Monday, March 7, 2011

(၄၇) ရွှင်ပျော်ပျော်နတ်မိမယ်

လီဆွန်းဟွာ-“ရူးနှမ်းတယ်ဆိုတာ ပျက်ရယ်ပြုစရာမဟုတ်ဘူး။ မေတ္တာတရား အလွန်ကြီးမား သူတွေသာ ဘယ်လိုမျိုး ရူးနှမ်းရမယ်ဆိုတာ လေ့လာထားကြတယ်။”

လင်းလင်းက ရယ်မောလိုက်သည်။ “အရူးဖြစ်ဖို့များ လေ့လာရဦးမယ်... ဟုတ်လား။”

လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့။ လူတိုင်းရူးနှမ်းတတ်ဖို့ မလွယ်ဘူး။ ရူးနှမ်းခြင်းဆိုတာနဲ့သွက် သွက်ခါအောင်ရူးသွပ်တာနဲ့ မတူဘူးနော်။ ဓားသိုင်းပညာကို အရူးအမူးရူးနှမ်းနေသူတစ်ယောက်သာ အကောင်းဆုံးဓားပညာရပ်ကို လေ့ကျင့်တတ်မြောက်နိုင်တယ်။ အချစ်ကို အရူးအမူး ရူးနှမ်းနေသူတစ် ယောက်သာ သူများတွေရဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားနားလည်နိုင်တယ်။ မရူးနှမ်းဘူးသူတစ်ယောက် အတွက်တော့ ဒီအကြောင်းတွေကို နားလည်ခံစားပေးနိုင်မှာ မဟုတ်ဘူး။”

လင်းလင်းက ခေါင်းငုံ့ထားလိုက်ကာ ထိုစကား၏ အဓိပ္ပါယ်ကို သဘောပေါက်အောင် စဉ်းစား ခန်းဝင်နေသည်။

အတန်ငယ်ကြာသောအခါမှ ခေါင်းမော့လာပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ- “ကျမ ရှင့်ဆီက အများကြီး သင်ယူတတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့... ရှင် ဒီကနေ ထွက်သွားတော့မယ် မဟုတ်လား။ ရှင်ထွက်သွားရင် ကျမကို အပါခေါ်သွားမှာ မဟုတ်ပါဘူး။”

လီဆွန်းဟွာ ခဏမျှ တွေဝေသွားခဲ့ရပြီး ပြောဆိုလိုက်သည်။ “အနည်းဆုံးတော့ မင်းကို အိမ်ပြန် ရောက်အောင် ကျုပ်လိုက်ပို့ပေးမှာပါ။”



လင်းလင်း-“ဒါဆိုရင်လည်း ကျမတို့ လျှို့ဝှက်လမ်းကို အသုံးပြုလိုက်ကြရအောင်လား။ ပိုပြီး မြန်မြန် ရောက်သွားတာပေါ့။”

လီဆွန်းဟွာက သဘောကျစွာ ရယ်မောလိုက်ပြီး နှစ်သိမ့်သော လေသံဖြင့် ပြောဆိုလိုက်သည်။ “အလင်းရောင်ကို ကြောက်သူတွေသာ လျှို့ဝှက်လမ်းကို အသုံးပြုကြတယ်။ မဖြစ်မနေ အခြေအနေ အရ အသုံးပြုရတာကလွဲလို့ပေါ့လေ။ ကျုပ်တို့ အသုံးမပြုသင့်ပါဘူး။”

လီဆွန်းဟွာ၏ စိတ်ခံစားမှုများက ရှုပ်ထွေးနောက်ကျိနေသော်လည်း အခြားသူများအား ပျော်ရွှင် လာစေရန် အားပေးစကားများ ပြောဆိုနေသေးသည်။

လင်းလင်းက ခစ်ကနည်းရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။ “ကောင်းပြီလေ... ကျမ ရှင့်စကား ကို နားထောင်ပါ့မယ်။ နောက်ဆိုရင် ကျမ ကြွက်တွေလို မသွားတော့ဘူးလို့ ကတိပေးပါတယ်။”

လီဆွန်းဟွာသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီနေ ရာလေးကို ကြည့်လိုက်စမ်းပါ။ လေနုအေးလေးက တသုန်သုန် တိုက်နေတယ်။ ကြည်လင်တဲ့ ကောင်း ကင်ကြီးအောက်မှာ လရောင်လေးက ရွှန်းမြနေပြီး ရေတံခွန်လေးနဲ့ ဘယ်လောက်တောင်မှ သာယာဖို့ ကောင်းလိုက်သလဲလို့။ အပြင်ဘက်ထွက်ပြီး လမ်းမလျှောက်ချင်တဲ့သူကတော့ ကျုပ်လည်း မပြောတတ် တော့ဘူး။”

လင်းလင်း-“ဟုတ်တယ်နော်... ကျမကတော့ လသာတဲ့ညမှာ လမုန့်လေးစားပြီး အရက်ချောင်း စီးနေတာမျိုး ခံစားကြည့်ချင်လိုက်တာ။”

သူမသည် သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျမ ဗိုက်ဆာနေ ပြီ။ ကျမတို့ ပြန်ရောက်ရောက်ခြင်း ကျမဦးဆုံးလုပ်မှာကတော့ ချက်ပြုတ်ပြင်ဆင်...”

