လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “မင်း မပြောနိုင်ဘူးလား။”
မိန်းမငယ်လေး-“ကြည့်ရတာတော့ လူတစ်ယောက်ရဲ့ ပုံတူပဲ။ ဒါပေမဲ့ အရုပ်တိုင်းကို ဘာဖြစ်လို့ ရှင်အဆုံးထိပြီးအောင် မထုဆစ်ရတာလဲ။ ရှင်သာ ပြီးဆုံးအောင် ထုဆစ်ခဲ့မယ်ဆိုရင် အဲ့ဒီလူ ဘယ် လောက်တောင်မှ ကြည့်လို့ကောင်းမယ်ဆိုတာ ကျမ ပြောနိုင်မှာပေါ့။”
လီဆွန်းဟွာ၏ အပြုံးပျောက်ကွယ်သွားခဲ့ပြီး စတင်၍ ချောင်းဆိုးနေတော့၏။
သူထွင်းထုနေသောအရာအား မည်သူ့ကိုမျှ အသိမပေးချင်ပါ။ ထို့ကြောင့်လည်း ဘယ်တော့မှ ပြီးဆုံး အောင် မထွင်းထုဖြစ်ခဲ့။ တခြားရုပ်ပုံများ သူ ထွင်းထုနိုင်ပါသည်။ သို့သော် သူ၏လက်ချောင်းများက ဘယ်တော့မှ မနာခံခဲ့ပါ။ ရုပ်တု ထုဆစ်လိုက်တိုင်းပင် သူမ၏ ကိုယ်ပွားလေးသာ ထွက်ပေါ်လာလေ့ရှိ သည်။
အဘယ်ကြောင့်ဆိုသော် သူမကို သူမမေ့နိုင်သေးသောကြောင့် ဖြစ်လေသည်။
အမှောင်ထု ကြီးစိုးလာလေပြီ။
လက်ကို လီဆွန်းဟွာ မြှောက်ကြည့်လိုက်ရာ ဓားပျံအလင်းရောင်က တလက်လက်ဖြစ်နေ၏။ သို့သော် အလင်းရောင်ပြန်များက တလှုပ်လှုပ်လည်း ဖြစ်နေကြပြန်သည်။
“ငါ့လက်တွေ တုန်နေပါလား...”
လီဆွန်းဟွာ၏ စိတ်များ လေးလံသွားခဲ့ရ၏။ ယနေ့အဖို့ သူ မသောက်ရသေးပါ။ အရက်မ သောက်ရသေးသော်လည်း သူ၏လက်များက တုန်ခါနေရလေပြီ။ ဤသေမင်းဓားပျံကို ဤလက်များဖြင့် မည်ကဲ့သို့ ပစ်လွှတ်နိုင်ခဲ့ပါသနည်း...
ဓားပျံ၏လက်ကိုင်ရိုးကို သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိ၏။ မည်မျှလောက် တင်းတင်း ဆုပ် ထားမိသနည်းဆိုသော် သူ၏လက်ချောင်းများပင် သွေးဆုတ်ဖြူရော်လာသည်ထိပင်။
ပြီးနောက် ထိုလက်ချောင်းများကို ဖြေလျော့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေ မိသည်။ “ဒီနေ့ ဘာနေ့လဲ...”
မိန်းမငယ်လေး-“၈လပိုင်း ၃၀ ရက်နေ့။ မနက်ဖြန်ဆို ၉လပိုင်း ၁ ရက်နေ့ပေါ့။”
လီဆွန်းဟွာက မျက်စေ့များမှိတ်ထားလိုက်ရင်း မေးမြန်းလိုက်၏။ “ကော့စွန်းယန် ဘယ်ထွက် သွားခဲ့တာလဲ။”
မိန်းမငယ်လေး-“လမ်းလျှောက်ထွက်လိုက်ဦးမယ်လို့ ပြောသွားခဲ့တာပဲ။”
လီဆွန်းဟွာက ဓားပျံထိပ်ဖျားလေးကို စိုက်ကြည့်နေလိုက်ပြီး ရုတ်တရက်ပင် သစ်သားတုံးလေး ကို ဓားသွားဖြင့် ခုတ်လိုက်၏။
သူထုဆစ်နေပုံမှာ လွန်စွာမှပင် လျင်မြန်လှသည်။ သစ်သားတုံးလေးသည် လူတစ်ယောက်၏ ပုံတူ နီးပါးအဆင့်သို့ ရောက်ရှိလာခဲ့ရ၏။ ဝိုင်းစက်စက်မျက်ဝန်းများ... ဖြောင့်ဆင်းနေသော နှာတံပေါ်ပေါ်... နုပျိုနေဆဲပင်...
