လင်းလင်း-“သူကတော့ သေဆုံးသွားခဲ့ပြီ။ သူဘာများ ပြောနိုင်ဦးမှာလဲ။ လူသေတွေက စကား ပြောနိုင်ကြသေးတယ်လို့ ရှင်ဆိုလိုတာလား။”
လီဆွန်းဟွာ-“သူပြောချင်တဲ့ အကြောင်းအရာက စကားလုံးအဖြစ်နဲ့ ရှိမနေတာတောင်မှ ကျုပ် ကောင်းကောင်းကြီး ကြားနေပါသေးတယ်။”
လင်းလင်း-“ဒါပေမဲ့ ကျမကြတော့ မကြားရပါလား။”
သူမသည် လုံးဝနားမလည်နိုင်တော့သလို အတော်လေးလည်း ထိတ်လန့်သွားခဲ့ရသည်။
လူတို့သည် နားမလည်သော အကြောင်းအရာများစွာတို့အတွက် ထိတ်လန့်တတ်ကြလေသည်။
လီဆွန်းဟွာက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြောဆိုလိုက်သည်။ “သူဘာပြောနေလဲဆိုတာ မင်း မသိချင်ဘူးလား။”
လင်းလင်းက ခေါင်းညိတ်ပြလိုက်သည်။
လီဆွန်းဟွာ-“တကယ်တမ်းပြောရရင် မင်းအတွက်လည်း သူပြောခဲ့ပါသေးတယ်။ မင်းနားမထောင် တတ်လို့ မကြားရတာပါ။ ရှင်းရှင်းပြောရရင် လူသေတွေရဲ့စကားတွေက အဖိုးအတန်ဆုံးပဲ။ ဘာဖြစ် လို့လဲဆိုတော့ ဒီစကားတွေအတွက် သူတို့ဘဝတစ်ခုလုံးနဲ့ရင်းပြီးမှ ရရှိလာခဲ့ရလို့ပဲ။ လူသေတွေပြောတဲ့ စကားကိုသာ မင်းနားထောင်တတ်မယ်ဆိုရင် မင်းအတွက် လေ့လာစရာတွေ အများကြီး ရရှိလာမှာ ပါ။”
လင်းလင်းက မေးမြန်းလိုက်သည်။ “ဒါပေမဲ့ ကျမက ဘယ်လိုလုပ်ပြီး လူသေတွေပြောတဲ့စကား ကို နားထောင်ရမှာလဲ။”
လီဆွန်းဟွာ-“လူသေတွေ ပြောတဲ့စကားကို နားလည်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ မင်းအနေနဲ့ အသက်ရှည်ရှည်နေချင်ရင်၊ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်တော့ လေ့လာသင့် တယ်။”
သူ၏စကားသံက အလွန်လေးနက်စွာ ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပြောင်အပျက်သဘောမျိုး လုံးဝ မပါရှိချေ။
လင်းလင်း-“ဒါပေမဲ့ ကျမက ဘယ်လိုလေ့လာရမှာလဲ။ ရှင် သင်ပေးမှာလား။”
လီဆွန်းဟွာ-“မင်း နည်းနည်းလောက် အာရုံစိုက်ပြီး နားထောင်ကြည့်ပါလား။”
လင်းလင်းက မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
သူမသည် အကောင်းဆုံးကြိုးစား၍ နားစွင့်နေခြင်းဖြစ်သော်လည်း မည်သည့်စကားသံမျှ မကြားရ ချေ။
လီဆွန်းဟွာ-“နားနဲ့ချည်းပဲ နားထောင်မနေနဲ့။ မျက်လုံးကို ဖွင့်ကြည့်ပြီး လေ့လာလိုက်ပါဦး...”
လင်းလင်းသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေတော့သည်။
ကော့စွန်းယန်၏ အဝတ်အစားများက ဓားချက်များကြောင့် စုတ်ပြတ်နေသည်ကို တွေ့လိုက်ရ သည်။ ရေဖြင့်ဆေးကြောထားခဲ့သလို ဖြစ်နေသောကြောင့် သန့်ရှင်း၍လည်းနေ၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖြူရော်နေပြီး မီးခိုးရောင်ဘက်သို့သမ်းနေ၏။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများစီးထွက်သွားခဲ့ရသောကြောင့် ဖြစ်လေသည်။
အတန်ငယ်ကြာသောအခါတွင် လီဆွန်းဟွာက မေးလိုက်သည်။ “မင်း ဘာမြင်ရလဲ။ ဘာကို ကြားလိုက်ရလဲ။”
လင်းလင်း-“ကျမ... ကျမ ဓားဒဏ်ရာတွေ တွေ့တယ်။ စုစုပေါင်း ၁၉ ခုတောင်မှ...”