သူမ၏စကားကို ရုတ်တရက်ပင် ရပ်ပစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လေထုထဲမှ အစား အစာရနံ့များကို ရှုရှိုက်မိလိုက်သောကြောင့်ပင်။ ထိုရနံ့များသည် သစ်တောအုပ်လေးအလွန် ဝေးဝေး ဆီထိ လေနှင့်အတူ သယ်ယူရောက်ရှိလာခဲ့လေသည်။

လီဆွန်းဟွာ-“ကြက်ကြော်... ဝက်သားပေါင်း... ငရုတ်သီးမီးဖုတ်... ပြီးတော့ သိပ်ကိုကောင်းတဲ့ အရက်နံ့ပါလား။”

လင်းလင်း-“ရှင်လည်း ဒီအနံ့တွေရတယ်လား။”

လီဆွန်းဟွာ-“ယောက်ျားတစ်ယောက်ဟာ အိုမင်းလာပြီဆိုရင် သူ့နားတွေ လေးသွားကောင်း လေးသွားလိမ့်မယ်။ မျက်စိတွေ မှုန်ဝါးကောင်း မှုန်ဝါးသွားလိမ့်မယ်။ ဒါပေမဲ့ သူ့နှာခေါင်းကတော့ အနံ့ ခံကောင်းဆဲပဲ။”

လင်းလင်း-“ဒီဟင်းနံ့တွေ ဘယ်နေရာကနေ ထွက်ပေါ်လာသလဲဆိုတာ ရှင်သိလား။”

လီဆွန်းဟွာက ခေါင်းကို ခါရမ်းပြလိုက်သည်။ “တောင်ခြေမှာရှိတဲ့ အရက်ဆိုင်သေးလေးမှာ ဒီ လောက်ကောင်းတဲ့ အရက် မရနိုင်ဘူး။ ဒီလောက် သွားရည်ယိုဖို့ကောင်းတဲ့ အစားအစာလည်း သူတို့ မချက်ပြုတ်တတ်ဘူးဆ်ိုတာတော့ ကျုပ်သိထားတယ်။”

လင်းလင်း-“ဒါ့ပြင် အဲ့ဒီဆိုင်လေးက ခုချိန်ဆိုရင် ပိတ်သွားပြီ။”

လီဆွန်းဟွာ-“ညလယ်စာ ချက်ပြုတ်စားသောက်နေတဲ့ အိမ်တစ်အိမ်ရှိနေတာကော မဖြစ်နိုင်ဘူး လား။”

လင်းလင်း-“မဖြစ်နိုင်ပါဘူး။ ဒီပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ထောင်စုတွေအားလုံးကို ကျမသိပါတယ်။ ဘယ်သူမှ မချမ်းသာကြဘူး။ နောက်ဆုံး သူတို့တွေ ညဉ့်လယ်စာ စားတယ်ဆိုဦး... ခေါက်ဆွဲပြုတ် လောက်ပါပဲ။”

လီဆွန်းဟွာက ပွစိပွစိ ရေရွတ်လိုက်သည်။ “သူတို့ရဲ့ ဆွေမျိုးတွေ လာလည်ကြလို့များလား... ဒါ ကြောင့်မို့လို့ အစားကောင်းအသောက်ကောင်းတွေ ချက်ပြုတ်နေကြတာကော မဖြစ်နိုင်ဘူးလား။”

လင်းလင်း-“ဒါလည်း မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ နေထိုင်ကြတဲ့ အိမ်ရှင်မတွေအားလုံးက ဒီလို စား ကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်တတ်သူ တစ်ယောက်မှ မရှိဘူး။”

သူမသည် ရယ်မောလိုက်ပြီး ဆက်ပြောနေသည်။ “ဒါပေမဲ့ အဲ့ဒီလို ဟင်းကောင်းဟင်းလျာတွေ ချက်ပြုတ်တတ်သူ တစ်ယောက်တော့ ရှိပါသေးတယ်။”

လီဆွန်းဟွာက အငမ်းမရပင် မေးမြန်းလိုက်သည်။ “ဘယ်သူလဲ...”

လင်းလင်းက သူမ၏နှာခေါင်းကို လက်ညှိုးထိုးပြလိုက်ပြီး- “ကျမပဲ...”

သူမသည် အတွေးခန်းထဲ မျောနေမိ၏။ အတန်ကြသောအခါမှ- “ဒါကြောင့်မို့လို့ ကျမလည်း အံ့ဩ နေတာ။ ကျမမှ မချက်ပြုတ်နေဘူးဆိုရင် ဘယ်သူများဖြစ်နိုင်မလဲ။ ဘယ်နေရာကနေ ဒီဟင်းနံ့တွေ ရောက်လာခဲ့တာလဲ။”

လီဆွန်းဟွာ-“ဟင်းနံ့တွေက မင်းအိမ်လေးဘက်ကနေ လာတာပဲ။”

+++++

လမ်းကလေးသည် တိတ်ဆိတ်နေ၏။

တောင်ခြေရှိ ရွာလေးသည် စောစီးစွာ အိပ်မောကျနေလေသည်။ အိမ်တိုင်းမှ ထွန်းညှိထားခဲ့သော ဖယောင်းတိုင်မီးရောင်များ ငြိမ်းသတ်သွားခဲ့ပြီ။ မေပယ်လ်သစ်တောထဲသို့ သူတို့နှစ်ယောက် ရောက်ရှိ သွားချိန်တွင် လင်းလင်း၏ အိမ်လေးအတွင်းမှ မီးရောင်များ ထွန်းလင်းနေသည်ကို တွေ့လိုက်ကြရ သည်။

