Tuesday, March 8, 2011

(၅၁) အူကြောင်ကြောင်မြင်ကွင်း

မြူနှင်းများလွင့်ပြယ်သွားခဲ့ပြီ။

ထိုနေရာ၌ ကျင်းဝူမင်း မလှုပ်မယှက်ရပ်နေ၏။ သူ၏မီးခိုးရောင် သက်မဲ့မျက် လုံးသေများက ခမောက်ပေါ်မှ ကျလာသော နှင်းစက်လေးတစ်စက်ကို လိုက်ကြည့် နေ၏။

စန့်ကွမ်းကျင်းဟုန် သစ်တောအပြင်ဘက်သို့ထွက်လာသည်ကို သူမမြင်မိပါ။

သူ့ကိုလည်း စန့်ကွမ်းကျင်းဟုန်က သတိထားမိပုံမပေါ်။ အေးဆေးတည်ငြိမ် သောခြေလှမ်းများဖြင့် ကျင်းဝူမင်းရှေ့မှ ဖြတ်လျှောက်သွားပြီး လေသံအေးအေးဖြင့် ပြောဆိုလိုက်သည်။ “ဒီနေ့မြူနှင်းတွေကျနေတယ်။ သာယာတဲ့နေ့လေးတစ်နေ့ ဖြစ် မယ်ထင်တယ်။”

ကျင်းဝူမင်းသည် ခဏမျှတွေဝေသွားခဲ့သော်လည်း သူ၏အလေ့အကျင့်များ ကြောင့် အလိုလျောက်ပင် သံယောင်လိုက်မိသွား၏။ “ဒီနေ့မြူနှင်းတွေကျနေတယ်။ သာယာတဲ့နေ့လေးတစ်နေ့ ဖြစ်မှာပါ။”



သူ၏ခန္ဓာကိုယ်ကိုလှည့်ပြီး စန့်ကွမ်းကျင်းဟုန်နောက်မှ ထက်ကြပ်မကွာလိုက် ပါသွားခဲ့၏။ ဟန်ချက်ညီစွာ ရှေ့ကတစ်ယောက်... နောက်တွင်တစ်ယောက်... နှစ်ယောက်လုံး မြူနှင်းများအောက်တွင် ကွယ်ပျောက်သွားလေတော့သည်။

+++++

လမ်းပေါ်တွင် လူအများ ပျားပန်းခတ်ရှုပ်ထွေးနေကြ၏။ ပီကင်းမြို့တော်၏ ကောင်းကင်တံတားပေါ် လျှောက်လှမ်းနေရသလိုပင်။ ဤနေရာတွင် ဝယ်စရာများ ပေါများလှ၏။ နေ့လည်နေမွန်းမတည့်သေးသော်လည်း ဆိုင်ခန်းလေးများ လမ်းပေါ် တွင် အစီအရီ ဖွင့်ထားနှင့်ပြီး ဖြစ်နေကြ၏။ ဤနေရာတစ်ဝိုက်တွင် မုန့်ပဲသွားရည် စာမျိုးစုံ... ပစ္စည်းမျိုးစုံ... ရရှိနိုင်သလို လာရောက်ကြသော ဈေးဝယ်သူများကလည်း အရောင်အသွေး စုံလင်လှသည်။

လင်းလင်းသည် ဟိုဟိုဒီဒီငေးမောကြည့်ပြီး လျှောက်လှမ်းနေ၏။ သူမ၏ဘဝ တွင် တစ်ခါမျှ ဤသို့မပျော်ပိုက်ခဲ့ဘူးချေ။

 သူမသည် ကလေးသာသာအရွယ်ပင် ဖြစ်နေသည်မဟုတ်ပါလား။

သူမကို ဤနေရာသို့ လီဆွန်းဟွာ ခေါ်ဆောင်လာခဲ့လိမ့်မည်ဟု လုံးဝမမျှော်လင့် ထားခဲ့။

သူမ၏ အတွင်းစိတ်သန္တာန်ထဲ၌ ကလေးစိတ်လေး မပျောက်သေးချေ။

လီဆွန်းဟွာ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော အာတာပူစီ(သကြားမျှင် ပွလုံး)လေးကိုကြည့်ပြီး လင်းလင်းရယ်ချင်နေမိ၏။

တုတ်ချောင်းထိပ်တွင် လိပ်ထားသော အာတာပူစီလုံးများကို သူတို့ဝယ်ထား ကြသည်မှာ လက်နှင့်ပင်ကိုင်ဆောင်၍ မလွယ်ကူတော့။ တုတ်ချောင်းများပေါ်မှ ထို အာတာပူစီလုံးလေးများသည် အရောင်အသွေးစုံလင်စွာဖြင့် ကျောက်မျက်ရတနာလုံး များကဲ့သို့ လှပနေလေတော့သည်။

မိန်းကလေးတိုင်းပင် ပြိုးပြိုးပြက်ပြက် ကျောက်မျက်ရတနာများကို နှစ်သက်ကြ သည်။ ထို့ကြောင့် ဈေးထဲတွင်တွေ့သမျှ အရောင်တလက်လက်ဖြစ်သော အရာတိုင်း ကို လင်းလင်းဝယ်ခြမ်းနေ၏။ သူမတွင် လက်နှစ်ဘက်သာရှိ၍ အားလုံးကို မသယ် ဆောင်လာနိုင်ခဲ့ပါ။

မိန်းကလေးတစ်ယောက်အဖို့ သူမဝယ်ထားသည့်ပစ္စည်းများ ဘယ်တော့မှ များ ပြားသည်ဟုမထင်။

ထို့ကြောင့် သူမဝယ်သမျှ ပစ္စည်းများကို လီဆွန်းဟွာ လိုက်၍ကိုင်ဆောင်ပေး နေရ၏။

တကယ်တမ်းပြောရမည်ဆိုလျှင် သူကိုယ်တိုင်ပင် သူ့အတွက် အာတာပူစီလုံး လေးများ ဝယ်ခဲ့ဖူးလေသည်။ ကြာတော့ကြာခဲ့ပါပြီ။ ထိုအချိန်တုန်းက နောင်တရစ ရာ... စိုးရိမ်စိတ်ပူပန်စရာများကို သူလုံးဝမတွေးတတ်ခဲ့။

ယခုအချိန်တွင်ကော...

