Monday, March 7, 2011

(၅၀) အချစ်ထောင်ချောက်

ရှီတျန်လင်းသည် ထင်းချန်းဂိုဏ်းချုပ်ဖြစ်သည်။ သူ၏ဘွဲ့နာမည်မှာ ‘တောင်ပိုင်းပထမဓား’ဖြစ်ပြီး မည်သူ့ကိုမျှ မရှုံးနိမ့်ခဲ့ဖူးသော်လည်း သူရှုံးနိမ့်ခဲ့ဖူးသူမှာ ကော့စွန်းယန်တစ်ယောက်သာ ရှိ၏။ ၃ ကြိမ် တိုင်တိုင် ရှုံးနိမ့်ခဲ့လေသည်။ အကြိမ်တိုင်းလိုပင် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဤလူသည် ကော့စွန်းယန်ကို သတ်နိုင်ခဲ့ပါက ရှီတျန်လင်းထက်ပင် ပို၍တော်သူ ဖြစ်ရပေမည်။ ရှီ တျန်လင်း၏ တပည့်ဖြစ်သူတစ်ယောက်သည် သူ၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပါ။

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်၏ မျက်နှာပျက်သွားခဲ့ရလေတော့သည်။

ကျင်းဝူမင်းသည် အပြောကြီးသူတစ်ယောက်မဟုတ်မှန်း သူသိထားလေသည်။

ကျင်းဝူမင်း-“ကျုပ် မင်းကို တစ်ကွက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ ယုံလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် မည်သည့်စကားမျှ ပြန်လည်ချေပခြင်းမရှိဘဲ နှုတ်ဆိတ် နေလိုက်သည်။

ဓားရောင်တစ်ချက် လင်းလက်သွားပြီး ကျင်းဝူမင်း၏ ဓားသည် ဓားအိမ်တွင်းမှ မည်သူမျှ မမြင်တွေ့ ရဘဲ ထွက်ပေါ်လာခဲ့သည်။



အေးစက်သော ဓားဦးက လူရွယ်၏ လည်မျိုသို့ ထောက်ထားပြီးဖြစ်နေ၏။

ကျင်းဝူမင်း-“ကျုပ် မင်းကို တစ်ကွက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ ယုံပြီလား။”

လူရွယ်သည် အံကြိတ်ထားလိုက်သည်မှာ နှုတ်ခမ်းစွန်းတွင် သွေးများ စွန်းပေလာသည်ထိပင်။ သို့သော် လူရွယ်က အော်ပြောလိုက်သည်။ “ခင်ဗျား ဘာလို့ ကျုပ်ကို မသတ်သေးတာလဲ။”

ကျင်းဝူမင်း-“မင်းက သေချင်နေတယ်ပေါ့...”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်-“ယောက်ျားကောင်းတစ်ယောက်အတွက် သေရတာ မဆန်း ပါဘူး။ သတ်လိုက်စမ်းပါ။”

ကျင်းဝူမင်း-“ကျုပ် မင်းကိုမသတ်ချင်ဘူး။ မင်းက သေချင်နေသေးတာလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ကြက်သေသေသွားလေတော့သည်။

မသတ်ဘူးဆိုပါက သေချင်သူ မည်သူများ ရှိနေသေးသနည်း...

ကျင်းဝူမင်း-“မင်း ဒီကောင်မအတွက် အသေခံချင်နေတာ ကျုပ်သိပါတယ်။ မင်းသာ သေဆုံး သွားရင် မင်းအတွက် သူဂရုစိုက်မယ်လို့များ ထင်နေလား။”

သူ အေးစက်စွာ ဆက်ပြောနေသည်။ “ဒီကောင်မသာ သေသွားခဲ့ရင် မင်းသူ့ကို ချစ်နိုင်ပါဦးမ လား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်က ပြန်မဖြေနိုင်တော့ပါ။