အရက်နံ့၊ ဟင်းနံ့များသာ လင်းလင်း၏အိမ်လေးတွင်းမှ ပျံ့နှံ့လာသည်မဟုတ်... စကားသံများပါ ပျံ့နှံ့လာသည်။

လင်းလင်း အံ့အားသင့်သွားခဲ့ရလေသည်။

လီဆွန်းဟွာ-“မင်းရဲ့သခင်မလေးများ ပြန်ရောက်နေတာလားမသိဘူး။”

လင်းလင်း-“နောက်ထပ် ၃ လလောက်ကြာမှ ပြန်လာမယ်လို့ သူပြောသွားခဲ့တာပဲ။ မဖြစ်နိုင်ပါ ဘူး။”

လီဆွန်းဟွာ-“မင်းအိမ်လေးက ဧည့်သည်တွေနဲ့ အမြဲတမ်းစည်ကားနေကြပဲ။ အိမ်ရှင်ကို ရှာလို့ မတွေ့လို့ သူတို့ဖာသာ ချက်ပြုတ်စားသောက်နေကြတဲ့ ဧည့်သည်တွေလည်း ဖြစ်နိုင်တာပဲ။”

လင်းလင်း-“ကျမ အရင်သွားကြည့်လိုက်ဦးမယ်။ ရှင် ဒီမှာစောင့်...”

လီဆွန်းဟွာက လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။ “ကျုပ်အရင် သွားပြီး စနည်းနာလိုက်ဦး မယ်။”

လင်းလင်း-“ဘာဖြစ်လို့လဲ။ ဒီလူတွေက စားသောက်မူးယစ်နေကြတာ။ စကားသံတွေကလည်း ဆူညံနေတာပဲ။ ဧည့်ကောင်းဆောင်ကောင်းတွေ မဖြစ်နိုင်တာတော့ သေချာတယ်။ ကျမသာဆိုရင် ပြဿနာထဲ ဝင်ပါမှာမဟုတ်ဘူးနော်...”

လီဆွန်းဟွာ-“ကျုပ် ဗိုက်အရမ်းဆာနေလို့ပါကွာ။”

သူ လင်းလင်း၏ရှေ့မှ သတိကြီးစွာထားပြီး လျှောက်လှမ်းသွားသည်။ အိမ်လေးတွင် ထောင် ချောက်ဆင်ထားသည်ဟု ခံစားနေရပြီး ထိုထောင်ချောက်သည် သူ့အတွက် သီးသန့်ဖြစ်သည်ဟုလည်း ထင်မိလိုက်သည်။

တံခါးပွင့်သွားခဲ့သည်။

အထဲသို့ရောက်သည်နှင့်တပြိုင်နက် လီဆွန်းဟွာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွားခဲ့ရလေ သည်။

အဝလွန် အမျိုးသမီးများစွာ တစ်စုတစ်စည်းတည်း သူတစ်ခါမှ မတွေ့ခဲ့ဖူးချေ။

အိမ်လေးထဲတွင် ရှိနေသော အမျိုးသမီးများသည် သူတွေ့ဖူးသမျှ မိန်းမဝများထက် အနည်းဆုံး နှစ်ဆခန့် ကြီးမားတုတ်ခိုင်သူများပင်။

မိန်းမ ၁၀ ယောက်ခန့် ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ မည်သည့် ထိုင်ခုံပေါ်တွင်မှ ထိုင်၍မရ သောကြောင့် သူတို့အားလုံး ကြမ်းပြင်ပေါ်တွင်သာ ထိုင်နေကြလေသည်။ ထိုင်ခုံတစ်ခုပေါ်တွင်သာ တက် ထိုင်လိုက်ပါက ထိုထိုင်ခုံ ရုတ်ချည်းပင် ကျိုးပဲ့သွားနိုင်၏။

သူတို့အားလုံးသည် ဝက်များထက်ပင် ဝကြကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ဝက်များပင် သူတို့ လောက် ဝကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူတို့စားသလောက် ပမာဏအတိုင်း မည်သည့် ဝက်မျှ မစားသောက်ကြပါ။

လီဆွန်းဟွာ ဝင်ရောက်လာသောအချိန်တွင် သူတို့သည် ကြီးမားလှသော ကြက်ကြော်ဇလုံကြီး အား စားပွဲပေါ်တွင်တင်ထားပြီး အားရပါးရ စားသောက်နေကြလေသည်။

စားပွဲဘေးတွင် ကြီးမားလှသော ပိုးသားခုဦးကြီးတစ်ခု ချထားပြီး ထိုခုဦးပေါ်တွင် အဝဆုံးသော မိန်းမကြီးတစ်ယောက် ထိုင်နေ၏။ သူမ၏ဘေးနားတွင် ယောက်ျား ၆ ယောက် ဝန်းရံနေကြသည်။