သူ စိုးရိမ်ပူပန်နေရ၏။ လူတစ်ယောက်ကို သူစိုက်ကြည့်နေ၏။ ထိုသူ့ကို သူ အာရုံစိုက်ပြီး ကြည့်နေခဲ့သည်မှာ ကြာမြင့်လှပေပြီ။

ထိုသူသည် သူ့ရှေ့မှဖြတ်လျှောက်သွား၏။ ညစ်ပတ်စုတ်ပြတ်နေသော အဝတ် အစားများကို ဝတ်ဆင်ထားပြီး ကောက်ရိုးဖိနပ်တစ်ရံ စီးထားလေသည်။ ဦးခေါင်း ထက်တွင် ဝါးခမောက်တစ်လုံး ဆောင်းထား၏။ ထိုသူသည် တစ်ချိန်လုံး ခေါင်းမ မော့လာခဲ့ပါ။ သူ့မျက်နှာကို အခြားသူများ မြင်တွေ့သွားမည်ကို စိုးရွံ့ထိတ်လန့်နေ သည့်အလား။

သူ၏လမ်းလျှောက်ပုံမှာ ခါးကုန်းတစ်ယောက် လမ်းလျှောက်နေသကဲ့သို့ပင်။ သို့သော် ကျယ်ပြန့်သော ပခုံးနှစ်ဘက်ရှိ၏။ သူသာ တည့်မတ်စွာနေမည်ဆိုလျှင် တော်တော်လေး ခန့်ငြားထည်ဝါသူတစ်ယောက်ပင် ဖြစ်ရမည်။

ယခုအချိန်တွင်ပင် ထိုသူ့အား သာမညလူတစ်ယောက်ဟုထင်စရာ တစ်ကွက် လေးမျှမရှိ။ အကောင်းဆုံးခန့်မှန်းချက်မှာ ထိုသူသည် ထိပ်တန်းသိုင်းပညာရှင် တစ် ယောက်ပင်ဖြစ်ရမည်။ သူဖုန်းစားတစ်ယောက်လည်း ဖြစ်နေနိုင်၏။

လီဆွန်းဟွာသည် တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ထိုသူ့ကို သတိထားမိသွားခဲ့ လေသည်။

ထိုသူ သွားသည့်နေရာများသို့ လီဆွန်းဟွာ တကောက်ကောက်လိုက်နေသော ကြောင့်သာ သူတို့ ဤဈေးတန်းလေးထဲသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

အံ့ဩစရာကောင်းသည်မှာ ထိုသူ၏နောက်သို့ နောက်ယောင်ခံလိုက်နေသူသည် လီဆွန်းဟွာ တစ်ယောက်တည်းမဟုတ်ချေ။

ထိုသူ၏မျက်နှာကို အနီးကပ်တွေ့နိုင်ရန် လီဆွန်းဟွာ ကြိုးစားပြီးလိုက်ကြည့် နေစဉ်မှာပင် ထိုသူ့နောက်သို့ နောက်ထပ်လူတစ်ယောက် နောက်ယောင်ခံလိုက်နေ ကြောင်း တွေ့ရှိသွားခဲ့သည်။

နောက်တစ်ယောက်သည် ခပ်ပိန်ပိန်... အရပ်ခပ်မြင့်မြင့်ရှိပြီး ခြေလှမ်းများက ပေါ့ပါးလွန်းနေသည်။ သူသည် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး မျက်လုံးတစ်စုံက စူးရှတောက်ပနေ၏။ အတွင်းအားပြည့်ဝသူတစ်ယောက်၏ မျက် လုံးများပင်။

သာမန်လူတစ်ယောက်မဖြစ်နိုင်မှန်း လီဆွန်းဟွာ ရိပ်မိလိုက်သည်။

လီဆွန်းဟွာ သူ့ကိုသတိထားပြီး ကြည့်နေမှန်း ထိုသူသိပုံမရ။ သူဖုန်းစား၏ နောက်သို့သာ သဲကြီးမဲကြီး အာရုံစိုက်နေ၏။ သူဖုန်းစားက ခပ်မြန်မြန်လျှောက် သော် ထိုသူက ခပ်မြန်မြန်လိုက်လျှောက်၏။ သူဖုန်းစားက အရှိန်လျှော့လျှင် ထိုသူ လည်းလိုက်၍ အရှိန်လျှော့၏။ သူဖုန်းစားက ရပ်နားလိုက်သောအခါ ထိုသူသည် လည်း ရပ်နားနေ၏။ သူ၏အင်္ကျီအဝတ်အစားများကို ပြန်ဖြန့်သလို... ဖိနပ်သဲကြိုး ကောက်ချည်သလိုလို လုပ်နေ၏။ သို့သော် သူ၏မျက်လုံးများက သူဖုန်းစားထံမှ လုံးဝမရွေ့။

သူသည် နောက်ယောက်ခံအလိုက်ကောင်းသူတစ်ယောက်ဖြစ်၏။

သို့သော် ဘာကြောင့် ဤသူဖုန်းစားကိုမှ နောက်ယောင်ခံလိုက်နေရသနည်း...

ထိုသူဖုန်းစားနှင့် မည်သို့ပတ်သက်မှု ရှိနေသနည်း... မည်သည့် လျှို့ဝှက်ချက် များ ရှိနေသနည်း...

သူဖုန်းစားသည် သူ့ကိုနောက်ယောင်ခံလိုက်နေခြင်းအား မသိရှိပါ။ လမ်းဖြည်း ဖြည်းလေးလျှောက်နေပြီး လှည့်ကြည့်ခြင်းလုံးဝမရှိချေ။

တစ်စုံတစ်ယောက်က သူ့ကိုပိုက်ဆံများ စွန့်ကြဲလာလျှင် ယူထားလိုက်ပြီး အ ခြားအချိန်များတွင်တော့ ပိုက်ဆံတောင်းရမ်းခြင်းပင်မပြု။

လင်းလင်း၏မျက်ဝန်းတစ်စုံက ဆက်တိုက်ပင်လိုက်ပါရွေ့လျားနေပြီး လီဆွန်း ဟွာ၏လက်ကို ဆွဲကိုင်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။ “ကျမတို့ ဟိုသူဖုန်း စားနောက်ကို လိုက်နေတာလား။”

ဤမိန်းမငယ်လေးသည် အတော့်ကိုထက်ထက်မြက်မြက်ရှိသည်။

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ကျုပ်တို့ စကားတိုးတိုး ပြောကြရင်ကောင်းမယ်။”

လင်းလင်း-“သူက ဘယ်သူလဲ။ ကျမတို့ကဘာဖြစ်လို့ နောက်ယောင်ခံလိုက်နေ ရတာလဲ။”

လီဆွန်းဟွာ-“ဒါက မင်းနဲ့မဆိုင်ပါဘူး။”

