Monday, March 7, 2011

(၄၅) တေ့လွဲ

ကင်းမြီးကောက်ပြာက ရယ်မောလိုက်ပြီး- “ဘာလိုအပ်သေးလို့လဲရှင်။ ရှင့်လက်တစ်ဘက်မြှောက် လိုက်ကတည်းက ကျမ ရှင့်ဆီက ရစရာရှိတဲ့အကြွေးကို ရခဲ့ပြီးပါပြီ။ ကျမက မိန်းမသားဖြစ်ပေမယ့် ကိုယ် ကျင့်သိက္ခာတော့ ကောင်းပါသေးတယ်။”

လင်းလင်းက မျက်တောင်များ ပုတ်ခတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “ဒါပေမဲ့ မိန်းမတွေဆိုတာ ကိုယ်ကျင့်သိက္ခာ ကောင်းစရာမလိုပါဘူး။ ကျမတို့ရဲ့ မွေးရာပါအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်တော့ ရှိရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ယောက်ျားတွေက မိန်းမတွေထက် သဘာဝတရားအရ ပိုပြီးတော့ သန်စွမ်းကြတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ သူတို့ဘက်က အမြဲတမ်း ပေးဆပ်သင့်ပါတယ်။”

ကင်းမြီးကောက်ပြာ-“ဘယ်သူက ပြောခဲ့တာလဲ။”

လင်းလင်း-“ကျမရဲ့ သခင်မလေးပေါ့။”

ကင်းမြီးကောက်ပြာ-“မင်းက သူ့စကားဆို အကုန်လုံး နားထောင်တာပဲလား။”

လင်းလင်း-“နားထောင်ရတာပေါ့ရှင့်။ သူက ကျမတို့ မိန်းမသားတွေဘက်က ရပ်တည်ပြီး ပြော ဆိုခဲ့တာပဲ။”



ကင်းမြီးကောက်ပြာသည် သူမထံသို့ လျှောက်လာလိုက်ပြီး သူမ၏ ပါးပြင်အား ၁၀ ချက်ခန့် ခပ် ပြင်းပြင်း ရိုက်လိုက်သည်။

လင်းလင်း ငြိမ်ကုပ်သွားတော့လေသည်။

ကင်းမြီးကောက်ပြာက အေးစက်စွာ ပြောဆိုလိုက်သည်။ “မင်းတို့ ဆရာတပည့်နှစ်ယောက်လိုပဲ ကျုပ်လည်း လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုတော့ ရိုက်ပြီးဆုံးမရဦးမှာပဲ။ ဘာဖြစ် လို့လဲ သိလား။”

လင်းလင်းက နှုတ်ခမ်းဖိကိုက်ထားလိုက်ပြီး ပြောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ရှင်ဟာ မိန်းမကောင်းတစ်ယောက်မဟုတ်လို့... ရှင်ဟာ မိန်းမပျက်တစ်ယောက် ဖြစ်နေလို့မဟုတ်လား။”

သူမ၏စကားမဆုံးခင်မှာပင် ကျယ်လောင်သော ရှိုက်ငိုသံ သူမထံမှ ထွက်ပေါ်လာသည်။

ကင်းမြီးကောက်ပြာ-“မင်းတို့လို မိန်းမမျိုးတွေရှိနေလို့ ယောက်ျားတွေက ငါတို့မိန်းမတွေကို နှိမ့် ချချင်ကြတာပေါ့။ သူတို့ နှိမ့်ချလို့လည်း ကလဲ့စားချေချင်တဲ့စိတ်နဲ့ အဲ့ဒီလိုအလုပ်မျိုးတွေ ငါလုပ်ခဲ့ရတာ ပေါ့။”

သူမလေသံက တဖြည်းဖြည်း တိမ်ဝင်လာခဲ့ရလေသည်။ “အဲ့ဒီလိုအလုပ်တွေကို လုပ်နေခဲ့တုန်း ကတော့ ဘာမှမသိခဲ့ဘူး။ သူများတွေကို ဖျက်ဆီးရင်း ကိုယ်ကိုယ်တိုင်ပါ အဖျက်ဆီးခံလိုက်ရတယ်။ ဒါဟာ ငါ့ဘဝရဲ့ပျက်စီးခဲ့ရမှုတွေပဲ။”