ယောက်ျားတိုင်းပင် တောက်ပြောင်သော အရောင်ရှိသည့် အဝတ်အစားများ ဝတ်ဆင်ထားကြ ပြီး မျက်နှာပေါ်တွင် မျက်နှာချေများလိမ်းကျံထားကြသည်။ ထိုသူအားလုံးသည် ငယ်ရွယ်နုပျိုသူများ ဖြစ်ကြပြီး ချောမောခန့်ငြားသယောင်ရှိကြသော်လည်း လွန်စွာ ဝဖြိုးသူများလည်း ဖြစ်နေကြပြန်သည်။ သို့သော် ထိုမိန်းမကြီးနှင့် ယှဉ်လိုက်ပါမူ သူတို့အားလုံးသည် မျောက်ငယ်လေးများကဲ့သို့ပင်။

တစ်ယောက်က သူမ၏ခြေဖဝါးကို နှိပ်နယ်ပေးနေ၏။ တစ်ယောက်က ပခုံးကို နှိပ်ပေးနေပြီး တစ် ယောက်က ယပ်တောင်ခတ်ပေးနေသည်။ နောက်တစ်ယောက်က အရက်ခွက်ကို ကိုင်ထားပြီး သူမအား အရက်ခွံ့တိုက်နေ၏။ သူမ၏ ခြေရင်းတွင်တော့ လူနှစ်ယောက် ကွေးကွေးလေး လဲလျောင်းနေကြသည်။ သူမ၏လက်ထဲတွင် ကြီးမားသော ကြက်ကြော်ကြီးတစ်ကောင် ကိုင်ထားပြီး ထိုသူများအား တစ်ဖဲ့စီ ဖဲ့ကျွေးနေလေသည်။

လီဆွန်းဟွာ၏ ဗိုက်ထဲတွင် မည်သည့်အစာမျှ ရှိမနေ၍ ကံကောင်းသည်ဟုပင် ဆိုရပေမည်။ သို့ မဟုတ်ပါက ယခုအချိန်တွင် သူ ထိုးအံနေလောက်ပေပြီ။ ဤမျှ ရွံစရာကောင်းသော မြင်ကွင်းမျိုး သူ့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

သို့သော် သူ ထွက်ခွာမသွားပါ။ အေးဆေးတည်ငြိမ်စွာပင် အခန်းထဲသို့ လျှောက်ဝင်သွားလိုက် သည်။

အသံအားလုံး တိတ်ဆိတ်သွားခဲ့ပြီး အားလုံး၏ အကြည့်များက လီဆွန်းဟွာထံသို့ စုပြုံကျ ရောက်လာခဲ့ကြသည်။

ဤနေရာမျိုး ဤအခြေအနေမျိုးတွင် တခြားလူတစ်ယောက်ဆိုပါက ရင်တုန်ပန်းတုန်ဖြစ်နေပေ တော့မည်။

သို့သော် လီဆွန်းဟွာအတွက် ဘာမျှမဖြစ်ပါ။

သူ စိတ်လှုပ်ရှားခဲ့သည်ဆိုဦး၊ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်ကိုမျှ တွေ့ရလိမ့်မည်မဟုတ် ပါ။

သူ တည်ငြိမ်စွာပင် လျှောက်လှမ်းလာ၏။ နန်းတော်၏ ညီလာခံထဲတွင် လျှောက်လှမ်းနေပါကလည်း သူ ဤအတိုင်းပင် လျှောက်လှမ်းနေပေလိမ့်မည်။ လီဆွန်းဟွာသည် ထိုသို့သော လူစားမျိုးဖြစ်လေ သည်။

အဝဆုံးမိန်းမကြီးက မျက်လုံးတစ်ချက် ဝင့်ကြည့်လိုက်သည်။

သူမ၏မျက်လုံးများသည် အလွန်ကြီးမားလှသည်။ သို့သော် မျဉ်းကြောင်းတစ်ကြောင်းဆွဲထားသကဲ့ သို့ အသားပိုများကြားမှ ရေးရေးလေးသာ မြင်ရသည်။ သူမ၏ကြီးမားတုတ်ခိုင်သော လည်ပင်းက ပခုံး သားနှင့် ပါးမို့မို့အစ်အစ်နှစ်ဖက်ကြားတွင် ပျောက်ကွယ်နေ၏။

ထိုနေရာ၌ သူမထိုင်နေပုံမှာ တောင်ပူစာတစ်လုံးကဲ့သို့ပင်... အသားတောင်ပူစာကြီး...

သူမ၏ရှေ့သို့ လီဆွန်းဟွာ လျှောက်သွားလိုက်ပြီး နှုတ်ဆက်လိုက်သည်။ “ရွှင်ပျော်ပျော်နတ်မိ မယ်...”