သူသည် ဓားဖျားမှ သူ့လည်မျိုကို ဆုတ်ခွာလိုက်၏။

သူ့ကိုယ်သူ လူနုံလူအ တစ်ယောက်လို ခံစားမိလိုက်သည်။

ကျင်းဝူမင်း-“မိန်းမတစ်ယောက်ရဲ့ မျက်စိထဲမှာ သူရဲကောင်း ၁၀၀ သေသွားရင်တောင် ဘာမှမ ဖြစ်ဘူး။ လူညံ့တစ်ယောက်သေသွားရင်ဆို ဝေးသေး။ မင်းရဲ့မျက်စိထဲမှာ ယှဉ်ကြည့်လိုက်ပါလား။ လူ သေ မိန်းမချော ၁၀၀ နဲ့ အသက်ရှင်နေသူ မိန်းမတစ်ယောက်ကို ယှဉ်ပြီး ခံစားကြည့်လိုက်ပါလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ချွေးစေးများကို သုတ်သင်လိုက်ပြီး ပြောဆိုလိုက်သည်။ “ကျုပ် နားလည်ပြီ။”

ကျင်းဝူမင်း-“မင်း သေချင်နေသေးလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် နီရဲနေသော မျက်နှာပေးဖြင့် ပြန်ဖြေဆိုလိုက်သည်။ “အသက်ရှင်သန်နေရတာလည်း မဆိုးပါဘူး။”

ကျင်းဝူမင်း-“ကောင်းတယ်။ မင်း နားလည်သွားပြီ။”

ကျင်းဝူမင်း-“ကျုပ်က စကားများများ ပြောတတ်သူမဟုတ်ဘူး။ ဒီနေ့တော့ စကား အများကြီး ပြောခဲ့ပြီးပြီ။ ဒါကလည်း မင်းနားလည်အောင်လို့ပါ။ မင်းနားလည် သဘောပေါက်သွားတာနဲ့ ကျုပ် မင်း ကို သတ်လို့ရပြီ။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် ရုတ်ချည်းပင် မေးမြန်းလိုက်သည်။ “ခင်ဗျားက ကျုပ် ကို သတ်ချင်နေသေးတာလား။”

ကျင်းဝူမင်း-“ကျုပ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ကျုပ်ကပဲ မေးတယ်။  ဘယ်တော့မှ ပြန်မဖြေ ဘူး။ ဒါပေမဲ့ သေတော့မယ့်လူတစ်ယောက်အတွက်တော့ ခြွင်းချက်ပေါ့လေ။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်-“ဒါပေမဲ့... ခင်ဗျားက ကျုပ်ကို တကယ်သတ်ချင်နေတယ် ဆိုရင် ဘာဖြစ်လို့ ဒီစကားတွေ ပြောနေရသေးတာလဲ။”

ကျင်းဝူမင်း-“ဘာဖြစ်လို့လည်းဆိုတော့ သေချင်တဲ့သူကို ကျုပ် ဘယ်တော့မှ မသတ်ဘူး။ မင်းသာ သေချင်နေမှတော့ မင်းကိုသတ်ရတာ ကျုပ်အတွက် အရသာမရှိတော့ဘူး။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တိုက်ခိုက်လိုက်လေ တော့သည်။

သူ့အော်သံက တစ်ဝက်တပျက်ဖြင့် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဝူမင်း၏ ဓားက သူ့ ပါးစပ်ပေါက်တွင်းသို့ ဝင်ရောက်လာခဲ့သောကြောင့်ပင်။ သူ၏ လျှာဖျားမှ အေးစိမ့်သော ဓား သွားအား ခံစားမိလိုက်လေသည်။

ငံကျွိကျွိဖြစ်၏။

နောက်ဆုံးတော့ သေခြင်းတရားကို သူခံစားမိလိုက်လေတော့သည်။

ကျင်းဝူမင်း၏ ဓားသည် ဓားအိမ်တွင်းသို့ ပြန်ရောက်သွားခဲ့ပေပြီ။

ကျင်းဝူမင်းထံတွင် အကျင့်ကောင်းတစ်ခုရှိသည်။ ဓားကို အသုံးပြုပြီးလျှင်ပြီးချင်း ဓားအိမ်တွင်းသို့ ပြန်ထိုးထည့်ထားခြင်းပင်ဖြစ်သည်။ နောက်တစ်ကြိမ် သူထုတ်သုံးလိမ့်မည်မဟုတ်ကြောင်း ပြသနေသလို ပင်။

သူ့ဓားအိမ်တွင်း၌ ဓားရှိနေပါမူ သူ့ရန်သူများသည် ပိုပြီး လွတ်လပ်စွာ နေကြလိမ့်မည်ကို သူသိရှိ ထားလေသည်။

ဂရုမစိုက်သောသူများကို သူ ပို၍နှစ်သက်သည်။ သူတို့သည် မြန်မြန်သေတတ်သူများပင်။

သူ၏ လှုပ်ရှားမှုများကို လင်ရှန်းအာသည် တစ်ချိန်လုံး စောင့်ကြည့်နေ၏။ သူမ၏မျက်နှာပေးက မိန်းမပျိုလေးတစ်ယောက် သူ့ချစ်သူကို ကြည့်နေသည့်အလား...