လီဆွန်းဟွာ-“နောက်ထပ်ကော ဘာတွေ့သေးလဲ။”
လင်းလင်း-“သူ့ဓားဒဏ်ရာတွေက ခပ်တိုတိုလေးနဲ့ ပါးပါးလေးဖြစ်နေတာကြောင့် ဓားဦးချွန်နဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်မယ်။”
လီဆွန်းဟွာ-“ဘာဖြစ်လို့ ဓားဒဏ်ရာလို့ ပြောနိုင်ရတာလဲ။”
လင်းလင်း-“ဓားကွေး ဒါမှမဟုတ် လှံသွားဆိုရင် ဒီလောက် သပ်ရပ်တဲ့ ဒဏ်ရာမျိုးရအောင် လုပ် နိုင်မှာ မဟုတ်ဘူး။”
လီဆွန်းဟွာ-“သိပ်ကောင်းတယ်။ မင်းတော်တော်လေး လေ့လာခဲ့ပြီးပြီပဲ။”
လင်းလင်းက ပြုံးပြီးပြောဆိုလိုက်သည်။ “ဒါကြောင့်မို့လို့ သူ့ကို သတ်သွားခဲ့သူဟာ ကျင်းဝူမင်း ပဲ ဖြစ်ရမယ်။ စန့်ကွမ်းကျင်းဟုန်က ‘နဂါးနဲ့မီးငှက်’ သံကွင်းလက်နက်ကို ကိုင်ဆောင်ပြီး ဓားကိုင်သူ တစ်ယောက်မဟုတ်ဘူး။ စန့်ကွမ်းကျင်းဟုန်ကိုယ်တိုင် ဒီနေရာကို ရောက်လာခဲ့လားဆိုတာတောင်မှ မပြောနိုင်ဘူး။”
လီဆွန်းဟွာ-“သူရောက်ချင်လည်း ရောက်လာခဲ့နိုင်ပါတယ်။ သူဝင်မတိုက်တာက လွဲလို့ပေါ့လေ။”
လင်းလင်းက ခေါင်းညိတ်ပြီး ပြောဆိုလိုက်သည်။ “ဒဏ်ရာတိုင်းက ထောင့်ဖြတ်ပုံစံ ရှိနေတယ်။ အောက်ခြေပိုင်းက နက်ပြီး အပေါ်ပိုင်းကျတော့ တိမ်သွားပြန်ရော...”
လီဆွန်းဟွာ-“မှန်တယ်။”
လင်းလင်း-“ဒါကြောင့်မို့လို့ ဓားချက်တိုင်းဟာ အောက်ကပင့်ခတ်လိုက်တာဖြစ်ရမယ်။ တော် တော်ထူးဆန်းတဲ့ ဓားသိုင်းပဲ။ ကျင်းဝူမင်းရဲ့ ဓားသိုင်းပညာဟာ တော်တော်လေးလျင်မြန်ပြီး လှည့်ကွက် သိပ်များပြီး တွေ့ရခဲတဲ့သိုင်းပညာလို့ ကျမ ကြားဖူးထားတယ်။ အခုတော့ ကျမ ယုံကြည်သွားပါပြီ။”
လီဆွန်းဟွာ-“မင်းပြောတာမှန်တယ်။ သူ့ဓားပညာက လျှို့ဝှက်ရုံမကသေးဘူး... ထိုးနှက်တိုက် ခိုက်ချက်တိုင်းက ထောင့်ကျဉ်းကျဉ်းလေးထဲကချည်း ထွက်ပေါ်လာတာဖြစ်တာကြောင့် သူ့ရန်သူဟာ သူဘယ်နေရာကနေ တိုက်ခိုက်လာမယ်မှန်း ကြိုတင်ခန့်မှန်းမိမှာ မဟုတ်ဘူး။”
ကော့စွန်းယန်၏ ခန္ဓာကိုယ်တစ်နေရာသို့ သူလက်ညှိုးထိုးပြလိုက်ပြီး ပြောဆိုလိုက်သည်။ “ဒီဒဏ် ရာကို ကြည့်လိုက်စမ်း။ ဒီဒဏ်ရာမျိုးက ပုံမှန်အတိုင်းဆိုရင် အပေါ်ကနေ ခုတ်မိုးတိုက်ခိုက်ခံရတဲ့ ဒဏ် ရာဖြစ်ရမှာ... ခုတော့ အောက်က ပင့်တင်တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဒါကြောင့်မို့လို့ သူ့ဓားပညာဟာ ပုံမှန်လမ်းကြောင်းနဲ့ သွေဖည်ခွဲထွက်သွားတဲ့ ပြောင်းပြန်ဓားပညာ ဖြစ်ရမယ်။”
လင်းလင်း-“ရှင်ပြောတာ မှန်တယ်။”
လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ ကျင်းဝူမင်းရဲ့တိုက်ခိုက်မှုအားလုံးဟာ ခါးအောက်ပိုင်းကနေ စတင် ခဲ့ရမယ်။ လက်ကောက်ဝတ်အားကို အသုံးပြုပြီး တိုက်ခိုက်တဲ့ ထိုးနှက်ချက်မျိုးလည်း ဖြစ်နေပြန်တယ်။ ကျုပ်သာ ဒီဒဏ်ရာတွေကို မမြင်ခဲ့ရဘူးဆိုရင် ဒီလိုဓားသိုင်းမျိုးနဲ့ တိုက်ခိုက်နိုင်သူတစ်ယောက် ရှိနေလိမ့် မယ်လို့ ဘယ်လိုမှ ထင်ထားမိမှာမဟုတ်ဘူး။”