သူမ၏မျက်လုံးများက အရောင်တောက်ပလာခဲ့ကြပြီး- “မင်းက ကျုပ်ကိုသိတယ်ပေါ့။”

လီဆွန်းဟွာ-“ခင်ဗျားရဲ့အကြောင်းကို ကြားဖူးနေတာ ကြာပါပြီ။”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းထွက်တော့ မပြေးပါဘူး။”

လီဆွန်းဟွာ-“ကျုပ်က ဘာဖြစ်လို့ ထွက်ပြေးရမှာလဲ။”

ရွှင်ပျော်ပျော်နတ်မိမယ်က သဘောကျစွာ ရယ်မောလိုက်သည်။

ပထမတော့ ရယ်မောသံက ပုံမှန်ပင်ဖြစ်၏။ ရုတ်ချည်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါလာ တော့သည်။

သူမ၏ လှုပ်ခါမှုကြောင့် အခန်းတွင်းရှိလူတိုင်းပင် လှုပ်ခါလာခဲ့ရသည်။ သူမ၏ နောက်ကျောပေါ် တွင် နဂိုက ယောက်ျားတစ်ယောက်ရှိနေခဲ့သော်လည်း ရယ်မောမှုကြောင့် ပြုတ်ကျသွားခဲ့ရ၏။

စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များ တလှုပ်လှုပ်နှင့် တုန်ခါလာခဲ့ကြသည်မှာ မြေငလျင်လှုပ်ခတ် သွားသကဲ့သို့ပင်။

ထို့နောက် ရုတ်တရက်ပင် အရယ်ရပ်သွား၏။ သူမသည် လီဆွန်းဟွာအား စိုက်ကြည့်ပြီး ပြော ဆိုလိုက်သည်။ “မင်းကို ကျုပ်မသိပေမဲ့ မင်းလာတဲ့ရည်ရွယ်ချက်ကိုတော့ ကျုပ်သိနေတယ်။”

လီဆွန်းဟွာ-“ဆက်ပြောပါဦး...”

ရွှင်ပျော်ပျော်နတ်မိမယ်-“ကင်းမြီးကောက်ပြာအတွက် မင်းလာခဲ့တာမဟုတ်လား။”

လီဆွန်းဟွာ-“ဟုတ်တယ်။”

ရွှင်ပျော်ပျော်နတ်မိမယ်-“ကျုပ်ရဲ့ အချစ်ဆုံးတပည့်ကို သူ သတ်ဖြတ်ခဲ့တယ်။ အဲ့ဒါ မင်းကြောင့် လား။”

လီဆွန်းဟွာ-“အမှန်ပဲ။”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းသူ့ကို ကယ်ထုတ်သွားချင်တယ်ပေါ့...”

လီဆွန်းဟွာ-“ဟုတ်တယ်။”

ရွှင်ပျော်ပျော်နတ်မိမယ်က ပြုံးပြီး ပြောလိုက်သည်။ “မင်းကိုကြည့်ရတာ လူတော်တစ်ယောက်ပါ။ ဒါကြောင့်မို့လို့လည်း ကျုပ်ရဲ့တပည့်ကို သူသတ်ခဲ့ရလောက်အောင် ထိုက်တန်ခဲ့တာကိုး။”

ရွှင်ပျော်ပျော်နတ်မိမယ်က သူမလက်မကို ထောင်ပြလိုက်ပြီး- “ကင်းမြီးကောက်ပြာဟာ တော်ရုံ အမျိုးသမီးတစ်ယောက်တော့ မဟုတ်ဘူး။ သစ္စာစောင့်သိတတ်ပြီး သတ္တိရှိတဲ့သူပဲ။ ကျုပ်ရဲ့တစ်ပည့်ကို သတ်ခဲ့ပြီးတဲ့နောက် ထွက်ပြေးမသွားဘဲ ကျုပ်ဆီရောက်လာခဲ့တယ်။ သူ့လိုမိန်းမမျိုး တစ်ယောက်မှ ကျုပ် မတွေ့ဖူးဘူး။ မင်းတို့စုံတွဲက လိုက်ဖက်ပါပေတယ်။”

လီဆွန်းဟွာ-“ခင်ဗျားကသာ ကျုပ်တို့နှစ်ယောက်ကို ချီးကျူးတယ်ဆိုရင် ကျုပ်ကျေနပ်ပါပြီဗျာ။”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်း သူ့ကို ခေါ်ထုတ်သွားချင်လား။”

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။”

ရွှင်ပျော်ပျော်နတ်မိမယ်-“ကျုပ်က သူ့ကို သတ်ခဲ့ပြီးပြီ ဆိုရင်ကော...”

လီဆွန်းဟွာ-“ဒါဆိုရင်... သူ့အတွက် လက်စားချေပေးရတော့မှာပေါ့...”

ရွှင်ပျော်ပျော်နတ်မိမယ်က နောက်တဖန် ရယ်မောလိုက်ပြန်သည်။ “မင်းဟာ လူတော်တစ်ယောက် ဖြစ်နေရုံမကသေးဘူး... သတ္တိလည်း သိပ်ကောင်းနေပါလား။ မင်းကို ကျုပ်မသတ်ချင်ပါဘူး။”

သူမ၏ ခြေထောက်တစ်ဘက်ကို ဆန့်ထုတ်လိုက်ရာ ပေါင်ပေါ်တွင်ထိုင်နေသူသည် အောက်သို့ ပြုတ်ကျသွားခဲ့ရ၏။ ထိုသူ့ကို သူမက အမိန့်ပေးလိုက်သည်။ “သွား... သူ့အတွက် အရက်သွားယူလာ ခဲ့...”

