သို့သော် လီဆွန်းဟွာအတွက်မူ ငြိမ့်ငြိမ့်လေးခံစားနေရလေသည်။
သူ့ရင်ထဲတွင်တော့ ပြုံးနေလေ၏။
ဤအိမ်လေးသို့ သူ ပထမဆုံးအကြိမ်ရောက်လာစဉ်က လင်းလင်းက သူ့အား လူဆိုးသူခိုးတစ်ယောက်အဖြစ်ထင်မှတ်ထားခဲ့သည်ကို ပြန်၍သတိရနေမိ၏။ ထိုမိန်းမငယ်လေးသည် မည်သည့်အရာမျှ မည်မည်ရရ သင်ယူခဲ့ပုံမရသော်လည်း လိမ်ညာတတ်သည့် ပညာရပ်များကိုမူ လင်ရှန်းအာထံမှ အပြည့်အ ဝပင် ဆက်ခံထားပုံရသည်။
သို့သော် နောက်ထပ်ဝင်ရောက်လာသူနှစ်ယောက်က ထိုအချက်ကို ဂရုစိုက်ပုံပင်မရ။ အပြင်ဘက် ရှိ အခန်း ၂ ခန်းသို့သွားရောက်အကဲခတ် ရှာဖွေကြည့်ရှုနေကြလေသည်။ ပြီးနောက် လီဆွန်းဟွာရှိရာ အခန်းသို့ ဝင်ရောက်လာကြလေတော့သည်။
လင်းလင်းက သူတို့ဝင်လမ်းကိုပိတ်ဆို့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။ “ဒါ ကျမ သခင်မလေးရဲ့ အခန်း... ရှင်တို့ဘာဝင်လုပ်ကြမလို့လဲ။”
“ကျုပ်တို့က မင်းရဲ့ သခင်မလေးနဲ့တွေ့ဖို့ လာခဲ့ကြတာပါ။”
ထိုအသံသည် အလွန်နူးညံ့ပြီး ကြားရသူအပေါင်း စိတ်နှလုံး ချမ်းမြေ့လောက်စရာ ချိုသာလှလေ သည်။
အမျိုးသမီးတစ်ယောက်၏အသံပင်...
လီဆွန်းဟွာတစ်ယောက် အံ့အားသင့်သွားခဲ့ရ၏။
လင်းလင်း-“ဒါဆိုရင် ရှင်တို့က သခင်မလေးကို သိကြလို့လား။”
ထိုအမျိုးသမီး-“သိပ်သိတာပေါ့၊ ကျုပ်တို့က သူ့မိတ်ဆွေတွေပဲ။”
လင်းလင်း-“ဒါဆိုရင်လည်း စောစောက ပြောရောပေါ့။ ကျမက လူဆိုးတွေလို့ထင်နေတာ။”
ထိုမိန်းမက ခနဲ့တဲ့တဲ့လေသံဖြင့်- “ကျုပ်တို့က အဲ့ဒီလိုရုပ်မျိုးပေါက်နေလို့လား။”
လင်းလင်း-“ရှင်တို့တွေတော့ ကျမ မသိဘူး။ ကနေ့လူဆိုးတွေက ဟိုအရင်က လူဆိုးတွေနဲ့မတူ တော့ဘူး။ တချို့တွေဆိုရင် သိပ်ပြီးယဉ်ကျေးသိမ်မွေ့ကြတာ။ တချို့ဆိုရင် ရှင်တို့ထက်တောင် ပိုပြီး ကြည့်ကောင်းသေးတယ်။ ရုပ်ရည်သွင်ပြင်ကြည့်ပြီး ဘယ်သူမှမပြောနိုင်ကြတော့ဘူး။”
ထိုမိန်းမမှ ဘာမျှပြန်မပြောရသေးခင် တခြားအမျိုးသမီးတစ်ယောက်က မေးမြန်းလိုက်သံ ထွက်ပေါ် လာ၏။ “မင်းရဲ့သခင်မလေးဘယ်မှာလဲ။ သူ့ကိုသွားခေါ်ပေးလို့ရမလား။”
ထိုအသံသည် တိုးညှင်းပြီး ရှတတရှိသော်လည်း ကြားရသူတိုင်းကို စွဲဆောင်မှုရှိလေသည်။ ထိုအသံ ကို လီဆွန်းဟွာ ကြားဖူးသလိုရှိသော်လည်း ယခုအချိန်တွင် ပြန်အစဖော်၍မရသေးချေ။
လင်းလင်း-“စိတ်မကောင်းပါဘူးရှင်။ သခင်မလေးထွက်သွားခဲ့တာ ၄-၅ရက်လောက်ရှိပါပြီ။ အိမ် ကိုစောင့်ရှောက်ဖို့ ကျမကို ချန်ထားခဲ့တာပါ။ ရှင်တို့ ဘာများ မှာကြားထားခဲ့ချင်ပါလဲရှင်။”
ထိုအမျိုးသမီး-“သူဘယ်တော့ ပြန်လာမှာလဲ။”
လင်းလင်း-“ကျမလည်း မပြောတတ်ဘူး။ သခင်မလေးက မပြောပြရင် ကျမလည်း မမေးရဲဘူးရှင့်။”
တခြားမိန်းမတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောဆိုလိုက်သည်။ “သိပ်ကို အထာကျနေပါလား။ သူဒီမှာနေ့တိုင်း ရှိနေခဲ့တာပဲ၊ ကျုပ်တို့လာတဲ့အချိန်မှ အပြင်ထွက်သွား ခဲ့ရတယ်လို့။ ကျုပ်တို့ကိုများ ပုန်းနေတာလားမသိဘူး။”
ထိုစကားအရ ထိုသူများ ဤနေရာသို့လာခြင်းမှာ ကောင်းသောလာခြင်းမဟုတ်မှန်း ပြသလိုက် လေတော့သည်။
လင်းလင်းက အပြုံးမပျက်ပင်- “ရှင်တို့နှစ်ယောက်က သခင်မလေးရဲ့မိတ်ဆွေတွေဆိုရင် သူက တွေ့ချင်မှာပါ။ ဘာဖြစ်လို့ ပုန်းအောင်းနေရမှာလဲရှင်။”