ကျင်းဝူမင်းသည် သူမကို လှည့်၍ပင် ကြည့်မနေပါ။

လင်ရှန်းအာသည် ရမ္မက်အကြွဆုံးပုံစံအနေအထားဖြင့် နေနေသော်လည်း သူလုံးဝမကြည့်ပါ။

လင်ရှန်းအာသည် ပြုံးနေသော်လည်း သူမ၏စိတ်တွင်းမှမူ စိုးရိမ်နေမိသည်။

တစ်စုံတစ်ခုတော့ မှားယွင်းနေသည်ဟုလည်း သူမ ခံစားမိနေ၏။

သူမနှင့် အိပ်စက်ခဲ့ဖူးသူတိုင်းသည် သူမအား အခွင့်အရေးရလျှင်ရသလို ကြည့်နေကြပေမည်။ သို့ သော် ကျင်းဝူမင်းသည် သူမအား အဆိပ်ပင်တစ်ပင်လို သူ့အကြည့်များကို ရှောင်ဖယ်ထားသည်။

ဝေါယာဉ်ထမ်းလာသူနှစ်ယောက်သည် သူမအား မျက်လုံးများပြူးပြီး စိုက်ကြည့်နေကြသည်။

သူတို့ထံသို့ လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် တိုးဝင်လာသော ဓားချက်အား ဂရုပြုမိပုံပင်မရကြချေ။

ထိုလူနှစ်ယောက်၏ အော်သံအဆုံးတွင် ကျင်းဝူမင်း၏ဓားက ဓားအိမ်တွင်းသို့ ပြန်လည် ဝင် ရောက်သွားခဲ့လေပြီ။

ယခုအချိန်တွင် သူသည် လင်ရှန်းအာရှေ့တွင် မားမားမတ်မတ်ကြီး ရပ်နေသည်။

သို့သော် သူ၏ အေးစက်သော မျက်လုံးသေများက ဝေးကွာသောနေရာသို့ စိုက်ကြည့်နေလေ သည်။

ထိုနေရာတွင် မည်းမှောင်နေသည်မှအပ မည်သည့်အရာမျှ ရှိမနေပါ။

လင်ရှန်းအာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ကျမကို ရှင်ဘာဖြစ်လို့ ကြည့်မနေရတာလဲ လို့။ ကျမကိုကြည့်ပြီးရင် ရှင်မသတ်နိုင်တော့မှာ စိုးလို့လား။”

ကျင်းဝူမင်း၏ နှုတ်ခမ်းများက လှုပ်ခါသွားခဲ့ရသည်။ အတော်လေးကြာတော့မှ သူ့စကားသံထွက် ပေါ်လာသည်။ “ကျုပ် မင်းကိုသတ်ဖို့လာတယ်ဆိုတာ မင်းသိနေတယ်ပေါ့။”

လင်ရှန်းအာက ခေါင်းညိတ်ပြီး ဖြေဆိုလိုက်သည်။ “ကျမ သိနေပါတယ်။ ဘယ်လောက်ပဲ အေး စက်စက်နေနိုင်သူတစ်ယောက်မဆို သူချစ်တဲ့သူကို သတ်ရမှာတော့ လက်တွန့်နေတတ်ကြပါတယ်။”

သူမသည် လှပစွာပြုံးပြီး မေးမြန်းလိုက်သည်။ “ကျမ ရှင့်ကို တစ်ခုလောက်တော့ မေးခဲ့ချင်ပါသေး တယ်။ ကျမက သေရတော့မယ့်လူဆိုတော့ ရှင် လိုက်လျောလိမ့်မယ်လို့ ထင်ပါတယ်။ ဟုတ်တယ်မ ဟုတ်လား။”