ထိုသူသည် ခရမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ မျက်နှာတွင် မျက်နှာချေ များ လိမ်းထား၏။

သူ့အမူအယာများနှင့် ရုပ်ရည်သွင်ပြင်ကို ကြည့်ရသည်မှာ အရင်က အတော်လေး ချောမောခန့် ငြားခဲ့သူတစ်ယောက်ဖြစ်မှန်း သံသယရှိစရာ မလိုချေ။

ထိုသူက အရက်ခွက်ကို လက်နှစ်ဘက်ဖြင့် ကိုင်ယူလာကာ လီဆွန်းဟွာအား ကမ်းပေးလိုက် သည်။ “ဧည့်သည်တော်အတွက် အရက်ပါ။”

ဤအခြေအနေမျိုးတွင်ပင် ထိုသူ့ထံမှ အပြုံးကို မြင်တွေ့နိုင်ပေသေးသည်။

လီဆွန်းဟွာသည် ရင်ထဲမှ ကြိတ်ပြီး သက်ပြင်းချလိုက်ကာ- “ကျေးဇူးပါပဲ...”

လူတိုင်းအပေါ်တွင် သူ့ဘက်မှ အမြဲပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်ပေသည်။ လူတစ်ယောက် သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ လူတစ်ယောက်သာဖြစ်သည်ဟု သူခံယူထားလေသည်။ တခြားလူတစ်ယောက်ကို သူ့ဘက်ကစပြီး ဘယ်တော့မှ စိတ်ညစ်ညူးအောင်မပြုလုပ်လိုပေ။

အရက်ခွက်သည် တော်တော်လေးကြီးမား၏။ ခေါက်ဆွဲစားသည့် ပန်းကန်လုံးထက်ပင် ပိုပြီး ကြီး မားနေသေးသည်။

လီဆွန်းဟွာ တစ်ဂွပ်ထဲပင် မော့ချလိုက်သည်။

ရွှင်ပျော်ပျော်နတ်မိမယ်-“သိပ်ကောင်းတယ်။ အရက်သောက်နိုင်တဲ့ လူတစ်ယောက်ကမှ တကယ့်ယောက်ျားစစ်စစ်ကွ။ ကျုပ်ကောင်လေးတွေတစ်ယောက်မှ မင်းလို အရက်မသောက်နိုင်ကြဘူး။”

ခရမ်းရောင်ဝတ်ဆင်ထားသူသည် နောက်ထပ်အရက်တစ်ခွက် လီဆွန်းဟွာထံသို့ ယူလာပေးလိုက် ပြီး ပြောဆိုလိုက်သည်။ “လီတွမ့်ဟွာက အရက်ခွက်ပေါင်းများစွာကို တစ်ထိုင်တည်းမမူးအောင် သောက်

နိုင်ပါတယ်ဗျာ။ နောက်တစ်ခွက်လောက် ထပ်သောက်လိုက်ပါဦးလား။”

လီဆွန်းဟွာ ကြက်သေသေသွား၏။

သူ့ကို ထိုလူသိနေပါလား...

ရွှင်ပျော်ပျော်နတ်မိမယ်က မျက်ခုံးပင့်ပြီး မေးမြန်းလိုက်သည်။ “မင်း သူ့ကို လီတွမ့်ဟွာလို့ခေါ် လိုက်တာလား။ ဘယ်လီတွမ့်ဟွာလဲ...”

ထိုသူ-“လီတွမ့်ဟွာတစ်ယောက်တည်းပဲ ရှိပါတယ်။ သူကတော့ ရှောင်းလီဓားပျံ လီဆွန်းဟွာပါပဲ ခင်ဗျာ။”

ရွှင်ပျော်ပျော်နတ်မိမယ်သည်လည်း ကြက်သေ သေသွားခဲ့ရပြန်သည်။

လူတိုင်း၏ မျက်လုံးများက အရောင်များ တောက်ပြောင်လာခဲ့ကြ၏။

ရှောင်းလီဓားပျံ...

မျက်မှောက်ခေတ် သိုင်းလောကတွင် နာမည်ကျော်ကြားသူ လက်တစ်ဆုပ်စာသာ ရှိလေသည်။

ရွှင်ပျော်ပျော်နတ်မိမယ်က ရယ်မောပြောဆိုလိုက်သည်။ “ကောင်းတယ်။ ကျုပ်ကြားဖူးတာတော့ လီတွမ့်ဟွာက သတ္တိကောင်းရုံမကသေးဘူး အရက်ကို ပြိုင်ဘက်ကင်း သောက်နိုင်သူတစ်ယောက်လည်း ဖြစ်ပြန်တယ်တဲ့။ မင်းကို ကျုပ်လေးစားသွားပြီ။ မင်းကလွဲလို့ ဘယ်သူမှ ဒီနေရာကို ခြေချရဲမှာမဟုတ် ဘူး။”

ထိုသူ-“ရှောင်းလီဓားပျံက ဘယ်တော့မှ ပစ်မလွဲပါ။ အင်အားကြီးမားသူတွေအဖို့ သတ္တိရှိတာ မဆန်းပါဘူး။”

ထိုသူ၏မျက်နှာကို သေသေချာချာစိုက်ကြည့်ပြီး လီဆွန်းဟွာ မေးမြန်းလိုက်၏။ “ဒါနဲ့... ခင်ဗျား က...”