လင်းလင်းက ခေါင်းညိတ်ပြလိုက်သည်။
လီဆွန်းဟွာ-“မင်းက သူ့ခန္ဓာကိုယ်ရဲ့ ရှေ့ဘက်ခြမ်းက ဒဏ်ရာတွေပဲတွေ့ခဲ့တာကိုး... နောက် ကျောမှာ နောက်ထပ် ဒဏ်ရာ ၇ ချက်ရှိနေသေးတယ်။ ကော့စွန်းယန်ရဲ့ သိုင်းပညာအရဆိုရင် နောက် ကျောကနေ တိုက်ခိုက်ခံခဲ့ရတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။”
လင်းလင်း-“မှန်တယ်။ ကျမသာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင် ဘယ်တော့မှ နောက်ကျောပေးပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။”
လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ ဒီဒဏ်ရာတွေက သူတို့တွေ အချင်းချင်း ဖြတ်သွားတဲ့အချိန်မှာ ရရှိ ခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ ကျင်းဝူမင်းက သူ့နံကြားထဲကနေ လက်လျှိုပြီးတိုက်ခိုက်နိုင်လို့ပဲ ဖြစ်ရမယ်။”
သူ သက်ပြင်းချလိုက်ပြီး ဆက်၍ပြောဆိုနေသည်။ “နံကြားထဲကနေ လက်လျှိုပြီးတိုက်ခိုက်နိုင်တဲ့ လူတစ်ယောက်ဟာ တမူထူးခြားတဲ့ ဓားပညာကို လေ့ကျင့်ပေါက်မြောက်ထားသူတစ်ယောက်ပဲ ဖြစ်ရ မယ်။ ပိုပြီး ရင်သပ်ရှုမောဖို့ကောင်းတဲ့ အချက်က ဒီဓားချက်တွေက အောက်ကပင့်တင်တိုက်ခိုက်ခဲ့တဲ့ ဓားချက်တွေ ဖြစ်နေပြန်သေးတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေ ဖြတ်သန်းသွားတဲ့အချိန်တို လေးအတွင်းမှာ ကျင်းဝူမင်းဟာ သူ့ဓားကို ရုတ်ချည်းပြောင်းကိုင်ပြီး တိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသ နေတယ်။ ဒီစွမ်းဆောင်ချက်တစ်ခုတည်းနဲ့တင် သူဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်တစ် ယောက် ဖြစ်နေပြန်တယ်။”
လင်းလင်းက တွေဝေငေးမောပြီး နားထောင်နေလေသည်။
အတော်လေးကြာသောအခါမှ သူမသည် သက်ပြင်းချလိုက်ပြီး မေးမြန်းလိုက်သည်။ “ဒီအ ကြောင်းတွေက သူ ရှင့်ကို ပြောပြချင်တဲ့ အကြောင်းအရာတွေလား။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်ပြီး- “မဟုတ်ရင် ဒီလောက်ဒဏ်ရာများများ သူရခဲ့စရာအ ကြောင်းမရှိဘူး။”
လင်းလင်းက မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“ထိပ်သီးသိုင်းပညာရှင်တွေ တိုက်ခိုက်ကြရင် အနိုင်အရှုံးဆိုတာ တစ်ကွက်ထဲနဲ့ အဖြေထွက်တယ်။ ဟာကွက်လေးတစ်ကွက်လောက်ပေါ်လာတာနဲ့ တပြိုင်နက် ရန်သူက ချက်ချင်းကို အသုံးချပြီးသားပဲ။”
လင်းလင်း-“ကျမ နားလည်ပါပြီ။”
