင်။

ကျင်းဝူမင်းက သူမကို ရုတ်တရက် အေးစက်စွာ ဖြတ်ပြောလိုက်၏။ “မင်း ကျုပ်နဲ့စကားပြောတဲ့ အခါမှာ စည်းကမ်းချက်တစ်ခုတော့ သိထားသင့်တယ်။”

လင်ရှန်းအာ-“ဘာစည်းကမ်းချက်များလဲရှင်။ ကျမလိုက်နာပါ့မယ်။”

ကျင်းဝူမင်း-“ကျုပ်က မေးခွန်းတွေပဲ မေးတတ်တယ်။ ကျုပ်ဆီမှာ အဖြေစကားမရှိဘူး။ နားလည် လား။”

လင်ရှန်းအာ-“ကျမ နားလည်ပါပြီ။”

ကျင်းဝူမင်း-“ဒါပေမဲ့ ကျုပ် မေးခွန်းမေးပြီဆိုရင် မင်းဘက်က အဖြေရှိနေရမယ်။ ရိုးရိုးရှင်းရှင်း တိတိကျကျ အဖြေမျိုးလိုချင်တယ်။ တခြားဘာမှ ပွားတာမျိုး မလိုချင်ဘူး။”

လင်ရှန်းအာ-“ကျမ နားလည်ပါတယ်။”

ကျင်းဝူမင်း-“မင်းက လင်ရှန်းအာ... ဟုတ်လား။”

လင်ရှန်းအာ-“ဟုတ်ပါတယ်။”

ကျင်းဝူမင်း-“ကျုပ်ကို ချိန်းဆိုလိုက်တာ မင်းလား။”

လင်ရှန်းအာ-“ဟုတ်ပါတယ်ရှင်။”

ကျင်းဝူမင်း-“ကျုပ်တို့အတွက် လီဆွန်းဟွာကို မင်းတွေ့ထားပြီးပြီပေါ့။”

လင်ရှန်းအာ-“တွေ့ထားပါတယ်။”

ကျင်းဝူမင်း-“မင်းဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရတာလဲ။”

လင်ရှန်းအာ-“အဖွဲ့ခေါင်းဆောင် စန့်ကွမ်းကျင်းဟုန်က လီဆွန်းဟွာကို တွေ့ချင်နေတယ်ဆိုတာ ကျမသိထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လီဆွန်းဟွာက လူတကာရဲ့အလုပ်မှာ ဝင်ရောက်စွက်ဖက် လွန်းလို့ပါ။”

ကျင်းဝူမင်း-“မင်းက ကျုပ်တို့ကို ကူညီချင်တယ်ဆိုပါတော့။”

လင်ရှန်းအာ-“ဟုတ်ပါတယ်။”

ကျင်းဝူမင်း၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ကြပြီး ကျယ်လောင်စွာ မေးမြန်းလိုက်၏။ “ဘာ ဖြစ်လို့ ကျုပ်တို့ကို ကူညီချင်ရတာလဲ။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ လီဆွန်းဟွာကို ကျမ မုန်းတယ်။ သူ့ကို သေစေချင်လို့ပါ။”

ကျင်းဝူမင်း-“မင်းဘာသာ ဘာဖြစ်လို့ မသတ်ရတာလဲ။”

လင်ရှန်းအာက သက်ပြင်းချလိုက်ပြီး- “ဘာဖြစ်လို့လဲဆိုတော့ ကျမ မသတ်နိုင်လို့ပါ။ သူ့ရှေ့မှာ တောင်မှ ကျမ ကြာကြာရပ်မနေရဲဘူး။ သူ့မျက်လုံးတွေက တခြားသူတွေရဲ့ အတွေးကို ထိုးဖောက်မြင် နိုင်စွမ်းရှိတယ်လို့ ခံစားနေရတယ်။ နောက်ပြီး သူ့ရဲ့ဓားပျံကလည်း ပစ်မလွဲဆိုတော့...”

