Tuesday, March 8, 2011

(၅၂) ထောင်ချောက်

သူဖုန်းစားက ခေါင်းကိုခါရမ်းပြပြီး ပြောဆိုလိုက်သည်။ “ကျုပ် ဘယ်သူ့ကိုမှ မသိသလို ဘယ်သူကမှလည်း ကျုပ်ကိုမသိဘူး။ ကျုပ် လူတစ်ယောက်ကိုတောင်မှ မသိတာ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကျုပ်ကိုသိနိုင်မှာလဲ။”

ဤလူသည် နည်းနည်း ကြောင်တောင်တောင်နိုင်သူတစ်ယောက်ပင် ဖြစ်ရ မည်။ မဟုတ်ပါက ရိုးရှင်းလှသော အဖြေတစ်ခုအတွက် ဘာကြောင့် စကားများစွာ ပြောနေစရာလိုသေးသနည်း။

လီဆွန်းဟွာက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ရန်ဟန်ပြင်နေစဉ်မှာ ပင် သူဖုန်းစားသည် ရုတ်တရက် ထွက်ပြေးသွားလေသည်။

သူပြေးနေပုံမှာ တော်တော်လေးမြန်သည်။ သို့သော် ကိုယ်ဖော့ပညာတတ် မြောက်ထားပုံမရ။ သူဖုန်းစားတိုင်း အပြေးမြန်ကြသည်မဟုတ်ပါလား။ သူတို့၏ မွေးရာပါဗီဇဟုပင်ဆိုနိုင်၏။

လီဆွန်းဟွာက ပို၍မြန်မြန်ပြေးနိုင်ပါသည်။

ထွက်ပြေးနေသော သူဖုန်းစားကို လှမ်းမေးလိုက်သည်။ “ခင်ဗျားဘာလိုချင်လဲ။ ကျုပ်ဆီမှာ ငွေတုံးတွေအများကြီးရှိပါတယ်။”



သူဖုန်းစားက အော်ဟစ်နေသည်။ “ကယ်ကြပါဦးဗျို့... ဒီမှာကျုပ်ရဲ့ပိုက်ဆံတွေ ကို လိုက်လုနေပါတယ်။”

ကံကောင်းသည်မှာ ဤလမ်းလေးသည် လူပြတ်သောလမ်းတစ်လမ်းဖြစ်နေခြင်း ပင်။ မဟုတ်ပါက လီဆွန်းဟွာ ဘာလုပ်၍ဘာကိုင်ရမှန်းပင် သိတော့မည်မဟုတ်။ သူဖုန်းစားတစ်ယောက်ထံမှ ငွေကြေးလုယူသူတစ်ယောက်သည် မည်သည့်အဆင့် အတန်းသို့ ရောက်ရှိသွားမည်နည်း။ သူခိုး အပေါစားတစ်ယောက်ပင် ဖြစ်ရပေမည်။

လီဆွန်းဟွာ-“ခင်ဗျားရဲ့ပိုက်ဆံတွေကို ကျုပ်မလုပါဘူး။ ကျုပ်မေးတဲ့မေးခွန်းကို ဖြေပေးမယ်ဆိုရင် ခင်ဗျားကိုတောင် ငွေတုံးကြီးကြီးတစ်တုံး ကျုပ်က ဆုချဦးမှာ။”

သူဖုန်းစားက ရပ်နားပြီး စဉ်းစားနေလိုက်သည်။ “ကောင်းပြီလေ... ခင်ဗျားဘာ သိချင်တာလဲ။”

လီဆွန်းဟွာ-“ထယ်ကျွမ်ကျားဆိုတဲ့ လူတစ်ယောက်ကို ခင်ဗျားသိလား။”

သူဖုန်းစားက ခေါင်းခါရမ်းပြပြီး ဖြေဆိုလိုက်သည်။ “ကျုပ်ဘယ်သူ့ကိုမှ မသိ ဘူး။ သူဖုန်းစားတစ်ယောက်ဆီမှာ ဘယ်လိုလုပ်ပြီး မိတ်ဆွေရှိနေနိုင်မှာလဲ။”

လီဆွန်းဟွာ-“ဒါဆိုရင် ဘာဖြစ်လို့ခင်ဗျားက ကူညီပေးနေသေးလဲ။”

သူဖုန်းစားသည် နောက်တစ်ကြိမ် ခေါင်းခါရမ်းပြလိုက်ပြန်သည်။ “ကျုပ် ဘယ် သူ့ကိုမှ မကူညီဖူးဘူး။ ကျုပ်ကိုလည်း ဘယ်သူမှမကူညီကြဘူး။”

လီဆွန်းဟွာ-“ခင်ဗျား ဗလတောင့်တောင့်... အသားညိုညိုလူတစ်ယောက်ကို ဒီနေ့မတွေ့ခဲ့မိဘူးလား။”

သူဖုန်းစားက အတန်ကြာစဉ်းစားနေပြီး ပြန်ဖြေဆိုလိုက်သည်။ “အင်း... တွေ့ခဲ့ တယ်လို့ထင်တာပဲ။”

လီဆွန်းဟွာ-“ဘယ်နေရာမှာလဲ။”

သူဖုန်းစား-“အိမ်သာထဲမှာ...”