လီဆွန်းဟွာ-“စဉ်းစားကြည့်စမ်း... နေရောင်ခြည်ဓား သိုင်းလောကမှာ ကျော်ကြားခဲ့တာ နှစ် ပေါင်း ၂၀ ကျော်ရှိပြီ။ ကော့စွန်းယန်ဟာ သိုင်းလောကထဲက နံပါတ် ၁ ဒါမှမဟုတ် နံပါတ်၂ဓားသမား တစ်ယောက်လည်း ဖြစ်ပြန်တယ်။ ဟာကွက် ၂၇ ကွက်ပေါ်ထွက်ခဲ့ပြီး ဒဏ်ရာ ၂၇ ချက်ရရှိခဲ့တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
လင်းလင်း-“ရှင်ဆိုလိုတာက ဟာကွက်တွေကို သူသက်သက်မယ့် ပြခဲ့တာလို့ ပြောချင်တာလား။ ဒါပေမဲ့ ကျင်းဝူမင်းရဲ့ ဓားချက်ကြောင့် သူသေရမှာကို မစဉ်းစားခဲ့ဘူးလား။”
လီဆွန်းဟွာ-“အဲ့ဒီလို ဟာကွက်တွေကို ပြသခဲ့လို့လည်း ကျင်းဝူမင်းရဲ့ သေမင်းတမန်ဓားချက်တွေကို ရှောင်တိမ်းနိုင်ခဲ့တာပေါ့။ ဒါကြောင့်မို့လို့လည်း သူ့ဒဏ်ရာတွေက သိပ်ပြီး ထူးဆန်းနေရတာပေါ့။”
လင်းလင်းသည် နားမလည်နိုင်တော့ချေ။ သူမက မေးမြန်းလိုက်သည်။ “သူဘာဖြစ်လို့ ဒီလိုလုပ် ခဲ့ရတာလဲ။”
လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “သူဘာဖြစ်လို့ ဒီလိုလုပ်ခဲ့ရသလဲဆိုတော့ ကျင်းဝူမင်းရဲ့ ဓားသိုင်းပညာရပ်ဟာ ဘယ်လိုမျိုး ပညာရပ်လဲဆိုတာ ကျုပ်ကို ပြောပြခဲ့ချင်လို့ပေါ့ကွာ။”
လင်းလင်းတစ်ယောက် ငြိမ်သက်သွားခဲ့ရတော့သည်။
အတော်လေးကြာသောအခါမှ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာခဲ့ပြီး ပြောဆို လိုက်သည်။ “ဒီလောကကြီးထဲမှာ ကြင်နာတတ်သူတွေ တစ်ယောက်မှမရှိဘူးလို့ ကျမ ထင်ထားခဲ့ တယ်။ မိတ်ဆွေဆိုတာကလည်း တစ်ယောက်ကို တစ်ယောက်အသုံးချဖို့လို့ပဲ မှတ်ယူထားခဲ့တယ်။ ဒါကြောင့် မို့လို့ ကောင်းစားချင်တယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းကြီး အသုံးချရမယ်လို့ ထင်ထားခဲ့တာ။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်စရာမလိုဘူး... ဘယ်သူ့ကိုမှလည်း သစ္စာရှိရှိ ဆက်ဆံစရာ မလိုဘူးလို့ ထင်ထားခဲ့တယ်။”
လီဆွန်းဟွာ-“ကျုပ်ထင်တာပြောရမယ်ဆိုရင် ဒီအတွေးအခေါ်တွေကို လင်ရှန်းအာဆီက သင်ယူ ခဲ့တာမဟုတ်လား။”
လင်းလင်းက ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောနေသည်။ “ဒါပေမဲ့ ခုတော့ ဒီလောကကြီးထဲမှာ လူကောင်းသူကောင်းတွေလည်း ရှိပါသေးလားဆိုတာ ကျမ သိလာခဲ့ပြီ။ မိတ်ဆွေအတွက် အသက်ကို ပဓာနမထားဘဲ စွန်းစားဝံ့သူတွေ ရှိနေကြောင်း ကျမ သိလိုက်ပါပြီ။”
ရုတ်တရက်ပင် သူမသည် ကော့စွန်းယန်၏ ခန္ဓာကိုယ်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ပြောဆို လိုက်သည်။ “ဆရာကော့... ရှင်သေသွားခဲ့ပေမယ့် ရှင့်မိတ်ဆွေအတွက် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။ ကျမကိုလည်း ဘဝရဲ့အရေးအကြီးဆုံး သင်ခန်းစာကို သင်ကြားပြသခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းသာ အနားယူနေပါတော့ရှင်...”