ကျင်းဝူမင်း-“သူ့ဓားပျံက ဒီလောက်တောင်ပဲ အစွမ်းထက်လို့လား။”

လင်ရှန်းအာက သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ပြီး- “သူ့ဓားပျံက လူတွေပြောနေကြတဲ့ ဒဏ္ဍာရီ ထဲကထက်တောင် ပိုကြောက်စရာကောင်းနေသေးတယ်။ သူ့ကို သတ်ချင်တဲ့သူအားလုံး အဲ့ဒီဓားပျံ ကြောင့် သေသွားခဲ့ကြပြီးပြီ။ အဖွဲ့ခေါင်းဆောင် စန်ကွမ်းကျင်းဟုန်နဲ့ ဆရာကျင်းတို့နှစ်ယောက်ကလွဲ ပြီး သူ့ကိုသတ်နိုင်မယ့်လူ ဒီလောကထဲမှာ ရှိတော့မှာမဟုတ်ဘူး။”

သူမက ခေါင်းကို မော့လာလိုက်ပြီး ညင်သာစွာပြောဆိုလိုက်ပြန်သည်။ “ဆရာကျင်းရဲ့ဓားသိုင်း ပညာကို ကျမ မတွေ့ဖူးပေမယ့်လည်း အင်အားအလွန်ပြင်းထန်မယ်ဆိုတာတော့ ခန့်မှန်းမိပါတယ်။”

ကျင်းဝူမင်း-“မမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်ရတာလဲ။”

လင်ရှန်းအာ-“ရှင့်ရဲ့ ကိုယ်ဟန်အမူအရာနဲ့ စိတ်တည်ငြိမ်မှုတွေကို ကြည့်ပြီးပြောရတာပေါ့။ ကျမ ဟာ ဓားသမားတစ်ယောက်မဟုတ်ပေမယ့်လည်း ထိပ်သီးသိုင်းပညာရှင်တွေ တိုက်ခိုက်ကြပြီဆိုရင် လျင်မြန်မှု နဲ့ တိုက်ကွက်တွေက အရေးအပါဆုံးအရာတွေ မဟုတ်ဘူး... တကယ်တမ်းအရေးပါတဲ့အရာက သူတို့ ရဲ့ ကိုယ်ဟန်အနေအထားပဲဆိုတာကိုတော့ သိထားပါတယ်။”

ကျင်းဝူမင်း-“ဘာဖြစ်လို့လဲ။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ သိုင်းလောကမှာ ဓားသိုင်းကွက်တွေ ဘယ်လောက်များ များ ရှိနိုင်ဦးမှာလဲ။ ဆင်တူမျိုးကွဲ ဓားကွက်တွေချည်းပဲ မဟုတ်လား။ ထိပ်သီးသိုင်းပညာရှင်တွေရဲ့ လျင်မြန်မှုကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်ပြီးမကွာခြားလှပါဘူး။ အရေးအကြီးဆုံးအချက်က တိုက်ပွဲတစ်ပွဲမှာ ဘယ်သူက စိတ်အတည်ငြိမ်နိုင်ဆုံး ထားနိုင်လဲ ဆိုတာပါပဲ။ ဒါမှလည်း ပြိုင်ဘက်ရဲ့ အား နည်းချက်ကို ရှာဖွေနိုင်မယ်မဟုတ်လား။ အဲ့ဒီလူကသာ အနိုင်ရမှာ သေချာပေါက်ပဲ။”