သို့သော် လူကိုယ်တိုင်ကကော... လူကိုယ်တိုင်ကတော့ ကြီးရင့်ခဲ့ရလေပြီ။
မိန်းမတစ်ယောက်သည် စိတ်ညစ်ငြူးစရာဘ၀တွင် နေထိုင်နေရပါက သူမ၏အသက်အရွယ် ပို၍ ကြီးရင့်သွားရပေမည်။
ထိုအရုပ်လေးကို ဘာရယ်မဟုတ်ဘဲ လီဆွန်းဟွာ စိုက်၍ကြည့်နေလိုက်၏။ အကြည့်များကို သူ ရှောင်ဖယ်မသွားချင်ပါ၊ အဘယ်ကြောင့်ဆိုသော် သူမကို နောက်တစ်ကြိမ်တွေ့ဆုံရန်အကြောင်း လုံးဝ မရှိတော့သောကြောင့်ပင်။
ရုတ်တရက် စကားသံတစ်သံကို ကြားလိုက်ရ၏။ “အရုပ်လေးက သိပ်လှတာပဲ။ ဘယ်သူ့ပုံတူလဲ။ ရှင့်ချစ်သူရဲ့ ပုံတူများလား။”
လက်တွင် ခြင်းတစ်ခြင်းဆွဲပြီး မိန်းမငယ်လေး ပြန်ရောက်လာခဲ့၏။
လီဆွန်းဟွာက အားတင်းပြုံးပြလိုက်ကာ- “ကျုပ်လည်းမသိပါဘူး။ နတ်ပြည်က နတ်သမီးတစ်ပါး ဖြစ် ကောင်းဖြစ်နေမှာပေါ့။”
မိန်းမငယ်လေးက မျက်တောင်များကို ပုတ်ခတ်လိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ- “ရှင် လိမ်ပြောနေ တာ။ နတ်ပြည်က နတ်သမီးတွေအားလုံးက ပျော်ပျော်ရွှင်ရွှင် ရှိကြပါတယ်။ ရှင့်အရုပ်လေးကတော့ ဝမ်းနည်းကြေကွဲနေပုံပဲ။”
လီဆွန်းဟွာ-“လူ့ပြည်မှာတောင်မှ ပျော်ပျော်ရွှင်ရွှင် လူသားတွေ ရှိနေကြသေးတာပဲ။ နတ်ပြည် မှာလည်း ဝမ်းနည်းကြေကွဲနေတဲ့ နတ်သမီးတစ်ပါးလောက် မရှိနိုင်ရတော့ဘူးလား။”
မိန်းမငယ်လေး-“ဒါပေမဲ့ ရှင်ကတော့ ဝမ်းနည်းနေပုံပါလား။ ရှင် သူ့ကိုသိပ်ချစ်တယ်... ဒါပေမဲ့ ပိုင် ဆိုင်ခွင့် မရခဲ့ဘူးမဟုတ်လား။”
လီဆွန်းဟွာ မျက်နှာပျက်သွားခဲ့ရပြီး သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားခဲ့ရလေသည်။
မိန်းမငယ်လေး-“ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင် ကျမကို ပြောပြနိုင်ပါတယ်။ ရှင့်အမူအရာ ကိုကြည့်ပြီး ကျမ ပြောနိုင်ပါသေးတယ်ရှင်။”
လီဆွန်းဟွာ-“အဲ့ဒါ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ဇာတ်လမ်းဟောင်းကြီး တစ်ပုဒ်ပါကွာ။”
မိန်းမငယ်လေး-“အဲ့ဒီလောက်တောင်ကြာခဲ့မှတော့လည်း ရှင်ဘာဖြစ်လို့ မမေ့နိုင်ရသေးတာလဲ။”
လီဆွန်းဟွာသည် အတန်ကြာမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေဆိုလိုက်သည်။ “မင်း ကျုပ် အရွယ်ရောက်လာရင် သိလာပါလိမ့်မယ်။ အမေ့ပျောက်ချင်ဆုံးလူက သတိအရတတ်ဆုံးလူ ဖြစ်နေ တတ်တယ်။”
မိန်းမငယ်လေးက ခေါင်းညိတ်လိုက်ပြီး လီဆွန်းဟွာ ပြောသွားခဲ့သော စကားများကို စဉ်းစားနေပုံ ရပြီး သူ့အတွေးထဲ၌သူ နစ်မွန်းနေလေတော့သည်။ သူမ၏ ခြင်းတောင်းလေးကို ချထားလိုက်ရန်ပင် သတိမရတော့ချေ။
အတော်လေးကြာသောအခါတွင်မှ သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး- “လူတွေက ရှင့်ကို ရက် စက်သူ၊ အေးစက်သူလို့ ပြောခဲ့ကြတယ်။ ကျမသိရသလောက်တော့ လုံး၀ မဟုတ်ရပါလား။”
လီဆွန်းဟွာ-“ကျုပ်ကို ဘယ်လိုလူစားမျိုးလို့ ထင်ထားလို့လဲ။”
မိန်းမငယ်လေး-“ရှင့်မှာ စိုးရိမ်စိတ်တွေ သိပ်များနေတယ်။ သိပ်ပြီးတော့လည်း ဂရုစိုက်တတ်တယ်။ အချစ်အတွက်ကို ပြောတာနော်။ ရှင်သာ မိန်းမတစ်ယောက်ကို ချစ်ခဲ့မယ်ဆိုရင် အဲ့ဒီမိန်းမအတွက် သိပ် ကို ကံကောင်းတာပဲ။”
လီဆွန်းဟွာ-“ကျုပ် အရက်မသောက်ရသေးလို့ နေမှာပါ။ အရက်သောက်ပြီးသွားရင်တော့ အရာ အားလုံးကို ကျုပ် မေ့သွားတတ်ပါတယ်။”
မိန်းမငယ်လေးက ပြုံးပြလိုက်ပြီး- “ဒါဆိုရင်တော့ ကျမလည်း အရက်သောက်မှ ဖြစ်တော့မယ်နဲ့တူ ပါတယ်။ အရာအားလုံးကို မေ့ပျောက်သွားစေနိုင်တာ ကောင်းတဲ့အချက်ပဲ။ အနဲဆုံးတော့ ဘာမှ စိုးရိမ် ပူပန်စရာမလိုတော့ဘူးပေါ့။”
ထိုစကားကို ပြောဆိုလိုက်အပြီးတွင် ခြင်းတောင်းထဲမှ အရက်အိုးကို ယူလိုက်ကာ အိုးတစ်ဝက် ခန့် မော့သောက်လိုက်လေတော့သည်။
လူငယ်လူရွယ်များက အရက်သောက်ရာတွင် လျင်မြန်စွာသောက်ကြလေသည်။ ရဲဆေးတင်သည့် သဘောပင်။