+++++
တောင်စောင်းလေးပေါ်ရှိ မြေနီလမ်းလေးပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်လာနေကြသည်။ ညနေ နေဝင်ချိန်တွင် ခပ်စောင်းစောင်းကျနေသော နေရောင်ခြည်များက ထိုသူနှစ်ဦး၏ ဝတ်ရုံများပေါ် ထိုးကျနေသည်မှာ လျှို့ဝှက်သော ရွှေရောင်အလင်းတန်းများ ရောင်ပြန်ဟပ်နေသလိုပင်။
ထိုသူနှစ်ယောက်သည် ဖြေးဖြေးလည်းမဟုတ်... မြန်မြန်လည်းမဟုတ် လမ်းလျှောက်နေကြသည်။ သူတို့ ၏လမ်းလျှောက်ဟန်ပန်များက ခန့်ငြားကြီးကျယ်လှသည်။ သူတို့သည် စကားပြောဆိုခြင်းမရှိသလို မည်သည့် ကိုယ်ဟန်အမူအယာမျှလည်း ထုတ်ဖော်ပြသခြင်းမရှိကြ။
သို့သော် သူတို့၏ခန္ဓာကိုယ်များမှ သေမင်း၏အရိပ်အငွေ့များ ထုတ်လွှတ်ထားကြသည်။ သစ် တောထဲသို့ သူတို့မဝင်ရောက်ရသေးခင်မှာပင် သစ်တောထဲမှ ငှက်များ မကောင်းဆိုးဝါး အငွေ့အသက် များကြောင့် ထပျံသွားကြ၏။
အသက်ရှင်သန်ခြင်းသည် သူတို့အတွက် လွန်စွာ အရေးကြီးသည်။
သူတို့၏ဦးခေါင်းများပေါ်တွင် မည်သည့်သက်ရှိအရာမျှ ဆောင်းတင်ထားခြင်းကို ခံမည့်သူများ မဟုတ်ကြချေ။
သစ်တောထဲတွင် အလင်းရောင်မှိန်မှိန်လေးသာ ကျန်ရှိတော့သည်။
ထိုနေရာသို့ ရောက်ရှိလာသောအခါ ရှေ့မှလျှောက်နေသူက ရုတ်တရက်ပင် ရပ်တန့်လိုက်သည်။ တစ်ချိန်တည်းလိုလိုပင် နောက်မှ ကပ်လိုက်လာသူကလည်း ရပ်တန့်လိုက်လေသည်။
ရှေ့မှလျှောက်နေသူသည် စန့်ကွမ်းကျင်းဟုန်ဖြစ်၏။ သူ မေးမြန်းလိုက်သည်။ “ကော့စွန်းယန်ရဲ့ ဓားပညာက ဘယ်လိုနေလဲ။”
ကျင်းဝူမင်း-“ကောင်းတယ်။”
စန့်ကွမ်းကျင်းဟုန်-“သိပ်ကောင်းသလား။”
ကျင်းဝူမင်း-“သိပ်ကောင်းတယ်။ အဓိပတိ ဓားဂိုဏ်း ၇ ခုက ဂိုဏ်းချုပ်တွေထက်တောင်မှ ပို ကောင်းနေသေးတယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒါပေမဲ့ မင်းနဲ့တိုက်ခိုက်ချိန်မှာတော့ ဟာကွက် ၂၆ ကွက်တောင်မှ ဖြစ်ပေါ် ခဲ့တယ်မဟုတ်လား။”
ကျင်းဝူမင်း-“၂၉ခုပါ။ နောက် ၃ ကွက်ကို ကျနော်မတိုက်ခဲ့ပါဘူး။”
စန့်ကွမ်းကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “မင်းပြောတာမှန်တယ်။ ဘာဖြစ် လို့ အဲ့ဒီ ၃ ကွက်ကို မင်း မတိုက်ခဲ့တာလဲ။”
ကျင်းဝူမင်း-“ကျနော်သာ အဲ့ဒီ ၃ ကွက်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် သူ့ကို ချက်ချင်း သတ်လိုက်သ လို ဖြစ်သွားမှာပေါ့။’
စန့်ကွမ်းကျင်းဟုန်-“သူ့ရဲ့ဟာကွက်တွေဟာ ကြိုတင်ကြံစည်ပြီးမှ ပြခဲ့တယ်ဆိုတာ မင်းမြင်တွေ့ ခဲ့တယ်ပေါ့။”
ကျင်းဝူမင်း-“မှန်တယ်။ ဒါကြောင့်မို့လို့ သူ့ကို မြန်မြန်မသတ်ချင်ခဲ့သေးတာပေါ့။ သူ့ကိုအသုံးချ ပြီး ကျနော့် ဓားသိုင်းကို လေ့ကျင့်ချင်သေးလို့ပါ။”
စန့်ကွမ်းကျင်းဟုန်-“သူဘာဖြစ်လို့ ဟာကွက်တွေ ပြခဲ့တာလဲဆိုတာ မင်းသိလား။”
ကျင်းဝူမင်း-“ကျနော်မသိဘူး။ ဘယ်တုန်းကမှလည်း မစဉ်းစားမိဘူး။”
လူသတ်ခြင်းအပြင် အခြားအရာများ သူ မစဉ်းစားလိုပါ။
စန့်ကွမ်းကျင်းဟုန်-“သူ ဟာကွက်တွေပြခဲ့တာဟာ မင်း သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင် အောင်လို့ပဲ။”