လင်းလင်း-“ဒါကြောင့်မို့လို့ ရှင့်ကိုမေးနေရတာပေါ့လို့။ မပြောပြဘူးဆိုရင် အ ကျယ်ကြီးအော်မေးလိုက်မှာနော်။”

လီဆွန်းဟွာ သက်ပြင်းချလိုက်သည်။ “သူက ကျုပ်ရဲ့မိတ်ဆွေဟောင်းတစ် ယောက်နဲ့ တူလွန်းလို့ပါ။”

လင်းလင်း အံ့ဩသွား၏။ “ရှင့်ရဲ့မိတ်ဆွေဟောင်း... ဟုတ်လား... သူက သူဖုန်း စားဂိုဏ်းဝင်တစ်ယောက်လား။”

လီဆွန်းဟွာက ခေါင်းခါပြလိုက်သည်။

လင်းလင်း-“ဒါဆိုရင် သူကဘယ်သူလဲ။”

လီဆွန်းဟွာသည် စိတ်မရှည်သော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။ “သူ့နာ မည်ကို ပြောပြလည်း မင်းသိမှာမှမဟုတ်ဘဲ။”

လင်းလင်းသည် ခဏမျှတိတ်ဆိတ်သွားခဲ့ရပြီး ရုတ်တရက်ပင် မေးမြန်းလိုက် ၏။ “သူ့နောက်ကို နောက်တစ်ယောက်ထပ်လိုက်နေသေးတယ်။ ရှင်သတိထားမိရဲ့ လား။”

လီဆွန်းဟွာက သဘောကျစွာ ရယ်မောလိုက်သည်။ “မင်း အာရုံခံသိပ်ကောင်း နေပါလား။”

လင်းလင်းသည်လည်း ပေါ့ပါးစွာရယ်မောပြီး မေးမြန်းလိုက်ပြန်သည်။ “သူ ကကော ဘယ်သူလဲ။ ရှင့်ရဲ့မိတ်ဆွေတစ်ယောက်ပဲလား။”

လီဆွန်းဟွာက ခေါင်းခါရမ်းပြလိုက်ပြန်သည်။

လင်းလင်း-“ဒါဆိုရင် သူက ရှင့်မိတ်ဆွေရဲ့ ရန်သူလား။”

လီဆွန်းဟွာ-“ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ...”

လင်းလင်း-“ဒါဖြင့်ရင်လည်း ဘာဖြစ်လို့ ရှင့်မိတ်ဆွေကို အသိမပေးသေးတာ လဲ။”

လီဆွန်းဟွာ သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။ “ကျုပ်မိတ်ဆွေက သူ့ကို ဘယ်သူမှ ကူညီတာမကြိုက်ဘူး။”

လင်းလင်း-“ဒါပေမဲ့...”

သူမ၏စကားကို ဆုံးအောင်ပင်မပြောလိုက်နိုင်ပါ။

အဘယ်ကြောင့်ဆိုသော် သူမသည် တစ်စုံတစ်ခုကို စိတ်ဝင်စားစွာ စိုက်ကြည့် နေမိခြင်းကြောင့်ဖြစ်လေသည်။

ဤလမ်းကလေးသည် တော်တော်လေး ရှည်လျား၏။ လမ်းတစ်ဝက်လောက် သာ သူတို့လျှောက်ခဲ့ရသေးသည်။

သူဖုန်းစားသည် ဖက်ထုပ်ရောင်းသူရှေ့၌ ရပ်တန့်လိုက်၏။

သူတို့အနီးတစ်ဝိုက်တွင် ထမ်းပိုးဖြင့် အရက်ရောင်းသူတစ်ယောက်လည်း ရှိနေ လေသည်။ အရက်ရောင်းသူတစ်ဝိုက်တွင် အရက်သောက်သူများ ဝိုင်းရံနေကြ၏။ တစ်ယောက်သောသူသည် မျက်မမြင် ဗေဒင်ဆရာဖြစ်ပြီး သူ၏မျက်နှာထားက သွေးဆုတ်ဖြူရော်နေ၏။

လမ်း၏မျက်နှာချင်းဆိုင်တစ်ဘက်တွင် အစိမ်းရောင်ဝတ်ဆင်ထားသော ထွား ကြိုင်းသန်မာသူတစ်ယောက် ထိုင်နေ၏။

တို့ဟူးပုတ်ရောင်းသော အထမ်းသမားတစ်ယောက်သည် ထိုနေရာသို့လျှောက် လှမ်းလာနေသည်။

ထိုနေရာတွင် အရပ်မြင့်မားသော အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်လည်း ရောက်လာပြန်သည်။ သူမသည် ဆိုင်တစ်ဆိုင်အတွင်းမှ မျက်နှာချေများနှင့် ချုပ် လုပ်စရာ ပစ္စည်းများကို ကြည့်ရှုနေ၏။ သူမ တစ်ဘက်သို့လှည့်လာသောအခါ မျက်စိတစ်ဘက်လပ်နေကြောင်း တွေ့မြင်နိုင်လေသည်။

သူဖုန်းစား လျှောက်လှမ်းလာသောအချိန်တွင်...

အရက်ရောင်းသူသည် သူ၏အရက်ထမ်းလာသော ခြင်းနှင့်ထမ်းပိုးကို အောက် သို့ချလိုက်သည်။

မျက်မမြင်ဗေဒင်ဆရာသည် အရက်ခွက်ကို ချထားလိုက်၏။

အစိမ်းရောင်ဝတ်ဆင်ထားသူ လူထွားကြီး လျှောက်လှမ်းလာ၏။

မျက်စိတစ်ဘက်လပ် အမျိုးသမီးကြီးသည်လည်း ရုတ်တရက် တစ်ဘက်သို့ လှည့်လိုက်ရာ မျက်နှာချေများထားရှိထားသောစင်ကို တိုက်မိတော့မလို ဖြစ်သွားခဲ့ ၏။

အားလုံး၏နောက်မှ ရောက်လာသူ ခပ်ပိန်ပိန်လူအပါအဝင် လူအားလုံးသည် သူဖုန်းစားကို ဝိုင်းရံထားလိုက်ကြတော့သည်။

တို့ဟူးပုတ်ရောင်းသူသည် သူဖုန်းစား၏ရှေ့သို့ ရုတ်တရက်ပင် ရောက်ရှိလာခဲ့ ပြီး လမ်းကိုပိတ်ဆို့ထားလိုက်လေတော့သည်။