မိန်းမငယ်လေး၏ မျက်နှာက နီမြန်းလာခဲ့သည်မှာ မက်မုံသီးမှည့်မှည့် တစ်လုံးကဲ့သို့ပင်။ လီဆွန်း ဟွာကိုကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်၏။ “ရှင့်နာမည်က လီဆွန်းဟွာဆိုတာ ကျမ သိ ထားတယ်။ ကျမနာမည်ကော ရှင်သိရဲ့လား။”
လီဆွန်းဟွာ-“မင်းမှ မပြောပြတာ... ကျုပ်ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”
မိန်းမငယ်လေး-“ရှင်ကမှ မမေးခဲ့တာ... ကျမက ဘယ်လိုလုပ်ပြီး ပြောပြရမှာလဲ။”
သူမ၏နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။ “ပြီးတော့ ကျမက ဘယ်လို လူ စားမျိုးလဲ... ကျမဒီမှာ ဘာလာလုပ်နေတာလဲ... ကျန်တဲ့လူတွေကော ဘယ်ရောက်ကုန်ပြီလဲဆိုတာ ရှင fမေးခဲ့ဖူးလို့လား။ ရှင်မမေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင့်ကိုယ်ရှင် သေလူအဖြစ်သဘောထား နေခဲ့လို့မဟုတ်လား။ ဘယ်သူ့ကိုမှ ရှင်အရေးမစိုက်တော့ပါဘူး။”
လီဆွန်းဟွာ-“မင်း အရက်မူးနေပြီ။ မိန်းမငယ်လေးတစ်ယောက် အရက်မူးလာရင် သူ့အခန်းသူ ပြန်ပြီး အိပ်နေသင့်တယ်။”
မိန်းမငယ်လေး-“ရှင်မကြားချင်ဘူးမဟုတ်လား။ အဲ့ဒါဆိုရင်တော့ ရှင့်ကို အတင်းနားထောင်ခိုင်း ရတော့မှာပဲ။ ကျမမှာ အဖေမရှိဘူး၊ အမေမရှိဘူး။ ကျမရဲ့နာမည်အရင်းကိုတောင်မှ ကျမ မသိခဲ့ရဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က သခင်မလေးက ကျမကို မွေးစားခဲ့တယ်။ ဒါကြောင့် ကျမရဲ့မျိုးရိုးနာမည်က ‘လင်’... သခင်မလေးက ကျမကို လင်းလင်းလို့ခေါ်တယ်။ ဒါကြောင့် ကျမနာမည်က လင်လင်းလင်း။”
သူမက အနဲငယ် ရယ်မောလိုက်ပြီး ဆက်ပြောနေပြန်သည်။ “ဒီနာမည်က ကောင်းတယ်လို့ ရှင် မထင်ဘူးလား။ လင်လင်းလင်း... ခေါင်းလောင်းလေးလိုပဲ။ ဆွဲတီးလိုက်ရင် အသံလွင်လွင်လေး ထွက် လာတတ်တယ်။ ဘယ်သူမှ ခေါင်းလောင်းမတီးရင်တော့ ဘာသံမှမထွက်ဘဲ ငြိမ်နေတတ်တယ်လေ။”
လီဆွန်းဟွာ သက်ပြင်းမောကြီးချလိုက်မိလေတော့သည်။ ဤမိန်းမကလေးထံတွင် ဝမ်းနည်းစရာ အတိတ်နောက်ကြောင်းများ ရှိနေခဲ့ရပြီး အပြင်ပန်းတွင်ပျော်နေသလိုမျိုး သူမ၏ ဘ၀က ပျော်စရာ ကောင်းနေမည့်ပုံမပေါ်။
“ဘာကြောင့်များ တကယ်ပျော်ရွှင်နေရသူတွေနဲ့ ငါဘယ်တော့မှ မဆုံတွေ့ခဲ့ရတာလဲ...”
လင်းလင်း-“ကျမ ဒီမှာဘာဖြစ်လို့ လာနေရတာလဲဆိုတာ ရှင်သိလား။ ရှင်သိလည်း မထူးတော့ပါ ဘူးရှင်။ သခင်မလေးက ကျမကို ဒီမှာနေခိုင်းခဲ့တယ်။ ရှင့်ကို ပြုစုဖို့ပေါ့။ ရှင့်ကို အရက်တိုက်နိုင်ဖို့ပေါ့။ ဒါမှ ရှင့်လက်တွေ တုန်နေမှာ။ ရှင့်ရဲ့လက်တွေတုန်လာတဲ့နေ့ဟာ ရှင့်ရဲ့သေနေ့ပဲလို့ သခင်မလေးက ပြောခဲ့တယ်။”
လီဆွန်းဟွာ စိတ်ဆိုးလာလေမလားဟု သူမ စောင့်ကြည့်နေလိုက်၏။
သို့သော် လီဆွန်းဟွာက ပြုံးရယ်လျက်ပင်- “လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ကျုပ်ကို သေလူအဖြစ် လူတွေက စောင့်ကြည့်ခဲ့ကြတယ်။ ဒီနေ့ထိ ကျုပ်အသက် ရှင်သန်နေတုန်းပဲ။ မထူးဆန်း နေဘူးလား။”
လင်းလင်း-“ရှင့်ကို ဒုက္ခရောက်အောင် ကျမလုပ်ခဲ့တယ်လို့ ခုလေးတင်ပဲ ပြောခဲ့ပါသေးတယ်။ ရှင် ဘာဖြစ်လို့ စိတ်မဆိုးရတာလဲ။”
လီဆွန်းဟွာက သက်ပြင်းချလိုက်မိ၏။ “ဒီလောကကြီးထဲမှာ လူတိုင်းပဲ တစ်ခါတရံကျရင် တစ်စုံတစ် ယောက်ရဲ့ ခေါင်းလောင်းလေးတွေတော့ ဖြစ်နေကြရတာပါပဲ။ မင်းက တစ်ယောက်ယောက်ရဲ့ ခေါင်း လောင်းလေး ဖြစ်နေရသလို ကျုပ်ကလည်း မင်းရဲ့ခေါင်းလောင်းလေးဖြစ်မနေရတော့ဘူးလား။ ခေါင်း လောင်းထိုးတဲ့သူကလည်း နောက်တစ်ယောက်ရဲ့ ခေါင်းလောင်း ဖြစ်နေနိုင်သေးတာပဲ။”
လင်းလင်း-“ရှင်ဟာ တကယ့်ကို အကြင်နာတရားရှိသူတစ်ယောက်ဆိုတာ ကျမသိလိုက်ရပါပြီ။ သခင်မလေးက ဘာဖြစ်လို့များ ရှင့်ကို သတ်ချင်နေရပါလိမ့်။”
