မည်သည့် လူသား၏ခန္ဓာကိုယ်မျှ ဤဓား၏ထိုးဖြတ်ချက်အား ဗလာချည်ခုခံကာကွယ်နိုင်လိမ့် မည်ဟု လီဆွန်းဟွာ ထင်မထားပါ။
သို့သော် ယူလောင်ရှန်းသည် ‘ဖုတ်’ကနဲ လီဆွန်းဟွာဘေးနားတွင် ရှိနေသော မိန်းမဝတစ် ယောက်ပေါ်သို့ လွင့်ကျလာသည်။
ထိုမိန်းမသည် ရယ်မောလိုက်ပြီး ယူလောင်ရှန်းအား ပွေ့ဖက်ထားလိုက်သည်။
ဓားသည် ရွှင်ပျော်ပျော်နတ်မိမယ်၏ လည်ပင်းပေါ်၌ ကပ်လျက်သား ရှိနေသေး၏။
ရွှင်ပျော်ပျော်နတ်မိမယ်သည် ထိုနေရာ၌ မားမားကြီး ရပ်နေဆဲရှိပြီး လီဆွန်းဟွာအား ပြုံးပြီး ကြည့်နေ၏။
လီဆွန်းဟွာ မည်ကဲ့သို့ ပြန်ပြောလိုက်ရမည်မှန်းပင် မသိတော့ချေ။
ရွှင်ပျော်ပျော်နတ်မိမယ်သည် သူမ၏ အဆီပြင်ကြီးကို အသုံးချပြီး ထိုဓားသွားအား ညှပ်ယူထား လေသည်တကား...
ဤသို့သော သိုင်းပညာရပ်တစ်ခု မြင်တွေ့ဖူးရန်မဆိုထားနှင့် ကြားပင်မကြားဖူးကြချေ။
ရွှင်ပျော်ပျော်နတ်မိမယ်ထံမှ စကားသံထွက်ပေါ်လာလေသည်။ “မိန်းမဝတွေမှာလည်း သူတို့ရဲ့ အား သာချက်တွေရှိနေသေးတယ်လို့ ရှင်မထင်ဘူးလား...”
လီဆွန်းဟွာက သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “သာမန်လူတွေအတွက်တော့ ရွှင် ပျော်ပျော်နတ်မိမယ်ရဲ့ ပညာရပ်ကို လိုက်လို့မီမှာ မဟုတ်တော့ပါဘူးဗျာ။”
သူ၏မှတ်ချက်က အတော်လေးရိုးရှင်းလှသည်။ သာမန်လူတစ်ယောက်ထံတွင် ရွှင်ပျော်ပျော်နတ် မိမယ်လောက် အဆီများ ထူထပ်စွာ ရှိနေနိုင်မည်မဟုတ်ပါ။
ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းရဲ့ ဓားပျံက ဘယ်တုန်းကမှ ပစ်မလွဲဘူးလို့ ကျုပ်ကြားဖူးထားတယ်။ ကျုပ်ရဲ့ မွေးစားသားတောင်မှ မလွတ်မြောက်နိုင်ခဲ့ဘူး။ မင်းရဲ့ဓားပျံအတွက် မင်းကိုယ်မင်းသိပ်ပြီး စိတ် ချယုံကြည်နေမှာပေါ့... ဟုတ်ရဲ့လား...”
လီဆွန်းဟွာက ခပ်မဆိတ်ပင် နေလိုက်သည်။
ရွှင်ပျော်ပျော်နတ်မိမယ်-“မင်းရဲ့ ဓားပျံကြောင့်သာ မင်းဒီနေရာကို လာရဲတာမဟုတ်လား...”
သူမက ပြုံးပြီးဆက်ပြောနေသည်။ “ဒါပေမဲ့ အခုချိန်မှာ ကျုပ်ကို မင်းသတ်နိုင်မယ်လို့ ထင် နေသေးလား...”
လီဆွန်းဟွာ-“မထင်ပါဘူး။”
ရွှင်ပျော်ပျော်နတ်မိမယ်က ရယ်မောပြီး ပြောဆိုလိုက်သည်။ “ကင်းမြီးကောက်ပြာကို ခေါ်သွား နိုင်လိမ့်မယ်လို့ကော ထင်နေသေးလား။”
လီဆွန်းဟွာ-“ကျုပ်ခေါ်သွားမှာပါ...”