လင်ရှန်းအာသည် လွန်စွာမှပင် အံ့အားသင့်စရာ ကောင်းလှ၏။

ဤအချက်သည် သူမ၏ ယောက်ျားများအပေါ်ထားရှိသော ဒုတိယလက်နက်ပင်ဖြစ်သည်။

ယောက်ျားတိုင်းက မြှောက်ပင့်ပြောဆိုခြင်းကို ကြိုက်နှစ်သက်ကြောင်း သူမ သိထား၏။ အထူးသ ဖြင့် မိန်းမတစ်ယောက်၏ ချီးမွမ်းမြှောက်ပင့်မှုကို ပို၍ပင် နှစ်သက်ကြသေး၏။ ချီးမွမ်းပြောဆိုခြင်းသည် လူတစ်ယောက်၏ နှလုံးဘဝင်ကို ကိုင်လှုပ်နိုင်သော အချက်ပင်မဟုတ်ပါလား။

ကျင်းဝူမင်းထံမှ မည်သည့် စိတ်လှုပ်ရှားသော အမူအရာမျှ ထွက်ပေါ်မလာခဲ့ပါ။ “ချိန်းဆိုထားတဲ့ ရက်ကို ၉လပိုင်း ၁ရက်နေ့လို့ မင်းသတ်မှတ်ထားခဲ့တယ်နော်။”

လင်ရှန်းအာ-“ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဖွဲ့ခေါင်းဆောင်နဲ့ ဆရာကျင်းတို့ အဲ့ဒီနေ့ ကျရင် သေချာပေါက် ရောက်လာနိုင်လိမ့်မယ်လို့ တွက်ထားခဲ့လို့ပါ။”

ကျင်းဝူမင်း-“ဒါပေမဲ့ လီဆွန်းဟွာ အဲ့ဒီနေ့ထိ ရှိနေလိမ့်မယ်လို့ မင်းဘက်က ဘာဖြစ်လို့ သေချာ နေရတာလဲ။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီစာကို သူတွေ့သွားခဲ့ပြီးပြီ။ စာကို ဖတ်ပြီးတဲ့နောက် တော့ သူ ရောက်လာမှာ သေချာပါတယ်။”

ကျင်းဝူမင်း-“မင်းဘက်က သိပ်ကို သေချာနေတယ်ပေါ့။”

လင်ရှန်းအာ-“သူသေရမှာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ သိပ်ကြာကြာလည်း အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။”

သူမ၏မျက်နှာမှ အပြုံးရိပ်များ ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့ပြီး- “ဒါပေမဲ့ သူကသေလူဆို တော့ ပိုပြီးတော့တောင် ကြောက်စရာကောင်းနေသေးတယ်။ ရှင့်ရဲ့သိုင်းပညာက ပိုကောင်းနိုင်ပေမယ့် သူ့ ကို သတိတော့ ထားရလိမ့်မယ်။ သူ့အသက်ကိုတောင် စွန့်ပြီး တိုက်ခိုက်လာနိုင်တယ်နော်။”

သူမ၏အကြည့်များက ပို၍ပင် ကြင်နာမှုများ ဖုံးလွှမ်းလာလေသည်။ ထိုအချက်သည် သူမ၏ တတိယ လက်နက်ပင်ဖြစ်လေသည်။

မိန်းမပျိုလေးတစ်ယောက်က ဤလက်နက်များကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ပါက အနဲဆုံးတော့ ၉၉ ရာခိုင်နှုန်းလောက်သော ယောက်ျားများကို သူမ၏ ခြေဖျားသို့ ဝပ်တွားဝင်ရောက်လာစေနိုင်သည် မဟုတ်ပါလား။

သို့သော် သူမစကားပြောဆိုနေသူသည် ထိုယောက်ျားများထဲမှ တစ်ယောက်မဟုတ်ပါချေ။ သူ သည်ယောက်ျားတစ်ယောက် မဟုတ်ရုံမကသေး လူသားတစ်ယောက်ပင် ဟုတ်ပါလေစ။