လမ်းပေါ်တွင် လူအများ ဥဒဟိုလျှောက်သွားနေကြသော်လည်း ဤလူအုပ်စုမှာ သတိထားမိစရာကောင်းနေလေသည်။ လင်းလင်းသည်ပင် တစ်စုံတစ်ခုတော့ မှား ယွင်းနေကြောင်း ရိပ်မိသွား၏။ လီဆွန်းဟွာ၏ အတွေးများ လေးလံသွားခဲ့ရ၏။ သူနောက်ယောင်ခံလိုက်နေသူသည် ထယ်ကျွမ်ကျားဖြစ်မည်ဟု ထင်ထားခဲ့ရာ ယခု တော့ ပို၍ပင်သေချာသွားပေပြီ။

သူဂရုတစိုက် လှုပ်ရှားရပေမည်။

ထယ်ကျွမ်ကျားအပေါ် ထိုသူများထံတွင် အခဲမကြေနိုင်သော ရန်ငြိုးရှိနေသည် ကို သူသိရှိထား၏။ ဤအလစ်တိုက်ခိုက်မှုကို သူတို့ကြိုတင်ပြင်ဆင်ထားကြပုံရ သည်။ ထယ်ကျွမ်ကျားတစ်ယောက် မည်သို့မျှ မလွတ်မြောက်နိုင်တော့ချေ။ ကယ် တင်မည့်သူတစ်ယောက်ပေါ်လာသည်နှင့်တပြိုင်နက် ထယ်ကျွမ်ကျားကို ချက်ချင်း ပင် သူတို့ သတ်ပစ်နိုင်လေသည်။

သူ့အသက်ပေးဆပ်ရမည်ဆိုဦးတော့ ထယ်ကျွမ်ကျားကို မဖြစ်ဖြစ်သည့်နည်းနှင့် ကယ်တင်ရန် လီဆွန်းဟွာ ဆုံးဖြတ်ထား၏။ ဤလောကတွင် သူကျေးဇူးတင်ထိုက် သူများ များများစားစားမရှိ။ ထယ်ကျွမ်ကျားသည် ထိုသူများထဲမှ တစ်ယောက်ဖြစ် သည်။

ဤမိတ်ဆွေမျိုးတစ်ယောက်ကို လီဆွန်းဟွာ အဆုံးရှုံးမခံနိုင်ပါ။

ထိုအချိန်၌ပင် ထိုလူစုသည် သူဖုန်းစားကို ဝိုင်းရံထားလိုက်ကြသည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်းပင် ဓားပျံ ၃ လက် သူဖုန်းစား၏ ခန္ဓာ ကိုယ်ပေါ်သို့ ထောက်ထားလိုက်လေတော့သည်။ အနီးအပါးမှလူများသည် ထိုအဖြစ် အပျက်များအား ကြောက်ရွံ့ထိတ်လန့်လာ၍ ထွက်ပြေးသွားကြလေတော့သည်။

မည်သူမျှ ဤအရေးအခင်းတွင် ဝင်မပါလိုကြပါ။

မျက်မမြင်ဗေဒင်ဆရာထံမှ စကားသံထွက်ပေါ်လာ၏။ “ကျုပ်တို့နဲ့လိုက်ခဲ့... စကားတစ်ခွန်းမှမပြောနဲ့... နားလည်လား။”

ဝတ်စုံစိမ်းနှင့်လူထွားကြီး-“အမိန့်နာခံရင်တော့ အသက်နည်းနည်းရှည်ရှည် နေ ရလိမ့်မယ်။ အူကြောင်ကြောင်လုပ်လို့ကတော့ ချက်ချင်းသေသွားနိုင်တယ်ဆိုတာ ခေါင်းထဲထည့်ထားပါ။”

သူဖုန်းစား၏ တုန့်ပြန်မှုမှာ နှေးကွေးလွန်းလှသည်။ အတော်လေးကြာမှ ခေါင်း ညိတ်ပြလိုက်၏။

မျက်စိတစ်ဘက်လပ်နေသော အိမ်ထောင်ရှင်အမျိုးသမီးကြီးက သူ့အားတွန်း ထုတ်ပြီး အမိန့်ပေးလိုက်သည်။ “ဘာရပ်လုပ်နေတာလဲ။ ရှေ့ကိုဆက်လျှောက်သွား စမ်း...”

တွန်းထုတ်လိုက်မှုကြောင့် သူဖုန်းစား၏ခေါင်းထက်တွင် ဆောင်းထားသော ဝါး ခမောက် ကျွတ်ကျသွားပြီး မျက်နှာပေါ်လာ၏။

ထိုမျက်နှာသည် အဝါရောင်သမ်းနေပြီး ပြင်းထန်သော ရောဂါဝေဒနာခံစားနေ ရာမှ နာလန်ထူလာသူတစ်ယောက်ကဲ့သို့ပင်။ သူ၏နှာခေါင်းမှာ နီရဲနေပြီး နှာနုရိုး ကျိုးနေ၏။ ပါးစပ်ကျယ်စွာဟထားပြီး ထိုသူများကို အူကြောင်ကြောင် ကြည့်နေလေ သည်။

ထိုသူသည် ထယ်ကျွမ်ကျားလော... လုံးဝမဟုတ်ပါ။ ဆွံ့အနေသူတစ်ယောက် နှင့် တော်တော်လေးတူနေ၏။

လီဆွန်းဟွာ ရယ်ချင်မိသွားသည်။

မျက်စိတစ်ဘက်လပ်မိန်းမကြီးသည် အတော်ပင် စိတ်တိုသွားခဲ့ရ၏။ “နံပါတ် ၅ မောင်လေး... ဘယ်လိုဖြစ်တာလဲ။”

အရပ်မြင့်မြင့် ခပ်ပိန်ပိန်လူသည် တုန်လှုပ်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။ “ဒါပေ မဲ့... ထယ်ကျွမ်ကျားဆိုတာ သေချာပါတယ်။ သူ့ကို ကျနော် မျက်ခြေမပြတ်ခဲ့ပါ ဘူး။ ဘယ်လိုဖြစ်ရတာလဲဗျာ။”

ဝတ်စုံစိမ်းဝတ်ထားသော လူထွားကြီးက သူဖုန်းစား၏မျက်နှာကို ဖြတ်ရိုက်ပြီး မေးမြန်းလိုက်သည်။ “မင်းဘယ်သူလဲ...”

သူဖုန်းစားသည် ရူးကြောင်ကြောင် ပြုံးနေဆဲ။ ပြီးမှ ပြန်ဖြေလိုက်သည်။ “ကျုပ် က ကျုပ်ပဲပေါ့။ ခင်ဗျားက ခင်ဗျားပဲလေ။ ကျုပ်ကိုဘာလို့ ရိုက်ရတာလဲ။”

အရက်ရောင်းသူ-“ထယ်ကျွမ်ကျား မျက်နှာဖုံးတပ်ထားတာဖြစ်ရမယ်။ သူ့မျက် နှာဖုံးကို ဆွဲချွတ်ကြည့်ရအောင်...”