ရွှင်ပျော်ပျော်နတ်မိမယ်သည် ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သော်လည်း ပြန်ထိန်းသိမ်းလိုက်ပြီး ပြောဆိုလိုက်သည်။ “စိတ်ဝင်စားစရာပဲ... မင်းကတော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကင်း
မြီးကောက်ပြာကို မင်းဘယ်လိုနည်းနဲ့ ခေါ်ထုတ်သွားမှာလဲ။”
လီဆွန်းဟွာ-“ကျုပ်ဘယ်လိုခေါ်ထုတ်သွားရမယ်ဆိုတာ စဉ်းစားနိုင်မှာပါ။ နည်းလမ်းတစ်ခုခုတော့ ရှိနေတာ သေချာပါတယ်။”
ရွှင်ပျော်ပျော်နတ်မိမယ်က သဘောကျစွာရယ်မောပြီး ပြောဆိုလိုက်သည်။ “ကောင်းတယ်။ မင်း စဉ်းစားနေတုန်း ကျုပ်ဆီမှာ ကျုပ်နဲ့အတူတူနေပါလား။”
လီဆွန်းဟွာ-“ဒီမှာအရက်ကောင်းတွေ ဒီလောက်တောင် ပေါများနေတာ... ကျုပ်ဆက်ပြီးနေ လို့လည်း ဘာမှဖြစ်မသွားလောက်ပါဘူး။”
ရွှင်ပျော်ပျော်နတ်မိမယ်-“ဒါပေမဲ့ ကျုပ်ရဲ့အရက်က အလကားမရဘူး။”
လီဆွန်းဟွာ-“ကျုပ်က ဘာများ ပြန်ပေးရဦးမှာလဲ။”
ရွှင်ပျော်ပျော်နတ်မိမယ်က အပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်သည်။ “အစတုန်းကတော့ မင်းကို လူ အိုတစ်ယောက်လို့ ကျုပ်ထင်ထားခဲ့တယ်။ ဒါပေမဲ့ မင်းကို ကျုပ်ကြည့်ရင်းနဲ့ ကြိုက်လာပြီ။ ကျုပ်တို့ အပေးအယူလုပ်လိုက်ကြရအောင်လား။ မင်း ကျုပ်ဘေးနားမှာ ရက်အနည်းငယ်နေပေးပါလား။ ပြီးမှ ကင်း မြီးကောက်ပြာကို ခေါ်သွားပေါ့။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “ကျုပ်က ခင်ဗျားအတွက်တော့ သိပ်မအိုသေးပါဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်အတွက် သိပ်‘ဝ’လွန်းနေတယ်။ ခင်ဗျားသာ ကီလို ၂၀၀-၃၀၀ လောက် ချလိုက်နိုင်မယ်ဆိုရင် ခင်ဗျားကိုအဖော်လုပ်ပေးဖို့ အပမ်းမကြီးပါဘူး။ ဒါပေမဲ့ ခုအခြေအနေအတိုင်းဆို ရင်တော့...”
သူ၏ခေါင်းကို ခါရမ်းကာ ပြောဆိုလိုက်သည်။ “ကျုပ်ဆီမှာ ဆန္ဒလုံးဝမရှိဘူး...”
ရွှင်ပျော်ပျော်နတ်မိမယ်သည် ချက်ချင်းပင် အမူအယာများ ပြောင်းလဲသွားခဲ့ပြီး ပြောဆိုလိုက် သည်။ “မင်းက ကျုပ်ရဲ့ဖိတ်ခေါ်မှုကို ငြင်းဆန်တယ်ပေါ့လေ... ကောင်းပြီ...”
သူမ၏လက်ကို ရုတ်ချည်း ဝှေ့ယမ်းပြလိုက်သည်။
လီဆွန်းဟွာ အနီးအနားတွင်ရှိနေသော မိန်းမဝကြီး ၄ ယောက် ထလျှောက်လာကြသည်။
သူတို့သည် အဝလွန်သူများဖြစ်ကြသော်လည်း လှုပ်ရှားမှုများက လျင်မြန်ကြ၏။ လီဆွန်းဟွာအား ထို ၄ ယောက်သည် လျင်မြန်စွာ ဝိုင်းရံထားလိုက်ကြသည်။