လီဆွန်းဟွာက ပြုံးပြလိုက်ပြန်သည်။ “လူတစ်ယောက်ကို သေစေချင်တဲ့သူအတွက် နောက်ဆုံး တော့ သူလည်းသေဆုံးရမှာပါပဲ။”
လင်းလင်း-“ဒါပေမဲ့ တစ်စုံတစ်ယောက်သေသွားတဲ့အခါမှာ လူတွေအားလုံးက ဝမ်းနည်းကြရပြီး လူ တချို့သေသွားကြရင်တော့ လူအများအတွက် စိတ်ချမ်းသာစေမှာပါ။”
သူမသည် ကြမ်းပြင်ကိုစိုက်ကြည့်နေလိုက်ပြီး- “ရှင်သာသေသွားခဲ့မယ်ဆိုရင် ကျမတော့ ငိုကြွေး မိမှာပဲ။”
လီဆွန်းဟွာက ပြုံးရယ်နေလျက်ပင် ပြောဆိုလိုက်သည်။ “ကျုပ်တို့က မိတ်ဆွေတွေ ဖြစ်နေကြပြီ လေ။ အနဲဆုံးတော့ ကျုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် သိနေခဲ့ကြတာ ရက်အတော်လေးကြာခဲ့ ပြီမဟုတ်လား။”
လင်းလင်းက သူမ၏ခေါင်းကို ခါရမ်းပြလိုက်ပြီး- “ဘာမှအဓိပ္ပါယ်မရှိဘူး။ ဆရာကော့ကိုဆိုရင် ကျမ သိနေခဲ့တာ ရှင့်အရင်ကပဲ။ သူသေသွားရင် ကျမငိုမိမှာ မဟုတ်ဘူး။”
သူမကပြုံးပြလိုက်ပြီး ဆက်ပြောဆိုလိုက်ပြန်သည်။ “ဘာကြောင့်လည်းဆိုတော့ ကျမသေသွားရင်လည်း သူ့ဘက်က မျက်ရည်တစ်စက်မှ ကျမှာမဟုတ်ဘူး။”
လီဆွန်းဟွာ-“သူ့ကို အသည်းနှလုံးကင်းမယ့်သူတစ်ယောက်လို့များ မင်းထင်နေလား။”
လင်းလင်း-“မဟုတ်ရပါဘူးရှင်။ တချို့လူတွေက အပြင်ပန်းက ကြည့်ရင်တော့ အေးစက်စက်လို့ ထင်ရပေမယ့် တကယ့်အတွင်းစိတ်ကတော့ နူးညံ့သိမ်မွေ့နေတတ်ပါတယ်။ သူ့ကိုယ်သူသာ ကြိတ်ပြီးခံ စားနေသူတစ်ယောက်အတွက်ဆိုရင် သူ့ရဲ့ခံစားချက်တွေက ပိုပြီးတော့ စစ်မှန်နေတတ်ပါသေးတယ်။”
လီဆွန်းဟွာက စဉ်းစားနေလိုက်သည်မှာ အလွန်လေးနက်နေပြီး အတွေးထဲနစ်မြောနေသော ကြောင့် ကော့စွန်းယန်တစ်ယောက် တံခါးဝတွင် ရောက်လာသည်ကို သတိမထားမိလိုက်ချေ။ ကော့စွန်း ယန်သည် သူ၏ခံစားချက်များကို ပြသသူတစ်ယောက် လုံးဝမဟုတ်ချေ။
ထိုနေရာ၌ပင် ငြိမ်သက်စွာရပ်နေပြီး မည်သည့်အမူအရာမျှ မပြသခဲ့ချေ။
+++++
ယနေ့နေထွက်သည်မှာ စောလွန်းလှသည်။
လီဆွန်းဟွာ အိပ်ယာထလာခဲ့သည်မှာ ပို၍ပင် စောနေသေး၏။ ညက သူကောင်းကောင်း မအိပ် ခဲ့ရချေ။
နေမထွက်ခင်မှာပင် ရေမိုးချိုးပြီးဖြစ်နေပြီး မြို့လေးမှ သူကိုယ်တိုင်ဝယ်ယူလာခဲ့သော အင်္ကျီအဝတ် အစားသစ်များကို ဝတ်ဆင်လိုက်၏။
သူ့ခန္ဓာကိုယ်သည် မပိန်လွန်း မဝလွန်း ပုံမှန်အတိုင်းပင်ဖြစ်၍ ဝတ်ရုံမှာ ကိုယ်တိုင်းယူပြီး ချုပ်လုပ် ထားခြင်းမဟုတ်သော်လည်း သူနှင့် အံကိုက်ပင်။
ယခုတော့... ရောင်ခြည်များ ဖြာလင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်များ ပြည့်ဝနေသလို ခံစားနေရလေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် ထူးခြားသောနေ့တစ်နေ့ ဖြစ်လေသည်။
ညအချိန်ရောက်လာခဲ့သော် သူ သေဆုံးပြီး ဖြစ်နေနိုင်လောက်၏။ ဘဝတစ်လျှောက်လုံး သန့်ရှင်း စွာနေထိုင်လာခဲ့သောကြောင့် သေဆုံးသည့်အခါတွင်လည်း သန့်သန့်ရှင်းရှင်းပင် သေဆုံးချင်သည်။
ယနေ့တိုက်ပွဲအတွက် သူ့ဘက်မှ နိုင်ချေမှာ အလွန်ပင်နဲပါးလှ၏။ သူသေဆုံးကောင်း သေဆုံး သွားနိုင်လေသည်။ သို့သော် အခွင့်အရေးလေးတစ်ခုရှိနေသရွေ့ ထိုအခွင့်အရေးကို သူလက်လွှတ်ခံမည်
မဟုတ်ပါ။
သူသေဆုံးရမည်ကို မကြောက်ပါ။ သို့သော် ညစ်ညစ်ပတ်ပတ်နှင့် သေဆုံးရမည်ကိုတော့ သူမလို လား။
ဆံပင်များကို အစိမ်းရောင် ခေါင်းစီးကြိုးလေးနှင့် ချည်နှောင်လိုက်ပြီး မုတ်ဆိတ်ရိတ်ရန် ဟန်ပြင် လိုက်သည်။
ရုတ်တရက်ပင် စကားသံတစ်ခု ထွက်ပေါ်လာ၏။ “ချိန်းတွေ့ရမယ့်နေရာကို ရှင်က ဆံပင်ရှုပ်ရှုပ်ပွပွ ကြီးနဲ့ သွားတော့မယ်ပေါ့လေ။ လာ... ကျမ ခေါင်းဖြီးပေးမယ်။”
လင်းလင်း ဘယ်အချိန်ကများ အခန်းထဲသို့ ဝင်ရောက်လာခဲ့မှန်း သူမရိပ်မိလိုက်ချေ။ သူမ၏ မျက် လုံးများက နီရဲနေကြပြီး မနေ့ညက ကောင်းကောင်း အိပ်ခဲ့ရပုံမပေါ်။ တိတ်တိတ်လေးများ ငိုကြွေးနေခဲ့ သည်လား...