မျက်မမြင်ဗေဒင်ဆရာက ရုတ်ချည်းပင် ဖြတ်ပြောလိုက်၏။ “မလိုအပ်ဘူး။ ဒီ လူက ထယ်ကျွမ်ကျားမဟုတ်ဘူး။”

အားလုံးသောလူများထဲတွင် မျက်မမြင်ဗေဒင်ဆရာတစ်ယောက်သာ မတုန်မ လှုပ် တည်ငြိမ်စွာရှိနေ၏။

အစိမ်းရောင်ဝတ်လူထွားကြီး-“ဒုတိယအစ်ကိုကြီး... သူ့အသံကို မှတ်မိထားလို့ လား။”

မျက်မမြင်ဗေဒင်ဆရာ-“ထယ်ကျွမ်ကျားက အသေသာခံသွားမယ်။ သူ့ပါးကို တော့ အရိုက်ခံမှာမဟုတ်ဘူး။”

အရပ်မြင့်မြင့်ခပ်ပိန်ပိန်လူ-“ထယ်ကျွမ်ကျားနဲ့ အပေးအယူလုပ်ထားတာပဲဖြစ် ရမယ်။ သူတို့တွေ လူချင်းလဲပြီး တစ်နေရာရာမှာ ထယ်ကျွမ်ကျား ကိုယ်ယောင် ဖျောက်သွားတာပဲ ဖြစ်ရမယ်။”

မျက်စိတစ်ဘက်လပ်မိန်းမကြီးသည် ဒေါသတကြီး အော်ငေါက်လိုက်၏။ “သူ့ ကိုအဲ့ဒီလိုထွက်ပြေးသွားနိုင်အောင် မင်းဘာဖြစ်လို့ သေသေချာချာ မစောင့်ကြည့်ခဲ့ တာလဲ။”

အရပ်မြင့်မြင့်ခပ်ပိန်ပိန်လူက ခေါင်းငုံ့ထားပြီး မဝံ့မရဲဖြေဆိုလိုက်သည်။ “သူတို့ ... သူတို့ အိမ်သာသွားတုန်းမှာ လူလဲလိုက်ကြပုံရတယ်။ ကျနော်လည်း... ကျနော် လည်း...”

အစိမ်းရောင်ဝတ်လူထွားကြီး-“မင်းက ထယ်ကျွမ်ကျားရဲ့ မိတ်ဆွေကောင်းပေါ့ လေ... ငါမင်းကိုသတ်မယ်...”

အနားတွင်ထောင်ထားသော ထမ်းပိုးကိုယူပြီး သုဖုန်းစားကို ရိုက်ရန်မြှောက် လိုက်သည်။

ဤအခြေအအနေထိတော့ လီဆွန်းဟွာ လက်ပိုက်ကြည့်မနေနိုင်ပါ။

သူဖုန်းစားသည် ပေါကြောင်ကြောင်ဖြစ်နေသူတစ်ယောက် ဖြစ်ချင်မှဖြစ်မည်။ ထယ်ကျွမ်ကျား၏ မိတ်ဆွေတစ်ယောက် ဟုတ်ချင်မှလည်းဟုတ်မည်။ သို့သော် ထို သူသည် ထယ်ကျွမ်ကျားကို အကူအညီပေးနေသူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါ လား။ ထို့ကြောင့် လီဆွန်းဟွာ ထိုသူ့ကို အသေမခံနိုင်ပါ။

ထို့ပြင် ထယ်ကျွမ်ကျား၏ သတင်းအစအနများ ထိုသူ့ထံမှ လီဆွန်းဟွာ သိချင် နေမိသေး၏။

လီဆွန်းဟွာ၏ခန္ဓာကိုယ်သည် ရှေ့သို့တိုးထွက်လာ၏။

သို့သော် ရုတ်တရက်ပင် သူရပ်တန့်လိုက်၏။ လှုပ်ရှားခြင်း ရပ်တန့်ခြင်း အ ဖြစ်အပျက်များသည် မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်၏။ သူလှုပ်ရှားခဲ့မှန်း မည်သူမျှပင် မရိပ်မိလိုက်ကြ။ သူဝင်ရောက်စွက်ဖက်ရန် မလိုအပ် တော့ချေ။

‘ဂျွတ်’... ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာပြီး အစိမ်းရောင်ဝတ်လူ ထွားကြီး၏ ထမ်းပိုး ထက်ပိုင်းကျိုးသွားရ၏။ လူသည်လည်း နောက်သို့ယိုင်သွား ကာ ဟန်ချက်ပျက်သွားခဲ့လေသည်။

ထမ်းပိုးမည်ကဲ့သို့ ထက်ပိုင်းကျိုးသွားမှန်း မည်သူမျှ သဲသဲကွဲကွဲမမြင်လိုက်ကြ ရချေ။ လူအားလုံးသည် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ပြီး ပြိုင်တူအော်ဟစ် လိုက်ကြသည်။ “ဘယ်သူလာရှုပ်တာလဲ...”

လမ်းတစ်ဘက်ရှိ ကုန်စုံဆိုင်ရှေ့တွင်ရပ်နေသူက အေးဆေးတည်ငြိမ်စွာ ဖြေ ကြားလိုက်၏။ “ကျုပ်ပဲ...”

လူအားလုံးက လှည့်ကြည့်လိုက်သောအခါ ကျောက်ဖြူသားကဲ့သို့ ဖြူဖွေးသော အဝတ်အစားတစ်စုံဝတ်ဆင်ထားသူတစ်ယောက်ကို တွေ့လိုက်ကြရသည်။ သူ၏ လက်ကို နောက်ပစ်ထားပြီး ကုန်စုံဆိုင်လေးမှ ငှက်လှောင်အိမ်လေးတစ်ခုကို ကြည့် နေလေသည်။

ငှက်လှောင်အိမ်လေးထဲမှ ငှက်ကလေးများက ဆူညံစွာ တွန်ကျူးနေကြသည်။

ငှက်များသည် လူတွေထက်ပို၍စိတ်ဝင်စားစရာကောင်းသည့်အလား အဖြူရောင် ဝတ်စုံပိုင်ရှင်က သေချာစွာ အာရုံစိုက်နေ၏။ လက်စားချေလိုစိတ် ပြင်းထန်နေသော လူတစ်စုထံသို့ လှည့်ကြည့်ခြင်းပင်မရှိ။

သူ၏မျက်ဝန်းထောင့်များတွင် မျက်ရစ်တွန့်လေးများ ထွက်ပေါ်နေသော်လည်း စူးရှရှမျက်ခုံးများ... ဖြူဖွေးသောမျက်နှာပိုင်ရှင် ထိုသူသည် တော်တော်လေးကြည့် ကောင်းသည့် လူခန့်တစ်ယောက်ဖြစ်၏။ သူ့အသက်ပိုင်းခြားကို မည်သူမျှမပြောနိုင် ပါ။

အစိမ်းရောင်ဝတ်လူထွားကြီးက အော်ငေါက်လိုက်၏။ “ကျုပ်ရဲ့ထမ်းပိုးကို ချိုး လိုက်တာ ခင်ဗျားပေါ့လေ...”