အိမ်ခေါင်မိုးသည် အတော်လေးနိမ့်နေသောကြောင့် ထို ၄ယောက်အား ခုန်ပျံကျော်လွှားပြီး လီ ဆွန်းဟွာ ထွက်မသွားနိုင်ပါ။ သူတို့အား ရှောင်ကွင်းပြီးလည်း ထွက်မသွားနိုင်ပါ။ ထိုမိန်းမဝများအား ကြည့်နေပြီး လီဆွန်းဟွာတစ်ယောက် အကြံအိုက်နေရ၏။
ထိုမိန်းမဝများသည် တဖြည်းဖြည်း သူတို့၏ ဝိုင်းရံထားမှုများကို ကျဉ်းမြောင်းအောင် ရှေ့သို့ အသီးသီး တိုးဝင်လာကြသည်။ သူသာ ဓားပျံဖြင့်ပစ်လွှတ်ခဲ့ပါက တစ်ယောက်တော့ အနည်းဆုံးအသေ သတ်နိုင်မည်ဖြစ်သော်လည်း ကျန်လူများအား မည်သို့မျှ တတ်နိုင်တော့မည်မဟုတ်ချေ။
သူတို့သာ တကယ်တမ်း ခန္ဓာကိုယ်များဖြင့် ဖိညှပ်ခဲ့သည်ရှိသော် မည်သို့ခံစားသွားရမည်မှန်း လီဆွန်းဟွာ တွေးပင်မတွေးကြည့်ချင်တော့ပေ။
ရွှင်ပျော်ပျော်နတ်မိမယ်ထံမှ ကျယ်လောင်သော စကားသံထွက်ပေါ်လာ၏။ “လီဆွန်းဟွာ... မင်း က ရှောင်လင်ကျောင်းတော်ရဲ့ လိုဟန်ပူးပေါင်းတိုက်ကွက်ကိုတောင် ချေဖျက်နိုင်ခဲ့သေးတာပဲ။ ကျုပ်ရဲ့ အသားတုံးပူးပေါင်းတိုက်ကွက်ကို စမ်းကြည့်လိုက်ပါဦး။ မင်းသာ ဒီပူးပေါင်းတိုက်ကွက်ကို ချေဖျက်နိုင် မယ်ဆိုရင် မင်းရဲ့အောင်မြင်မှုက အဆုံးအစွန်ထိရောက်သွားမှာသေချာတယ်။”
သူမ၏ရယ်မောလိုက်သံကြီးက တဖြည်းဖြည်း ကျယ်လောင်လာပြီး အိမ်တစ်လုံးလုံး သိမ့်သိမ့်တုန် ခါရမ်းလာလေတော့သည်။
လီဆွန်းဟွာ၏ မျက်လုံးများက အရောင်တောက်ပလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ လင်းလင်းကို သတိရမိလိုက်သောကြောင့်ဖြစ်၏။
သူနှင့်အတူ လင်းလင်း လိုက်ပါမလာခဲ့ပါ။
သူမသည် သူ့ကိုမည်သည့်နည်းနှင့်မျှ အသေခံမည်မဟုတ်ပါ။ သူမထံတွင် အကြံအစည်ကောင်း တစ်ခု မုချရှိနေပေမည်။
တစ်ချိန်ထဲမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကြားလိုက်ရပြီး တစ်အိမ်လုံး တအိအိဖြင့် ပြို ဆင်းကျသွားရာ လူအားလုံးပင် အတူလိုက်ပါပြီး ပြိုလဲကျကုန်ကြသည်။
ထိုအချိန်၌ပင် ခေါင်မိုးပေါ်တွင် အပေါက်ငယ်လေးတစ်ခု ထွက်ပေါ်လာ၏။
လီဆွန်းဟွာက ရုတ်တရက်ပင် ခုန်ပျံကျော်လွှားပြီး ထိုအပေါက်လေးမှတဆင့် တိုးထွက်လိုက် သည်။
ရွှင်ပျော်ပျော်နတ်မိမယ်သည် ကျန်လူများနှင့်အတူ အောက်သို့ ပြုတ်ကျကျန်ရစ်ခဲ့လိမ့်မည်ဟု သူ တွေးထင်ထား၏။ သူမ၏အလေးချိန်နှင့်ဆိုလျှင် ပြန်ထနိုင်ဖို့ပင် အတော်လေး အရှိန်ယူရမည်ဖြစ်၏။
သို့သော် ရွှင်ပျော်ပျော်နတ်မိမယ်သည် လွန်စွာမှပင် လျင်မြန်စွာ ခုန်တက်လာနိုင်လေသည်။ သူမ ၏ ကိုယ်ဖော့ပညာမှာ သိုင်းလောက၏ ထိပ်သီးဆိုသူများထက်ပင် နှာတစ်ဖျားသာချင်သေး၏။ လီဆွန်း ဟွာ တိုးထွက် ထွက်လိုက်ခြင်းပင် ကျယ်လောင်သော အသံကြီးတစ်ခုအား ကြားလိုက်ရသည်။