လီဆွန်းဟွာက ကိုယ်ချင်းစာစိတ်အပြည့်ရှိသော လေသံဖြင့် ဖေးမပြောဆိုလိုက်သည်။ “အတိတ် ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။ ခင်ဗျားက ငယ်ပါသေးတယ်။ အသစ်ကပြန်စလို့ ရပါသေးတယ် ဗျာ။”

ကင်းမြီးကောက်ပြာက သက်ပြင်းချလိုက်ပြီး- “ရှင့်ဘက်ကပြောတော့ လွယ်တယ်။ တခြားသူတွေ ကကော ကျမကို ဘယ်လို ပြောကြမှာလဲ။”

လီဆွန်းဟွာ-“ခင်ဗျားရဲ့ နှလုံးသားထဲမှာ သံဓိဌာန်ချထားပြီးမှတော့ သူများတွေ ဘယ်လိုတွေး နေကြမှာလဲဆိုတာ စဉ်းစားဖို့လိုသေးလို့လား။ ကိုယ့်အတွက်ကိုယ် အသက်ရှင်ရပ်တည်မှာလား... ဒါမှမဟုတ် သူများတွေအတွက်ပဲ အသက်ရှင်သန်ရမှာလား။”

ကင်းမြီးကောက်ပြာက လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်ပြီး ဖြေးညှင်းစွာမေးမြန်းလိုက်သည်။ “ရှင်ကော ရှင့်အတွက်ရှင် ရပ်တည်နေတာလား။”

လီဆွန်းဟွာ-“ကျုပ်... ကျုပ်...”

ကင်းမြီးကောက်ပြာက သူ့ကို စိုက်၍ကြည့်နေဆဲပင်။ သူမ၏နှုတ်ခမ်းထောင့်စွန်းမှ သန့်ရှင်းသော အပြုံးလေးတစ်ခုထွက်ပေါ်လာခဲ့ပြီး- “ရှင့်လိုလူတစ်ယောက်နဲ့ တွေ့ခဲ့ရတဲ့အတွက် ဘယ်သူမှ နောင်တရမှာ မဟုတ်ဘူး။ ကျမတို့သာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက တွေ့ခဲ့ကြမယ်ဆိုရင် ဘယ်လောက်ကောင်း လိုက်မလဲ။”

ပြီးနောက် သူမ ထွက်ခွာသွားတော့သည်။

အဝေးတစ်နေရာမှ သူမ၏စကားသံ ပျံ့လွင့်လာခဲ့သည်။ “ကျိကျန်းပေါင်ရဲ့အလောင်းကို ဒီအတိုင်း ပဲထား ထားပါ။ ကျမ စီစဉ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့။ ကျမလုပ်ခဲ့တာတွေအတွက် ဘယ်သူ့ကိုမှ အပြစ် ပုံမချပါဘူး။” စကားသံအဆုံးတွင် သူမသည် အတော်ဝေးဝေးသို့ ရောက်ရှိသွားခဲ့တော့၏။

လင်းလင်းသည် တစ်ချိန်လုံး ငိုကြွေးနေခဲ့ရာမှ ခေါင်းပြန်ဖော်လာခဲ့ပြီး- “အမှားတွေ လုပ်သွားခဲ့တာ သူပါ။ သူ့ရဲ့ အမှားတွေအတွက် ကျမအပေါ် ဒေါသတွေပုံချခဲ့တယ်။ သူဟာ ဆိုးသွမ်းသူတစ်ယောက် ဖြစ်ပေမယ့် သူရဲကောင်းတစ်ယောက်လိုပဲ ပြောဆိုဆက်ဆံသွားခဲ့သေးတယ်။ သူ့လိုမျိုးလူမျိုးတွေ ကျမ သိပ် ရွံတာပဲ။”

လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။ “သူဟာ အဲ့ဒီလိုမျိုး မဟုတ်ရပါဘူး ကွာ။”

လင်းလင်း-“သူဘာတွေလုပ်ခဲ့သလဲဆိုတာ ကျမ မသိဘူးများထင်နေလား။”

လီဆွန်းဟွာ-“သူဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့... သူဟာ အကြင်နာတရားရှိသူတစ်ယောက်ပါ။ နှလုံး သားထဲမှာ အကြင်နာတရားရှိနေသရွေ့ အဲ့ဒီလူဟာ ဘယ်တော့မှ လူဆိုးတစ်ယောက် မဖြစ်နိုင်ဘူး။”

လင်းလင်းက နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး- “ကျမကိုတော့ ဆိုးသွမ်းသူတစ်ယောက်လို့ ရှင် ထင်နေတယ် မဟုတ်လား။”