အဖြူရောင်ဝတ်စုံပိုင်ရှင်သည် အရေးပင်မစိုက်။

အစိမ်းရောင်ဝတ်လူထွားကြီးနှင့် မျက်စိတစ်ဘက်လပ်မိန်းမကြီးတို့နှစ်ယောက် ဒေါသူပုန်ထနေကြ၏။ ထိုဝတ်စုံဖြူနှင့်လူအား သူတို့တိုက်ခိုက်ချင်နေကြ၏။

ရုတ်တရက်ပင် မျက်မမြင်ဗေဒင်ဆရာက ဟန့်တားလိုက်သည်။ “ရပ်လိုက်ကြ စမ်း...”

မြေကြီးပေါ်တွင်ကျနေသော ငွေတုံးတစ်တုံးကို ကောက်ယူပြီး အေးစက်စွာ ပြော ဆိုလိုက်သည်။ “ဟိုလူကြီးမင်းက မင်းရဲ့ထမ်းပိုးကို ချိုးလိုက်ပေမယ့်လည်း ဒီငွေတုံး က ထမ်းပိုးပေါင်းရာချီပြီး ပြန်ဝယ်လို့ရပါသေးတယ်။ မင်းစိတ်ဆိုးနေမယ့်အစား သူ့ ကိုကျေးဇူးတင်သင့်တယ်။”

အစိမ်းရောင်ဝတ်လူထွားကြီးသည် သူ့ထမ်းပိုးကိုကြည့်လိုက်... မျက်မမြင်ဗေဒင် ဆရာ၏လက်ထဲမှ ငွေတုံးလေးကို ကြည့်လိုက်လုပ်နေပြီး စဉ်းစားနေ၏။ ဤငွေတုံး လေးသည် ထမ်းပိုးအားရိုက်ချိုးနိုင်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေရ၏။

အဖြူရောင်ဝတ်ဆင်ထားသူက ရုတ်တရက်ပင် သဘောကျစွာ ရယ်မောလိုက် ၏။ “ကောင်းတယ်။ ခင်ဗျားက မျက်စိမြင်တဲ့လူတွေထက်တောင် ပိုပြီးဉာဏ်ရှိနေ သေးတယ်။ ငွေတုံးကို ယူထားနိုင်ပါတယ်။”

မျက်မမြင်ဗေဒင်ဆရာသည် အေးစက်စွာပြန်ပြောလိုက်သည်။ “ကျုပ်မျက်စိနှစ် လုံးက ကွယ်နေပေမယ့် နှလုံးသားတော့ မကွယ်သေးပါဘူး။ ကျုပ်တရားဝင် ပိုင် ဆိုင်သင့်တဲ့အရာကလွဲလို့ ကျန်တာဘာတစ်ခုမှ မမက်မောဘူး။”

သူ့လက်နှစ်ဘက်ဖြင့် ငွေတုံးလေးကို ပွတ်သတ်နေ၏။ “ငွေသားတစ်မူးဖိုး လောက် ငွေမှုန်လေးလောက်ဆိုရင် ထမ်းပိုးဖိုးကျေပါပြီ။ ဒီငွေတုံးလေးက အနည်း ဆုံး ငွေသားတစ်ဆယ်ဖိုးလောက်တန်တယ်။ ကျုပ်တို့ကို ဒီလောက်များများကြီး ပြန် ပေးစရာမလိုပါဘူး။”

စကားပြောနေစဉ်မှာပင် ငွေတုံးလေးကို တူချောင်းလေးဖြစ်သွားအောင် လိပ်နေ လိုက်သည်။ သူ၏ ဘယ်ဘက်လက်တစ်ဘက်ကို လှုပ်ခတ်လိုက်ရာ ငွေတူချောင်း လေးမှ အပိုင်းအစတစ်ခု ပဲ့ထွက်လာ၏။ မျက်မမြင်ဗေဒင်ဆရာက အေးစက်စွာပြော ဆိုလိုက်သည်။ “တစ်မူးဖိုးလောက်တန်တဲ့ ငွေတုံးအတွက်တော့ ကျေးဇူးတင်ပါ တယ်။ ကျန်တာ ခင်ဗျားပဲပြန်ယူသွားပါ။”

သူ၏လက်ကိုမြှောက်လိုက်ရာ လေထုထဲတွင် ငွေရောင်တစ်ချက်သမ်းသွား၏။ ငွေတူချောင်းလေးသည် အဖြူရောင်ဝတ်ဆင်ထားသူထံ ဖြောင့်တန်းစွာ ပြေးဝင်သွား ခဲ့၏။ အံ့အားသင့်စရာကောင်းသည်မှာ ဤပစ်လွှတ်ချက်တွင် ဟူတန်းဂိုဏ်း၏ ‘သ မာဓိဓားနှစ်လက်’ ဟန်အငွေ့အသက်များ ပါရှိလေသည်။

အလင်းရောင်များ ဖြာထွက်ကာ ငွေတူချောင်းလေးသည် ဝတ်စုံဖြူဝတ်ဆင် ထားသူ၏ ရင်ဘတ်မှ သွေးကြောကွက် ၅ ကွက်ကို ဦးတည်တိုက်ခိုက်လာခဲ့၏။

ဝတ်စုံဖြူဝတ်ဆင်ထားသူထံ ငွေတူချောင်းလေး ရောက်လာသည့်အချိန်မှာပင် သူ၏ဘယ်ဘက်လက်ဖြင့် ထိုတူချောင်းလေးအား ဖမ်းဆုပ်လိုက်၏။ ပြီးနောက် ညာ လက်ချောင်းလေးနှစ်ချောင်းဖြင့် ငွေတူချောင်းကို ကတ်ကြေးကိုက်သလို ကိုက်ဖြတ် နေရာ ငွေတုံးသေးသေးလေးများ မြေကြီးပေါ် တဖုတ်ဖုတ် ပြုတ်ကျလာလေတော့ သည်။