ထိုအမျိုးသမီး-“တခြားလူတွေတော့ လက်ခံတွေ့တယ်။ သူ့မိတ်ဆွေတွေကိုတော့ ပစ်ထားတယ်။ နည်းနည်းလေးများ ထူးဆန်းမနေဘူးလား။”
ဒုတိယမိန်းမက အေးစက်စွာပြောဆိုလိုက်သည်။ “သူ့မိတ်ဆွေတွေအပေါ်မှာ ရက်ရက်စက်စက် ဆက်ဆံခဲ့လို့လည်းဖြစ်နိုင်တာပဲ။”
လင်းလင်းက ပြုံးနေလျက်ပင်- “ရှင်တို့နှစ်ယောက်က ထူးဆန်းတဲ့စကားတွေ ပြောတတ်ကြသား ပဲ။ ဒီနေရာလေးဟာ သေးသေးလေးပါ။ သူပုန်းအောင်းနေတယ်ဆိုရင်တောင်မှ ပုန်းစရာနေရာ သိပ်မရှိ လှပါဘူးရှင်။”
ပထမမိန်းမ-“ဟုတ်ရဲ့လား။ ကျုပ်က ဒီနေရာမှာ သူစိမ်းတစ်ယောက်ဆိုပေမယ့် ပုန်းစရာ လျှို့ဝှက်ခန်း တစ်ခုလောက်တော့ ရှာနိုင်ပါသေးတယ်။”
လင်းလင်း-“အိုး... ဟိုဘက်မှရှိတဲ့ အဝတ်အစားထားခန်းလေးမှာ ရှင်ပုန်းမယ်ဆို ပုန်းနေနိုင်ပါ တယ်။”
သူမက ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။ “တစ်ယောက်ယောက်က အဲ့ဒီထဲမှာ ပုန်းနေလို့ ကတော့ အသက်ရှုကြပ်ပြီး သေသွားနိုင်တယ်နော်။”
ထိုမိန်းမကလည်း လိုက်၍ရယ်မောလိုက်ပြီး- “မင်းပြောတာမှန်တယ်။ မင်းရဲ့သခင်မလေးက အမြဲ တမ်း ဇိမ်ကျကျနေလာသူတစ်ယောက်... အဲ့ဒီအဝတ်အစားထားခန်းထဲမှာ ဘယ်တော့မှ ငြိမ်ကုပ်နေမှာ မဟုတ်ဘူး...”
ထို့နောက် အမျိုးသမီးနှစ်ယောက်လုံးက ကောက်ကျစ်စွာ ရယ်မောလိုက်ကြပြန်သည်။
အတန်ငယ်ကြာသောအခါ ထိုမိန်းမက တဖန် စူးစမ်းစပ်စုလိုက်ပြန်သည်။ “အဲ့ဒီထဲမှာ မင်းရဲ့ သခင်မလေး ရှိမနေဘူးဆိုရင် ရှိနေတာ ဘယ်သူလဲ။”
လင်းလင်း-“အထဲမှာလူရှိနေတယ်... ဟုတ်လား။ ကျမတောင်မှ မသိခဲ့ရပါလား။”
ထိုမိန်းမ-“အထဲမှာ လူတစ်ယောက်မှ ရှိမနေဘူးဆိုရင် မင်းက ဘာဖြစ်လို့သွားလမ်းကို ပိတ်ထား ရတာလဲ။ ဘာလဲ... မင်းသခင်မလေးရဲ့ ဝတ်ကောင်းစားလှတွေ ကျုပ်တို့မြင်သွားမှာ စိုးရိမ်နေလို့ လား။”
လင်းလင်း-“ရှင်တို့ပြောနေတာတွေ ကျမ တစ်ခုမှ နားမလည်ပါလား။ လမ်းလည်းပိတ်မထားပါဘူး။”
ထိုမိန်းမ-“ဒီမှာ ညီမငယ်လေး။ မင်းက စကားသိပ်တတ်ပေမယ့် သိပ်ကိုငယ်ရွယ်နေသေးတယ်။ ကျုပ်တို့လို မြေခွေးအိုမကြီးတွေကိုတော့ လာလှိမ့်ဖို့မကြိုးစားပါနဲ့။”
သူများအဝတ်အစားထားသည့် အခန်းကန့်လေးထဲတွင် ပုန်းအောင်းနေရသူတစ်ယောက်အဖို့ အထင်ကြီးစရာ တစ်ကွက်မှမရှိပါ။ အပြင်ဘက်မှ အမျိုးသမီးနှစ်ယောက်ကို မည်ကဲ့သို့ မျက်နှာပြရမည် မှန်း သူမစဉ်းစားတတ်တော့ပါ။
သူတို့မည်သူမှန်းလည်း သူ မသိပါ။
ပထမအမျိုးသမီး၏စကားသံမှာ ချိုသာပြီး ညင်သာသော်လည်း ခပ်စူးစူးရှိသောကြောင့် သူမသည် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသူတစ်ယောက်ဖြစ်မှန်း သူရိပ်မိလိုက်၏။
နောက်အမျိုးသမီးတစ်ယောက်က စကားများများမပြောဆိုသော်လည်း ပြောလိုက်သည့်စကားတိုင်း သည် ပြသနာရှာရန်အတွက်ချည်းဖြစ်နေ၏။ လင်ရှန်းအာနှင့် ရန်ငြိုးကြီးမားစွာ ရှိနေသူတစ်ယောက် ဖြစ်နိုင်သည်။
သူတို့နှစ်ယောက်၏ သိုင်းပညာများသည် လင်ရှန်းအာနှင့် တန်းတူအဆင့်ရှိကြလေသည်။
လင်းလင်း၏ တံခါးဆွဲဖွင့်သံကို ကြားလိုက်ရပြီး တံခါးလေးပွင့်သွားလေတော့သည်။
လီဆွန်းဟွာက သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။ ထိုအမျိုးသမီးနှစ်ယောက် သူ့ကို မမှတ်မိ နိုင်ပါစေနှင့်ဟု သူဆုတောင်းနေမိ၏။