ကျင်းဝူမင်းသည် အကြာကြီး တိတ်ဆိတ်နေရာမှ ပြန်လည်ဖြေကြားလိုက်သည်။ “မင်း မေးနိုင်ပါ တယ်။ သေတော့မဲ့လူတစ်ယောက်ကို ကျုပ်ဘယ်တုန်းကမှ လိမ်မပြောဖူးဘူး။”

လင်ရှန်းအာသည် သူ၏ မျက်နှာသေကို စိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။ “ကျမ တစ်ခုပဲ မေးချင် တယ်။ ကျမကို သတ်ဖို့ ရှင့်ကို ဘယ်သူက ခိုင်းခဲ့တာလဲ။ ဘာဖြစ်လို့လဲ။”

ကျင်းဝူမင်းက လက်သီးဆုပ်ထားပြီး အော်ပြောလိုက်သည်။ “ဘယ်သူမှမဟုတ်သလို ဘာအ ကြောင်းမှလည်း မရှိဘူး။”

လင်ရှန်းအာ-“ရှင့်နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိနေမှာ သေချာတယ်။ မဟုတ်ရင် ကျမကို သတ်စရာအကြောင်း လုံးဝမရှိဘူး။”

သူမသည် အေးစက်စွာ ရယ်မောနေ၏။ ပြီးနောက် စိုးရွံ့စွာ ပြောဆိုလိုက်သည်။ “ကျမကို ရှင် ချစ်တာ ကျမသိတယ်။ ရှင် ကျမကို မသတ်ရက်ပါဘူးရှင်။”

ကျင်းဝူမင်းသည် အရိုးကြိတ်သံများပေါ်ထွက်လာသည်ထိ လက်ကို တင်းကြပ်စွာ ဆုပ်ထားလိုက် သည်။

သို့သော် သူ၏မျက်နှာထားက လူသေကောင်တစ်ယောက် အတိုင်းပင်။ “မင်းတကယ်သိလို့လား။ သေချာလို့လား။”

လင်ရှန်းအာ-“သိပ်သေချာတာပေါ့ရှင်... ရှင်သာ ကျမကို မချစ်ဘူးဆိုရင် အဲ့ဒီလူတွေကို သတ် စရာ အကြောင်းကိုမရှိဘူး။”

ကျင်းဝူမင်းသည် သူမကို ပေးပြောနေလိုက်သည်။

လင်ရှန်းအာ-“ရှင်သူတို့ကို သတ်ခဲ့တာ မနာလိုလို့ မဟုတ်လား။”

ကျင်းဝူမင်း တီးတိုး ရေရွတ်လိုက်သည်။ “မနာလိုလို့...”

လင်ရှန်းအာ-“ကျမကို ထိကိုင်လိုက်သူ... နောက်ဆုံး... ကျမကို မြင်တွေ့ဖူးသူတွေကိုတောင် ရှင်သတ်ချင်နေတယ် မဟုတ်လား။ ဒါ မနာလိုလို့မဟုတ်ရင် ဘာလဲ။ ရှင်သာ ကျမကို မချစ်ဘူးဆိုရင် ဘာမနာလိုစရာ အကြောင်းရှိလို့လဲ။”

ကျင်းဝူမင်း၏မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ “ကျုပ် မင်းကို သတ်ချင်တာတစ်ခုပဲသိတယ်။ ကျုပ်က သတ်မယ်ဆိုရင် မင်း သေရလိမ့်မယ်။”

လင်ရှန်းအာ-“ကျမကို တကယ်သတ်ချင်တယ်ဆိုရင် ရှင် ကျမကို စိုက်ကြည့်ပါလား။ ဘာလဲ... ရှင် ကြောက်နေပြီလား။”

ကျင်းဝူမင်းသည် သူ၏ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ လရောင်အောက်တွင် သူ့မျက်နှာမှ ချွေးစေးပြန်နေသည်ကို မြင်တွေ့နိုင်လေသည်။

ချွေးအေး...