လီဆွန်းဟွာက ပြုံး၍ပြောဆိုလိုက်သည်။ “မင်းဟာ ကလေးသာသာလေးပဲ ရှိပါသေးတယ်။ မင်း ရဲ့ အသက်အရွယ်နဲ့ အကောင်းအဆိုး အမှားအမှန် ဘယ်ခွဲခြားတတ်ဦးမှာလဲကွယ်။ တစ်ဦးတစ်ယောက် ကသာ မင်းကို သင်ပြပေးမယ်ဆိုရင် လမ်းမှန်ပေါ် ပြန်ရောက်လာမှာပါ။”

လင်းလင်း၏ မျက်နှာလေးက ဝင်းလက်သွားခဲ့ပြီး- “ဒါဆိုရင် ရှင်သင်ကြားပေးပါလား။”

လီဆွန်းဟွာ-“နောက်များကျတော့မှပေါ့ကွယ်။ ကျုပ်အတွက် အခွင့်အရေး ရှိသေးတယ်ဆိုရင် ပေါ့။”

လင်းလင်း-“နောက်ကျမှ ဟုတ်လား။ ဘာဖြစ်လို့ အခု မဟုတ်ရတာလဲ။”

လီဆွန်းဟွာ-“ကော့စွန်းယန်ကို ကျုပ်လိုက်ရှာရဦးမယ်ဆိုတာ မင်းသိမှာပါ။ ကျုပ်အသက်ရှင် ပြီး ပြန်လာနိုင်ချင်မှလည်း ပြန်လာနိုင်လိမ့်မယ်။”

လင်းလင်းက ဖြတ်ပြောလိုက်သည်။ “ကျမသိပါတယ်။ ရှင်ဒီကနေ ထွက်ခွာသွားတာနဲ့ တစ်ပြိုင် နက် ဘယ်တော့မှပြန်လာတော့မှာ မဟုတ်ပါဘူး။ ကျမက ကလေးတစ်ယောက်ပါ။ ကျမလို မိန်းကလေး တစ်ယောက်အတွက် ရှင် ဘာပြန်လာစရာလိုသေးလို့လဲ။”

သူမသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဆက်၍ပြောဆိုနေ၏။ “ဒါ့ပြင် ကျမတို့က သူစိမ်း တွေမဟုတ်လား။ ကျမသာ ဆိုးသွမ်းလာခဲ့ရင် ရှင် စိုးရိမ်ပူပန်မှာ မဟုတ်ပါဘူး။ ကင်းမြီးကောက်ပြာ ထက် ၁၀ဆလောက်ဆိုးတဲ့သူ ဖြစ်ခဲ့ဦးတောင်မှ ရှင့်ကိစ္စမှ မဟုတ်ဘဲ။ လမ်းမပေါ်မှာ ကျမသေသွားခဲ့လည်း ကျမကို ရှင် မြေမြှုပ်သင်္ဂြိုလ်ပေးမှာမဟုတ်ပါဘူး။”

သူမ၏စကားသံများက ပို၍ဝမ်းနည်းကြေကွဲသံများအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရ၏။ အကယ်၍ သူမသာ ဆိုးသွမ်းသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါက တရားခံမှာ လီဆွန်းဟွာ ဖြစ် နေသကဲ့သို့ပင်။

လီဆွန်းဟွာက ခါးသီးစွာပင် ရယ်မောလိုက်၏။ “ကျုပ်ပြန်လာမယ်ဆိုတာ ကတိပေးပါတယ် ကွာ။”

လင်းလင်းက သူမ၏မျက်နှာကို လက်ဝါးဖြင့် အုပ်ထားဆဲ ပြန်ပြောလိုက်၏။ “ရှင်က သိပ်ကိုအ လုပ်များတဲ့လူပါ။ ရှင်ပြန်လာချိန်ရောက်ရင် ကျမ သေနေလောက်ပါပြီ။”

လီဆွန်းဟွာ-“ကျုပ် အမြန်ဆုံး ပြန်လာပါ့မယ်။”

သူ၏စကားဆုံးဆုံးခြင်းပင် လင်းလင်းက ဝမ်းသာအားရ မေးလိုက်သည်။ “တကယ်ပြောတာ လား။ ဘယ်တော့လဲ။ ကျမ စောင့်နေပါ့မယ်။”

