Monday, March 7, 2011

(၄၉) အကြံကိုယ်စီ

ထိုစကားကို ပြောဆိုလိုက်စဉ်မှာပင် သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်ဥများ လိမ့်ဆင်းကျလာသည်။ သူမက ရှိုက်ငင်စွာပြောလိုက်သည်။ “ကျမ ရှင်ပြောခဲ့သလိုပဲ အဲ့ဒီပိုက်ဆံတွေကို စွန့်ပစ်ထားခဲ့ပြီးပါ ပြီ။ ဘာလဲ... ရှင်မယုံဘူးလား။”

အားဖေသည် သက်ပြင်းမောကြီးချပြီး ပြောလိုက်သည်။ “ကျုပ်မင်းကို မယုံကြည်တာမဟုတ်ပါ ဘူးကွာ။ ကျုပ်တစ်ယောက်တည်းကသာ ရှာဖွေကျွေးမွေးချင်တယ်။ မင်းကို ကျုပ် အလုပ်မလုပ်စေချင် ဘူး။ မင်း ပင်ပင်ပန်းပန်းနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေကိုလည်း ကျုပ် မသုံးရက်ဘူး။”

လင်ရှန်းအာက မျက်ရည်စက်လက်ဖြင့် ပြောဆိုနေသည်။ “ကျမတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာချစ်ခဲ့ကြပြီးမှပဲ... သူ့ဟာ ကိုယ့်ဟာ ခွဲခြားဖို့ လိုသေးလို့လားရှင်။ ကျမရဲ့ အသည်းနှလုံးတစ်ခုလုံးကိုတောင် ရှင့်ကို ပေးခဲ့ပြီးပြီပဲ... ဘာများလိုအပ်သေးလို့လဲ။”

အားဖေသည် သူမ၏လက်ဖဝါးလေးကို သူ့လက်နှစ်ဖက်အတွင်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ထားလိုက်ပြီး မျက်စိမှိတ်ထားလိုက်တော့သည်။ ဤလက်ဖဝါးနုနုလေးများကိုသာ တစ်သက်လုံး ဆုပ် ကိုင်ထားခွင့်ရမည်ဆိုလျှင် မည်သည့်အရာမျှ အားဖေအတွက် မလိုအပ်တော့ပါ။

နောက်ဆုံးတွင် အားဖေ အိပ်ပျော်သွားလေတော့သည်။



လင်ရှန်းအာသည် အားဖေ၏လက်တွင်းမှ သူမ၏လက်ကို ဆွဲထုတ်လိုက်သည်။

သူမ၏ အနောက်ဘက်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ အခန်းတွင်းရောက်သည်နှင့် သူမ၏ ရင်ဘတ်အတွင်းမှ ပုလင်းသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ပြီးနောက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငဲ့ထည့်လိုက်ပြီး ပုလင်းလေးတွင်းမှ ဆေးမှုန့်အနည်းငယ်ကို လက် ဖဝါးပေါ်သို့ ဖြူးချလိုက်ပြီး ရေနွေးနှင့်အတူ မျောချလိုက်သည်။ ဤဆေးမှုန့်များကို နေ့တိုင်းသောက် ရန် သူမ ဘယ်တုန်းကမှ မမေ့ခဲ့ဘူးချေ။

ထိုဆေးမှုန့်များသည် တန်ဘိုးကြီးလှသော ပုလဲလုံးများအား အမှုန့်ကြိတ်ထားခြင်းဖြစ်သည်။ ထို ဆေးမှုန့်များသည် အမျိုးသမီးတစ်ယောက်ကို အလှတင် အရွယ်တင်နုပျိုစေလေသည်။

ပုလင်းလေးအား လက်တွင် ကိုင်ထားလိုက်ပြီး လင်ရှန်းအာ ခစ်ကနဲ ရယ်မောလိုက်၏။

ဤပုလင်းလေး မည်မျှလောက် အဖိုးတန်သည်ဆိုသည်ကိုသာ အားဖေ သိရှိသွားပါက ပက်လက် လန်လဲကျသွားပေမည်။

ယောက်ျားများသည် အလွယ်တကူ လိမ်ညာ၍ရနိုင်သူများဖြစ်သည်ဟု သူမ သတ်မှတ်ထား၏။ အထူးသဖြင့် မိန်းမကို အချစ်ကြီးသော ယောက်ျားများဖြစ်၏။ ထို့ကြောင့် ကျားသတ္တဝါများကို သနား စရာကောင်းသော... လှည့်စား၍လွယ်ကူသော သတ္တဝါများအဖြစ် သူမ သတ်မှတ်ထားသည်။

သူမ မလှည့်စားနိုင်သော ယောက်ျား တစ်ယောက်ကိုမျှ ယခုအချိန်ထိ မတွေ့ခဲ့ဖူးသေးပေ။

လီဆွန်းဟွာ တစ်ယောက်ကလွဲ၍...

လီဆွန်းဟွာအကြောင်း စဉ်းစားမိလိုက်သည်နှင့် လင်ရှန်းအာ၏ စိတ်များ လေးလံလာခဲ့ရသည်။

ယနေ့သည် ၉လပိုင်း ၅ ရက်နေ့ဖြစ်သည်။

လီဆွန်းဟွာ သေဆုံးခဲ့ပြီလား... ဘာကြောင့်များ ဘာသတင်းမှ မကြားရသေးသနည်း...

ရုတ်တရက်ပင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ လူငယ်နှစ်ယောက်က ဝေါယာဉ် တစ်ခု ထမ်းလာကြပြီး အိမ်ဝင်းတွင်းသို့ ပေါ့ပါးသွက်လက်စွာ ဝင်ရောက်လာကြသည်။ အိမ်ရှေ့တံခါးမ ကြီးရှေ့တွင် သူတို့ရပ်လိုက်ကြသည်။

ခဏကြာသော် လင်ရှန်းအာ တိတ်ဆိတ်စွာ ထွက်ပေါ်လာ၏။ တံခါးခတ်ပြီး ဝေါယာဉ်ပေါ်သို့ တက်ထိုင်လိုက်သည်။ ပြီးနောက် ကန့်လန့်ကာများအား ချထားလိုက်သည်။ ကန့်လန့်ကာများသည် အတွင်းဘက်မှ အပြင်ဘက်သို့ မြင်နိုင်စေရန် ပါးလွှာသော အဝတ်စများဖြင့် ချုပ်လုပ်ထား၏။ သို့သော် အပြင်ဘက်မှ သူမအား မတွေ့မြင်နိုင်ပါ။