လင်ရှန်းအာသည် သူ၏မျက်နှာကို စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။ “ရှင်သာ ကျမကို မကြည့် ခဲ့ဘူးဆိုရင် ကျမကို သတ်နိုင်ခဲ့တာတောင်မှ ရှင် နောင်တ ကောင်းကောင်းကြီး ရသွားလိမ့်မယ်။”

သူမ၏လက်ကို ကျင်းဝူမင်းဆီသို့ ဆန့်ထုတ်လိုက်ပြီး သူ၏ လှုပ်ရှားတုန့်ပြန်မှုကို စောင့်ကြည့်နေ လိုက်သည်။

ကျင်းဝူမင်း ငြိမ်သက်နေလေသည်။

လင်ရှန်းအာ၏လက်များက သူ၏ငယ်ပါနေရာသို့ ရောက်ရှိလာခဲ့ပြီး ရုတ်ချည်းပင် သူ့ရင်ခွင်တွင်း သို့ ပစ်ဝင်လာ၏။ “ရှင်ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးဆိုရင် ကျမကို သူ့ဆီခေါ်သွားပါလား။”

သူမ၏လက်များက နူးညံ့သိမ်မွေ့လှပြီး မည်သည့်အချိန်တွင် ရပ်ရမည်မှန်းလည်း ကောင်းစွာသိ၏။

ကျင်းဝူမင်း၏ အသက်ရှုသံများ ပြင်းထန်လာပြီး ထစ်ငေါ့စွာ မေးမြန်းလိုက်သည်။ “မင်း... မင်း ဘယ်သူ့ကို တွေ့ချင်နေတာလဲ။”

လင်ရှန်းအာ-“ရှင့်ကို သတ်ခိုင်းလိုက်တဲ့လူပေါ့။ သူ့စိတ်ကို ပြောင်းနိုင်မယ်လို့ ကျမ ထင်တယ်။”

သူမသည် ကျင်းဝူမင်း၏ နားရွက်ကို ညင်သာစွာ ဖိကိုက်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ “ဒီဆုံးဖြတ်ချက်အတွက် ရှင် နောင်တမရစေရဘူးလို့ ကျမ အာမခံပါတယ်။”

ကျင်းဝူမင်းသည် သူမကို ကြည့်မနေပါ။ သို့သော် သူ၏အကြည့်များက မှောင်မည်းနေသော တောအုပ်တွင်းသို့...

လင်ရှန်းအာသည် သူကြည့်နေရာသို့ လိုက်လံကြည့်ရှုရင်း မေးလိုက်သည်။ “သူ အဲ့ဒီတောအုပ် ထဲမှာလား။”

ကျင်းဝူမင်းထံမှ အဖြေစကားကြားရန် မလိုအပ်တော့ပါ။

လင်ရှန်းအာသည် နူးညံ့စွာပြောဆိုလိုက်သည်။ “ကောင်းပြီ။ ကျမ အဲ့ဒီကို သွားမယ်။ သူကသာ ကျမကို ဆက်ပြီး သတ်ချင်နေသေးတယ်ဆိုရင် ရှင့်အတွက် အချိန်မနှောင်းသေးပါဘူးရှင်။”

သူမ နောက်ကျောလှည့်သွားသည်နှင့် ကျင်းဝူမင်းသည် ငေးငိုင်ပြီး သူမ၏နောက်ကျောပြင်အား ကြည့်နေမိလေသည်။ မီးခိုးရောင်မျက်လုံးများ... မျက်လုံးသေများထဲမှ ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ် ရှားမှုများ ထွက်ပေါ်လာ၏။

မည်သည့် စိတ်လှုပ်ရှားမှုများနည်း... ပျော်ရွှင်ခြင်းလော... ဝမ်းနည်းခြင်းလော... သို့မဟုတ် မုန်း တီးခြင်းလော...

သူကိုယ်တိုင်ပင် မသိချေ။

တောအုပ်ထဲတွင် မှောင်မည်းနေသည်။

လင်ရှန်းအာသည် လျင်မြန်စွာ လမ်းလျှောက်နေခြင်းမရှိသော်လည်း တစ်စုံတစ်ယောက်ကို ဝင်တိုက်မိ လိုက်လေသည်။

ထိုသူသည် ထိုနေရာ၌ ကျောက်တောင်တစ်လုံးအလား ထိုင်နေသည်။ အေးစက်သော ကျောက် တောင်တစ်လုံးအလား...