လီဆွန်းဟွာ-“ကျုပ်ရဲ့အသက်ရှင်နေသေးသရွေ့ ပြန်လာမှာပါ။ ကော့စွန်းယန်ကို တွေ့ပြီးတာနဲ့ ကျုပ်ပြန်လာမှာပါ။”

လင်းလင်းက ခုန်ထလိုက်ပြီး ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။ “ရှင်ဟာ လူကောင်းတစ်ယောက်ပါ။ ရှင့်အတွက်ဆိုရင် ကျမလည်း လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ ရှင် ကျမကိုတော့ လိမ်မပြောရဘူး။ ရှင်သာ လိမ်ပြောခဲ့မယ်ဆိုရင် ကျမ ပြန်ပြီး ဆိုးသွမ်းတော့မှာနော်။”

လီဆွန်းဟွာ၏ တာဝန်ဝတ္တရားများက လေးလံလှသည်။ ယခုတော့ ပို၍ပင် လေးလံလာခဲ့ရလေ ပြီ။

လင်းလင်းတစ်ယောက် လူကောင်းတစ်ယောက်ဖြစ်လာစေချင်သည်မှာ သူ၏ဆန္ဒအမှန်ပင်ဖြစ်သည်။ သူ့တာဝန်ဖြစ်သည်ဟုလည်း ခံယူထားသည်။ ယခုမှတော့ သူငြင်းပယ်၍မရနိုင်တော့ပါ။ သူ့ပခုံးပေါ်သို့ ဤတာဝန်ကြီးတစ်ခု မည်သည့်အချိန်က ရောက်ရှိလာခဲ့မှန်း သူကိုယ်တိုင်ပင် မသိလိုက်ချေ။

သူ ခါးသက်စွာ ရယ်မောနေယုံမှလွဲ၍ ဘာများတတ်နိုင်ပါဦးမည်နည်း။

သူ့ဘဝတွင် ပြဿနာပေါင်း မြောက်များစွာ တွေ့ကြုံခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် သူ့အတွေးထဲ၌ တစ်ခုတည်းသာရှိနေလေသည်။

ကော့စွန်းယန်တစ်ယောက် စန့်ကွမ်းကျင်းဟုန်နှင့် ကျင်းဝူမင်းတို့နှင့် မဆုံတွေ့ရသေးပါစေနှင့်ဟု သာ သူဆုတောင်းနေမိသည်။

သူနောက်မကျသေးဟုလည်း ဆုတောင်းနေမိပြန်သည်။

သူ သိပ်နောက်မကျသေးပါ။

+++++

ဆောင်းဦးနေသည် တောင်စွယ်သို့ တိုးဝင်ပျောက်ကွယ်မသွားခဲ့သေးချေ။ နေရောင်ခြည်အောက် တွင် ရေပွက်လေးများ လှိုင်းကြက်ခွပ်ထနေသည်မှာ ရွှေရောင်ဖြန်းပက်ထားသကဲ့သို့ပင်။

မေပယ်လ်ရွက်လေးတစ်ရွက် ရွှေရောင် လှိုင်းကြက်ခွပ်များကြားတွင် မြုပ်ချည်ပေါ်ချည် မျောပါလာ ၏။ ပြီးနောက် ဒုတိယတစ်ရွက်... ပြီးနောက် တတိယတစ်ရွက်... ပြီးနောက် ရေပြင်တစ်ခုလုံး မေပယ်လ်ရွက် လေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဆောင်းဦးကာလပင်ရှိသေးသည်ဖြစ်၍ မေပယ်လ်ရွက်များ ကြွေကျချိန် မတန်သေးချေ။

ထိုသစ်ရွက်ကြွေများသည် ကျင်းဝူမင်းနှင့် ကော့စွန်းယန်တို့၏ ဓားလှိုင်းများကြောင့် ကြွေကျခဲ့ သည်များလား...

လီဆွန်းဟွာ၏ နှလုံးသားတစ်ခုလုံး လေးလံသွားခဲ့ရသည်။ တိုက်ပွဲ စတင်ခဲ့ပြီး ဖြစ်လေသည်။

ဤတိုက်ပွဲသည် အံ့ဩစရာကောင်းလောက်အောင်ပင် ပြင်းထန်လှမည်ဖြစ်ပြီး အသည်းနှလုံးများ လှုပ်ခါသွားလောက်အောင် စွဲဆောင်မှုကောင်းလိမ့်မည်ဖြစ်ကြောင်း သံသယရှိစရာမလိုပါ။

ကော့စွန်းယန်၏ တစ်သက်တာတွင် အသက်ကိုလုပြီးတိုက်ခိုက်ခဲ့ရသော တိုက်ပွဲတစ်ခု ဖြစ်ပုံရသည်။ ထို့ကြောင့် မေပယ်လ်ရွက်ကြွေများ ဓားလှိုင်းချက်များကြောင့် ကြွေကျခဲ့ရသည် မဟုတ်ပါလား။

သူဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်ပါမည်နည်း...