ကျင်းဝူမင်းက တိတ်ဆိတ်နေလိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“ကျုပ်တို့ကို မနိုင်နိုင်ဘူးဆိုတာ သူသိခဲ့ပုံရတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး လုပ်ခဲ့တာပေါ့။ ဒါကြောင့် လီဆွန်းဟွာအတွက် မင်းရဲ့ဓားပညာကို လေ့လာခွင့် ရသွားပြီ။”
သူ့ခေါင်းကို မော့ထားလိုက်ပြီး ဆက်ပြောနေသည်။ “လီဆွန်းဟွာ သူ့နောက်ကို လိုက်လာနိုင် လိမ့်မယ်ဆိုတာ သူသိထားခဲ့ပုံရတယ်။ ကျုပ်တို့သာ ခုနေပြန်သွားကြရင် လီဆွန်းဟွာကို တွေ့နိုင်သေး တယ်။”
+++++
အားဖေ၏ အိမ်လေးတွင်းမှ ဂေါ်ပြားတစ်လက် လီဆွန်းဟွာ သွားရောက်ရှာဖွေလာခဲ့သည်။ သူ ကျွင်းတူးရမည်။ သိုင်းလောကသားအများစုသည် သေဆုံးသူအတွက် သူသေဆုံးသောနေရာ၌ပင် မြှုပ် နှံလေ့ ရှိကြသည်။
သူ့ကို တစ်ချိန်လုံး လင်းလင်းက အကဲခတ်ကြည့်နေသည်။ သူ့အလုပ်တွင် ဝင်ရောက်နှောင့်ယှက် မည့်သူအား ယခုအချိန်တွင် သူမလိုလားပါ။
ဤမြေကျွင်းတူးခြင်းသည် သူတာဝန်ကျေပွန်စွာ... ဂုဏ်ယူစွာ... ပြုလုပ်ရမည့်အလုပ်ဖြစ်သည်။ မည်သူမျှ သူ့အား လာရောက်တားဆီးခြင်း မရှိစေရ။
ထိုအချိန်၌ပင် လင်းလင်းထံမှ စကားသံထွက်ပေါ်လာသည်။ “သူ့ကို ဒီနေရာမှာ မြှုပ်မလို့လား။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။
လင်းလင်း-“လူတစ်ယောက်ဟာ ဂုဏ်သရေရှိစွာသေဆုံးခဲ့မယ်ဆိုရင် ဘယ်နေရာမှာပဲ မြှုပ်မြှုပ် အရေးမကြီးဘူး မဟုတ်လား။”
လီဆွန်းဟွာ ခေါင်းညိတ်ပြလိုက်သည်။
လင်းလင်း-“ဒါဆိုရင်တော့ သူ့ကို ရှင်ဒီနေရာမှာ မမြှုပ်နှံသင့်ဘူး။”
လီဆွန်းဟွာ-“ဒီနေရာမှာမှမဟုတ်ရင် ဘယ်နေရာမှာ သွားမြှုပ်ရဦးမှာလဲ။”
လင်းလင်း-“သူ့ကို ဟိုရေပန်းထွက်နေတဲ့နေရာမှာပဲ ချိတ်ဆွဲထားသင့်တယ်။”
လီဆွန်းဟွာက ဘာမျှ ပြန်မပြောခဲ့ပါ။
လင်းလင်း-“စန့်ကွမ်းကျင်းဟုန်နဲ့ ကျင်းဝူမင်းတို့နှစ်ယောက်က ခုလောက်ဆိုရင် ဆရာကော့ရဲ့ ရည်ရွယ်ချက်ကို သိနေလောက်ပြီ။”
လီဆွန်းဟွာ-“မှန်တယ်။”
လင်းလင်း-“ကျင်းဝူမင်းက ရှင့်ကို သူ့ဓားပညာအကြောင်း သိစေချင်မှာမဟုတ်ဘူး။ သူဒါကို တွေးမိတာနဲ့ တပြိုင်နက် အဲ့ဒီနေရာကို ပြန်ရောက်လာမှာ အသေအချာပဲ။ ဟုတ်လား။”
လီဆွန်းဟွာ-“ဟုတ်တယ်...”
လင်းလင်း-“ဆရာကော့ရဲ့ အလောင်းဟာ တခြားနေရာကို ရောက်သွားခဲ့ပြီဆိုတာ သူတို့သိ လိုက်တာနဲ့ ရှင်ဒီနေရာမှာ ရောက်နေပြီဆိုတာကိုပါ သိသွားနိုင်တာပေါ့။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။
လင်းလင်း-“ဒါဆိုရင်တော့ ရှင်သူတို့နဲ့တိုက်ခိုက်တာနဲ့တစ်ပြိုင်နက် ကျင်းဝူမင်းက သူ့ဓားပညာကို ပြောင်းလဲပစ်မှာ သေချာတယ်။”
လီဆွန်းဟွာ-“မှန်တယ်။”
လင်းလင်း-“ဒါဆိုရင် ဆရာကော့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်မသွားပေဘူးလား။”
လီဆွန်းဟွာ-“မင်းပြောခဲ့တာတွေအားလုံး ကျုပ်စဉ်းစားခဲ့ပြီးပါပြီ။”
လင်းလင်း-“ဒါဆိုရင်လည်း ဘာဖြစ်လို့ သူ့ကို ဒီမှာမြှုပ်နှံဖို့ ရှင် ကြိုးစားနေသေးတာလဲ။”
လီဆွန်းဟွာ-“အဲ့ဒီအလုပ်မျိုး ကျုပ်မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကျုပ်အတွက် သေ သွားခဲ့ရတာ။ ကျုပ်ကတော့...”