လီဆွန်းဟွာက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
ရုတ်တရက်ပင် အတိတ်မှအရိပ်များ သူ့အတွေးထဲသို့ အစီအရီပေါ်လာကြ၏။
ထိုနေ့သည် ၁၀နှစ်ကျော်ခဲ့လေပြီ။ ရာသီဥတုကလည်း ယနေ့အတိုင်းပင်။ ဂန္ဓမာပန်းများက ပြတင်း ပေါက်ဘေးတွင် ဖူးပွင့်နေကြ၏။ သူ့အခန်းထဲတွင်သူ ထိုင်နေပြီး တစ်စုံတစ်ယောက်က သူ့ကို ခေါင်းဖြီးပေး နေခဲ့သည်။
ယခုချိန်ထိပင် ထိုနူးညံ့သော လက်တစ်စုံကို သူအမှတ်ရမိနေသေး၏။
ထိုနေ့က သူ အဝေးတစ်နေရာသို့ ခရီးထွက်ခွာသွားခါနီးဖြစ်ပြီး သူမက ခေါင်းဖြီးပေးနေခြင်းလဲ ဖြစ်၏။
ဖြည်းညှင်းစွာ ခေါင်းဖြီးပေးနေပြီး ထိုခရီးကိုမသွားရန် သူမ တားဆီးချင်နေမိ၏။ အနည်းဆုံးတော့ ဤ အချိန်ခဏလေးကိုပေါ့။ ခေါင်းဖြီးပြီးသွားသည့်အချိန်၌ သူ့ခေါင်းပေါ်သို့ မျက်ရည်စက်များ ကျဆင်းလာ ခဲ့တော့သည်။
ထိုခရီးတွင် သူ့အတွက် အင်အားကြီးမားသော ရန်သူများနှင့် ဆုံတွေ့ခဲ့ပြီး ရန်သူ့ထောင်ချောက် ထဲသို့ ကျရောက်ခဲ့ရကာ အသက်ဆုံးရှုံးရမလိုပင် ဖြစ်ခဲ့ရသည်။ ထိုအချိန်မှာပင် လောင်ရှောင်း၄ယွန်က သူ့ကို ကယ်တင်ခဲ့လေသည်။ ထိုအဖြစ်အပျက်များကို သူ မမေ့နိုင်ပါ။
သို့သော် သူမေ့နေခဲ့သောအချက်မှာ လောင်ရှောင်း၄ယွန်က သူ့အသက်ကို တစ်ခါသာ ကယ်တင် ခဲ့ဖူးသော်လည်း သူ့ဘဝတစ်ခုလုံးကို ချေမွဖျက်ဆီးခဲ့ခြင်းကိုတည်း။
လီဆွန်းဟွာက သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ခါးသီးစွာ တွေးတောမိလိုက်လေသည်။ “အဲ့ဒီခရီးကနေ ငါပြန်လာနိုင်ခဲ့ပါတယ်။ ကနေ့ကော ငါပြန်လာနိုင်ပါ့မလား။ အဲ့ဒီနေ့ကတည်းက ငါပြန်မလာနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။”
ထိုအကြောင်းအရာများကို သူမစဉ်းစားချင်ပါ။ သူ့မျက်လုံးများကိုပြန်ဖွင့်လိုက်သောအခါ သူ့ခေါင်း ကို ဖြီးသင်ပေးနေသော နူးညံ့သည့် လက်ကလေးတစ်စုံအား ခံစားသိရှိမိလိုက်လေသည်။
သူလှည့်ကြည့်လိုက်သောအခါ လင်းလင်း၏မျက်ဝန်းများမှ မျက်ရည်များကျဆင်းနေသည်ကို တွေ့ ရှိလိုက်ပြီး မျက်ရည်စက်များက သူ့ဆံပင်များပေါ်သို့ ကျဆင်းနေသည်ကို ခံစားမိလိုက်လေသည်။
နူးညံ့သောလက်ကလေးတစ်စုံ... တူညီသော မျက်ရည်စက်များ...