ထိုနေရာသို့ ရောက်ရှိရန် လီဆွန်းဟွာ စိတ်မရှည်နိုင်တော့ပါ။

သစ်တောထဲမှ သစ်ရွက်များ၏ ၆၀ ရာခိုင်နှုန်းလောက် ကြွေကျခဲ့ပြီးဖြစ်၏။ ဝန်းကျင်တစ်ခုလုံးက သေမင်း၏အငွေ့အသက်များ ဖုံးလွှမ်းထား၏။ ရွက်ကြွေများက လေထဲတွင် ကခုန်နေကြသည်မှာ မြင်ကွင်းတစ်ခုလုံးအား သွေးများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ပင်။

တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီလား...

မည်သူ အနိုင်ရသွားသနည်း...

သစ်တောထဲတွင် လူရိပ်လူယောင် မတွေ့ရသေးပါ။ ဆောင်းဦး၏လေပြေလေးက စကားပြောဆို နိုင်မည်ဆိုလျှင်တောင် လီဆွန်းဟွာ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော မေးခွန်းများအား ဖြေကြားနိုင်လိမ့် မည်မဟုတ်ပါ။ စီးဆင်းနေသော ရေအလျင်ကသာ တဝေါဝေါအသံများ ထွက်ပေါ်နေပြီး ကျဆုံးသွားသူ တစ်ယောက်အတွက် ငိုကြွေးနေသကဲ့သို့ပင်။

ကော့စွန်းယန်သာ ရှုံးနိမ့်ခဲ့သည်ဆိုပါက သူ့ခန္ဓာကိုယ်အလောင်းသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

သစ်ရွက်ကြွေများက ရေစီးအတိုင်း မျောပါနေဆဲပင်။

တောင်စွယ်တွင် နေကွယ်ခဲ့ပေပြီ။ ချောင်းရိုးတစ်လျှောက် သူလိုက်လာခဲ့ရာမှ တစ်နေရာအရောက် တွင် သွေးကွက်များကို ရေထဲ၌ တွေ့လိုက်ရလေသည်။

ရှုံးနိမ့်သူ၏ သွေးစက်များပေလော...

လီဆွန်းဟွာ ခေါင်းမော့ထားလိုက်သည်။ ပြီးနောက် ချောင်းရိုးအဆုံးထိ လျှောက်သွားလိုက်သည်။ ချောင်းအဆုံးဘက်တွင် ရေပန်းတစ်ခု တောင်စောင်းများကြားမှ ထိုးထွက်နေ၏။

ထိုရေပန်းဘေးတွင် လူတစ်ယောက် လဲကျနေသည်။

ရေပန်းများက ဆက်တိုက်ပင် ထိုသူ့အား အမြင့်မှ ပန်းကျနေသော်လည်း ထိုနေရာမှ ရွေ့လျားသွား အောင် မစွမ်းဆောင်နိုင်ချေ။

ထိုသူသည် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ငြိမ်သက်စွာ လဲလျောင်းနေ၏။

လီဆွန်းဟွာက ဆို့နင့်ကြေကွဲစွာ ခေါ်လိုက်သည်။ “ကော့စွန်းယန်... မိတ်ဆွေ ကော့စွန်းယန်...”

ခန္ဓာကိုယ်လဲကျနေရာသို့ သူ ခုန်ပျံရောက်ရှိသွားခဲ့သော် မျက်နှာပြင်ပေါ်သို့ ရေမှုန်ရေမွှားများ အဆက်မပြတ် ကျရောက်လာသည်။

ရေများ ပန်းထွက်နေသော နေရာသို့ သူသွားရောက်လိုက်ပြီး လဲကျနေသူ၏ လက်ကို ဆွဲယူလိုက် သည်။