အဝတ်အစားထားသော အခန်းကန့်လေးထဲတွင် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရမည်ဟု ထင်မထားသောကြောင့် ပထမအမျိုးသမီးသည် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရ၏။
အတော်လေးကြာသောအခါမှ ပြုံးရယ်စွာနှင့် ပြောဆိုလိုက်သည်။ “ညီမငယ်လေး... ဒီလူကဘယ် သူလဲ။ အိပ်ပျော်နေတာလား။”
လင်းလင်း-“သူလား... သူက... ကျမရဲ့ဝမ်းကွဲအစ်ကိုတစ်ယောက်ပါ။”
ထိုအမျိုးသမီးက ရယ်မောလိုက်ပြီး- “အမယ်လေး... ကြည်နူးစရာကောင်းလိုက်တာ... ကျုပ်ငယ် ငယ်တုန်းကလည်း တိတ်တိတ်ပုန်းချစ်သူတွေအများကြီး ဒီလိုမျိုးအဝတ်အစားခန်းလေးထဲမှာ ဖွက်ထား ခဲ့ဖူးပါတယ်။ သူများတွေ တွေ့သွားတဲ့အခါကျတော့လည်း ကျုပ်ရဲ့ ဝမ်းကွဲအစ်ကိုပါလို့ ပြောခဲ့ရတာပေါ့။”
အမျိုးသမီးက ဆက်၍ပြောဆိုလိုက်ပြန်သည်။ “ဒီက ညီမငယ်လေးကတော့လေ... သိပ်ကိုထူး ဆန်းတာပဲ။ ကျုပ်တို့တောင်မှ သူ့အရည်အချင်းတွေကို လိုက်မမီနိုင်တော့ဘူး။”
ဒုတိယအမျိုးသမီးက တစ်ချိန်လုံး ငြိမ်သက်စွာနေခဲ့ပြီးမှ ပြောဆိုလိုက်သည်။ “လင်ရှန်းအာမှ ဒီမှာ ရှိမနေတာ။ ကျမတို့ ထွက်သွားလိုက်ကြရအောင်လား။”
ပထမအမျိုးသမီး-“ဘာလောနေတာလဲ။ ဒီကိုရောက်လာပြီးမှတော့ ခဏလေးဖြစ်ဖြစ် နေလိုက် ပါဦးလား။”
အခန်းကန့်တံခါးလေးပွင့်သွားသောအခါ သင်းပျံ့မွှေးကြိုင်သော အမွှေးရနံ့များ လီဆွန်းဟွာ ရရှိ လိုက်၏။ အမွှေးရနံ့များက နီးကပ်လာသောအခါ ပို၍ပင် ထုံအီလာ၏။
ခဏအကြာတွင် ထိုအမျိုးသမီးက ပြောလိုက်ပြန်သည်။ “ညီမငယ်လေး... မင်းရဲ့မျက်စိအမြင်က တော့ စံပါပဲ။ ယောက်ျားတစ်ယောက်ကို ရွေးချယ်တတ်ပါပေတယ်။”
လင်းလင်း-“ဒီနေရာမှာကလည်း ယောက်ျားများများစားစားမရှိဘူးလေ။ ယောက်ျားကောင်းတွေအ ကုန်လုံး သခင်မလေးနောက် ပါသွားပြီးတဲ့နောက် ကျမအတွက် ဒီလိုလူမျိုးနဲ့ပဲ ပေါင်းရတော့မှာပဲ။”
ထိုအမျိုးသမီး-“မင်းဆိုလိုတာက သူ့ကို မင်းအနေနဲ့ စိတ်တိုင်းမကျဘူးပေါ့၊ ဟုတ်လား။ ကြည့် စမ်းပါဦး... သူက မပိန်မဝနဲ့ မျက်နှာပေးကလည်း ယောက်ျားပီသတယ်။ မိန်းမတွေနဲ့ပါတ်သက်လာရင် အတွေ့အကြုံများသူတစ်ယောက်ဆိုတာ မပြောဘဲနဲ့ သိနိုင်သူတစ်ယောက်ပဲ။”
လင်းလင်း-“ဟုတ်တော့လည်းဟုတ်ပါတယ်။ သူက ကျမအတွက်တော့ အနေတော်ပါပဲ။ သူ့မှာပြော စရာအချက်တစ်ချက်ပဲရှိတယ်။ သိပ်ပြီး အအိပ်ကြီးတာပဲ။”
ထိုအမျိုးသမီးက ပြုံးပြီးပြောဆိုလိုက်သည်။ “သူသိပ်ပင်ပန်းသွားလို့ဖြစ်မှာပေါ့ကွယ်။ အေးလေ... မင်းလို ကဝေမလေးတစ်ယောက်နဲ့ တွေ့ပြီးတဲ့နောက်တော့ သူမပင်ပန်းဘဲ ခံနိုင်ပါ့မလား။”
လင်းလင်း-“သူ နည်းနည်းတော့ အသက်ကြီးနေပြီ။”
ထိုအမျိုးသမီး-“မင်းပြောတာမှန်တယ်။ မင်းအတွက်တော့ အသက်ကြီးနေပေမယ့် ကျုပ်အတွက် တော့ အတော်ပါပဲ။”
သူမက ဆက်၍ပြောဆိုလိုက်ပြန်သည်။ “ညီမငယ်လေး... မင်းသူ့ကို မကြိုက်ဘူးဆိုရင် ကျုပ်ကို ပေးလိုက်ပါလား။ မင်းအတွက် ယောက်ျားငယ်ငယ်လေးတစ်ယောက် ဒီရက်ပိုင်းအတွင်း ကျုပ်ပြန်ရှာပေး ပါ့မယ်။”
အစတုန်းကတော့ ထိုအမျိုးသမီး၏ ပြောဟန်ဆိုဟန်များက ယဉ်ကျေးသိမ်မွေ့သယောင်ရှိခဲ့သော် လည်း လီဆွန်းဟွာအား တွေ့ပြီးနောက်တွင် ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ စကားပြောဆိုနေစဉ်မှာပင် လီဆွန်းဟွာကို ပွေ့ယူလိုက်တော့သည်။
ဤအခြေအနေရောက်မှတော့ လီဆွန်းဟွာ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်လေတော့သည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရလေသည်။