ရွှင်ပျော်ပျော်နတ်မိမယ်သည် ခေါင်းမိုးအား ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်အောင် တိုးထွက် လာခဲ့၏။ သူမသည် လေထဲတွင် တလူလူလွင့်နေသော မိုးပျံပူဖောင်းကြီးတစ်လုံးအတိုင်းပင် လရောင်၏ အရိပ်ကိုပင် ကွယ်ထားလိုက်သေး၏။
သစ်တောလေးထဲသို့ခြေချမိလိုက်ချင်း လီဆွန်းဟွာ နောက်သို့ လုံးဝလှည့်မကြည့်တော့ပါ။
ရွှင်ပျော်ပျော်နတ်မိမယ်ထံမှ ကျယ်လောင်စွာ ရယ်မောပြောဆိုသံကြီး ထွက်ပေါ်လာခဲ့၏။ “လီ ဆွန်းဟွာ... မင်းကို ကျုပ်ကသဘောကျလို့ ခေါ်ထားချင်တာ။ ထွက်ပြေးနိုင်မယ်မထင်နဲ့။”
စကားသံနှင့်အတူ ရိပ်ကနည်းပင် လီဆွန်းဟွာရှိရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သူ့ထံသို့ ကြီးမားသော အားဟုန်ကြီးတစ်ခု တိုးဝင်လာသည်ဟု လီဆွန်းဟွာခံစားလိုက်ရသည်။ ထိုအင်အားအ ဟုန်သည် တောင်တစ်လုံးကို သူ့ထံသို့ တွန်းရွှေ့လိုက်သလို ဆက်တိုက် အဆက်မပြတ် တိုးဝင်လာနေ သည်။
လက်နောက်ပြန်ထားပြီး သူ့လက်ထဲမှ ဓားပျံတစ်လက် ပစ်လွှတ်လိုက်၏။ အေးစက်သော ဓားငွေ့ က လရောင်၏ရောင်ပြန်လင်းလက်ခြင်းနှင့်အတူ လေထဲသို့လက်ကနည်း ပျံထွက်သွားသည်။ ရှောင်းလီ ဓားပျံ ထွက်ပေါ်လာချေပြီ...
သူ့လက်ထဲမှ ဓားပျံထွက်သွားသည်နှင့်တပြိုင်နက် ပစ်မှတ်အား ဘယ်တော့မှ လွဲချော်လိမ့်မည် မဟုတ်မှန်း သူသိရှိနေ၏။
ရွှင်ပျော်ပျော်နတ်မိမယ်၏ မျက်နှာပြင်မှ သွေးများစီးကျနေသည်။
ဤတစ်ကြိမ် လီဆွန်းဟွာ၏ ဓားပျံပစ်မှတ်က သူမ၏လည်မျိုမဟုတ်ဘဲ ယာဘက်မျက်လုံးသို့ဖြစ်၏။ သူ့လက်ထဲမှ ဓားပျံထွက်သွားသည်နှင့်တပြိုင်နက် ပစ်မှတ်ကို မလွဲမသွေထိမည်ဖြစ်ကြောင်း သူသိနေ ခဲ့သည်။
ထိုအချက်ကို သူအကြွင်းမရှိ ယုံကြည်ထား၏။
သို့သော် ရွှင်ပျော်ပျော်နတ်မိမယ်၏ ရယ်မောသံကြီးက ရပ်တန့်မသွားခဲ့ပါ။ သူမ၏ ရယ်မောနေ သံကြီးက လီဆွန်းဟွာ၏ အရေပြားကို ယားယံလာစေသည်။ သူသည် ပြေးလွှားနေရာမှ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရွှင်ပျော်ပျော်နတ်မိမယ်သည် သူ့နောက်တွင် တရိပ်ရိပ် ကပ်လိုက်နေသည် ကို တွေ့လိုက်ရ၏။ သူမ၏ မျက်နှာတစ်ပြင်လုံး သွေးချင်းချင်းနီနေပြီး ယာဘက်မျက်လုံးတွင် ဓားပျံစိုက် ဝင်လျက်ရှိနေသည်။