ဝေါယာဉ်သည် မြေပေါ်မှ ပေါ့ပါးစွာ ကြွတက်သွားပြီး လျင်မြန်သော အဟုန်ဖြင့် ထွက်ခွာသွား တော့သည်။

သူမ နေထိုင်သော အိမ်လေးအနီးတွင် တောအုပ်လေးတစ်ခုရှိသည်။ သစ်ရွက်များ ကြွေမကျသေး ပါ။ ဘုရားကျောင်းငယ်လေးတစ်ခုသည် တောအုပ်လေးတွင်းတွင် တည်ရှိနေ၏။ ညာဘက်ဘေးတွင် တော့ သင်္ချိုင်းတစ်ခုရှိနေသည်။

ဝေါယာဉ်သည် ထိုနေရာ၌ ရပ်တန့်သွားသည်။ လူရွယ်တစ်ယောက်က ဝေါယာဉ်အောက် အံဝှက် လေးတွင်းမှ မီးတုတ်တစ်ချောင်း ထုတ်ယူလိုက်သည်။ မီးတုတ်အား မီးညှိလိုက်ပြီး သူ့ခေါင်းထက်တွင် ကိုင်ထားသည်။ မီးတုတ်ပေါ်တွင်မူ အနီရောင် မက်မုံပန်းပွင့်တံဆိပ် ရိုက်နှိပ်ထားသည်။

မီးတုတ်မြှောက်လိုက်သည်နှင့်တပြိုင်နက် တောအုပ်တွင်းမှ အရိပ် ၄ ရိပ်ထွက်ပေါ်လာကြသည်။ ထိုအရိပ်များသည် ဆန့်ကျင်ဘက် အရပ် ၄ မျက်နှာမှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။

သူတို့အားလုံးပင် ဝေါယာဉ်ရှိရာသို့ ပေါ့ပါးစွာ ရောက်လာကြသည်မှာ အလွန် စိတ်လှုပ်ရှား၍ပင် ဖြစ်ရမည်။ သို့သော် သူတို့အချင်းချင်း ခဏလေးအတွင်းမှာပင် သတိထားမိလိုက်ကြပြီး တစ်ယောက် တည်းလာခဲ့သည် မဟုတ်မှန်းလည်း သိသွားကြသည်။ တစ်ယောက်ကိုတစ်ယောက် သတိကြီးစွာ အကဲခတ် နေကြပြီး တရွေ့ရွေ့ ရှေ့သို့တက်လှမ်းလာကြလေသည်။

သစ်တောတွင်းမှထွက်လာသူသည် မျက်နှာဝိုင်းဝိုင်းနှင့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်၏။ သူ သည် အဖိုးထိုက်တန်သော အဝတ်အစားများကို ကုန်သည်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထား၏။

သို့သော် သူ၏လှုပ်ရှားမှုများအရ သူ့ထံတွင် နက်ရှိုင်းသော အတွင်းအားတစ်ရပ် ပိုင်ဆိုင်ထား ကြောင်း သိရှိနိုင်လေသည်။

သင်္ချိုင်းတွင်းမှ လူနှစ်ယောက် ထွက်ပေါ်လာကြသည်။ ညာဘက်မှလူသည် လူပုလေးတစ်ယောက် ဖြစ်ပြီး သူခိုးတစ်ယောက်နှင့်တူသည်။ သို့သော် သူ၏ကိုယ်ဖော့ပညာသည် သိုင်းလောက၏ ပထမတန်း ဖြစ်၏။

ဘယ်ဘက်မှလူသည် အရပ် မနိမ့်မမြင့်၊ မပိန်မဝ၊ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထား ၏။ သို့သော် သူ၏ကိုယ်ဖော့ပညာသည် လူပိန်လေးထက် နှာတစ်ဖျားသာလေသည်။

ဘုရားကျောင်းဝင်းတွင်းမှ ထွက်ပေါ်လာသူသည် လူရွယ်တစ်ယောက်ဖြစ်၏။ အခန့်ငြားဆုံးသူလည်း ဖြစ်နေပြန်သည်။ ကိုယ်ဖော့ပညာရပ်ကိုသုံးပြီး ပေါ့ပါးစွာ လျှောက်လှမ်းလာမည့်အစား ခြေလှမ်းများကို အားစိုက်နင်းပြီးလျှောက်လှမ်းလာသောကြောင့် မြေကြီးပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန် နေရစ်သည်။ အားလုံးထဲတွင် သူသည် သိုင်းပညာအကောင်းဆုံးသူဖြစ်နေ၏။

ထိုလူ ၄ယောက်ထွက်ပေါ်လာလိမ့်မည်မှန်း လင်ရှန်းအာ သိရှိထားလေသည်။ ဝေါယာဉ်ပေါ်မှ ဆင်းဖို့နေနေသာသာ သူမသည် လှည့်၍ပင်မကြည့်။ ဝေါယာဉ်တွင်းမှ လင်ရှန်းအာ၏ ချိုသာသော စကားသံ ထွက်ပေါ်လာသည်။ “ရှင်တို့ ၄ယောက်လုံး ခရီးဝေးက လာခဲ့ကြရတာ ပင်ပန်းနေလောက် ရောပေါ့။ ကျမဆီမှာ ဧည့်ခံဖို့ အရက်နဲ့ အစားအသောက်တွေပါမလာတာကို ဝမ်းနည်းပါတယ်ရှင်။”

ထိုစကားသံကို ကြားလိုက်ရသော လူ ၄ယောက်လုံးသည် တိုင်ပင်မထားဘဲ ပြုံးသွားကြ၏။ အား လုံးပင် သူ့ထက်ငါ ဦးအောင် စကားပြောချင်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေလိုက်ကြသည်။

လင်ရှန်းအာ-“ရှင်တို့ဆီမှာ ပြောစရာစကားတွေရှိနေမယ်ဆိုတာ ကျမသိထားတယ်။ ဘယ်သူ အရင်ပြောမှာလဲ။”

သာမန်အဝတ်အစားဝတ်ထားသူထံတွင် မည်သည့်အမူအယာမျှ မတွေ့ရပါ။ သူသည် ပထမဆုံး စကားစပြောရမှာ ရှက်ရွံ့နေပုံရသည်။