ထိုအမျိုးသမီးသည် အသက်မကြီးသေးပါ။ အလွန်ဆုံးရှိလှ ၂၅-၂၆ စွန်းစွန်းပင်ရှိမည်ဖြစ်ပြီး ကြည့် ၍ကောင်းသူတစ်ယောက်လည်း ဖြစ်နေပြန်သည်။ တကယ်တမ်းပြောရမည်ဆိုလျှင် ထိုအမျိုးသမီးအား ၃ ပိုင်း ပိုင်းလိုက်ပါက မိန်းမချောလေး ၃ ယောက်ကို ရရှိနိုင်လေသည်။
နောက်တစ်ခုဆိုးသည်မှာ သူမထံတွင် မေးစေ့ ၃ ထပ်ရှိနေခြင်းပင်။ သူမ၏ ဝမ်းဗိုက်ပေါ်တွင် ခွေခွေ လေး ဖက်ထားခံနေရသော လီဆွန်းဟွာအဖို့ ဂွမ်းမွေ့ယာကြီးတစ်ခုပေါ်တွင် တက်နေရသလို ငြိမ့်ငြိမ့် အိအိကြီး ခံစားနေရလေသည်။
ချစ်စဖွယ် ရယ်မောသံများနှင့် ချိုသာသောစကားသံပိုင်ရှင် ထိုအမျိုးသမီးသည် လွန်စွာ အဝလွန် နေသူတစ်ယောက်ဖြစ်နေမှန်း လီဆွန်းဟွာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
ပိုပြီး အံ့အားသင့်စရာကောင်းသည့် နောက်တစ်ချက်မှာ ဒုတိယအမျိုးသမီးပင်ဖြစ်၏။
ထိုအမျိုးသမီးသည် လွန်စွာမှပင် လှပကျော့ရှင်းလေသည်။ သူမ၏ခါးလေးက သေးသေးကျင်ကျင် လေးဖြစ်ပြီး အပြာရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထား၏။ သူမ၏ အင်္ကျီလက်အိုးများက ခပ်ပွပွ ရှိနေကြပြီး အမူအရာများက နတ်သမီးတစ်ပါးကဲ့သို့ ကျော့ရှင်းလှသည်။
သူမသည် တခြားသူမဟုတ်ပါ။ လီဆွန်းဟွာက လက်ချိုးခဲ့သော ကင်းမြီးကောက်ပြာပင် ဖြစ်လေ သည်။
စိတ်လှုပ်ရှားစရာအချက်တစ်ချက်မှာ ကင်းမြီးကောက်ပြာက သူ့ကို မှတ်မိဟန် လုံးဝမပြသခြင်းပင်။ သူမ ၏မျက်နှာလေးက အေးချမ်းနေပြီး သူ့ကိုလည်း သိပ်ပြီးဂရုတစိုက်ကြည့်ရှုနေဟန်မရှိ။
မိန်းမဝကြီးက တစ်ချိန်လုံးရယ်မောနေခဲ့ရာ ရယ်မောလိုက်သည့် အကြိမ်တိုင်းပင် လီဆွန်းဟွာ အတွက် ငလျင်လှုပ်သွားသလို ခံစားနေရ၏။
လင်းလင်းက စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ပြောဆိုလိုက်ပြန်သည်။ “ဒီလူက အရမ်းညစ်ပတ်တယ်။ သူရေမချိုးတာ လပေါက်နေပြီ။ ရှင် သူ့ကို မထိရင်ကောင်းမယ်။ မဟုတ်ရင် တော့ ရှင့်ကို သူ့ကိုယ်သန်းတွေ ကူးကုန်လိမ့်မယ်။”
မိန်းမဝ-“ညစ်ပတ်တယ်၊ ဟုတ်လား။ ဟုတ်မယ်မထင်ပါဘူး။ သူ့ဆီမှာ ကိုယ်သန်းတွေရှိတာ မရှိ တာက အရေးမကြီးပါဘူး။ ယောက်ျားတောင် ပိုဆန်နေသေးတယ်။”
လင်းလင်း-“ဒါတင်မကသေးဘူး... သူက အရက်ချိုးတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်ရှင့်။”
မိန်းမဝ-“ပိုပြီးတော့တောင် ကောင်းသေးတယ်။ ယောက်ျားဆိုတာ အရက်သောက်နိုင်သူမှ ယောက်ျားကောင်း ပီသတာ။”
သူမသည် လီဆွန်းဟွာအား မျက်စောင်းလေးထိုးကြည့်လိုက်ပြီး နားနားကပ် တိုးတိုးလေး ပြော ဆိုလိုက်သည်။ “ကျမ ဘယ်လောက်ကောင်းတယ်ဆိုတာ ရှင်မကြာခင် သိရမှာပါ။”
လင်းလင်းက စတင်၍ရယ်မောလိုက်၏။ အတောမသတ်နိုင်အောင်ပင် ရယ်မောနေလေသည်။
မိန်းမဝက သူမ၏မျက်လုံးများကို ပြူးပြပြီး မေးမြန်းလိုက်သည်။ “မင်းဘာရယ်နေတာလဲ။”
လင်းလင်း-“ကျမက ရှင့်ရဲ့ခပ်တုံးတုံးအတွေးအခေါ်ကို ရီမိတာပါ။ ရှင် သူ့ကိုထိရဲမယ်ဆိုတာ ကျမ ယုံတောင်မယုံနိုင်လို့ပါ။”
မိန်းမဝက မေးမြန်းလိုက်သည်။ “သူက ဘာများထူးခြားနေလို့လဲ။”
လင်းလင်း-“သူဘယ်သူလဲဆိုတာ ရှင်သိရဲ့လား။”
မိန်းမဝ-“ကျုပ်ဘယ်သူလဲဆိုတာကော မင်းသိရဲ့လား။”