လီဆွန်းဟွာသည် ထိုနေ့ကို ရုတ်ချည်းပင် ပြန်သတိရမိလိုက်ပြီး သူမ၏လက်လေးကို ဆုပ်ကိုင် လိုက်ကာ နူးညံ့စွာမေးမြန်းလိုက်၏။ “မင်းငိုနေတယ်...”
လင်းလင်း၏မျက်နှာ၌ ရှက်သွေးဖြာသွားခဲ့ရပြီး သူ့အကြည့်များမှ လွှဲဖယ်လိုက်တော့သည်။ သူမ ၏နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်ပြီး- “ရှင့်ရဲ့ချိန်းဆိုမှုက ဒီနေ့မဟုတ်လား။ ဒါကြောင့်မို့လို့ ရှင် အဝတ်အစားသစ်တွေ ဝတ်ထားတာမဟုတ်လား။”
လီဆွန်းဟွာက ဘာမှ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။ ဤလက်ကလေးတစ်စုံသည် ဟိုအရင်နှစ်များ က သူ့ကို ထိတွေ့ခဲ့သော နူးညံ့သည့် လက်ကလေးတစ်စုံမဟုတ်ကြောင်း သူသိရှိသွား၏။ အတိတ်ဆို သောအရာသည် ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။
လင်းလင်း-“ရှင်က ရှင့်ရဲ့ချောမောလှပတဲ့ မိန်းမတစ်ယောက်နဲ့ သွားတွေ့မှာဆိုတော့ ကျမ ဝမ်း နည်းနေမိတာပေါ့။”
သူမ၏လက်ကလေးကို လွှတ်ပေးလိုက်ပြီး လီဆွန်းဟွာက ပြုံးပြလိုက်သည်။ “မင်း ကလေးသာ သာပဲ ရှိပါသေးတယ်ကွာ။ ဝမ်းနည်းကြေကွဲမှုဆိုတာကို နားမလည်သေးပါဘူး။”
လင်းလင်း-“အရင်တုန်းက ကျမ မသိခဲ့ပေမယ့် ခုတော့ သိသွားပြီ။ မနေ့က မသိခဲ့ရသေးပေမယ့် ဒီနေ့ တော့ ကျမ သိသွားပါပြီရှင်။”
လီဆွန်းဟွာက ပြုံးပြီးမေးမြန်းလိုက်၏။ “မင်းကိုယ်မင်း တစ်ရက်တည်းနဲ့ အရွယ်ရောက်လာပြီလို့ ထင်နေတာလား။”
လင်းလင်း-“ဟုတ်တာပေါ့။ တချို့လူတွေရဲ့ ဆံပင်တွေတောင် ခဏလေးအတွင်းမှာ ဖြူဖွေးသွားခဲ့ ရသေးတာပဲ။ ရှင်မကြားဖူးဘူးလား။”
လီဆွန်းဟွာ-“အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘဝမှာ စိတ်မချမ်းမသာဖြစ်စရာတွေ သိပ် များနေခဲ့လို့ပါ။ မင်းကျတော့ကော...”
လင်းလင်းက သူမ၏ခေါင်းလေးကို ငုံ့ထားလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ရှင့်ကြောင့်မို့လို့ပေါ့။ ရှင် ဒီနေ့ ထွက်သွားပြီးရင် နောက်ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပါဘူးလေ။”
လီဆွန်းဟွာက အတန်ကြာမျှစဉ်းစားလိုက်ပြီး သက်ပြင်းချလိုက်ကာ- “ကျုပ်ဘယ်သူနဲ့သွားတွေ့ မယ်ဆိုတာ မင်းသိပြီးနေလောက်ပါပြီ။”
လင်းလင်းက ခေါင်းကို ဖြေးညင်းစွာ ညိတ်ပြလိုက်ပြီး သူ့ခေါင်းမှ ဆံပင်များကို ထိုအစိမ်းရောင် ကြိုးလေးဖြင့် စည်းနှောင်ပေးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ရှင်သွားမယ်ဆိုတာ ကျမသိပါတယ်။ ရှင့်ကို ကျမ ထိန်းမထားနိုင်ဘူးဆိုတာလည်း သိနေပါတယ်။”
လီဆွန်းဟွာက နူးညံ့စွာပြောဆိုလိုက်သည်။ “မင်း ကျုပ်အသက်အရွယ်ရောက်လာရင် သိလာပါ လိမ့်မယ်။ တချို့အရာတွေအတွက် မင်းမှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။”
အချိန်အတော်ကြာကြီး သူ တိတ်ဆိတ်သွားခဲ့ရပြီး သူ့မျက်နှာတွင် နောင်တရသော အသွင်များ ပေါ်ပေါက်လာခဲ့ကာ ပြောဆိုလိုက်သည်။ “ကျုပ် သူ့အတွက် ရှင်သန်နေခဲ့တာ မဟုတ်ပါဘူး။ သူ့အ တွက်လည်း ဘာမှ မည်မည်ရရမလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျုပ်...”