အပြာရောင်ဝတ်ဆင်ထားသူ လူရွယ်သည် လက်နောက်ပြန်ပစ်ထားလိုက်ပြီး တစ်ဘက်သို့ လှည့် သွားလိုက်သည်။ ထိုသူများနှင့် ဖက်ပြိုင်ပြီးစကားပြောရမှာ သူ့အတွက် သန သည်ဟုထင်မှတ်ထား ပုံရသည်။ ထို့ကြောင့် သူသည် ပထမဆုံး စကားပြောဆိုမည့်သူ မဖြစ်နိုင်ပါ။

မျက်နှာဝိုင်းနှင့် သက်လတ်ပိုင်းရှိသူက ခပ်ပုပုလူအား လောဆော်လိုက်သည်။ “ခင်ဗျား အရင် ပြောလိုက်ပါလား။”

လူပုလေးသည် မည်သို့မျှ စိတ်စနိုးစနောင့်မဖြစ်ဘဲ ရှေ့သို့ထွက်လာလိုက်သည်။

လင်ရှန်းအာက ပြုံးပြီးပြောဆိုလိုက်သည်။ “ဒီ၂လအတွင်းမှာ ရှင့်ရဲ့ ကိုယ်ဖော့သိုင်းပညာက အံ့ မခန်းတိုးတက်လာခဲ့တာပဲ။ ဂုဏ်ယူပါတယ်ရှင်။”

လူပုလေး၏ သူခိုးမျက်နှာ၌ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး ချက် ချင်းပင် တုန့်ပြန်ပြောဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်မလေး...”

လင်ရှန်းအာ-“ကျမရှင့်ကို အလုပ်၂ခု ခိုင်းခဲ့တယ်။ ၂ခုလုံးအောင်မြင်အောင် လုပ်ဆောင်ခဲ့မယ် လို့ ကျမ ယူဆထားပါတယ်။”

လူပုလေးသည် ငွေလွှဲလက်မှတ်များ တစ်ဆုပ်ကြီးထုတ်ယူလိုက်သည်။ သူသည် ထိုငွေလွှဲလက်မှတ် များကို ရိုသေစွာကမ်း ပေးလိုက်ပြီး- “စာရင်းတွေအကုန်လုံးအရ ငွေတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အားလုံးပေါင်း ငွေသား ၉၈၅၀ ပါ။ ငွေလွှဲလက်မှတ်တွေကတော့ ရှန်စီးနယ်က ‘ကံနှစ်ထပ်’ ဘဏ်တိုက် ကဖြစ်ပါတယ်။”

လင်ရှန်းအာ၏ ဖြူဖွေးနူးညံ့သော လက်တစ်ဘက်က ဝေါယာဉ်တွင်းမှ ထွက်ပေါ်လာပြီး ငွေလွှဲလက် မှတ်များကို ယူဆောင်လိုက်၏။ အပြင်ဘက်၌ပင် ထိုငွေလွှဲလက်မှတ်များကို ရေတွက်နေလိုက်ပြန်သည်။ ပြီးနောက် သူမထံမှ စကားသံထွက်ပေါ်လာသည်။ “ကျမအတွက်နဲ့ ရှင် တော်တော် ဒုက္ခရောက်သွား မှာပဲနော်။ ကျမ ဘယ်လိုများ ပြန်ပေးဆပ်နိုင်မှာလဲရှင်။”

လူပုလေးသည် လင်ရှန်းအာ၏ လက်ထွက်ပေါ်လာသော ကန့်လန့်ကာကြားထဲသို့ ငေးကြည့်နေ ပြီး အားတင်းရယ်မောကာ ပြောဆိုလိုက်သည်။ “ကျေးဇူးတင်စရာမလိုပါဘူးဗျာ... ကျုပ်ကို အမှတ်ရ နေရင်ကိုပဲ ကျုပ်ကျေနပ်ပါပြီ။”

လင်ရှန်းအာ-“ပုံပြင်ပြောတဲ့ အဘိုးအိုစွန်းတို့ မြေးအဖိုးနှစ်ယောက်ကြောင်းကော... သူတို့နေ ထိုင်တဲ့နေရာကို ရှင်ရှာတွေ့ခဲ့လား။”

လူပုလေးက ခေါင်းငုံ့ထားပြီး ဖြေဆိုလိုက်သည်။ “သူတို့နောက်ကို ကျုပ်နောက်ယောင်ခံ လိုက် နေခဲ့တာပဲ။ တော်တော်လေးကြာတော့ ချက်ချင်းပဲ သူတို့ ပျောက်ဆုံးသွားခဲ့တယ်။ သူတို့ လေထဲမှာ ပျံလွင့်ပျောက်ကွယ်သွားသလိုပါပဲ...”

လင်ရှန်းအာက ဘာမျှပြန်မပြောတော့ပါ။

လူပုလေးသည် အားတင်းပြုံးပြီး ဆက်ပြောနေ၏။ “သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက သိပ်ပြီး လျှို့ဝှက် သိုသိပ်လွန်းတယ်။ သူတို့ သိုင်းပညာမတတ်ချင်ယောင် ဆောင်ခဲ့ကြပေမယ့် ကျုပ်ဘယ်လိုမှ နောက်ယောင်ခံ မလိုက်နိုင်ခဲ့ဘူး။ သခင်မလေးသာ နောက်ထပ် နဲနဲလောက် ကျုပ်ကို အချိန်ပေးမယ် ဆိုရင် သူတို့ကို တွေ့အောင် ရှာနိုင်မှာပါ။”

လင်ရှန်းအာသည် ခဏကြာမျှ စဉ်းစားလိုက်ပြီးနောက်- “နေပါစေတော့။ ရှင်လိုက်ရှာလည်း တွေ့မှာ မဟုတ်ပါဘူး။ ရှင့်ဘက်က တာဝန်မကျေခဲ့ပေမယ့်လည်း ကျမ ရှင့်ကို အပြစ်မတင်ပါဘူး။ ရှင့်ကို နောက်ထပ်

အကူအညီတောင်းစရာလေးတွေ ရှိနေသေးတယ်။”