ထိုသူက ပြုံးပြီးပြောဆိုလိုက်သည်။ “လီတွမ့်ဟွာရဲ့ မှတ်ဉာဏ်တွေ တော်တော်လေးဆုတ်ယုတ် သွားခဲ့ပြီပဲ။ ကျုပ်လို မိတ်ဆွေဟောင်းတစ်ယောက်ကိုတောင်မှ မမှတ်မိတော့ဘူးလားဗျာ။”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းကိုတော့ သူမှတ်မိချင်မှ မှတ်မိလိမ့်မယ်။ မင်းရဲ့ဓားသိုင်းကိုတော့ သူ မှတ်မိတန်ကောင်းပါတယ်။”

ထိုသူက ချိနည့်စွာပြုံးပြီး ပြောဆိုလိုက်သည်။ “ကျနော့်ရဲ့ ဓားသိုင်း... ကျနော့်ရဲ့ဓားသိုင်းကို တောင် မေ့နေသလောက်ဖြစ်နေပါပြီလေ...”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းမမေ့ပါဘူးကွ။ သွား... မြန်မြန်သွား... ဓားသွားယူချေ။”

ထိုသူသည် အမိန့်နာခံသူတစ်ယောက်ဖြစ်၏။ ချက်ချင်းပင် အနောက်ဘက်သို့သွားပြီး ဓားတစ်လက် ယူဆောင်လာခဲ့သည်။

ထိုသူသည် အတန်ငယ် ဝဖြိုးနေသော်လည်း လမ်းလျှောက်သည့်အခါတွင်မူ မြန်ဆန်လှ၏။ ခဏလေး အတွင်းမှာပင် ပြန်ရောက်လာ၏။

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းရဲ့ ဓားကွက်တစ်ကွက်လောက် သူ့ကို ပြလိုက်ပါလား။”

ပြီးနောက် သူမသည် တစ်ဝက်တစ်ပျက်စားထားပြီးသော ကြက်ကြော်တစ်ခြမ်းအား ထိုသူ့ထံသို့ ပစ် လွှတ်လိုက်၏။

‘ချွမ်း’... ဓားရောင်တစ်ချက် လင်းလက်သွားသည်။

ထိုသူ၏ ခန္ဓာက်ိုယ်က ယိမ်းနွဲ့သွားပြီး လေထုထဲတွင် ဓားရိပ်များ ဖုံးလွှမ်းသွား၏။

ကြက်ကြော်သည် အပိုင်း ၄ ပိုင်း တိတိရိရိ ပြတ်သွားပြီး ဓားပြားပေါ်တွင် စီစီရီရီ တင်နေလေ တော့သည်။

လီဆွန်းဟွာက အံ့အားသင့်စွာ ရေရွတ်မိလိုက်သည်။ “မယုံနိုင်စရာပါဘဲလား...”

ထိုသူ့ထံမှ ဤမျှကောင်းသော ဓားရေးထွက်ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။ ထိုဓားချက် သည် အလွန်လည်း လျင်မြန်လှ၏။

စိတ်ထင့်စရာတစ်ခုကတော့ ထိုဓားကွက်ကို သူရင်းရင်းနှီးနှီးရှိနေခြင်းပင်။ သူနှင့်တိုက်ခိုက်ဖူးသော ဓားကွက် ဖြစ်နေနိုင်သည်။

ထိုသူသည် လီဆွန်းဟွာထံ လျှောက်လာယင်း ပြောဆိုလိုက်သည်။ “ဒီကြက်သားကြော်ဟာ အင်မတန်မှ အရသာရှိလှပါတယ်။ လီတွမ့်ဟွာ သုံးဆောင်ကြည့်ပါလား။”

မည်းညို့ညို့ ကျောက်စိမ်းဓားပေါ်တွင်တင်နေသော ကြက်သားတုံးများကိုကြည့်ရသည်မှာ အရ သာရှိမည့်ပုံပင်။

ကျောက်စိမ်းဓားက ရေလွှာကဲ့သို့ တရိပ်ရိပ်လှုပ်ခါနေ၏။

လီဆွန်းဟွာသည် အာမေဋိတ်သံဖြင့် အော်ပြောလိုက်မိတော့၏။

“အချစ်လုဓား...”

ထိုသူသည် အချစ်လုဓားကို ကိုင်ဆောင်ထားလေသည်တကား...

လီဆွန်းဟွာသည် ထိုသူ့အား စိတ်မကောင်းခြင်းကြီးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ယူ လောင်ရှန်း... မင်းက ဓားနန်းတော်ရဲ့ သခင်လေး ယူလောင်ရှန်းအစစ်ပဲလား...”

ထိုသူက ရယ်မောပြောဆိုလိုက်သည်။ “ကျနော်တို့က မိတ်ဆွေဟောင်းတွေပါ။ ခင်ဗျား ကျနော့် ကိုမမေ့သေးဘူးပဲ။”

သူသည် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါအောင် ရယ်မောနေလိုက်ရာ မျက်နှာတွင် လိမ်းကျံထားသော မျက်နှာချေများ ကွာကျကုန်၏။

ထိုသူသည် အမှန်တကယ်ပင် ယူလောင်ရှန်းဖြစ်နေလေသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က လီဆွန်း ဟွာတွေ့ခဲ့ဖူးသော မာနခပ်ကြီးကြီး ဓားနန်းတော်၏ အရှင်သခင်လေး ယူလောင်ရှန်းပင်။

လီဆွန်းဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညင်းများ ထောင်ထသွားခဲ့ရ၏။ ထိုလူငယ်လေး အတွက် သူ ယူကြုံးမရစွာ ခံစားလိုက်ရလေတော့သည်။