လင်ရှန်းအာသည် ဝင်တိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း ထိုသူ၏ ရင်ခွင်တွင်းသို့ ပြိုလဲကျသွား လေတော့သည်။

ထိုသူသည် သူမကို ဖေးမပြီး ဆွဲမထူခဲ့ပါ။

လင်ရှန်းအာသည် အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး သူမ၏ ဟန်အမူအယာများကို ပြန် ထိန်းသိမ်းလိုက်သည်။ “ဒီနေရာက တော်တော့်ကို မှောင်တာပဲ။ တောင်းပန်ပါတယ်ရှင်။”

သူမသည် ထိုသူနှင့် ၁ပေအကွာအဝေး၌သာ ရှိနေသောကြောင့် သူမ၏ ကိုယ်ရနံ့များကို ထိုသူ ခံစားမိလိမ့်မည်ဟု ထင်မှတ်ထားသည်။

သို့သော် ထိုသူသည် တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုလိုက်သည်။ “ကျင်းဝူမင်း မင်းကိုမသတ်နိုင် အောင် ဒီနည်းလမ်းကို အသုံးပြုခဲ့တာလား။”

လင်ရှန်းအာ-“ဒါဆိုရင် ရှင်က ကျမကို သေစေချင်သူပေါ့။ ရှင်က အဖွဲ့ခေါင်းဆောင် စန့်ကွမ်း လား။”

ထိုသူသည် အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။ “ဟုတ်တယ်ဆိုပါတော့။ နောက်တစ်ခု မင်း သိထားဖို့က ဒီနည်းလမ်းက ကျုပ်အတွက် လုံးဝအသုံးမဝင်ဘူးဆိုတာပဲ။”

သူ၏စကားသံသည် မနိမ့်မမြင့်၊ မတိုးမကျယ် ထွက်ပေါ်လာသည်မှာ စာအုပ်တစ်အုပ် ဖတ်နေသည့် အတိုင်းပင်...

လင်ရှန်းအာ-“ဒါဆိုရင် ဘယ်နည်းလမ်းက ရှင့်ကို ဖမ်းစားစေနိုင်တာပါလဲရှင်။”

စန့်ကွမ်းကျင်းဟုန်-“မင်းဆီမှာ နောက်ထပ်နည်းလမ်းတွေ ရှိသေးတယ်ဆိုရင် လွတ်လပ်စွာ ကြိုးစားကြည့်နိုင်ပါသေးတယ်။”

လင်ရှန်းအာ-“ရှင်ဟာ မိန်းမတစ်ယောက်အတွက် အလွယ်တကူ ခေါင်းညိတ်တတ်တဲ့လူစားမျိုး မဟုတ်မှန်း ကျမသိပါတယ်။ ဒါပေမဲ့ ကျင်းဝူမင်းနဲ့ ဘာဖြစ်လို့ ကျမကို သတ်ခိုင်းခဲ့ရတာလဲ။”

စန့်ကွမ်းကျင်းဟုန်-“လေ့ကျင့်ပေးထားတဲ့ လူသတ်သမားတစ်ယောက်ဆီမှာ မေတ္တာတရားဆို တာ လုံးဝ ရှိမနေရဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတစ်ယောက် မွေးထုတ်ဖို့ဆိုတာ လွယ် ကူတဲ့ အလုပ်မဟုတ်ဘူး။ မင်းအတွက်နဲ့ သူ့ကို မပျက်စီးစေချင်ဘူး။”

လင်ရှန်းအာ ရယ်မောနေလိုက်သည်။ “ရှင်သာ ကျမကို သတ်ခဲ့မယ်ဆိုရင် ရှင့်ရဲ့ဆုံးရှုံးမှုကြီးက ပိုပြီးတော့တောင် ကြီးမားသွားလိမ့်မယ်။”

စန့်ကွမ်းကျင်းဟုန်က နောက်ဆက်ပြောမည့်စကားကို စောင့်စားနေလိုက်သည်။

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ကျမက ကျင်းဝူမင်းထက် ပိုပြီးအသုံးဝင်ပါတယ်ရှင်။”

စန့်ကွမ်းကျင်းဟုန်-“ဟုတ်ရဲ့လား...”