လူပုလေးက သက်ပြင်းမောချလိုက်ပြီး နောက်ဆုတ်သွားလိုက်တော့သည်။

မျက်နှာခပ်ဝိုင်းဝိုင်းနှင့်လူသည် ကျန်လူနှစ်ယောက်အား လက်နှစ်ဘက်ဆုပ် ဦးညွှတ်လိုက်ပြီး ပြော ဆိုလိုက်သည်။ “တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်။”

သူသည် စကားပြောနေရင်း ဝေါယာဉ်ရှေ့သို့ လျှောက်လှမ်းလာသည်။

လင်ရှန်းအာက ပြုံးပြီးနှုတ်ဆက်လိုက်သည်။ “စီးပွားရေးသမားကတော့ သိပ်ပြီးယဉ်ကျေးသိမ်မွေ့ နေတာပဲ။ ခုမှပဲ ရှင်ဟာ သူဌေးကြီးတစ်ယောက်နဲ့ ပိုတူလာတော့တယ်။”

ထိုသူသည် ဝင့်ထည်စွာပြုံးပြီး ပြောဆိုလိုက်သည်။ “ကျုပ်က သခင်မလေးရဲ့ အစေအပါးတစ် ယောက်ပါခင်ဗျာ။ သခင်မလေးသာ မမြှောက်စားဘူးဆိုရင် ကျုပ်က ဘာကောင်မှမဟုတ်ပါဘူး။ ကျုပ် ကို သူဌေးလို့ ကျေးဇူးပြုပြီး မခေါ်ပါနဲ့လား။”

လင်ရှန်းအာက နူးညံ့စွာပြန်ပြောလိုက်သည်။ “အလုပ်သမားပဲဖြစ်ဖြစ်... သူဌေးပဲဖြစ်ဖြစ် ဘာမှ မကွာခြားပါဘူးရှင်။ ကျမရဲ့ စီးပွားရေးဟာ ရှင့်ရဲ့စီးပွားရေးပဲပေါ့။ ရှင်သာပိုပြီးကြိုးစားလိုက်ရင် နောက်ဆို ရှင်ပိုင်တဲ့ စီးပွားရေးကြီးတောင် ဖြစ်လာနိုင်ပါသေးတယ်။”

လူလတ်ပိုင်းလူ၏မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

သူသည် လင်ရှန်းအာကို ကျေးဇူးအထပ်ထပ်တင်နေပြီး ငွေလွှဲလက်မှတ် တစ်ထပ်ကြီးထုတ်ယူကာ ရိုရိုသေသေ ပေးအပ်လိုက်သည်။ “ဒီဟာတွေကတော့ ဒီနှစ်အတွင်း ရှာဖွေစုဆောင်းထားတာတွေပါ။ အားလုံးပဲ ‘ကံနှစ်ထပ်’ဘဏ်တိုက်က ဖြစ်ပါတယ်။”

လင်ရှန်းအာ-“ရှင်ပင်ပန်းသွားခဲ့ရပြီ။ ရှင်ဟာ မနားမနေ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး ရိုးသား သူတစ်ယောက်ဆိုတာ ကျမသိပါတယ်။”

သူမသည် စကားပြောဆိုနေစဉ်မှာပင် ငွေများကို ရေတွက်နေ၏။ ပြီးနောက် ခဏလေးအတွင်းမှာ ပင် သူမ၏လေသံက တမဟုတ်ခြင်း ပြောင်းလဲသွားသည်။ “ဘာဖြစ်လို့ ငွေသား ၆၀၀၀ ပဲဖြစ်နေရတာ လဲ။”

သက်လတ်ပိုင်းလူ-“အားလုံးပေါင်း ငွေသား ၆၃၀၀ ပါခင်ဗျာ။”

လင်ရှန်းအာ-“မနှစ်အတွက်တုန်းက ဘယ်လောက် အပ်နိုင်ခဲ့လဲ။”

သက်လတ်ပိုင်းလူ-“ငွေသား ၉၄၀၀ ပါ။”

လင်ရှန်းအာ-“မနှစ်တစ်နှစ်တုန်းကကော...”

သက်လတ်ပိုင်းလူသည် နဖူးပြင်ပေါ်မှ ချွေးများကို သုတ်သပ်လိုက်ပြီး ဖြေကြားလိုက်သည်။ “၁၀၀၀၀ ကျော်လို့... ထင်... ထင်ပါတယ်။”

လင်ရှန်းအာက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။ “ရှင်ဟာ တော်တော့်ကို အံ့ဩဖို့ကောင်းသူပဲ။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို သေးသည်ထက်သေးအောင် လုပ်နိုင်ခဲ့တာပဲ။ နောက်နှစ်အနည်းငယ်ဆို ရင် ကျမရဲ့ လုပ်ငန်းအားလုံးကို ပိတ်ပစ်ရမလားတောင်မသိဘူး။”

သက်လတ်ပိုင်းလူသည် ချွေးသီးချွေးပေါက်များ အဆက်မပြတ်ကျဆင်းနေပြီး တုန်တုန်ရီရီဖြေဆို လိုက်သည်။ “ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ ဖဲသားစတွေ လူကြိုက်နည်းလာခဲ့ပါတယ်။ ပြီးတော့ ပေါ်ပင်စ အင်္ကျီ တွေကလည်း အရောင်းထိုင်းပါတယ်။ နောက်တစ်နှစ်ဆိုရင်တော့ စီးပွားရေး ပြန်ကောင်းလာမှာပါခင်ဗျာ။”

လင်ရှန်းအာသည် အတန်ကြာမျှတိတ်ဆိတ်နေပြီးနောက် ချိုသာစွာ ပြောဆိုလိုက်သည်။ “ဒီ ၂ နှစ်အတွင်းမှာ ရှင်တော်တော်လေး ပင်ပန်းသွားခဲ့ပြီ။ ကိုယ့်ဇာတိကိုယ်ပြန်ပြီး နားနေလိုက်ပါလားရှင်။”

သက်လတ်ပိုင်းလူ၏ မျက်နှာပျက်သွားခဲ့သည်။ “ဒါပေမဲ့... ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေ...”