ကံကောင်းနေသေးသည်ဟုပင် ဆိုရပေမည်။ သူမထံတွင် နောက်ဆုံးလက်နက်ကျန်ရှိနေသေး၏။

ထိုလက်နက်သည် သူမ၏ နောက်ဆုံးလက်နက်ဖြစ်၏။ မိန်းမများ၏ အသုံးအဝင်ဆုံးသော လက် နက်လည်း ဖြစ်၏။ တစ်ခါတရံတွင် ဤလက်နက်သည်သာ ယောက်ျားများအား စေခိုင်းကျုံးသွင်းနိုင်လေ သည်။

သို့သော် ကျင်းဝူမင်းအတွက် ထိုလက်နက်က အသုံးဝင်ပါ့မလား။

မသေချာပါက ထိုလက်နက်ကို သူမ ထုတ်သုံးလိမ့်မည်မဟုတ်ပါ။

လင်ရှန်းအာ တွေဝေနေမိ၏။

ကျင်းဝူမင်းက ဖြေးဖြေးအေးအေးလေး ပြောလိုက်၏။ “မင်းပြောစရာရှိတာတွေ ကုန်ပြီလား။”

လင်ရှန်းအာက ခေါင်းညိတ်ပြလိုက်သည်။

ကျင်းဝူမင်းက မတ်တတ်ထရပ်လိုက်ပြီး လင်ရှန်းအာနှင့် ကျောခိုင်းလိုက်ကာ စားပွဲ၏အခြားတစ် ဘက်၌ သွားရောက် ရပ်နေလိုက်၏။

လင်ရှန်းအာက ခါးသီးစွာ ပြုံးပြလိုက်ပြီး- “ဆရာကျင်းမှာ ဘာမှမှာကြားစရာမရှိတော့ဘူးဆိုရင် ကျမ သွားပါတော့မယ်။”

ကျင်းဝူမင်းက သူမကို ဥပက္ခာပြုထားလိုက်ပြီး ဆေးတစ်လုံးထုတ်ယူလိုက်ကာ ရေနွေးကြမ်းနှင့် မျှောချလိုက်၏။

သူမ ဘာဆက်လုပ်ရမည်မှန်း လင်ရှန်းအာ မသိတော့ပါ။ သူမ ထွက်သွားရန်သာ ကျန်တော့၏။

တံခါးဝသို့သူမ ရောက်ရှိသွားချိန်၌ ကျင်းဝူမင်းက ရုတ်တရက်ပင် မေးမြန်းလိုက်၏။ “မင်း ယောက်ျားတွေကို မြှူဆွယ်ရတာ ကြိုက်တယ်မဟုတ်လား။”

လင်ရှန်းအာ အေးခဲသွားခဲ့ရ၏။ ကျင်းဝူမင်းက ထပ်ဖြည့်ပြောလိုက်ပြန်သည်။ “မင်းကျုပ်ကို မြှူ ဆွယ်ဖို့တစ်ချိန်လုံး ကြိုးစားနေခဲ့တာ ဒီအခန်းထဲ ရောက်ပြီးကတည်းကပဲ မဟုတ်လား။”

လင်ရှန်းအာ၏ မျက်လုံးများက တောက်ပလာခဲ့ကြပြီး ခေါင်းကို ငုံ့ထားလိုက်လေသည်။ “ကိုယ့် ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ယောက်ျားတွေကို ကျမ နှစ်သက်ပါတယ်ရှင်။”

ကျင်းဝူမင်းက ပြန်လှည့်လာခဲ့ပြီး သူမကို စိုက်၍ကြည့်ကာ မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘာဖြစ် လို့ မင်းလက်လျှော့ခဲ့ရတာလဲ။”

သူမ၏ပါးပြင်နှစ်ဘက်က နီရဲသွားကြပြီး ပြန်ဖြေလိုက်သည်။ “ရှင့်ရဲ့နှလုံးသားက သံမဏိနဲ့ထုလုပ် ထားတယ်လို့ ထင်လိုက်မိလို့ပါ။ ကျမ... ကျမ ဘယ်လို...”