လင်ရှန်းအာ-“ကျင်းဝူမင်းက လူသတ်တတ်တာလောက်ပဲ သိတာပါ။ ကျမလည်း လူသတ်တတ်ပါ တယ်။ သူကတော့ ဓားနဲ့လူသတ်လို့ သွေးမြေတောင် ခ’ရသေးတယ်။ ကျမကတော့ လက်နက်မပါဘဲ သွေးမကျဘဲ လူသတ်နိုင်ပါတယ်ရှင်။”

စန့်ကွမ်းကျင်းဟုန်-“သူလူသတ်တာ မင်းထက်ပိုမြန်တယ်။”

လင်ရှန်းအာ-“တစ်ခါတလေကျတော့လည်း လူသတ်ရတာ ဖြေးဖြေးလေးသတ်တာကမှ ပိုပြီးအရသာ ရှိတယ်လို့ ရှင်မထင်မိဘူးလား။”

စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ မေးမြန်းလိုက်ပြန်သည်။ “လူသတ် နိုင်တာကလွဲပြီး မင်း နောက်ထပ်ဘာများ အသုံးဝင်သေးလဲ။”

လင်ရှန်းအာ-“ကျမဆီမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ မရေမတွက်နိုင်လောက်အောင်ပါပဲ။ ကျမ သုံးဖြုန်းပစ်ရင်တောင် ကုန်နိုင်မယ်မထင်ဘူး။”

စန့်ကွမ်းကျင်းဟုန်-“ဒါလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။”

သူ၏စကားသံများ နောက်ကွယ်တွင် အပြုံးရိပ်များ ကပ်ပါလာလေသည်။ ပိုက်ဆံ၏ အရေးပါပုံ ကို သူ ကောင်းစွာ သိထား၏။

လင်ရှန်းအာ-“ကျမက သိပ်ပြီးတော့လည်း ဉာဏ်ကောင်းနေသေးတယ်။ ရှင့်အတွက် ကျမ အများ ကြီး ကူညီနိုင်ပါတယ်ရှင်။”

စန့်ကွမ်းကျင်းဟုန်-“မင်းပြောတာမှန်တယ်။ ငတုံးငအ တစ်ယောက်က ဘယ်တော့မှ ချမ်းသာနိုင် မှာ မဟုတ်ဘူး။”

လင်ရှန်းအာ-“အဲ့ဒါတွေပြင် ကျမဆီမှာ ရှင့်အတွက် အသုံးကျနိုင်မဲ့ နောက်တစ်ခု ရှိနေပါသေး တယ်။”

သူမ၏ စကားသံက တိုးတိတ်သွားခဲ့ပြီး စန့်ကွမ်းကျင်းဟုန် နားသို့ ကပ်ပြောလိုက်သည်။ ပြီး နောက် သူမက ပြုံးပြီးပြောဆိုနေ၏။ “ရှင်သာ ယောက်ျားစစ်စစ်တစ်ယောက်ဆိုရင် မကြာခင်အချိန်လေး အတွင်းမှာ ကျမ ဘယ်လောက်ကောင်းကြောင်း သိလာမှာပါရှင်။”

အတန်ကြာမျှ စဉ်းစားပြီးနောက် စန့်ကွမ်းကျင်းဟုန် ပြန်ဖြေလိုက်သည်။ “ကျုပ် ယောက်ျားတစ် ယောက်ပါ။”

+++++

သစ်တောထဲတွင် မြူနှင်းများ အုံ့ဆိုင်းစွာ ကျဆင်းနေသည်။

ကျင်းဝူမင်း၏တစ်ကိုယ်လုံး မြူနှင်းများဖြင့် ဖုံးအုပ်ထား၏။

ထိုနေရာ၌ မလှုပ်မရှားဘဲ ရပ်နေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ပြီး သစ်သားတုံးတစ်တုံးကဲ့သို့ပင်။

မြူနှင်းများက ထူထပ်စွာ ကျဆင်းနေ၏။ မည်သည့်အရာမျှ သဲကွဲစွာမမြင်နိုင်ပါ။

မည်သည့်အသံနည်း...

မောဟိုက်သံများလား...

ရမ္မက်ကြွပြီး ညည်းတွားသံများလား...

+++++

လင်ရှန်းအာ-“မိုးတောင်လင်းတော့မယ်။ ကျမ ပြန်ရတော့မယ်။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲ...”

လင်ရှန်းအာ-“ကျမကို စောင့်နေသူ တစ်ယောက်ရှိနေသေးတယ်။”

စန့်ကွမ်းကျင်းဟုန်-“ဘယ်သူလဲ...”