လင်ရှန်းအာ-“ဒီအတွက်တော့ စိတ်မပူပါနဲ့ရှင်။ ရှင့်အစား နောက်တစ်ယောက်ကို ကျမ ခန့်အပ် လိုက်ပါ့မယ်။”

သက်လတ်ပိုင်းလူ၏ မျက်နှာ၌ အရောင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ရပြီး နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။ သူသည် ခြေတစ်လှမ်းချင်း ဆုတ်သွားနေ၏။ ပြီးနောက် ရုတ်တရက်ပင် လေထဲ သို့ ပျံတက်သွားပြီး တောအုပ်လေးဆီသို့ ဦးတည်လိုက်၏။ သူ၏ခြေထောက် မြေကြီးပေါ်ကျကျခြင်းပင် အေးစိမ့်သော ဓားရောင်တစ်ချက် လင်းလက်သွားတော့သည်။

ကျယ်လောင်သော အော်ဟစ်လိုက်သံကြီးက တောအုပ်လေးအတွင်း ပျံ့လွင့်သွားပြီး ထိုသူ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။ ပြီးနောက် သူသည် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

အစိမ်းရောင် သံမဏိဓားတစ်လက် အပြာရောင်ဝတ်လူရွယ်ထံမှ ထွက်ပေါ်လာ၏။ ဓားသွားတစ် လျှောက် သွေးများ တစက်စက်စီးကျနေ၏။

မီးခိုးရောင်ဝတ်ဆင်ထားသူသည် ထိုလူရွယ်အား တစ်ချက်ငဲ့ကြည့်လိုက်ပြီး အမူအယာကင်းမယ့်စွာ ပြောဆိုလိုက်သည်။ “သိပ်ကောင်းတဲ့ ဓားကွက်ပဲ။”

အပြာရောင်ဝတ်ထားသူ လူရွယ်သည် ထိုသူ့ကို အရေးပင်မစိုက်ချေ။ သူ့ဖိနပ်ပေါ်တွင် ပေကျံနေ သော သွေးများကို သုတ်သင်လိုက်သည်။ ပြီးနောက် သူ၏ဓားကို လေထဲတွင် ပန်းပွင့်သဏ္ဌာန် ဝှေ့ ယမ်းကစားလိုက်၏။ ပြီးမှသာ ဓားအိမ်တွင်းသို့ ထိုးသွင်းလိုက်လေသည်။

မီးခိုးရောင်ဝတ်ဆင်ထားသူသည် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိတော့ဘဲ ထိုနေရာ၌ တည်ငြိမ် စွာ ရပ်နေ၏။

သူသည် အပြာရောင်ဝတ်ဆင်ထားသူ လူရွယ်ထံမှ ပြောဆိုလာမည့်စကားကို စောင့်စားနေခြင်း ဖြစ်ပြီး မည်သည့်စကားသံမျှ မကြားရသောအခါ ရှေ့သို့ တက်လှမ်းလာလေတော့သည်။

ထိုသူ့အား စကားသံချိုချိုလေးဖြင့် စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်မည်မဟုတ်မှန်း လင်ရှန်းအာ ရိပ်မိလိုက်၏။ ထို့ကြောင့်ပင် အရေးကြီးသောအချက်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။ “တိမ်လွှာစံ အိမ်တော်ကို လောင်ရှောင်း၄ယွန် ပြန်ရောက်လာပြီလား။”

မီးခိုးရောင်ဝတ်ဆင်ထားသူ-“ပြန်ရောက်လာပြီ။ ၂ ပတ်ကျော်လောက်တောင်ရှိပြီ။ သူနဲ့အတူ ဟူပုကွေ ပါလာရုံတင်မကသေးဘူး၊ မျိုးရိုးနာမည် ‘လု’ဆိုသူလည်း ပါလာခဲ့သေးတယ်။ လုဖုန်းရှန်ရဲ့ အဖေ တူအမေကွဲ ညီတော်တယ်လို့ပြောကြတယ်။ နှစ်ဘက်သွားပေါက်ဆိန်ရှည် လက်နက်အသုံးပြုတယ်။ သူ့သိုင်းပညာက မခန့်မှန်းနိုင်အောင်ကို ကောင်းနေတယ်။”

လင်ရှန်းအာ-“ခါးကုန်းစွန်းကော...”

မီးခိုးရောင်ဝတ်ဆင်ထားသူ-“သူကတော့ အဲ့ဒီဆိုင်လေးမှာ ရှိနေတုန်းပဲ။ သူ့အကြောင်းကို ဘယ် သူမှ မသိနိုင်ဘူး။ သိပ်ပြီးလျှို့ဝှက်တယ်။”

လင်ရှန်းအာ-“ဒါပေမဲ့ ကျမသိထားတာကတော့ ရှင် တစ်နေ့မဟုတ်တစ်နေ့ ရှာဖွေတွေ့ရှိမှာပါပဲ။ ရှင့်မျက်လုံးတွေအောက်က ဘာများလွတ်မြောက်နိုင်ခဲ့ဖူးလို့လဲ။”

မီးခိုးရောင်ဝတ်ဆင်ထားသူသည် ပြုံးပြီးပြောဆိုလိုက်သည်။ “ကျုပ်ထင်ထားတာ မမှားဘူးဆိုရင် ခါးကုန်းစွန်းဟာ ပုံပြင်ပြောတဲ့ အဘိုးအိုစွန်းနဲ့ အမျိုးတော်စပ်လိမ့်မယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျော် ကြားခဲ့တဲ့ ‘ကျောပေါ်မှာတောင်ပို့တစ်ခု၊ တောင်ဖြိုသိုင်းသမား’ဒုတိယစွန်းဖြစ်နိုင်တယ်။”

ထိုစကားအားကြားလိုက်ရပြီးနောက် လင်ရှန်းအာသည် တုန်လှုပ်သွားခဲ့ရသည်။ သူမသည် အ တော်ကြာကြာ စဉ်းစားနေလိုက်ပြီးမှ ပြောဆိုလိုက်သည်။ “နောက်ထပ်သတင်းရအောင် ဆက်စုံစမ်း ပေးပါနော်... မနက်ဖြန်ကျမှ...”

သူမ၏စကားသံက တဖြည်းဖြည်း တိုးညှင်းသွားရာ မီးခိုးရောင်ဝတ်ဆင်ထားသူသည် အနားသို့ တိုးကပ်ပြီး နားထောင်လိုက်၏။ စကားပြောအပြီးတွင် သူ၏မျက်နှာက မှိုရသလိုမျိုးဖြစ်သွားကာ သူ့ အပြန်လမ်းသည် ပို၍ပင် ပေါ့ပါးသွက်လက်နေသေး၏။

ယောက်ျားများကို မည်သို့ခိုင်းစေရမည်မှန်း လင်ရှန်းအာ ကောင်းမွန်စွာ သိရှိချေသည်တကား...