လင်းလင်း-“မှန်တယ်။ သူ ရှင့်အတွက် သေသွားခဲ့ရတာ။ ဒါကြောင့် ရှင် သူ့ကို ပထမတွေ့ခဲ့တဲ့ နေရာမှာပဲ ပြန်ထားပေးသင့်တယ်။ မဟုတ်ရင် သူသေဆုံးသွားခဲ့ရတာ အလဟသတ်ဖြစ်သွားတော့ မှာပေါ့။”
လီဆွန်းဟွာသည် အတန်ကြာမျှ စဉ်းစားနေခဲ့ပြီးနောက် ဖြေးညင်းစွာ ပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်းဟုန်နဲ့ ကျင်းဝူမင်းတို့ ပြန်မလာဘူးဆိုတာ ကျုပ်အားလုံးပုံပြီး လောင်းရဲပါတယ်။”
+++++
ကျင်းဝူမင်းက ပြန်လှည့်လိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“မင်းပြန်သွားချင်လို့လား။”
ကျင်းဝူမင်း-“ဟုတ်တယ်။”
စန့်ကွမ်းကျင်းဟုန်-“ရှောင်းလီဓားပျံနဲ့ တိုက်ခိုက်ဖို့ မင်းဆန္ဒပြင်းပြနေခဲ့တာ ကြာပြီဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ခုတော့ အချိန်မတန်သေးဘူး။”
ကျင်းဝူမင်းက မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။”
စန့်ကွမ်းကျင်းဟုန်-“ခုနေသာ ပြန်သွားလိုက်ရင် မင်းမရှုမလှရှုံးမှာ သေချာတယ်။”
ကျင်းဝူမင်းက ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး တုန်ခါနေသောလေသံဖြင့် မေးမြန်းလိုက်သည်။ “ကျနော် ဘာဖြစ်လို့ မရှုမလှ ရှုံးနိမ့်ရမှာလဲ။”
စန့်ကွမ်းကျင်းဟုန်-“မင်း ကော့စွန်းယန်ကို သတ်ခဲ့ပြီးပြီ။ မင်းဆီမှာရှိနေတဲ့ လူသတ်ငွေ့တွေ တဖြည်းဖြည်း လွင့်ပါးကုန်ပြီ။ လီဆွန်းဟွာကတော့ ခုချိန်မှာ ဝမ်းနည်းကြေကွဲမှုက ပေါက်ဖွားလာတဲ့ အားအင်သစ်တွေ တိုးပွားနေတယ်။ ပြန်သွားရင် မင်းအတွက် ရက်ရက်စက်စက် အရေးနိမ့်နေတော့ မှာပေါ့။”
ကျင်းဝူမင်း-“ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်...”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်တို့နှစ်ယောက်ပေါင်းတိုက်ရင်တော့ လီဆွန်းဟွာကို နိုင်နိုင်ပါတယ်။ ဒါပေမဲ့ လီဆွန်းဟွာ တစ်ယောက်တည်းလာမယ်လို့ မင်းဘက်ကသေချာလို့လား။ အဘိုးအိုစွန်း ပါမလာ နိုင်ဘူးလို့ မင်းပြောနိုင်လို့လား။”
ကျင်းဝူမင်း-“ကျနော်တို့ ပူးပေါင်းတိုက်မယ်ဆိုရင် သေချာပေါက်...”
စန့်ကွမ်းကျင်းဟုန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ကျုပ် မင်းကို ပြောခဲ့ပြီးပြီ။ ကျုပ်တို့ ဒီတစ်ခေါက် သိုင်းလောကကို ခြေချခဲ့တာ အနိုင်အတွက်ပဲ၊ ရှုံးနိမ့်ဖို့မဟုတ်ဘူး။ ကျုပ်တို့ဘက်က ၁၂၀ ရာခိုင်နှုန်းလောက် အောင်မြင်မှုမရှိနိုင်ဘူးဆိုရင် ရန်သူကို ဘယ်တော့မှ ရင်မဆိုင်သင့်ဘူး။”
ကျင်းဝူမင်း တိတ်ဆိတ်နေလိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“ဒါ့ပြင် ချစ်ခြင်းမေတ္တာတရားတွေ မင်းရင်ထဲမှာ တဖွားဖွား ဝင်မွှေနေသေး တယ်။”
ကျင်းဝူမင်း တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။ “ချစ်ခြင်းမေတ္တာတရား...”