ဝတ်စုံဖြူဝတ်ဆင်ထားသူက တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။ “ခင် ဗျားရဲ့ ဓားပညာက ကောင်းပါတယ်။ နည်းနည်းလေး နှေးနေတာတစ်ခုပဲ။”

စကားကို အေးအေးဆေးဆေးပြောဆိုနေခြင်းဖြစ်ပြီး ငွေတုံးလေးများကို ကိုက် ဖြတ်နေ၏။ စကားအဆုံးတွင် မြေကြီးပေါ်သို့ သေးငယ်သောငွေတုံး ၁၄ တုံး အပုံ လိုက် ကျလာကြ၏။

လင်းလင်းသည် အဝေးတစ်နေရာမှ တစ်ချိန်လုံးကြည့်နေခဲ့၏။ သူမသည် အာ မေဋိတ်သံတစ်ချက်ရှိုက်လိုက်ပြီး ရေရွတ်လိုက်လေတော့သည်။ “ဒီလူရဲ့လက်က အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတာမှ ဟုတ်ရဲ့လား။”

ထိုသူက ခြေတစ်ချက်စောင့်လိုက်ရာ သူ့ရှေ့မှငွေတုံးလေးများသည် မျက်မမြင် ဗေဒင်ဆရာရှေ့သို့ ဝဲပျံသွားကြ၏။ လူအားလုံးသည် မည်သည့်စကားမျှ မပြောနိုင် ကြတော့ဘဲ ဆွံ့အနေကြလေသည်။

အဖြူရောင်ဝတ်ဆင်ထားသူထံမှ စကားသံ အေးစက်စွာထွက်ပေါ်လာခဲ့၏။ “ငွေ တုံးကို ပစ်ပေးလိုက်ကတည်းက ခင်ဗျားပိုင်ဖြစ်သွားပြီ။ ဘာဖြစ်လို့ မကောက်ယူ သေးတာလဲ။”

မျက်မြင်ဗေဒင်ဆရာသည် ချက်ချင်းပင် ခါးကုန်းပြီး ငွေစလေးများကို ကောက် ယူလိုက်သည်။ ပြီးနောက် စကားတစ်ခွန်းမှ မဟတော့ဘဲ လှည့်ထွက်သွားလေတော့ သည်။

သူ့အပေါင်းအပါအားလုံးပင် သူနှင့်အတူလိုက်ပါသွားကြလေသည်။

လင်းလင်းက ပြုံးပြီးပြောဆိုလိုက်သည်။ “သူတို့တွေ ဘယ်အချိန်မှာထွက်သွား ကြရမယ်ဆိုတာတော့ သိသေးကြသားပဲ။”

လီဆွန်းဟွာသည် မျက်နှာထားတည်တည်ပင် ရှိနေသေး၏။ “ဟိုးမှာတွေ့နေရ တဲ့ ဖက်ထုပ်ဆိုင်ကိုတွေ့လား။”

လင်းလင်း-“တွေ့တာပေါ့။ သူတို့ဆိုင်က ဖက်ထုပ်ကြော်စားရင်ကောင်းမလား လို့ စဉ်းစားနေတာ။”

လီဆွန်းဟွာ-“ကောင်းတယ်။ ကျုပ်ကို အဲ့ဒီမှာစောင့်နေပါ။”

လင်းလင်းသည် ခဏမျှတွေဝေသွားခဲ့ရ၏။ “ရှင် သူဖုန်းစားနောက်ကို ဆက် လိုက်ဦးမလို့မဟုတ်လား။”

သူဖုန်းစားသည် ရှေ့သို့ဆက်လျှောက်နေ၏။ ဝတ်စုံဖြူဝတ်ဆင်ထားသူကို ကျေးဇူးတင်ခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်ကြည့်ခြင်းလည်းမရှိ။

ဘာမှ မဖြစ်ခဲ့သည့်အတိုင်းပင်။

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။ “ကျုပ် သူ့ကိုမေးစရာလေးတွေ ရှိနေ သေးတယ်။”

လင်းလင်းက ခေါင်းငုံ့ထားလိုက်သည်။ “ကျမ ရှင်နဲ့အတူ လိုက်လို့မရဘူး လား။”

လီဆွန်းဟွာ-“မရဘူး။”

လင်းလင်း၏ မျက်ဝန်းများတွင် မျက်ရည်ဥများ တွဲခိုလာခဲ့၏။ “ရှင်ဘာလုပ်မ လဲဆိုတာ ကျမသိပါတယ်။ ဒီနေရာမှာ ကျမကို တစ်ယောက်တည်း ထားသွားခဲ့မလို့ မဟုတ်လား။”

လီဆွန်းဟွာက သက်ပြင်းချပြီး ချိုသာစွာပြောဆိုလိုက်သည်။ “သူတို့ရဲ့ ဖက် ထုပ်ကြော်ကို ကျုပ်လည်းစားချင်ပါတယ်။ ဘာဖြစ်လို့ ပြန်မလာရမှာလဲ။”

လင်းလင်း-“ကျမရှင့်ကို ယုံကြည်ပါတယ်။ ရှင်လိမ်ပြောခဲ့မယ်ဆိုရင်လည်း ဒီ နေရာမှာပဲ တစ်သက်လုံး ကျမစောင့်နေပါ့မယ်။”

+++++

သူဖုန်းစားသည် လျင်မြန်စွာလမ်းလျှောက်နေခြင်းမဟုတ်ပါ။

လီဆွန်းဟွာကလည်း သူ့ကိုအမိဖမ်းရန် မလောပါ။ လမ်းပေါ်တွင် လူများစွာ ရှိ နေကြသည်မဟုတ်ပါလား။

လူအများနှင့် လမ်းလိုက်လျှောက်နေရခြင်းသည် စိတ်မွန်းကြပ်စေသည်မဟုတ် ပါလား။ ထို့ပြင် ဝတ်စုံဖြူဝတ်ဆင်ထားသူသည် တစ်ချိန်လုံး သူ့ကိုအကဲခတ်နေ ကြောင်းကိုလည်း ရိပ်မိထားသည်။ ထိုသူက သူ့ကိုအာရုံစိုက်နေသည်မှာ ငှက် လှောင်အိမ်ထဲမှ ငှက်ကလေးများထက်ပို၍ စိတ်ဝင်စားစရာကောင်းနေသလိုပင်။