ထို့နောက် လင်ရှန်းအာ၏လက်တစ်ဘက် ကန့်လန့်ကာကြားမှ ထွက်ပေါ်လာပြီး လူပုလေးအား လက်ရပ်ခေါ်လိုက်သည်။

လူပုလေးသည် ကြောင်ပြီး လျှောက်လာနေ၏။

လင်ရှန်းအာက ချိုသာစွာ ပြောဆိုလိုက်သည်။ “ဒီကိုလာခဲ့ပါဦးလား။ ကျမ ရှင့်ကို ပြောစရာ စကားလေးတွေ ရှိနေလို့ပါ။ မနက်ဖြန်ညကျရင်...”

သူမသည် လူပုလေး၏နားနားကပ်ပြီး တိုးတိုးလေး ပြောဆိုလိုက်သည်။

လူပုလေးသည် တောက်ပစွာပြုံးပြီး ခေါင်းတညိတ်ညိတ်ဖြင့်- “ဟုတ်တာပေါ့... ဟုတ်တယ်။ ကျုပ် နားလည်ပါပြီ... ဘယ်မေ့လိမ့်မလဲ။”

သူထွက်ခွာသွားသောအခါ သူ့ကိုယ်သူ အရပ် ၃ ပေခန့်ရှည်လာသည်ဟု ထင်မှတ်နေမိ၏။

ထိုသူပျောက်ကွယ်သွားပြီးနောက် အပြာရောင်ဝတ်ဆင်ထားသူ လူရွယ်သည် ဝေါယာဉ်ဘေးသို့ လျှောက်လှမ်းလာပြီး ပြောဆိုလိုက်သည်။ “မိန်းကလေး‘လင်’က တော်တော်လေး အလုပ်များသူပဲ။”

လင်ရှန်းအာသည် သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ကျမ ဘာများတတ်နိုင်ဦးမှာ လဲရှင်။ သူတို့က ရှင့်လိုမဟုတ်ဘူးလေ။ သူတို့နဲ့ ဆက်ဆံတဲ့နေရာမှာ ကျမဘက်က တော်တော်လေး သတိထားရတယ်ရှင့်။”

သူမသည် လက်ကိုအပြင်ဘက်ထုတ်လိုက်ပြီး ထိုလူငယ်၏လက်အား ဆွဲကိုင်လိုက်သည်။ ပြီး နောက်ချိုသာစွာ ပြောဆိုလိုက်ပြန်သည်။ “ရှင် ကျမကို စိတ်ဆိုးနေတုန်းပဲလား။”

ဝတ်စုံပြာဝတ်ဆင်ထားသူလူရွယ်သည် မျက်နှာကို ခပ်တည်တည်ထားလိုက်ပြီး- “အင်း...”

လင်ရှန်းအာသည် တခစ်ခစ်ရယ်မောနေရင်း ပြောဆိုလိုက်သည်။ “ကြည့်စမ်းပါဦး... ကလေး လေး ကျနေတာပဲ။ လာ...လာ... အပေါ်ကိုတက်လာပါလား။ ကျမ ရှင့်ကို စိတ်ပြေသွားအောင် ပြုစုပါ့ မယ်။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ဆက်လက်ပြီး တည်ထားလိုသော်လည်း မအောင့်အီးနိုင် တော့ဘဲ ပြုံးလိုက်လေတော့သည်။

ထိုအချိန်၌ပင် နာကျင်စွာ အော်ညည်းလိုက်သံကြီးကို သူတို့ကြားလိုက်ကြရသည်။

အော်သံက သစ်တောအုပ်တွင်းမှ ထွက်ပေါ်လာခြင်းဖြစ်၏။

မီးခိုးရောင်ဝတ်ဆင်ထားသူသည် တောအုပ်တွင်းမှ တစ်လှမ်းချင်း လှမ်းဆုတ်လာ၏။ သူဆုတ်လာ ရာလမ်းတစ်လျှောက်တွင် သွေးစက်များ တပေါက်ပေါက်ကျနေသည်။

လူပုလေးသည် တောအုပ်ထဲသို့ ဝင်တော့မည့်ဆဲဆဲပင်ဖြစ်ပြီး ထိုမြင်ကွင်းအား မြင်လိုက်ပြီးသည့် နောက် ချက်ချင်းပင် ရပ်တန့်လိုက်သည်။ မီးခိုးရောင်ဝတ်ဆင်ထားသူသည် မြေပေါ်လဲကျနေလေပြီ။

တောအုပ်ထဲမှ တစ္ဆေသရဲများ သူတွေ့ခဲ့လေသလော...

လူသတ်နိုင်သည့် တစ္ဆေပင် ဖြစ်နေသလော...

လူပုလေးသည် တော်တော်လေး တုန်လှုပ်နေပြီး သူ့ခြေထောက်တွင် ချည်နှောင်ထားသော ဓား ပျံကို ဆွဲထုတ်ယူလိုက်သည်။ မှောင်ပိန်းနေသော တောအုပ်ထဲသို့ သူစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။ “ဘယ်သူလဲ...”

မည်သည့်သက်ရှိလူသား၏ စကားသံမှ တောအုပ်လေးတွင်းမှ ထွက်ပေါ်မလာခဲ့ပါ။ နောက်ဆုံး တွင်မူ လူတစ်ယောက် ထွက်ပေါ်လာခဲ့လေသည်။

ထိုသူသည် အရပ်မြင့်သည်။ ဝါးခမောက်ဆောင်းထားပြီး မျက်နှာကို ဖုံးအုပ်ထား၏။ သူ၏ လမ်း လျှောက်ဟန်မှာ ထူးဆန်းနေပြီး ဓားထည့်ထားပုံမှာလည်း တခြားလူများနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သူ၏ ဓားကို ညာဘက်ခါးကြားတွင် ဖြစ်သလို ထိုးချိတ်ထားသည်။

ဓားသည် သိပ်မရှည်သလို ဓားအိမ်တွင်းမှ ဆွဲမထုတ်ရသေးပါ။

ထိုသူသည် လွန်စွာမှပင် ထိတ်လန့်စရာ ကောင်းသူဖြစ်၏။ လူပုလေးသည် ထိုသူ့ကို တွေ့လိုက် သည်နှင့်တပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် မသိမသာတုန်လှုပ်သွားခဲ့ရလေသည်။ သူ၏လက်ဖဝါးများ မှ ချွေးအေးများ စိမ့်ထွက်လာခဲ့၏။

ထိုထွက်ပေါ်လာသူထံမှ လူသတ်ငွေ့များ ထွက်ပေါ်နေ၏။

ကျင်းဝူမင်း...