လင်းလင်း-“သေချာတာတစ်ခုကတော့ ရှင်ဟာ သူ့ရဲ့ ဝမ်းကွဲညီမတစ်ယောက် မဖြစ်နိုင်ဘူး။”
မိန်းမဝ-“ရွှင်ပျော်ပျော်နတ်မိမယ် ဆိုတဲ့နာမည် မင်းကြားဖူးရဲ့လား။ ကျုပ်က သူ့ရဲ့အကြီးဆုံး တပည့် ကျိကျန်းပေါင်ပဲ။ ယောက်ျားတွေကို စားသောက်သူလို့ နာမည်ကြီးတယ်။”
လင်းလင်း-“ရှင်သာသူ့ကို စားရဲမယ်ဆိုရင်တော့ ရှင့်လည်မျိုမှာ တစ်နေမှာပေါ့။ သူ့ကို ပြန်ထွေးထုတ်ဖို့တောင် ရှင်တတ်နိုင်မှာမဟုတ်ဘူး။”
ကျိကျန်းပေါင်-“ကျုပ်က ယောက်ျားတွေကို စားသောက်ပြီးတိုင်း အရိုးထွေးထုတ်လေ့မရှိဘူး။”
လင်းလင်းက သူမ၏မျက်တောင်များကို ပုတ်ခတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “သူဘယ်သူလဲဆို တာ ရှင်တကယ်ပဲ သိချင်နေလား။”
ကျိကျန်းပေါင်-“ကျုပ်သိပ်ပြီးသိချင်နေမှတော့ သူ့ကိုပဲ မေးလိုက်မှာပေါ့။ မင်းစိတ်ပူစရာမလိုပါဘူး။ ပြီးတော့... သူသာယောက်ျားတစ်ယောက်ဖြစ်နေပါစေ... ကျုပ်အတွက်လုံလောက်ပါတယ်။”
သူမသည် ကင်းမြီးကောက်ပြာဘက်သို့လှည့်ကာ ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။ “ဒီကောင် မလေးကို ခပ်ဝေးဝေးခေါ်ထုတ်သွားပေးပါလား။ ဒီနေရာလေးက တော်တော်လေးသာသာယာယာရှိ တော့ ကျမ ခဏလေးအနားယူလိုက်ဦးမယ်။ ချောင်းတော့မကြည့်နဲ့နော်။”
လီဆွန်းဟွာ၏ အာရုံခံစားမှုအားလုံး စုတ်ပြတ်သတ်သွားရ၏။ ထိုးအံလိုက်ချင်သော်လည်း မတတ် နိုင်။ သေချင်သော်လည်း မသေနိုင်။ သူ၏နောက်ဆုံးမျှော်လင့်ချက်မှာ ကင်းမြီးကောက်ပြာက သူ့ကို ရန် ငြိုးဖြင့် တစ်ခါတည်း အသေသတ်သွားရန်ပင်ဖြစ်၏။
သူ့ကို တစ်ခါမှမမြင်တွေ့ဖူးသော လူစိမ်းတစ်ယောက်အနေဖြင့် ကင်းမြီးကောက်ပြာ ဟန်ဆောင်နိုင် နေသေး၏။ ထိုနေရာ၌ပင် ရပ်နေပြီး သူ့ကိုလည်း ကြည့်မနေပါ။ ထိုအချိန်၌ပင် သူမထံမှ ရုတ်တရက် စကားသံ ထွက်ပေါ်လာခဲ့သည်။ “ကျမလည်း သူ့ကိုလိုချင်တယ်။”
ကျိကျန်းပေါင်၏ မျက်နှာတစ်ချက်ပျက်သွားပြီး ကျယ်လောင်စွာ ပြန်မေးလိုက်သည်။ “ဘာ... ရှင် ဘာပြောလိုက်တာလဲ။”
ကင်းမြီးကောက်ပြာက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။ “ကျမပြောလိုက်တာက သူ့ကို ကျမလည်း လိုချင်ပါတယ်လို့။”
ကျိကျန်းပေါင်က သူမကို သတ်ရိပ်ဖြတ်ရိပ်များဖုံးလွှမ်းနေသော အကြည့်များဖြင့် စိုက်ကြည့်နေ လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ “ကျမရဲ့လက်ထဲကနေ ရှင်က လုယူချင်သေးတယ်ပေါ့ လေ။”
ကင်းမြီးကောက်ပြာ-“ဒီအတိုင်းပါပဲ။”
ကျိကျန်းပေါင်၏မျက်နှာက စိမ်းသွားလိုက် ဖြူသွားလိုက် ဖြစ်နေခဲ့ပြီး ပြုံးပြလိုက်ကာ ပြောဆို လိုက်ပြန်သည်။ “သူ့ကိုမှ ရှင်လိုချင်နေတယ်ဆိုရင်တော့ ကျမတို့ ဆွေးနွေးလိုက်ကြရအောင်လား။”
ကင်းမြီးကောက်ပြာ-“ကျမက သူ့ခန္ဓာကိုယ်ကို လိုချင်တာမဟုတ်ဘူး။ သူ့အသက်ကိုလိုချင် တာ။”
ကျိကျန်းပေါင်က အပြုံးလေးဖြင့် ပြန်လည်တုန့်ပြန်လိုက်သည်။ “ဒါဆိုရင်တော့ ပိုပြီးတော့တောင် လွယ်နေသေးတယ်။ သူ့ခန္ဓာကိုယ်ကို ကျမ ရယူပြီးတဲ့နောက် ရှင်က သူ့အသက်ကို နှုတ်ယူလိုက်ယုံပါ ပဲ။”
ကင်းမြီးကောက်ပြာ-“သူ့အသက်ကို ကျမ နှုတ်ယူပြီးတဲ့နောက် ရှင်က သူ့ခန္ဓာကိုယ်ကို ရယူနိုင် ပါတယ်။”