သို့သော် ယူလောင်ရှန်းကတော့ ဘာမျှဖြစ်ပုံမရ။ မည်သည့်ခံစားချက်မျှ သူ့ထံတွင်မတွေ့ရချေ။

ရွှင်ပျော်ပျော်နတ်မိမယ်-“ဓားနန်းတော်က စားဖိုမှူးတွေ ဒီလိုမျိုး ကြက်ကြော် ကြော်တတ်ကြ ရဲ့လား။”

ယူလောင်ရှန်း-“သူတို့ကြော်တဲ့ကြက်က သစ်သားတုံးကို ဝါးရသလိုပါပဲ။”

ရွှင်ပျော်ပျော်နတ်မိမယ်-“ကျုပ်အတွက်သာမဟုတ်ဘူးဆိုရင် မင်းဒီလိုကြက်ကြော်မျိုး စားဖူးပါ့ မလား။”

ယူလောင်ရှန်း-“ဘယ်စားဖူးလိမ့်မလဲဗျာ...”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်း ကျုပ်နဲ့နေရတာ ပျော်ရွှင်ရဲ့လား။”

ယူလောင်ရှန်း-“ကျနော် အလွန်ပဲ ကြိုက်နှစ်သက်ပါတယ်။”

ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းမှာသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ကျုပ်ကိုရွေးမှာလား... ဒါမှမဟုတ် ကင်းမြီးကောက်ပြာကို ရွေးမှာလား။”

ယူလောင်ရှန်း၏ပုံစံက လေးဘက်ထောက်သွားတော့မတတ်ပင်။ သူသည် သဘောကျစွာပြုံးပြီး ပြောဆိုလိုက်သည်။ “ကျနော့်ရဲ့အချစ်ဆုံး ရွှင်ပျော်ပျော်နတ်မိမယ်ပဲပေါ့။ မေးစရာလိုသေးလို့လား။”

ရွှင်ပျော်ပျော်နတ်မိမယ်သည် အူမြူးစွာရယ်မောလိုက်သည်။ “ကောင်းတယ်။ မင်းက ဦးနှောက် ကောင်းတဲ့ လူငယ်လေးတစ်ယောက်ပဲ။”

ရုတ်တရက်ပင် သူမလည်ပင်းကို ညွှန်ပြလိုက်ပြီး ပြောဆိုလိုက်သည်။ “ဒီနားလာစမ်း... လီတွမ့် ဟွာကို ကျုပ်တို့ ဓားရေးနည်းနည်းလောက် ပြလိုက်ကြရအောင်။ ဒီနေရာကို မင်းဓားနဲ့ထိုးလိုက်စမ်း။”

ယူလောင်ရှန်း-“ကျနော်မလုပ်နိုင်ဘူး။ နတ်မိမယ်ကို မတော်တဆ ခိုက်မိသွားရင် ဘယ်လိုလုပ်မ လဲ။ ကျနော် အသည်းကွဲကျန်ရစ်ခဲ့မှာပေါ့။”

ရွှင်ပျော်ပျော်နတ်မိမယ်က ပြုံးပြီးဟိန်းဟောက်လိုက်သည်။ “အရူးလေး...လာစမ်းပါ။ မင်းကျုပ်ကို ဒဏ်ရာရအောင်များ လုပ်နိုင်လိမ့်မယ် ထင်သလား။ ဒီနေရာကို ထိုးခုတ်လိုက်စမ်းပါ။”

သူမသည် ခေါင်းမော့ထားပြီး ယူလောင်ရှန်း၏ တိုက်ခိုက်လာမှုအား စောင့်ဆိုင်းနေ၏။

ယူလောင်ရှန်းသည် ခဏကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်လုံးများက ဘေးပတ်ဝန်းကျင်သို့ မလုံမလဲကြည့်နေ၏။ ပြီးနောက် ရုတ်တရက်ပင်... “ကောင်းပါပြီခင်ဗျာ...”

ကျောက်စိမ်းညို့ရောင် ဓားသွားဖြာထွက်သွားသည်မှာ လျှပ်စီးလက်လိုက်သလို လျင်မြန်လှ၏။

ယူလောင်ရှန်းထံတွင် အားဖေ၏လျင်မြန်မှုမျိုး မရှိသော်လည်း သူသည် သိုင်းလောက၏ အကောင်း ဆုံး ဓားသမားများထဲ၌ တစ်ယောက်အပါအဝင် ဖြစ်လေသည်။ သူ့ ဓားပညာကို လီဆွန်းဟွာ ကောင်း ကောင်းကြီး သိနေလေသည်။

ရွှင်ပျော်ပျော်နတ်မိမယ်သည် ထိုနေရာ၌ မလှုပ်မယှက်ပင် ရပ်စောင့်နေ၏။ မည်သည့်လှုပ်ရှားမှု မှ စတင်လှုပ်ရှားခဲ့ခြင်းမရှိချေ။ သူမသာ ယောက်ျားတစ်ယောက်ဖြစ်မည်ဆိုပါက အန်းကုန်းဘိုးဘိုး၏ ရုပ်တု နှင့် အတော်လေး တူနေပေမည်။

သူမ၏လည်ပင်းပေါ်သို့ လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် ဓားသွားတစ်လက် ရောက်ရှိလာခဲ့တော့သည်။

0 comments:

Post a Comment