သူ လျင်မြန်စွာပင် ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။ “နောက်ကျနေပြီ။ ကျုပ်သွားတော့မယ်။”
သူ၏စကားပင် မဆုံးလိုက်သေး ကော့စွန်းယန်၏အသံကို ကြားလိုက်ရလေသည်။ ကော့စွန်းယန် က အခန်းတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့ပြီး ကျယ်လောင်စွာဖြင့် တားမြစ်လိုက်၏။ “ကျုပ် ရောက်လာတဲ့အချိန်ကျမှ ခင်ဗျားက ဘယ်ကို ထွက်သွားဦးမှာလဲ။”
သူ့လက်ထဲ၌ အရက်အိုးတစ်လုံး ကိုင်ထားလေသည်။ သူ့ကိုယ်မှလည်း အရက်နံ့များ ထောင်းထနေ ၏။ သူအခန်းတွင်းသို့ မရောက်လာမီကပင် အရက်နံ့များကို ရရှိနိုင်လေသည်။
လီဆွန်းဟွာ-“ကြည့်ရတာ ခင်ဗျား မနေ့ညကတည်းက တစ်ယောက်တည်း အရက်သောက်နေခဲ့ ပုံရတယ်။ ကျုပ်ကို ဘာဖြစ်လို့များ လာမခေါ်ခဲ့တာလဲဗျာ။”
ကော့စွန်းယန်က သဘောကျစွာ ရယ်မောလိုက်ပြီး- “တစ်ခါတရံမှာ စုံတွဲအရက်သောက်တာပဲ ကောင်းတယ်။ လူပိုတစ်ယောက်ပါနေရင် ပျော်စရာ မကောင်းတော့ဘူး။”
သူသည် အသံကို နှိမ့်ချလိုက်ပြီး လီဆွန်းဟွာ၏ ပခုံးပေါ်သို့ လက်တင်ထားလိုက်ကာ- “ကျုပ် စိတ်ညစ်လာရင် ဘာလုပ်တတ်လဲဆိုတာ ခင်ဗျားသိပါတယ်။”
လီဆွန်းဟွာက လျှို့ဝှက်စွာ ပြုံးပြလိုက်ပြီး- “အော်... ခင်ဗျားက အဲ့ဒီကို ရောက်သွားခဲ့တာကိုး။”
ထိုစကားကို သူပြောနေစဉ်မှာပင် ကော့စွန်းယန်၏ လက်ချောင်းများက သူ့ခန္ဓာကိုယ်မှ သွေး ကြော ၇ နေရာကို လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် ထိုးပိတ်လိုက်လေတော့သည်။
လီဆွန်းဟွာ လဲကျသွားခဲ့ရ၏။
လင်းလင်းက လျင်မြန်စွာ ပြေးဝင်လာပြီး သူ့ကို ပွေ့ဖက်ထားလိုက်ကာ အော်ဟစ်ပြောဆိုလိုက် လေသည်။ “ရှင်ဘယ်လိုလုပ်လိုက်တာလဲ။”
ထိုအချိန်၌ ကော့စွန်းယန်၏ အမူအရာများက အမူးပြေသွားခဲ့ပေပြီ။ သူ၏မျက်မှာက အေးစက် စက် ပင်ကိုယ်အမူအရာများသို့ ပြန်၍ရောက်လာခဲ့၏။ “သူသတိရလာရင် ပြောလိုက်ပါ။ စန့်ကွမ်း ကျင်းဟုန်လိုလူစားမျိုးနဲ့ တိုက်ခိုက်ခွင့်ရဖို့ဆိုတာ သိပ်ပြီးကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီအခွင့်အရေး ကို ကျုပ် လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး။”
လင်းလင်း-“ရှင်... ရှင် သူနဲ့အတူတူ လိုက်သွားမလို့လား။”
ကော့စွန်းယန်-“သူ ကျုပ်ကို လိုက်ခွင့်ပေးမှာမဟုတ်သလို ကျုပ်ကလည်း သူ့ကို ခေါ်မသွားချင်ပါ ဘူး။”
လင်းလင်း၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့ပြီး- “သူပြောခဲ့တာမှန်တယ်။ ရှင်ဟာ စိတ် ထားကောင်းတဲ့လူတစ်ယောက်ပါ။”
ကော့စွန်းယန်-“လူ့ဘဝရဲ့ သေရေးရှင်ရေး ကိစ္စမှာ ကျုပ်အတွက် ငိုကြွေးမယ့်လူတစ်ယောက်ရှိနေတာ ကျုပ်မလိုလားဘူး။ မိန်းမတစ်ယောက်ရဲ့မျက်ရည်ကျတာကို မြင်နေရတာ ကျုပ်အတွက် အော့နှလုံးနာ စရာကောင်းတယ်။ မင်းမျက်ရည်တွေကို တခြားလူတစ်ယောက်အတွက် သိမ်းထားလိုက်...”
ထိုနေရာမှ သူလျင်မြန်စွာပင် ထွက်ခွာသွားလေတော့သည်။
လီဆွန်းဟွာသည် မလှုပ်မရှားနိုင်၊ စကားမပြောနိုင်ဖြစ်နေရသော်လည်း သူ့ပတ်ဝန်းကျင်ရှိအရာများ ကို ထိတွေ့ခံစားနိုင်သေးလေသည်။ အချို့သော ရင်းနှီးခင်မင်မှုများက ရှင်းပြရန် လွန်စွာမှပင် ခက်ခဲ ကြောင်း သူခံစားလိုက်ရလေသည်။
လူများစွာအတွက် သူ့ဆောင်ရွက်ချက်များက များပြားလှသည်။ တချို့လူများက မသိချင်ယောင် ဆောင်နေကြ၏။ အချို့က မေ့ပျောက်သွားခဲ့ကြပြီး အချို့ဆိုလျှင် သစ္စာပင် ဖောက်သွားခဲ့ကြသေးသည်။
သို့သော် ကော့စွန်းယန်အတွက် သူဘာမှ ဆောင်ရွက်မပေးခဲ့ပါ။ ကော့စွန်းယန်ကတော့ သူ့အ တွက်ပင် အသက်စတေးခံဖို့ ထွက်သွားခဲ့လေပြီ။
ဤသည်မှာ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်၏။
ဤမိတ်ဆွေဖြစ်မှုကို ဝယ်ယူ၍မရပါ။ လဲလှယ်၍ မရပါ။ ထိုမိတ်ဆွေကောင်းစိတ်ထားကြောင့်ပင် လူသားများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်နေကြသည် မဟုတ်ပါလား။
ပြတင်းပေါက်မှ အလင်းရောင်များက တဖြည်းဖြည်း ဖျော့လာသည်။
လင်းလင်းသည် အဝင်တံခါးမကြီးကို သော့ခတ်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်၏။ ပြီးနောက် လီဆွန်းဟွာဘေးနားတွင် လာရောက်ထိုင်နေလိုက်ပြီး သူ့ကို တစိမ့်စိမ့် စိုက်ကြည့်နေ၏။
အချိန်ဘယ်လောက်ရှိပြီလဲ...