လီဆွန်းဟွာကလည်း ဝတ်စုံဖြူဝတ်ဆင်ထားသူနှင့် တွေ့ဆုံချင်ပါသေးသည်။ ငွေချောင်းတစ်ချောင်းလုံးကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် ကိုက်ဖြတ်ပြလိုက်က တည်းက သူ့အာရုံကို ထိုသူမှ ဖမ်းစားထားခဲ့လေသည်။

ဤသို့အစွမ်းအစမျိုးရှိသူ လူနည်းစုသာရှိလေသည်။

တကယ်တမ်းပြောရလျှင် လူတစ်ယောက်၏ ဤမျှသန်မာသောလက်ချောင်းများ ကို လီဆွန်းဟွာ လုံးဝမတွေ့ခဲ့ဘူး။ လင်းလင်း၏ မှတ်ချက်လေးက တော်တော်မှန် သည်။

ထိုသူကဲ့သို့ အစွမ်းအစရှိသူတစ်ယောက်ကိုတွေ့သည့် မည်သည့်သိုင်းပညာရှင် မဆို ပြုလုပ်မည့်အလုပ်နှစ်ခုရှိ၏။ စိန်ခေါ်ရင်ဆိုင်မလား... ဒါမှမဟုတ် အရက်အတူ တူ ထိုင်သောက်မလား...

သာမန်အချိန်ဆိုလျှင် လီဆွန်းဟွာအတွက်လည်း ဤအခွင့်အရေးမျိုးက လက် လွတ်ခံချင်စရာမကောင်း။

ယနေ့တော့မဟုတ်... ထယ်ကျွမ်ကျားကို သူလိုက်ရှာနေသည်မှာ တော်တော် လေးကြာခဲ့ချေပြီ။ ဤသဲလွန်စကို သူလက်လွတ်မခံနိုင်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူသည် လီဆွန်းဟွာထံ လျှောက်လှမ်းလာနေ ၏။ သူ့သွားလမ်းကို ပိတ်ဆို့ထားမည့်ဟန်...

သို့သော် လူအုပ်ကြီးက အဖြူရောင်ဝတ်ဆင်ထားသူအနီး တဖြည်းဖြည်းထူထပ် လာလေသည်။ ဤမျှအံ့ဩစရာကောင်းသူကို သူတို့လည်းတွေ့ဖူးချင်ကြပေမည်။ ထိုအခွင့်အရေးကို အသုံးချပြီး လီဆွန်းဟွာ လှည့်ထွက်လာခဲ့သည်။

သူကြည့်လိုက်သောအခါ သူဖုန်းစားသည် လမ်းချိုးကွေ့လေးသို့ ရောက်ခါနီး နေပြီ။ ပြီးနောက် ဘယ်ဘက်သို့ ချိုးကွေ့သွားတော့သည်။

ဤလမ်းသစ်သည် လူသွားလူလာနည်းပါးသလို လမ်းတိုလေးလည်းဖြစ်၏။

လီဆွန်းဟွာ ရှေ့သို့ခပ်မြန်မြန်လေး လျှောက်လိုက်၏။ သို့သော် သူဖုန်းစား၏ အရိပ်အယောင်ကိုပင် မတွေ့ရ။ ဤလမ်းတစ်လျှောက် သေသေချာချာလိုက်ရှာကြည့် သော်လည်း မတွေ့။

သူဖုန်းစား ဘယ်ပျောက်သွားသနည်း...

နောက်တစ်လမ်းသို့ လီဆွန်းဟွာ ချိုးဝင်လိုက်သည်။ ထိုလမ်းလေးသည် အိမ် နောက်ဖေးပေါက်များသာရှိသော လမ်းလည်းဖြစ်၏။ အိမ်တစ်လုံး၏နောက်ဖေး ဘက် တံခါးဝတွင် လူတစ်ယောက်ထိုင်နေသည်။ သူ့ရင်ဘတ်တွင် တစ်စုံတစ်ခုကို ကိုင်တွယ်ထားပြီး ပွတ်သပ်နေ၏။

ထိုသူ၏မျက်နှာကိုမတွေ့ရသေးခင်မှာပင် ဝါးခမောက်တစ်လုံးကို လီဆွန်းဟွာ တွေ့လိုက်ရသည်။

သူဖုန်းစား ဤနေရာရောက်နေပါလား...

သူဘာလုပ်နေသနည်း...

သူဖုန်းစားကို လီဆွန်းဟွာ လှန့်လိုက်သလိုဖြစ်သွားမည်စိုး၍ အေးအေးဆေး ဆေးပင် လျှောက်လှမ်းသွားလိုက်သည်။

သို့သော် သူဖုန်းစားသည် လန့်သွားခဲ့၏။ သူ့လက်ထဲ၌ကိုင်တွယ်ထားသောအ ရာကို ချက်ချင်းပင် ဖွက်လိုက်လေတော့သည်။

လီဆွန်းဟွာ၏ မျက်လုံးအမြင်လောက် ထိုသူ မလျင်မြန်နိုင်ပါ။ သူဖုန်းစား လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ ငွေတုံးလေးတစ်တုံးဖြစ်ကြောင်း လီဆွန်းဟွာ တွေ့လိုက်ရ၏။ ဝတ်စုံဖြူဝတ်ဆင်ထားသူ ကိုက်ဖြတ်ခဲ့သော ငွေသားစလေးတစ်စ ပင်ဖြစ်သည်။

လီဆွန်းဟွာ ပြုံးပြလိုက်သည်။ “ဒီကမိတ်ဆွေရဲ့နာမည်လေး တစ်ဆိတ်လောက် သိပါရစေလား။”

သူဖုန်းစားသည် သူ့ကိုပြန်၍စိုက်ကြည့်နေပြီး အတော်လေးကြာမှ ဖြေဆိုလိုက် သည်။ “ကျုပ်က ခင်ဗျားရဲ့မိတ်ဆွေမဟုတ်သလို ခင်ဗျားကလည်း ကျုပ်ရဲ့မိတ်ဆွေ မဟုတ်ဘူး။ ခင်ဗျားကို ကျုပ်မသိသလို ကျုပ်ကိုလည်း ခင်ဗျားမသိဘူး။”

လီဆွန်းဟွာက အပြုံးမပျက်ပင် ဆက်၍မေးမြန်းလိုက်သည်။ “ခင်ဗျားကို လူ တစ်ယောက်အကြောင်း မေးချင်လို့ပါ။ သူ့ကို ခင်ဗျားသိမယ်ဆိုတာ သေချာပါ တယ်။”

0 comments:

Post a Comment