ကျိကျန်းပေါင်သည် လွန်စွာမှ စိတ်ဆိုးဒေါသထွက်နေသော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းလိုက်ပြီး- “ကျမက ယောက်ျားတွေကို တော်တော်လေးကြိုက်နှစ်သက်ပါတယ်။ သေပြီးသားအလောင်းတွေ တော့မဟုတ်ဘူး။”
ကင်းမြီးကောက်ပြာ-“သူ့ကိုကြည့်ရတာလည်း လူသေတစ်ယောက်နဲ့ မခြားနားတော့ပါဘူး။”
ကျိကျန်းပေါင်-“သူမလှုပ်ရှားနိုင်တာက သွေးကြောပိတ်ခံထားရလို့ပါ။ သူ့ကိုလှုပ်ရှားလို့ရလာ အောင် လုပ်နိုင်တဲ့နည်းတွေ ကျမဆီမှာ ရှိပါတယ်။”
ကင်းမြီးကောက်ပြာ-“သူသာ လှုပ်ရှားလာနိုင်မယ်ဆိုရင် သူ့အသက်ကိုနှုတ်ယူဖို့ ကျမ မတတ် နိုင်တော့ဘူး။”
လင်းလင်းက အပြုံးလေးဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။ “သူပြောတာမှန်တယ်။ သူသာလှုပ် ရှားနိုင်လာပြီဆိုရင် သူ့လက်တစ်ဘက်ကို လှုပ်ရှားလိုက်တာနဲ့ ရှင်တို့နှစ်ယောက်လုံး သေရတော့မယ်။”
ကျိကျန်းပေါင်-“သူက ဘယ်သူလဲ။”
လင်းလင်း-“ရှောင်းလီဓားပျံ...”
ကျိကျန်းပေါင်တစ်ယောက် အေးခဲသွားခဲ့ရလေသည်။ သူမက ခေါင်းခါရမ်းလိုက်ပြီး ပြောဆိုလိုက် သည်။ “ကျုပ် မင်းကိုမယုံနိုင်ဘူး။ သူသာ လီဆွန်းဟွာဆိုရင် မင်းကို သူကဘာဖြစ်လို့ ချစ်နေမှာလဲ။”
လင်းလင်း-“သူက ကျမကို မချစ်ပါဘူး။ ကျမကသာ သူ့ကိုချစ်နေရတာ။ ဒါကြောင့်မို့လို့ ရှင့်အ နေနဲ့ သူ့ကိုသတ်စေချင်ပါတယ်။”
ကျိကျန်းပေါင်က မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။”
လင်းလင်း-“ကျမရဲ့ သခင်မလေးက ပြောခဲ့ဖူးတယ်။ ကျမသာ ယောက်ျားတစ်ယောက်ကို ချစ် ကြိုက်မိပြီး အဲ့ဒီယောက်ျားက ကိုယ့်ကိုပြန်ပြီး မချစ်နှစ်သက်ခဲ့ဘူးဆိုရင် တခြားမိန်းမတစ်ယောက်နဲ့ အတူတူရှိနေမယ့်အစား သူသေသွားတာကမှ ပိုကောင်းသေးတယ်တဲ့။”
ကျိကျန်းပေါင်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “မင်းက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကျုပ် ထက်တောင်မှ ပိုပြီး အဆိပ်အတောက် ပြင်းနေပါသေးလား။”
လင်းလင်း-“ဒါဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို ရှင်လိုချင်စိတ်ရှိသေးရဲ့လား။ သူ့ကိုထိရဲသေးရဲ့လား။”
ကျိကျန်းပေါင်က မဆိုင်းမတွပင် ပြန်လည်ဖြေကြားလိုက်သည်။ “လီဆွန်းဟွာလို ယောက်ျားတစ် ယောက်နဲ့သာ တစ်ညတာပေါင်းသင်းရမယ်ဆိုရင် ကျုပ်သေမယ်ဆိုရင်လည်း သေပျော်ပါတယ်။”
ပြီးနောက် ကင်းမြီးကောက်ပြာဘက်သို့လှည့်ပြီး သူမက ပြောဆိုလိုက်သည်။ “ရှင်စိတ်မပူပါနဲ့။ သူ့ခန္ဓာကိုယ်ကို ရယူပြီးတဲ့နောက် သူ့အသက်ကို ရှင်သတ်နိုင်သေးမယ်ဆိုတာ ကျမ အာမခံပါတယ်။”
ကင်းမြီးကောက်ပြာက မည်သည့်စကားမျှ ပြန်လည်ပြောဆိုခဲ့ခြင်းမရှိပါ။
ကျိကျန်းပေါင်-“နေဦး။ ရှင်မေ့မသွားနဲ့ဦး။ ကျမ ဒီကို ရှင်နဲ့လိုက်လာခဲ့တာ ရှင့်ကို ကူညီဖို့ဆို တာ ရှင့်ခေါင်းထဲ ထည့်ထားပေးပါ။ ကျမကို မျက်နှာပျက်အောင် မလုပ်ပါနဲ့။”
ကင်းမြီးကောက်ပြာက ခဏမျှတိတ်ဆိတ်သွားခဲ့ပြီးမှ ပြောဆိုလိုက်သည်။ “လက်တစ်ဘက်ပြတ်နေ တဲ့ ယောက်ျားတစ်ယောက်ဆိုရင်ကော... ရှင်စိတ်ဝင်စားပါ့ဦးမလား။”
ကျိကျန်းပေါင်-“လက်တစ်ဘက်ပြတ်နေတာလောက်တော့ ရပါတယ်။ အရေးကြီးတဲ့အစိတ်အပိုင်း အကောင်းအတိုင်း ကျန်နေသေးတယ်ဆိုရင် တော်ပါပြီ။”
ကင်းမြီးကောက်ပြာ-“ဒါဆိုရင်တော့ ကျမ သူ့ရဲ့လက်တစ်ဘက်ကို ဖြတ်ယူချင်တယ်။”
ကျိကျန်းပေါင်က အတန်ကြာမျှစဉ်းစားနေလိုက်ပြီး- “ဘယ်လက်လဲ...”