သူမသည် မည်သည့်နာကျင်ခံစားမှုမျှ ရှိနေပုံမရဘဲ ကျယ်လောင်စွာ ရယ်မောပြောဆိုလိုက်သည်။ “မင်း ကျုပ်လက်ထဲကနေ လွတ်မြောက်သွားနိုင်လိမ့်မယ်လို့ မထင်နဲ့ လီဆွန်းဟွာ... မင်းဆီမှာ ဓားပျံ ဘယ်နှစ်ချောင်းလောက် ရှိနေသေးလဲ။ အားလုံး ပစ်လွှတ်လိုက်စမ်းပါ။ ဒီဓားပျံပါးပါးလေးတွေလောက် ကတော့ အချောင်း ၁၀၀ ပစ်လည်း ကျုပ်က ဂရုစိုက်မယ် ထင်နေလား။”
သူမသည် ရုတ်တရက်ပင် မျက်လုံးထဲမှ ဓားပျံကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် ပါးစပ်ထဲထည့် ကာ ဝါးစားလိုက်တော့သည်။
သံမဏိဖြင့်ပြုလုပ်ထားသော ဓားပျံသည် သူမ၏ပါးစပ်တွင်းတွင် အပိုင်းပိုင်း အစစ ဖြစ်သွားလေ တော့သည်။
လီဆွန်းဟွာ ကြက်သေသေသွားခဲ့ရ၏။
ဤမိန်းမသည် လူသားတစ်ယောက်မဖြစ်နိုင်... မကောင်းဆိုးဝါး သတ္တဝါကြီးတစ်ကောင်သာ ဖြစ်ရပေ မည်။
ထိုအချိန်၌ပင် ရွှင်ပျော်ပျော်နတ်မိမယ်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ တစ်တောလုံး တုန် ခါသွားခဲ့ရ၏။
သူမ၏ ရင်ဝမှ ကျောက်စိမ်းညို့ရောင် ဓားဦးတစ်လက် ထိုးဖောက်ပြီးထွက်လာသည်ကို လီဆွန်း ဟွာ တွေ့လိုက်ရသည်။ ပြီးနောက် သွေးများက ရေပန်းသဖွယ် အဆက်မပြတ် ပန်းထွက်လာလေ တော့သည်။
သူမ၏နောက်တွင် ယူလောင်ရှန်းသည် အချစ်လုဓားကို လက်နှစ်ဖက်ဖြင့် စုံကိုင်ထားကာ ရပ်နေ သည်။ ၁မီတာခွဲခန့် ရှည်သောဓားသည် ရွှင်ပျော်ပျော်နတ်မိမယ်၏ နောက်ကျောဘက်မှ ထိုးသွင်းလိုက် ခြင်းဖြစ်၏။
ဓားသည် သူမ၏နောက်ကျောပြင်မှတဆင့် နှလုံးသားကို ထိုးဖောက်ပြီး ရင်ဝမှ တိုးထွက်လာခြင်း ဖြစ်၏။
ရွှင်ပျော်ပျော်နတ်မိမယ်သည် မြေပြင်ပေါ်သို့ အတားအဆီးမရှိပြုတ်ကျသွားရာ ယူလောင်ရှန်းပေါ် သို့ ခန္ဓာကိုယ်ချင်း ထပ်၍ အပေါ်မှ ဖိကျသွားလေသည်။
တစ်ချိန်တည်းမှာပင် အရိုးကျိုးအက်သံများ ထွက်ပေါ်လာ၏။ ယူလောင်ရှန်း၏ ခန္ဓာကိုယ်သည် သူမ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးအောက်တွင် ပိပြားလျက် အရိုးများ အက်ကြေကုန်တော့သည်။ သို့သော် သူ့ထံမှ မည်သည့်နာကျင်ညည်းငြူသံမျှ ထွက်ပေါ်မလာခဲ့ပါ။ အံကြိတ်ပြီး ခံစားနေလိုက်၏။
ရွှင်ပျော်ပျော်နတ်မိမယ်သည် အသက်ကို ပြင်းထန်စွာ ရှုရှိုက်ပြီး ပြောဆိုလိုက်သည်။ “မင်း... မင်း ကိုး...”
ယူလောင်ရှန်း-“ကျုပ်ဖြစ်နေမယ်လို့ ခင်ဗျားထင်မထားဘူး မဟုတ်လား။”
ရွှင်ပျော်ပျော်နတ်မိမယ်-“ငါ မင်းကို ကောင်းကောင်း ပြုစုစောင့်ရှောက်ထားခဲ့တာပဲ... မင်းငါ့ ကို ဘာဖြစ်လို့ လုပ်ကြံရတာလဲ...”
ယူလောင်ရှန်းထံမှ ချွေးသီးချွေးပေါက်များ ကျဆင်းနေပြီး အံကြိတ်ကာ ဖြေဆိုလိုက်သည်။ “ကျုပ် မသေခဲ့ရသေးတာ ဒီနေ့ကို စောင့်နေခဲ့လို့ပါပဲ...”