လင်ရှန်းအာ-“အားဖေ... သူ့ကို ရှင်ကြားဖူးမှာပါ။”

စန့်ကွမ်းကျင်းဟုန်-“သူ့ကို ခုချိန်ထိ မင်းမသတ်သေးတာ ကျုပ်အံ့ဩနေမိတယ်။ မင်းသိပ်ပြီး အချိန်ဆွဲလွန်းနေတယ် ထင်တယ်။”

လင်ရှန်းအာ-“ကျမ သူ့ကို မသတ်နိုင်သေးဘူး။ မသတ်ရဲဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲ...”

လင်ရှန်းအာ-“ကျမသာ သူ့ကို သတ်လိုက်ရင် လီဆွန်းဟွာက ကျမကို လာသတ်မှာပေါ့။”

စန့်ကွမ်းကျင်းဟုန်၏ စကားသံများ တိတ်ဆိတ်သွားခဲ့ရလေသည်။

လင်ရှန်းအာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “လီဆွန်းဟွာကို ရှင်မသတ်ခဲ့ဘူးဆိုတာ ကျမ သိထားသလို ကျင်းဝူမင်းကို အသုံးချပြီး ကျမကို သတ်ခိုင်းခဲ့တာကိုလည်း သိထားတယ်။ ဘာဖြစ်လို့လည်းဆို တော့ လီဆွန်းဟွာနဲ့ ရင်ဆိုင်ဖို့ ကျင်းဝူမင်းကို ရှင်အသုံးချစရာ ရှိနေသေးတယ်မဟုတ်လား။ သူရဲ့အခြေ အနေက ထိပ်ဆုံးဆိုတဲ့အဆင့်ရောက်အောင်လို့ သူ့ချစ်ခြင်းမေတ္တာ သံယောဇဉ်ကို ရှင်ဖြတ်ခိုင်းခဲ့တာ မဟုတ်လား။”

စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာမျှ စဉ်းစားနေလိုက်ပြီး မေးမြန်းလိုက်သည်။ “လီဆွန်းဟွာကို မင်း တော်တော်လေး ကြောက်သလား။”

လင်ရှန်းအာ-“အိုး... သူ့ကို ကျမ သိပ်ကြောက်တာပေါ့ရှင်။”

စန့်ကွမ်းကျင်းဟုန်-“မင်း သူ့ကို ကျုပ်ထက်ပိုပြီး ကြောက်သလား။”

လင်ရှန်းအာ-“ကြောက်တယ်။ သူက ရှင့်လိုမဟုတ်ဘူး။ ရှင့်ရဲ့စိတ် ပျော့ပြောင်းလာအောင် ကျမ စွမ်းဆောင်နိုင်ခဲ့ပေမဲ့ သူ့ကိုတော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။”

သူမသည် သက်ပြင်းချပြီး ဆက်ပြောနေသည်။ “သူက ဘာမှ အလိုမရှိဘူး။ အဲ့ဒီအချက်က သူ့ကို သိပ်ကြောက်စရာကောင်းစေတဲ့ အချက်ပဲ။”

စန့်ကွမ်းကျင်းဟုန်-“သူလည်း လူသားတစ်ယောက်ပါပဲ။ သူ့မှာ အားနည်းချက်တော့ ရှိရဦးမှာပေါ့။”

လင်ရှန်းအာ-“သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က လင်ရှီးယင်ပဲ။ ဒါပေမဲ့ လင်ရှီးယင်ကို အသုံးချပြီး ကျမ သူ့ကို မခြိမ်းခြောက်နိုင်ဘူး။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲ...”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ကျမမှာ ယုံကြည်မှုမရှိဘူး။ သူ့လက်ထဲက ဓားပျံကို မြင် တွေ့လိုက်တာနဲ့ ကျမရဲ့ ယုံကြည်မှုအားလုံး အရည်ပျော်သွားခဲ့ရလို့ပါ။”

သူမသည် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ဆက်ပြောလိုက်သည်။ “သူအသက်ရှင် နေသရွေ့ အားဖေကို ကျမ ဘာမှ မလုပ်နိုင်ဘူး။”

စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ စကားလုံးတစ်လုံးချင်း ဖြေးညင်းစွာ ပြောဆိုလိုက်သည်။ “သူ ကြာကြာမနေရတော့ပါဘူး။ မစိုးရိမ်ပါနဲ့...”

0 comments:

Post a Comment