ကင်းမြီးကောက်ပြာ-“ကျမရဲ့ညာဘက်လက်ကို သူချိုးခဲ့တော့ သူ့ညာဘက်လက်ကိုပဲ ပြန်လိုချင် တယ်။”
ကျိကျန်းပေါင် သက်ပြင်းချလိုက်သည်။ ပြီးနောက်- “ကောင်းပြီလေ... ဒါပေမဲ့ သပ်သပ်ရပ်ရပ်ဖြစ် အောင်တော့လုပ်... မရှုပ်ပွစေနဲ့။”
ကင်းမြီးကောက်ပြာ-“ကောင်းပြီလေ...”
သူမသည် သူတို့ရှိရာသို့ တောက်ပသော အကြည့်များဖြင့် လျှောက်လှမ်းလာလေတော့သည်။
လင်းလင်းက ထိတ်လန့်စွာ ပြောဆိုလိုက်သည်။ “ရှင်သူ့ကို လုံးဝမကြောက်ဘူးပေါ့လေ။”
ကျိကျန်းပေါင်က ညင်သာစွာပြောဆိုလိုက်သည်။ “ညီမငယ်လေး... မင်းသူ့ကို မခံစားစေချင်ဘူး ပေါ့လေ။ ဟုတ်လား။”
သူမ၏စကားပင်မဆုံးသေး... ကင်းမြီးကောက်ပြာ၏ လက်မောင်းအိုးတွင်းမှ အပြာရောင် အလင်း တန်းတစ်ခု ဖြာထွက်လာပြီး လီဆွန်းဟွာ၏ ခါးဆီသို့ လျင်မြန်စွာ တိုးဝင်လာ၏။
နာကျင်စွာအော်ဟစ်လိုက်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး အရာအားလုံး ခဏမျှ တိတ်ဆိတ်သွားခဲ့လေသည်။
လီဆွန်းဟွာ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ အတားအဆီးမယ့်စွာ ပြုတ်ကျသွားခဲ့လေတော့ သည်။
သို့သော် နာကျင်စွာ ထွက်ပေါ်လာသောအသံရှင်သည် ကျိကျန်းပေါင် ဖြစ်နေလေသည်။
သူမ၏ အော်ဟစ်သံအတွင်းမှာပင် လီဆွန်းဟွာအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ကင်းမြီး ကောက်ပြာဘက်သို့လှည့်ကာ တိုက်ခိုက်လိုက်သည်။
ကင်းမြီးကောက်ပြာက ခါးကိုလှည့်ပြီး တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်သည်။
ရေဇလုံအိုးကြီးကဲ့သို့ ကြီးမားတုတ်ခိုင်သော ခါးပိုင်ရှင်ဖြစ်သော်လည်း ကျိကျန်းပေါင်၏ လှုပ်ရှားမှုများ က လျင်မြန်လှသည်။ သူမ၏တိုက်ခိုက်မှု ဦးတည်ရာအရပ်ကို ချက်ချင်းပင် ပြောင်းလိုက်ပြီး ကင်းမြီး ကောက်ပြာ၏ လက်တစ်လက်ကို ဖမ်းဆုပ်မိသွားတော့၏။
ကင်းမြီးကောက်ပြာ၏ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ကျိကျန်းပေါင်၏ မျက်နှာသွင်ပြင်က စိမ်းဖန့်နေပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။ သူမ၏ နှုတ်ခမ်းကို ဖိကိုက်ပြီး ပြောဆိုလိုက်သည်။ “မင်း... မင်း ငါ့ကိုတိုက်ရဲသေးတယ်ပေါ့လေ။ ငါ မင်းကို သတ်မယ်။”
‘ဂျွတ်’... ကင်းမြီးကောက်ပြာ၏ လက်တစ်ဘက်ကို လက်မောင်းအိုးအပါအဝင် သူမ ဆွဲဖြုတ်ယူ လိုက်တော့သည်။
ကင်းမြီးကောက်ပြာက အနောက်သို့ အတော်ဝေးဝေး ဆုတ်သွားခဲ့သော်လည်း နာကျင်မှုတစ်စုံတရာ မျှ မပြသခဲ့ချေ။
သူမ၏ညာဘက်လက်တစ်ဘက်ကို ကျိကျန်းပေါင် ဖြုတ်ယူသွားခဲ့လေပြီ။
ကင်းမြီးကောက်ပြာက သဘောကျစွာ ရယ်မောနေ၏။ “ရှင့်လက်ထဲမှာကိုင်ထားတာ ဘာလဲဆို တာကြည့်လိုက်ပါဦး။”
ကျိကျန်းပေါင်က လက်ပြတ်ကြီးကို မ’ယူကြည့်လိုက်သောအခါ အင်္ကျီလက်မောင်းအိုးတွင်းမှ ပြောင်လက်တောက်ပနေသော ကင်းမြီးကောက်အမြီးလေးကို တွေ့လိုက်ရသည်။
ကင်းမြီးကောက်ပြာ-“ကျမရဲ့ကင်းမြီးကောက် အဆိပ်မိပြီးတဲ့နောက် ဘယ်သူမှ ခြေလှမ်း ၇ လှမ်း ထက်ပိုမလှမ်းနိုင်ကြဘူး။ ရှင်ကတော့ ခန္ဓာကိုယ်ကြီးမားသူဆိုတော့ အဆိပ်ပျံ့တာ သိပ်ပြီးမြန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင် ခြေလှမ်း ၃ လှမ်းထက်ပိုမလျှောက်နိုင်ဘူးဆိုတာတော့ ကျမ ပြောရဲပါတယ်။”