ကော့စွန်းယန်တစ်ယောက် စန့်ကွမ်းကျင်းဟုန်၊ ကျင်းဝူမင်းတို့နှင့် တိုက်ခိုက်နေပြီလား...
သူကတော့ အသက်လုပြီး တိုက်ခိုက်နေချိန်မှာ ငါကတော့ ဒီနေရာမှာ ဘာမှမလုပ်နိုင်ဘဲ လဲကျနေ ရပါလား...
ထိုအကြောင်းအရာများကို စဉ်းစားမိလိုက်သည်နှင့် တပြိုင်နက် လီဆွန်းဟွာ၏ ရင်ဘတ်တစ်ခုလုံး ပေါက် ကွဲလုမတတ်ပင် ခံစားလိုက်ရ၏။
ရုတ်တရက်ပင် အပြင်ဘက်မှ ခြေသံများကို သူကြားလိုက်ရ၏။
ပြီးနောက် ဆက်တိုက်ပင် တံခါးခေါက်သံများ ကြားလိုက်ရပြန်သည်။
လင်းလင်း၏ စိတ်များ လေးလံသွားခဲ့ရလေသည်။
ကော့စွန်းယန် သေဆုံးသွားခဲ့ပြီလား... လီဆွန်းဟွာကို သူတို့ လာရှာကြတာများလား...
‘ဒုန်း... ဒုန်း... ဒုန်း...’
ဤတစ်ကြိမ်တွင်တော့ တံခါးခေါက်သံက ပို၍ကျယ်လောင်လာ၏။
လင်းလင်းတစ်ယောက် ချွေးအေးများ ပျံလာခဲ့ရပြီး လီဆွန်းဟွာကို လျင်မြန်စွာပင် မ’ယူလိုက်ကာ အခန်းတစ်ဝိုက် မည်သည့်နေရာတွင် ဝှက်ထားနိုင်မည်နည်းဟု လိုက်လံရှာဖွေနေ၏။
တံခါးခေါက်သံက တစ်ခါထက်တစ်ခါ ပို၍ပင် ကျယ်လောင်လာခဲ့၏။ သူမသာ အပြင်ဘက် ထွက်မ တွေ့ဆုံပါက ထိုသူများ အခန်းတွင်းသို့ ချိုးဖျက်ဝင်ရောက်လာကြပေလိမ့်မည်။
နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ထားလိုက်ပြီး လင်းလင်းအော်ပြောလိုက်သည်။ “လာပြီ... ဘာလော နေကြတာလဲ။ ကျမ အင်္ကျီဝတ်ပြီးသည်ထိတော့ စောင့်ကြဦးမှပေါ့။”
စကားပြောဆိုနေစဉ်မှာပင် အဝတ်ထားသည့် အခန်းကန့်လေးကို စောင့်ကန်လိုက်ပြီး လီဆွန်း ဟွာကို အဝတ်ပုံများကြားတွင် ဝှက်ထားလိုက်သည်။
ပုန်းခိုနေရသည်ကို မလိုလားသော်လည်း လီဆွန်းဟွာအတွက် အခြားရွေးချယ်စရာ မရှိတော့ချေ။
ကြေးမုံပြင်ရှေ့တွင် လင်းလင်း ရပ်လိုက်ကာ သူမ၏ ဆံပင်များကို ဖြီးသင်လိုက်ပြီး နဖူးပြင်ပေါ်မှ ချွေးစက်များကို သုတ်လိုက်၏။
ပြီးနောက် အဝတ်ထားသည့် အခန်းကန့်လေးကို လျင်မြန်စွာ ပိတ်ပြီး သော့ခတ်လိုက်၏။
သူမကိုယ်သူမ ပြောဆိုလိုက်လေသည်။ “ကိုယ့်ဟာကိုယ် နေ့ခင်းဘက်လေး တစ်ရေးလောက်အိပ် မလားလို့ ကြံခါရှိသေးတယ်။ တံခါးလာခေါက်နေကြပြန်ပြီ။ ငါ့နှယ်... ကံဆိုးလိုက်တာနော်။”
ပြီးနောက် တံခါးပွင့်သံကို လီဆွန်းဟွာ ကြားလိုက်ရလေသည်။
တံခါးပွင့်သွားသည်နှင့်တပြိုင်နက် အသံအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။ လင်း လင်းတစ်ယောက် အလွန်ပင် တုန်လှုပ်သွားပုံရသည်။ အပြင်ဘက်မှလူနှစ်ယောက်ကို သူမ တစ်ခါမှ တွေ့ မြင်ဖူးပုံမရ။
စန့်ကွမ်းကျင်းဟုန်နှင့် ကျင်းဝူမင်းတို့ မဟုတ်နိုင်ကြချေ။
ဧည့်သည်များက စကားပြောဆိုကြခြင်း မရှိကြချေ။ လင်းလင်း၏ မေးမြန်းလိုက်သံကို သူကြား လိုက်၏။ “ရှင်တို့ဘယ်သူ့ကိုများ လာရှာကြတာလဲ။ ဘာလဲ... ဒီမှာလာအိပ်ချင်ကြလို့လား။”
ဧည့်သည်များထံမှ ပြန်ဖြေဆိုသံ မကြားရသေးပါ။
‘ဗုန်း...’ဆိုသောအသံတစ်ခုထွက်ပေါ်လာ၏။ လင်းလင်းကို ဆောင့်တွန်းလိုက်ခြင်းကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် တံခါးဘောင်တို့ တိုက်သွားမိသံဖြစ်နိုင်သည်။ ထို့နောက် အခန်းတွင်းသို့ဝင်ရောက်လာ သော ခြေသံနှစ်စုံကို ကြားလိုက်ရလေတော့သည်။
0 comments:
Post a Comment