ကျင်းဝူမင်းကို အရှင်လတ်လတ်တွေ့လိုက်ရသောကြောင့် လီဆွန်းဟွာ သေဆုံးသွားခဲ့ပြီဟု လင်ရှန်းအာ ထင်မှတ်လိုက်သည်။

လင်ရှန်းအာ ပြုံးနေလေသည်။

သို့သော် သူမသည် စိတ်တွင်းမှသာ ပြုံးနေခြင်းဖြစ်၏။ သူမ၏မျက်နှာထက်တွင်မူ လွန်စွာထိတ် လန့်နေသည့် အမူအယာများ တွေ့နိုင်ပြီး လူရွယ်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်၍ ပြောဆိုလိုက် သည်။ “အဲ့ဒီလူင်္ကြီးက သိပ်ကြောက်ဖို့ကောင်းတာပဲ။ သူဘယ်သူလဲဆိုတာ ရှင်သိလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်က ပြန်လည်ဖြေကြားလိုက်သည်။ “သူဘယ်သူလဲ သိဖို့မလို ပါဘူး။ မင်းဘေးမှာ ကျုပ်ရှိနေသရွေ့ ဘာမှကြောက်စရာမလိုဘူး။”

လင်ရှန်းအာ-“ကျမသိပါတယ်။ ကျမဘေးမှာ ရှင်ရှိနေသရွေ့ ကျမကို ကာကွယ်စောင့်ရှောက်ပေး မယ်ဆိုတာ ကျမ သိပါတယ်။ ကျမကို ဘာမှ အနှောင့်မယှက်မပေးနိုင်တော့ပါဘူးရှင်...”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်က သူ့ရင်ဘတ်သူပုတ်ပြလိုက်ပြီး ကြွေးကြော်လိုက်သည်။ “မှန်တယ်။ သူဘယ်သူပဲဖြစ်ဖြစ်... ဒီကိုလာရဲရင်လာစမ်းပါစေ... ကျုပ်သူ့ကို ရှင်းလိုက်ပါ့မယ်။”

အမှန်တကယ်တမ်းတွင်မူ သူ့ရင်တွင်း၌ ကျင်းဝူမင်း၏ လူသတ်ငွေ့ကို လွန်စွာမှပင် ကြောက်ရွံ့ နေမိ၏။ သို့သော် သူချစ်နှစ်သက်သော မိန်းမရှေ့တွင်မူ ဟန်ကိုယ့်ဖို့ လုပ်နေရလေသည်။

လူပုလေးရှေ့သို့ ကျင်းဝူမင်း လျှောက်လှမ်းလာ၏။

လူပုလေးသည် ဓားပျံကို ကိုင်ဆောင်ထားဆဲ ရှိနေ၏။ ထိုဓားပျံသည် လူ့အသက်ပေါင်းများစွာကို နှုတ်ယူခဲ့ပြီးဖြစ်၏။ ယခုချိန်တွင်မူ ဓားပျံသည် စတင် မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေရလေသည်။

ကျင်းဝူမင်း၏ မျက်လုံးသေများကို သူတွေ့လိုက်ရ၏။

ကျင်းဝူမင်းသည် သူ့ကိုမကြည့်ဘဲ မေးလိုက်သည်။ “မင်းလက်ထဲက ဓားပျံက လူသတ်နိုင်လား။”

လူပုလေး ကြက်သေသေသွားခဲ့သည်။

ထိုမေးခွန်းသည် လွန်စွာမှပင် နုံခြာသော မေးခွန်းမျိုးဖြစ်၏။ သို့သော် အမေးရှိက အဖြေရှိရပေ မည်။ ထို့ကြောင့် သူပြန်ဖြေလိုက်သည်။ “သတ်နိုင်တာပေါ့...”

ကျင်းဝူမင်း-“ကောင်းတယ်။ ကျုပ်ကို လာသတ်လှည့်ပါလား။”

လူပုလေးသည် ခေတ္တမျှ တွေဝေသွားခဲ့ပြီး ပြန်ပြောလိုက်သည်။ “ကျုပ်တို့က ရန်သူတွေမှ မဟုတ် တာ။ ကျုပ် ဘယ်လိုလုပ်ပြီး သတ်နိုင်မှာတုန်း။”

ကျင်းဝူမင်း-“မင်းမသတ်ရင်တော့ ကျုပ် သတ်ရလိမ့်မယ်။”

လူပုလေးသည် နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွား၏။ ပြီးနောက် ရုတ်ချည်းပင် သူ အံကြိတ် လိုက်ပြီး ဓားပျံအား ပစ်လွှတ်လိုက်လေတော့သည်။ လရောင်အောက်တွင် ဓားပျံက လင်းလက်ပြီး ထွက်ခွာသွား၏။

သူ့လက်ထဲမှ ဓားပျံ ထွက်လာချိန်နှင့် ထပ်တူပင် ဓားအလင်းရောင်တစ်ချက် လင်းလက်သွားသည်။

ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာသည်။ ကျင်းဝူမင်းသည် နဂိုက ရှိနေသည့် အတိုင်းပင် ရှိနေပြီး သူ၏ဓားသည်လည်း ဓားအိမ်ထဲ၌ပင် ရှိနေ၏။

လျင်မြန်လိုက်သည့်ဓား...