ကျိကျန်းပေါင်က မာန်သွင်းလိုက်ပြီး တိုက်ခိုက်ရန် ရှေ့သို့တိုးဝင်လာခဲ့သည်။
ခြေလှမ်း၃လှမ်းရောက်တွင် သူမ တကယ်ပင် လဲကျသွားလေတော့သည်။
ကင်းမြီးကောက်ပြာက သူမကို လှည့်၍ပင် မကြည့်တော့ပါ။ လီဆွန်းဟွာဘက်သို့ လှည့်လာခဲ့ပြီး လီဆွန်းဟွာ၏ မျက်နှာကို သူမ၏ခံစားမှုကင်းမယ့်နေသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ “လင် ရှန်းအာကို သွားရှာလို့ ရိခူသေခဲ့ရတာပါ။ ကျမဒီကိုလာခဲ့တာ လင်ရှန်းအာနဲ့ စာရင်းရှင်းဖို့ပါ။ ရှင်နဲ့ ဘာမှ မပတ်သက်ပါဘူး။”
လင်းလင်းက ဖြတ်ပြောလိုက်သည်။ “ရှင် သူ့ကို စကားပြောစေချင်ရင် သွေးကြောဖွင့်ပေးလိုက် ပါလား။”
ကင်းမြီးကောက်ပြာက သူမကို ဥပက္ခာပြုထားလိုက်ပြီး- “ကျမရဲ့ ညာဘက်လက်ကို သုံးမရ အောင် ရှင် ချိုးခဲ့ပေမယ့်လည်း ကျမရဲ့အသက်ကို ရှင်လွှတ်ပေးခဲ့တယ်။ ကျမက ကျေးဇူးတော့ သိတတ်ပါ သေးတယ်။ ဒါကြောင့်မို့လို့ ရှင့်ကို အဲ့ဒီဝက်မရဲ့ စော်ကားမှုအောက်မှာ ကြည့်မနေနိုင်ခဲ့ဘူး။”
လီဆွန်းဟွာ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ကင်းမြီးကောက်ပြာသည် ဤသို့သောလူစားမျိုး ဖြစ်ကြောင်း သူလုံးဝ ထင်မထားခဲ့ပါ။
ကင်းမြီးကောက်ပြာက အေးစက်စွာ ပြောဆိုလိုက်သည်။ “အခုတော့ ရှင့်ကို ကျမ ပြန်ပေးဆပ်ခဲ့ ပြီးပြီ။ ကျမရဲ့ အကြွေးကို ထိုက်ထိုက်တန်တန် ပြန်တောင်းရတော့မယ်။ ရှင့်ရဲ့ ညာဘက်လက်တစ်ဘက် ဆိုရင် ကျမတောင်းဆိုတာ သဘာဝကျပါတယ်နော်။ ဟုတ်ရဲ့လား။”
လီဆွန်းဟွာက ရုတ်တရက်ပင် ပြုံးပြလိုက်ပြီး သူ၏ညာဘက်လက်ကို မြှောက်ပေးလိုက်၏။
ကင်းမြီးကောက်ပြာသည် အေးခဲသွားခဲ့ရသလို လင်းလင်းသည်လည်း အံ့အားသင့်သွားခဲ့ရလေ တော့သည်။
လီဆွန်းဟွာ၏ လက်တစ်ဘက်က လှုပ်ရှားလာနိုင်သော်လည်း သူ့လက်ထဲတွင် ဓားပျံ ရှိမနေပါ။
သူ၏ ထိုလက်ကို စိုက်ကြည့်နေသော ကင်းမြီးကောက်ပြာသည် မည်သို့ ပြောဆိုနိုင်တော့ပါမည် နည်း။
လီဆွန်းဟွာက ခါးသီးစွာ ပြုံးပြလိုက်ကာ- “ကျုပ်ရဲ့သွေးကြောတွေ ပြန်ပွင့်လာအောင် အတွင်း အားနဲ့ ဖွင့်နေခဲ့တယ်။ ဒါပေမဲ့ အကုန်လုံး ပွင့်သွားအောင်တော့ ကျုပ် မတတ်နိုင်ခဲ့ဘူး။ ကျုပ်ကို ကြမ်း ပေါ်ပစ်ချလိုက်တော့ အဲ့ဒီကျလာတဲ့အားကိုယူပြီး ဖွင့်လိုက်တာ အဆင်ပြေသွားခဲ့တယ်။ အခု ကျုပ် လှုပ်ရှားလာနိုင်ပါပြီ။”
လင်းလင်း-“ဒါဆိုရင် ရှင်က ဘာဖြစ်လို့ သူ့စကားကို နာခံနေရတာလဲ။ ဘာဖြစ်လို့ ရှင့်ရဲ့လက် ကို သူ့ကို ပေးနေဦးမှာလဲ။ ဓားပျံပဲ ပေးလိုက်ပါတော့လား။”
လီဆွန်းဟွာ၏ မျက်နှာပျက်သွားခဲ့ပြီး သူမကို ဥပက္ခာပြုထားလိုက်သည်။ ပြီးနောက် ကင်းမြီး ကောက်ပြာဘက်သို့ လှည့်ကာ- “ခင်ဗျားရဲ့တောင်းဆိုမှုက မလွန်ပါဘူး။ ကျုပ်လက်ကို ဖြတ်ယူသွား ပါ။”
ကင်းမြီးကောက်ပြာသည် သက်ပြင်းကို လေးတွဲ့စွာချလိုက်ပြီး- “လောကကြီးထဲမှာ ရှင်လိုလူ တစ်ယောက်လည်း ရှိနေနိုင်သေးတယ်နော်...”
သူမသည် ထိုစကားကို အဖန်ဖန်ပြောနေလိုက်ပြီး တံခါးဝဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက် တော့သည်။
သို့သော် တစ်ချိန်ထဲမှာပင် လီဆွန်းဟွာက ခုန်ထလိုက်ပြီး သူမ၏သွားလမ်းကို ပိတ်ဆို့ထားလိုက် ကာ ပြောဆိုလိုက်သည်။ “ကျေးဇူးပြုပြီး ခဏနေပါဦးဗျာ...”
0 comments:
Post a Comment