စန့်ကွမ်းကျင်းဟုန်-“တိုက်ပွဲတိုင်းမှာ မင်းအောင်နိုင်ခဲ့တာ မင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ပဲ။ ခုတော့ မေတ္တာဓာတ်လေး နည်းနည်းပေါက်ဖွားလာတာနဲ့ မင်းရဲ့ခွန်အားတွေ တဖြည်းဖြည်း ဆုတ်ယုတ် လာခဲ့ရပြီ။”
စန့်ကွမ်းကျင်းဟုန်က ဆက်ပြောနေသည်။ “အရင်တုန်းက မင်းတစ်ခါမှ ဒီလိုမျိုးမဖြစ်ခဲ့ဖူးပါဘူး။ မင်းကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာ ဘယ်သူလဲ။”
ကျင်းဝူမင်းက တစ်ဘက်သို့လှည့်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။ “ဘယ်သူမှ မဟုတ်ပါဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဒီလူဘယ်သူလဲဆိုတာ ကျုပ်မမေးချင်တော့ဘူး။ ဒါပေမဲ့ မင်းအောင်မြင်ချင် တယ်ဆိုရင်... လီဆွန်းဟွာကို အနိုင်ရချင်တယ်ဆိုရင် မင်းရဲ့ အရင်တုန်းက ရက်စက်ကြမ်းကြုတ်မှုတွေ ပြန်ရအောင် လုပ်ရလိမ့်မယ်။ အဲ့ဒီအဆင့်ကို ပြန်ရဖို့ဆိုရင် မင်းကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့မိန်းမကို မင်းကိုယ်တိုင် သတ်ရလိမ့်မယ်။”
စကားဆုံးလျှင်ဆုံးခြင်း တောအုပ်လေးထဲသို့ သူဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
+++++
ညဉ့်သန်းခေါင်ယံအချိန် ဖြစ်သည်။
လီဆွန်းဟွာ၏ နှလုံးသားက သူ၏ခြေသံများကဲ့သို့ပင် လေးလံနေသည်။
ကော့စွန်းယန်ကို မြှုပ်နှံသင်္ဂြိုလ်ပြီးသွားပြီ။ ဤနာမည်ကျော် ဓားသမား၏ နောက်ဆုံးကံတရား သည် အခြားသူများနှင့် မခြားနားပါ။ မြေကြီးနေရာ နည်းနည်းလေးတွင်ပင် နေရာယူထားခဲ့ရလေသည်။
သို့သော် အခြားသူများထက် အရေးကြီးသောအချက်ကြောင့် သူသေဆုံးခဲ့ရသည်လော...
ထိုအဖြေကို လီဆွန်းဟွာမသိပါ။ ကော့စွန်းယန် မသေသင့်ခဲ့သည်ကိုတော့ သူသိသည်။ မသေ သင့်သူသည် သေဆုံးသွားခဲ့ရပြီ။ လောကကြီး၏ ပျက်ရယ်ပြုမှုလေလား...
သမိုင်းတွင် ရာဇဝင်တွင်ခဲ့ကြသူ သူရဲကောင်းအားလုံးပင် အနည်းအကျဉ်းတော့ ရူးသွပ်ကြလေသည်။
သူကိုယ်တိုင်ပင် ရူးသွပ်သူတစ်ယောက်ဟု ဆိုနိုင်သေးသည်။
လင်းလင်းသည် သူ့နောက် တစ်ချိန်လုံး လိုက်ပါခဲ့ရာမှ ကောက်ကာငင်ကာ မေးမြန်းလိုက်သည်။ “စန့်ကွမ်းကျင်းဟုန်နဲ့ သူ့အပေါင်းအပါတွေ ဒီကို ရောက်မလာနိုင်ကြဘူးလို့ ရှင်ဘယ်လိုလုပ်ပြီး ပြော နိုင်တာလဲ။”
လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်ဟာ အင်မတန်မှ မျှော်မှန်းချက်ကြီး မားပြီး အကြံအစည်ကြီးမားသူ တစ်ယောက်ဖြစ်နေလို့ပဲ။ အကြံအစည်ကြီးမားသူတွေဟာ ဘယ်တော့ မှ သာမန်လူတွေလို စဉ်းစားလုပ်ကိုင်လေ့ မရှိကြဘူး။”
လင်းလင်းက မေးမြန်းလိုက်သည်။ “သူတို့က ဘာများ ထူးခြားနေလို့လဲ။”
လီဆွန်းဟွာ-“သူတို့ တိုက်ခိုက်ပြီဟေ့ဆိုတာနဲ့ နိုင်နိုင် ရှုံးရှုံး အန္တရာယ်ကင်းကင်း နောက်ပြန် ဆုတ်သွားတတ်တယ်။ နောက်ထပ်အခွင့်အရေးကို စောင့်စားနေပြီး အခွင့်ကောင်းပေါ်လာမှ တဖန်ပြန် တိုက်တတ်တယ်။ အကြံအစည်ကြီးမားသူတွေက ဘယ်တော့မှ မသေချာတဲ့အလုပ် မလုပ်တတ်ကြ ဘူး။”
လီဆွန်းဟွာသည် သက်ပြင်းချလိုက်သည်။ “အကြံအစည်ကြီးမားသူတွေဟာ ဘယ်တော့မှ မရူးသွပ်တတ်ကြဘူး။ ဒါကြောင့်မို့လို့လည်း သူရဲကောင်းတွေနဲ့ သူတို့ ကွာခြားကြတာပေါ့။”
လင်းလင်းက မေးမြန်းလိုက်သည်။ “ဒါဆိုရင် သူရဲကောင်းတွေက တော်တော်လေး ရူးနှမ်းကြတာ ပေါ့နော်...”
0 comments:
Post a Comment