သူထင်ထားခဲ့သည်များက မှန်ကန်နေ၏။ ထိုသူသည် ကော့စွန်းယန်ပင် ဖြစ်လေသည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးက ရေပန်းအောက်တွင် အေးခဲလုမတတ်ရှိနေသော်လည်း သူ၏ဓားကို မလွတ် တမ်း ဆုပ်ကိုင်ထားလေသည်။ သေသည့်အချိန်တွင်ပင် ဓားကို ချစ်မြတ်နိုးစွာ ဖက်တွယ်ပြီး သေဆုံးခဲ့ ခြင်းပင်။

ထိုဓားသည် နာမည်ကျော် နေရောင်ခြည်ဓားပင်ဖြစ်၏။ ဓားအိမ်ကတော့ ရေထဲကျပြီး မျောပါ သွားခဲ့လေပြီ။ ဓားသည်သာ လူနှင့်အတူ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။

သူဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ...

ခန္ဓာကိုယ် အလောင်းကို ခြောက်သွေ့သောမြေကြီးရှိရာသို့ လီဆွန်းဟွာ ဆွဲယူလာ၏။ ထိုအချိန် တွင် သူ့နောက်ဘက်မှ တစ်စုံတစ်ယောက်၏စကားသံကို ကြားလိုက်ရလေသည်။ “သူ့ကိုယ်သူ ဘာဖြစ် လို့ ဒီလိုလုပ်ခဲ့ရတာလဲ။”

စကားပြောဆိုလိုက်သူမှာ လင်းလင်းဖြစ်နေကြောင်း နောက်သို့လှည့်မကြည့်ဘဲနှင့်ပင် ပြောနိုင်၏။ အံ့ဩစရာကောင်းလှစွာပင် ဤမိန်းမငယ်လေးသည် သူ့နောက်သို့ ကောက်ကောက်ပါအောင် လိုက် လာခဲ့လေသည်။

လင်းလင်း-“သူ ဘာဖြစ်လို့ ဒီလိုမျိုး သူ့ကိုယ်သူ လုပ်ခဲ့ရတာလဲ။ ရှင် သူ့ကို ရှာလို့မတွေ့မှာ စိုးလို့လား... ဒါမှမဟုတ် မသေခင် သူရေချိုးသွားချင်လို့လား။”

လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “လူတစ်ယောက်ဟာ လူ့လောကထဲကို သန့်ရှင်းစွာ ဝင် ရောက်လာခဲ့တယ်ဆိုရင် ဘာဖြစ်လို့များ သန့်ရှင်းစွာ ထွက်မသွားနိုင်ရမှာလဲ။”

လင်းလင်း-“ရှင် ဘာကို ဆိုလိုတာလဲ။”

လီဆွန်းဟွာ-“တခြားလူတွေ မြေမြှုပ်ပေးမှာကို သူမလိုလားခဲ့သလို သူ့ခန္ဓာကိုယ်ကို ယူဆောင် သွားကြမှာကိုလည်း မလိုလားခဲ့ဘူး။”

လင်းလင်း-“ဘာဖြစ်လို့လဲ။ ရှင့်ကို သူ စောင့်နေခဲ့တာလား။”

လီဆွန်းဟွာ-“အတိအကျပဲ။”

လင်းလင်း-“သူ သေတောင်သေသွားခဲ့ရပြီပဲ။ ရှင့်ကို ဘာဖြစ်လို့ စောင့်နေခဲ့သေးတာလဲ။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကျုပ်ကို ပြောပြစရာ စကားတွေ ရှိနေသေးလို့ပေါ့။”

လင်းလင်း တုန်လှုပ်သွားခဲ့ရသည်။ အတန်ကြာသောအခါမှ စိတ်ထိန်းထားနိုင်လာပြီး မေးမြန်း လိုက်သည်။ “သူက ရှင့်ကို ပြောစရာစကားရှိတယ်လို့ ရှင်... ရှင်ပြောလိုက်တာလား။”

လီဆွန်းဟွာ-“အမှန်ပဲ။”

လင်းလင်းက မေးမြန်းလိုက်ပြန်သည်။ “သူဘာပြောချင်လဲဆိုတာ ရှင်က သိနေတယ်ပေါ့။”

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။

လင်းလင်း-“သူ ရှင့်ကို ပြောပြခဲ့ပြီးပြီလား။”

လီဆွန်းဟွာ-“ဟုတ်တယ်။”

လင်းလင်း-“ဒါပေမဲ့ ရှင်ရောက်လာတဲ့အချိန်မှာ သူ သေနေခဲ့ပြီးပြီပဲ။”

0 comments:

Post a Comment