သူ စကားဆက်မပြောဆိုနိုင်တော့ပါ။ ရွှင်ပျော်ပျော်နတ်မိမယ်၏ လေးလံလှသော ခန္ဓာကိုယ်ကြီး က သူ့အပေါ်တွင် ဖိမိနေသည် မဟုတ်ပါလား။ သူ့မျက်လုံးများ ပြာတောက်လာသော အချိန်၌ပင် ရွှင်ပျော်ပျော်နတ်မိမယ်၏ ခန္ဓာကိုယ်ကြီးသည် သူ့ပေါ် ပိမိနေရာမှ ဘေးသို့ လိမ့်ထွက်သွားသည်။
ပြီးနောက် လီဆွန်းဟွာ၏ အကြင်နာတရားများ ပြည့်ဝနေသော မျက်ဝန်းတစ်စုံကို သူတွေ့လိုက် ရလေသည်။ သူ့မျက်နှာမှ ချွေးစက်များကို သုတ်ပေးလိုက်သည်ကိုလည်း ခံစားလိုက်ရသည်။
ထိုလက်တစ်စုံသည် လူတစ်ယောက်၏ အသက်ကို အချိန်မရွေး နှုတ်ယူနိုင်သလို လူတစ်ယောက်ကို အချိန်မရွေးလည်း အကူအညီပေးနိုင်၏။ ထိုလက်တစ်စုံသည် သေမင်းတမန် ဓားပျံကို ကိုင်ဆောင်ထားသ လို မေတ္တာတရားကိုလည်း လက်ဆုပ်လက်ကိုင်ပြုထား၏။
ယူလောင်ရှန်းက အားယူပြုံးပြရန်ကြိုးစားလိုက်သော်လည်း မည်သည့်အပြုံးမျှ ပေါ်ထွက်မလာခဲ့ပါ။
သူ၏အားအင်များကို စုစည်းပြီး ပြောဆိုလိုက်သည်။ “ကျုပ် ယူလောင်ရှန်း မဟုတ်ဘူး။”
လီဆွန်းဟွာသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ပြန်လည်ဖြေကြားလိုက်သည်။ “မင်း ယူလောင် ရှန်း မဟုတ်ဘူး။”
ယူလောင်ရှန်း-“ယူလောင်ရှန်းဆိုတာ သေသွားခဲ့တာ ကြာပြီ။”
လီဆွန်းဟွာ-“ကျုပ် နားလည်ပါတယ်။”
ယူလောင်ရှန်း-“ခင်ဗျား ဒီနေ့ ယူလောင်ရှန်းကို မတွေ့ခဲ့ဘူး။”
လီဆွန်းဟွာ-“ကျုပ်သိတာတစ်ခုကတော့ သူဟာ ကျုပ်ရဲ့မိတ်ဆွေပဲဖြစ်တယ်။ အဲ့ဒါကလွဲလို့ ကျုပ် ဘာမှ မသိဘူး။”
ယူလောင်ရှန်းထံမှ နောက်ဆုံးတွင် တွန့်တွန့်လေး ပြုံးလိုက်သော အပြုံးတစ်ခု နှုတ်ခမ်းထောင့်စွန်း မှ ထွက်ပေါ်လာသည်။ “ခင်ဗျားလို မိတ်ဆွေမျိုးရလိုက်တာ ကျုပ်အတွက် ဂုဏ်ယူစရာပဲ။ ဒါပေမဲ့...”
သူသည် ကျန်ရှိနေသေးသော အားအင်များကို စုစည်းပြီး နောက်ဆုံးထွက်သက်အဖြစ် ပြောဆို လိုက်သည်။ “ဒါပေမဲ့... ကျုပ်... ခင်ဗျားရဲ့လက်ထဲမှာ မသေချင်ဘူးဗျာ...”
+++++
မိုးသောက်အရုဏ်ကျင်းပေပြီ။
တောအုပ်လေးထဲတွင် နောက်ထပ် မြေပုံ ၃ခုတိုးလာ၏။ တစ်ခုက ယူလောင်ရှန်းအတွက်ဖြစ်ပြီး တစ်ခုက ကင်းမြီးကောက်ပြာအတွက်ဖြစ်ကာ နောက်ဆုံးတစ်ခုသည် ရွှင်ပျော်ပျော်နတ်မိမယ်အတွက် ဖြစ် လေသည်။ သူမ၏ တပည့်များက ထိုမြေပုံများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
သူမ၏ တပည့်များက သူမသေဆုံးခြင်းအတွက် မည်သို့မျှ ထူးထူးခြားခြား ခံစားရမိပုံမပေါ်။ ဤမိန်းမကြီးထံတွင် နတ်သမီးတစ်ယောက်၏ နှလုံးသားမျိုးမရှိသောကြောင့် အသက်ရှင်နေစဉ်၌ပင် ချစ်ခင်နှစ်သက်သူတစ်ယောက်မျှ ရှိပုံမရ။
အိမ်လေးကို ဖြိုချခဲ့သူမှာ လင်းလင်းပင်ဖြစ်၏။
သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်သည်။ “အိမ်ရဲ့ ထောက်တိုင်တစ်ချောင်းလောက်ပဲ ဖြတ် လိုက်ရသေးတယ်၊ တစ်အိမ်လုံး ပြိုကျသွားတော့တာပဲ။ မဟုတ်ရင် ရှင်ခုလောက်ဆို ပြားကပ်နေလောက် ပြီ။”
ရွှင်ပျော်ပျော်နတ်မိမယ်၏ တပည့်များ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသောအခါ လင်းလင်း လွန်စွာမှ ပျော်ရွှင်သွားလေသည်။
“သူတို့ဘာဖြစ်လို့ သူတို့ရဲ့ ဆရာသခင်အတွက် ကလဲ့စားမချေကြတာလဲ...”