ကျင်းဝူမင်း-“ဒါပေမဲ့ ကျုပ်ခန္ဓာကိုယ်ကတော့ သံမဏိကိုယ်ထည် မဟုတ်ဘူးလေ။”

“မင်းကျုပ်ကို မြှူဆွယ်ချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုပဲရှိတယ်။ တိုက်ရိုက်မြှူဆွယ်တဲ့ နည်းလမ်းပဲ။”

လင်ရှန်းအာ၏ မျက်နှာတစ်ခုလုံးနီမြန်းသွားခဲ့ပြီး- “ဒါဆိုရင်လည်း အဲ့ဒီနည်းလမ်းကို ရှင် သင်ပေးမှ ပေါ့။”

ကျင်းဝူမင်းသည် သူမထံသို့ ဖြေးညှင်းစွာလျှောက်လာလိုက်ပြီး လွန်စွာမှပင် အေးစက်သောလေ သံဖြင့် ပြောဆိုလိုက်လေသည်။ “ကျုပ်ကတောင် မင်းကို ပြန်သင်ပေးရဦးမယ်... ဟုတ်လား။”

သူ၏လက်တစ်ဘက်ကို မြှောက်လိုက်ပြီး သူမ ပါးပြင်ပေါ်သို့ ရိုက်ချလိုက်၏။

လင်ရှန်းအာ၏ ခန္ဓာကိုယ်က ခုတင်ပေါ်သို့ ပုံကျသွားခဲ့သည်။ ထိုရိုက်ချက်ကြောင့် နာကျင်လှ သော်လည်း သူမ၏ မျက်လုံးများထဲ၌ ရမက်ခိုးများ လျှံထွက်နေလေသည်။

ထိုအခန်းမှ လင်ရှန်းအာ ထွက်လာချိန်၌ မိုးလင်းလုလုပင် ဖြစ်နေပြီ။

သူမ၏ပုံစံက လွန်စွာမှပင် ဖရိုဖရဲဖြစ်နေပြီး လွန်စွာမှပင် ပင်ပန်းညှိုးနွမ်းနေပုံလဲရသည်။ သူမ၏ ခြေထောက်များက အားအင်ချိနဲ့နေပြီး လမ်းပင်မလျှောက်ချင်တော့သလို ဖြစ်နေရ၏။ သို့သော် သူမ ၏ နှလုံးသားထဲတွင် ကျေနပ်မှုများ ပြည့်ဝစွာ ခံစားနေရပြီး မုန်တိုင်းတိုက်ပြီးနောက် ငြိမ်သက်သွား သော လေပြေကဲ့သို့ပင် တညိမ့်ညိမ့်ဖြစ်နေရလေသည်။

အားဖေကို ထိတွေ့မြှူဆွယ်လိုက်သည့်အခါတိုင်း သူမကိုယ်တိုင်လည်း ရမက်များ တမြည့်မြည့် တောက်လောင် ခံစားရ၏။ ထို့ကြောင့်ပင် ဤရမက်များကို အာသာဖြေရန် သူမအတွက် တစ်စုံ တစ်ယောက်အမြဲတမ်း လိုအပ်နေခဲ့လေသည်။

လင်ရှန်းအာသည် သူမအား နှိပ်စက်ညှင်းပန်းမှုများကို သာယာမိ၏။ ယောက်ျားများကိုလည်း ထို နည်း၎င်းပင် ညှင်းဆဲရမှ သူမ စိတ်ကျေနပ်မှု ရရှိ၏။

လင်ရှန်းအာက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ “ကနေ့၂၅ ရက်တောင် ရှိပြီ။ နောက်ထပ် ၅ရက်... ၅ရက်ပဲ လိုတော့ပါလား။”

သူမ ပြုံးလိုက်လေသည်။

“အိုး... လီဆွန်းဟွာ... ရှင့်အတွက် ၅ရက်ပဲ အသက်ရှင်နေရတော့မှာပါလား။”

0 comments:

Post a Comment