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် သူ့ဓားကို လျင်မြန်လှပြီဟု ထင်ထားသူဖြစ်၏။ ယခု တော့ သူ့ထက် လျင်မြန်သူ နောက်တစ်ယောက် ထွက်ပေါ်လာခဲ့ချေပြီ။

လူရွယ်ထံမှ ကြွက်သားများ တင်းမာလာသည်ကို လင်ရှန်းအာ ခံစားမိလိုက်သည်။ သူမသည် လူ ရွယ်၏လက်ကို လွှတ်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။ “အဲ့ဒီလူရဲ့ဓားက သိပ်မြန်တယ်။ ရှင်... ရှင် ဒီက နေ မြန်မြန် ထွက်သွားပါတော့။ ကျမအတွက် မစိုးရိမ်ပါနဲ့။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် အသက် ၄၀-၅၀ အရွယ်ရှိသူတစ်ဦးဖြစ်ပါက လင်ရှန်း အာ၏ တိုက်တွန်းချက်ကို လက်ခံပြီး ချက်ချင်းပင် ထွက်ခွာသွားပေလိမ့်မည်။ ထိုအသက်အရွယ်ထိ နေထိုင်လာသူတစ်ယောက်သည် အသက်ရှင်သန်မှုက ကျန်အရာအားလုံးထက် တန်ဖိုးပိုရှိကြောင်း သိ ရှိပေလိမ့်မည်။ အသက်ထက် အချစ်က ပိုအရေးပါသည်ဟု မှတ်ယူထားသူ လူရွယ်တစ်ယောက်ဖို့မူ ဤ တိုက်တွန်းပြောဆိုချက်ကို လက်မခံနိုင်ပါ။

ထိုစကားကိုပြောဆိုသူအများစုသည် အသက် ၅၀ထက်ပိုနေရမည်မဟုတ်ပါ။

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် အံကြိတ်ပြီးပြောဆိုလိုက်သည်။ “စိတ်မပူနဲ့။ သူ့ကို ကျုပ် ရှင်းလိုက်ပါ့မယ်။”

သူ၏စကားလုံးထဲတွင် မည်သည့် သန္နိဋ္ဌာန်ချထားဟန်မှ မပါရှိသောကြောင့် သူကစပြီး တိုက်ခိုက် မှု မပြုလုပ်ခဲ့ပါ။

လင်ရှန်းအာ-“မဟုတ်သေးဘူး... ရှင်သေလို့မဖြစ်သေးဘူး။ ရှင့်မှာ မိဘတွေ၊ ဇနီးမယားတွေ ကျန်သေးတယ်မဟုတ်လား။ ထွက်ပြေးနိုင်တုန်း မြန်မြန်သာ ထွက်ပြေးသွားပါရှင်။ ကျမ ရှင့်အတွက် တတ်နိုင်သလောက် တောင့်ခံထားပါ့မယ်။ ကျမမှာ ဘာဆွေမျိုးမှလည်းမရှိဘူး။ ကျမသေသွားလည်း ဝမ်းနည်း မယ့်သူ ဘယ်သူမှကျန်ခဲ့မှာ မဟုတ်ဘူး။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်င်္ပြီး ပြေး ထွက်သွားသည်။

လင်ရှန်းအာ ပြုံးလိုက်လေတော့သည်။

မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ကို သူ့အတွက် အသက်စွန့်စေချင်ပါက အကောင်း ဆုံးနည်းလမ်းမှာ ထိုယောက်ျားအား ချစ်မြတ်နိုးဟန် ဟန်ဆောင်ပြလိုက်ရုံပင်။ ထို့နောက် ထို ယောက်ျားသည် သူမအတွက် အသက်စွန့်ပေတော့မည်ဖြစ်သည်။

ထိုနည်းလမ်းကို လင်ရှန်းအာ အသုံးချလာခဲ့သည်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင်။ အကြိမ်တိုင်းလိုပင် အောင်မြင်ခဲ့သည်ချည်းသာ။

ဤတစ်ကြိမ်တွင်တော့ သူမ၏ ဝမ်းတွင်းမှ ပြုံးနေရုံမကဘဲ မျက်နှာပြင်ထက်၌ပါ ပြုံး၍နေလေသည်။

ထိုအပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် သူမ၏အပြုံးကို ဘယ်တော့မှ မြင်တွေ့နိုင်တော့ မည်မဟုတ်မှန်း သူမ သိထားလေသည်။

ထိုလူရွယ်သည် အံ့အားသင့်စရာကောင်းလောက်အောင် ဓားရေးထက်မြက်နေသည်မကသေး ... သူ့ဓားကလည်း လွန်စွာမှပင် လျင်မြန်လေသည်။

ခဏလေးအချိန်အတွင်းမှာပင် ကျင်းဝူမင်းအား ၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်၏။ သို့သော် သူ ဘာစကားမျှ မပြောဆိုခဲ့ချေ။ ယခုအချိန်သည် စကားပြောဆိုရမည့်အချိန်မဟုတ်မှန်း သူသိထားလေ သည်။

ကျင်းဝူမင်းက ပြန်လည်၍ တိုက်ခိုက်ခြင်း မရှိပါ။

ထိုးခုတ်ချက် ၅ ချက်လုံးပင် ကျင်းဝူမင်း၏ သေကွင်းသေကွက်များသို့ ဦးတည်လာခဲ့သော်လည်း ကျင်းဝူမင်းသည် လွတ်မြောက်နေဆဲ။

ကျင်းဝူမင်းက ရုတ်တရက်ပင် မေးမြန်းလိုက်သည်။ “မင်းက ထင်းချန်းဂိုဏ်းက ဓားသမားလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ခေတ္တမျှ ငေးငိုင်သွားခဲ့ပြီး ဆဌမမြောက်ဓားချက်ကို မထုတ်နိုင်ဘဲ ဖြစ်သွားလေသည်။

သူ့ဆရာ၏ လျှို့ဝှက်ဓားပညာကို ဤလူ မည်သည့်နည်းနှင့် သိရှိသွားသနည်းဆိုသည်ကို သူ မစဉ်းစားတတ်အောင် ဖြစ်နေရ၏။

ကျင်းဝူမင်း-“မင်းနဲ့ ရှီတျန်လင်းတို့ဘာတော်စပ်လဲ။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်က ထစ်ငေါ့စွာ ဖြေကြားလိုက်သည်။ “သူက ကျုပ်ဆရာ သခင်ပါ။”

ကျင်းဝူမင်းက အေးစက်စွာပင် ပြောဆိုလိုက်သည်။ “ငါ ကော့စွန်းယန်ကို သတ်ခဲ့ပြီးပြီ။”

ထိုစကားသည် ယခုပြောဆိုနေကြသော စကားများနှင့် လုံးဝပတ်သက်မှု မရှိချေ။ သို့သော် အပြာ ရောင်ဝတ်ဆင်ထားသူလူရွယ်သည် ထိုစကား၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်၏။

0 comments:

Post a Comment