လီဆွန်းဟွာ-“ရွှင်ပျော်ပျော်နတ်မိမယ် အသက်ရှိနေစဉ်တုန်းက သူတို့ရဲ့ ဝမ်းဗိုက်တွေကိုပဲ ဖြည့် ပေးနေခဲ့ပြီး သူတို့ နှလုံးသားတွေကိုတော့ မဖြည့်ဆီးပေးခဲ့တာကြောင့်လို့ ထင်တာပဲ။”
လင်းလင်း-“ရှင်ပြောတာမှန်တယ်။ လူတစ်ယောက်ဟာ ဗိုက်သိပ်ပြည့်နေရင် တခြားအရာတွေကို ဂရုစိုက်ရကောင်းမှန်း မသိနိုင်တော့ဘူး။ သူ့ဗိုက်သိပ်လေးနေပြီလေ...”
လင်းလင်ထံမှ မနာလို ဝန်တိုသံလေးထွက်ပေါ်လာသည်။ “ရှင့်နှလုံးသားထဲမှာ ကင်းမြီးကောက် ပြာပဲ ရှိနေတယ်မဟုတ်လား။ သူ့ခါးက ကျမရဲ့ခါးထက် သေးသွယ်တယ်လေ။”
လီဆွန်းဟွာ-“ကျုပ်ရင်ထဲမှာ ကင်းမြီးကောက်ပြာပဲ ရှိနေတယ်လို့ မင်းထင်နေလား။”
လင်းလင်း-“ထင်ရတာပေါ့။ ရှင့်အသက်ကိုတောင်စွန့်ပြီး ကယ်တင်ဖို့ ကြိုးစားခဲ့သေးတယ် မဟုတ်လား။ သူကဖြင့် သေပြီးခဲ့တာ ကြာလှပြီ။ သူ့အတွက် ရှင်စိတ်ပူစရာ မလိုတော့ပါဘူး။”
လီဆွန်းဟွာ-“အသက်ရှင်နေစဉ်မှာ ကျုပ်မိတ်ဆွေဖြစ်ခဲ့မယ်ဆိုရင် သူသေသွားလည်း ကျုပ်ရဲ့ မိတ် ဆွေပါပဲကွာ။”
လင်းလင်း-“ဒါဆိုရင် ကျမကော... ရှင့်ရဲ့မိတ်ဆွေပဲလား။”
လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့။”
လင်းလင်း-“လူသေကောင် မိတ်ဆွေအတွက်တောင် ရှင့်အသက်ကို စွန့်ဝံ့သေးရင် ရှင်နေတဲ့ မိတ် ဆွေအတွက် ရှင်ဘာစဉ်းစားထားလဲ။”
ထိုစကားပြောနေစဉ်အတွင်း သူမ၏ မျက်လုံးများက ရွှန်းလဲ့လာကြသည်။ “ကျမဆီမှာ ဆွေမျိုး လည်း တစ်ယောက်မှ မရှိဘူး။ အခုဆိုရင် နေစရာအိမ်လည်း မရှိတော့ဘူး။ နေ့စဉ် နေ့စဉ် ကျမ တောင်းစား နေရတော့မှာလား။”
လီဆွန်းဟွာ ခါးခါးသက်သက် ရယ်မောမိလိုက်လေတော့သည်။
ဤမိန်းမငယ်လေးသည် တစ်နေ့တခြား စကားပိုပြောတတ်လာသည်ဟု သူသိရှိလိုက်ရသည်။
လင်းလင်းသည် မျက်နှာကို ဖုံးအုပ်ထားသော သူမ၏လက်ချောင်းများကြားမှ လီဆွန်းဟွာအား ခိုးကြည့်ပြီး မေးမြန်းလိုက်သည်။ “ရှင်သာ ကျမကို ခေါ်မသွားဘူးဆိုရင် ကျမရဲ့ သခင်မလေးကို ဘယ် လို ရှာတွေ့မှာလဲ။ ပြီးတော့ ရှင့်မိတ်ဆွေ အားဖေကိုကော ဘယ်လို ရှာတွေ့နိုင်တော့မှာလဲ...”
+++++
အားဖေသည် ဟင်းရည်ချို သောက်နေ၏။
အမဲသား ဟင်းရည်။ ချိုမြိန်လှသလို ပူပူနွေးနွေးလေးဖြစ်၏။
ဟင်းရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဖြေးညင်းစွာ မှုတ်သောက်နေ၏။ သူ့မျက်လုံးများ က ဟင်းရည်ပန်းကန်မှလွဲ၍ မည်သည့်နေရာမျှ ကြည့်မနေပါ။ ဟင်းရည်၏ အရသာကိုကော သူခံစား မိပါရဲ့လား...
သူ့ဘေးနားတွင် လင်ရှန်းအာ ထိုင်နေပြီး ပါးပြင်ပေါ် လက်တင်ထား၏။ သူမက ပြောဆိုလိုက် သည်။ “ရှင့်ကြည့်ရတာ ဒီရက်အတောအတွင်း သိပ်မပျော်သလိုပဲ။ ဟင်းရည်ချိုလေး သောက်လိုက်ပါ ဦး။ ဟင်းရည်က အားရှိစေပါတယ်။ မအေးခင် သောက်တာ ပိုပြီးအရသာရှိတယ်။”
အားဖေသည် ဟင်းရည်ခွက်တစ်ခုလုံး မော့သောက်လိုက်၏။
သူ့မေးစေ့တွင် ပေကျံနေသော ဟင်းရည်စက်များကို လင်ရှန်းအာက ကြင်နာစွာ သုတ်ပေးလိုက် ပြီး မေးမြန်းလိုက်သည်။ “အရသာရှိရဲ့လား။”
အားဖေက ခေါင်းညိတ်ပြလိုက်သည်။
လင်ရှန်းအာ-“နောက်တစ်ခွက် ထပ်ယူဦးမလား။”
အားဖေက ခေါင်းညိတ်ပြလိုက်ပြန်သည်။
လင်ရှန်းအာ-“ဒါမှ တို့ ရှောင်းဖေလေးကွ။ ဒီရက်အတောအတွင်း ရှင်စားတာသောက်တာ နည်းနည်း လာတယ်။ ရှင်များများစားမှ ဖြစ်လိမ့်မယ်နော်။”
အခန်းငယ်လေးသည် ရှင်းလင်းနေသည်။ လတ်တလော ဆေးသုတ်ထားပုံလည်းရ၏။ မီးဖိုချောင် သည်ပင် သန့်ရှင်းနေသေး၏။ သူတို့ ဤအခန်းလေးသို့ ပြောင်းလာသည်မှာ နှစ်ရက်ပဲ ရှိသေးသည်။
အားဖေ၏ရှေ့တွင် နောက်ထပ်ဟင်းရည်တစ်ခွက်ချပေးပြီး လင်ရှန်းအာ ပြောဆိုလိုက်သည်။ “ဒီ နေရာလေးက လူနေမထူထပ်ပေမယ့် ဈေးကတော့ တော်တော်လေး ကြီးပါတယ်။ ဒါပေမဲ့ အသားသည် ကသိပ်အနိုင်ကျင့်တာပဲ။ အသားလေး ၁ကီလိုဝယ်ဖို့အတွက် ကြေးဒင်္ဂါး ၁၀ ပြားကြီးတောင် ပေးခဲ့ရ တယ်။”
အားဖေ-“မနက်ဖြန်ကစပြီး အမဲသားဟင်းရည် မချက်နဲ့တော့။”
လင်ရှန်းအာ-“ဘာဖြစ်လို့လဲ... ရှင်မကြိုက်ဘူးလား။”
အားဖေ-“ကျုပ်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ မတတ်နိုင်ဘူးလေ။”
လင်ရှန်းအာက ပြုံးပြီး ချိုသာစွာ ပြောဆိုလိုက်သည်။ “ငွေရေးကြေးရေးအတွက် စိတ်မပူပါနဲ့ရှင်။ ခုခေတ်ကြီးမှာ မြေခွေးသားရေက လူကြိုက်များပါတယ်။ ပြီးခဲ့တဲ့လက ရှင် မြေခွေးလိုက်လို့ရလာတဲ့ ပိုက်ဆံ ငွေသား ၂၇ တုံး ကျမဆီမှာ ခုထိ ရှိနေပါသေးတယ်။”
အားဖေ-“ဒါပေမဲ့ အဲ့ဒီပိုက်ဆံတွေက ခဏလေးနဲ့ ကုန်သွားမှာပါ။ ဒီနေရာမှာ လိုက်ဖို့ မြေခွေး တွေလည်း ရှားပါးသွားပြီ။”
လင်ရှန်းအာ-“စိတ်မပူပါနဲ့ရှင်။ ကျမဆီမှာ စုဆောင်းထားတာလေးတွေ ရှိနေပါသေးတယ်။”
အားဖေ-“ကျုပ် မင်းရဲ့ပိုက်ဆံကို အသုံးမပြုနိုင်ဘူး။”
လင်ရှန်းအာ၏ မျက်နှာက နီမြန်းသွားခဲ့ပြီး ခေါင်းငုံ့ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဒီငွေ တွေကို ကျမ ခိုးယူခဲ့တာလည်းမဟုတ်ဘူး။ ဓားပြတိုက်ယူခဲ့တာလည်း မဟုတ်ဘူး။ သူများ အင်္ကျီပြဲတွေကို ကျမ ဖာထေးပေးလို့ ရလာတဲ့ ပိုက်ဆံတွေပါရှင်။”
0 comments:
Post a Comment