လီဆွန်းဟွာက အံ့အားသင့်စွာမေးမြန်းလိုက်သည်။ “အိမ်သာထဲမှာ... ဟုတ် လား။”

သူဖုန်းစား-“အိမ်သာဆိုတာ ချီးယိုတဲ့နေရာလေ။ ကျုပ်က ချီးယိုနေတုန်း လူ တစ်ယောက်ဝင်လာခဲ့တယ်။ ကျုပ်ကို အရက်ဖိုးပိုက်ဆံလိုချင်လားလို့ မေးလာခဲ့ တယ်။”

လီဆွန်းဟွာက ပြုံးပြလိုက်သည်။ “အရက်ဖိုးပိုက်ဆံ မလိုချင်တဲ့သူဘယ်ရှိနိုင် ပါ့မလဲ... ဟုတ်တာပေါ့။”

သူဖုန်းစား-“ဒါပေမဲ့ သူ့အဝတ်အစားတွေက ကျုပ်အဝတ်အစားတွေထက် တောင် ပိုပြီးစုတ်ပြတ်နေသေးတယ်။ သူ့ဆီမှာ ဘယ်လိုလုပ်ပြီးပိုက်ဆံ ရှိနေနိုင်မှာ လဲ။”

လီဆွန်းဟွာက ပြုံးပြီးမေးလိုက်ပြန်သည်။ “လူချမ်းသာတစ်ယောက်က ပိုပြီး ဆင်းရဲနေချင်ယောင် ဆောင်တတ်သေးတယ်။ ခင်ဗျားမသိဘူးလား။”

သူဖုန်းစားကလည်း အပြုံးလေးဖြင့် ပြန်ပြောနေသည်။ “မှန်တယ်။ သူ့ဆီမှာ ပိုက်ဆံရှိတယ်။ ငွေတုံးလေးကို ထုတ်ပြလာတော့ ကျုပ်ကမေးလိုက်တယ်။ ဒီပိုက်ဆံ ကို ကျုပ်ဘာလုပ်ရင် ပေးမှာလဲလို့။”

လီဆွန်းဟွာ-“အဲ့ဒီတော့ သူကဘာပြန်ပြောလဲ။”

သူဖုန်းစား-“ကျုပ်ကို ခက်ခက်ခဲခဲအလုပ်တစ်ခု ခိုင်းခဲ့မယ်လို့ထင်ထားခဲ့တာ။ ကျုပ်နဲ့ အင်္ကျီချင်းလဲချင်လို့တဲ့။ ပြီးတော့ ကျုပ်လမ်းလျှောက်ရင်လည်း ခေါင်းငုံ့ပြီး လျှောက်ရမယ်လို့ မှာလိုက်သေးတယ်။ ဘာပဲဖြစ်နေဖြစ်နေ ခေါင်းငုံ့ပြီး လမ်း လျှောက်ခိုင်းခဲ့တယ်။”

လီဆွန်းဟွာ-“တော်တော်လွယ်ကူတဲ့ ပိုက်ဆံရှာနည်းပဲ။”

သူ့စိတ်တွင်းမှလည်း ဝမ်းသာကျေနပ်သွားခဲ့ရသည်။ ထယ်ကျွမ်ကျားက ဉာဏ် ကိုလွှာသုံးပြီး သူ့ရန်သူများကို လှည့်စားနိုင်ခဲ့သည်မဟုတ်ပါလား။

သူဖုန်းစားက ပျော်ရွှင်စွာပြောဆိုနေသည်။ “ကျုပ်သိပါတယ်။ အဲ့ဒီလူက ဦး နှောက်သိပ်မကောင်းဘူး။”

လီဆွန်းဟွာ-“ကျုပ်ရဲ့ဦးနှောက်လည်း သိပ်မကောင်းဘူး။ ကျုပ်ဆီကပိုက်ဆံရဖို့ ပိုပြီးတော့တောင် လွယ်ကူသေးတယ်။”

သူဖုန်းစား အံ့ဩသွားခဲ့ရလေသည်။

လီဆွန်းဟွာ သူ့အင်္ကျီအိတ်ကပ်ထဲမှ ငွေတုံးလေးတစ်တုံး ထုတ်ယူလိုက်သည်။ သူနှင့် ထယ်ကျွမ်ကျား လမ်းခွဲခဲ့စဉ်တုန်းက သူသုံးစွဲဖို့ပိုက်ဆံများ ထားပေးသွားခဲ့ လေသည်။ ဤနှစ်များအတွင်း လီဆွန်းဟွာ သုံးစွဲနေထိုင်နိုင်နေသည်မှာ ထိုငွေများ ကြောင့်ပင်ဖြစ်သည်။

ငွေတုံးလေးကိုတွေ့လိုက်ရသော သူဖုန်းစား၏မျက်လုံးများ အရောင်တောက်ပ လာခဲ့ကြသည်။

လီဆွန်းဟွာက ပြုံးပြီးပြောလိုက်သည်။ “အဲ့ဒီဦးနှောက်မကောင်းတဲ့လူဆီ ကျုပ် ကိုခေါ်သွားမယ်ဆိုရင် ဒီငွေတုံးလေးပြင် နောက်ထပ်ငွေတုံးလေးတွေပါ ထပ်ပေးဦး မယ်။”

သူဖုန်းစားက ချက်ချင်းပင် သဘောတူညီလိုက်သည်။ “ကောင်းပြီလေ... ဒါပေ မဲ့ အဲ့ဒီနေရာကို မခေါ်သွားခင် ကျုပ်ကိုငွေတုံးတစ်တုံးအရင်ပေးရလိမ့်မယ်။”

ငွေတုံးလေးကို လီဆွန်းဟွာ လက်ဆန့်တန်းပြီး ပေးလိုက်သည်။

ထယ်ကျွမ်ကျားကိုရှာဖွေဖို့ဆိုလျှင် သူ့နှလုံးသားကိုပင် ထုတ်ပေးမိပေလိမ့်မည်။

သူဖုန်းစားသည် ငွေတုံးလေးကို တပ်မက်စွာစိုက်ကြည့်နေပြီး လှမ်းယူလိုက် သည်။ “ဒီငွေတွေ ခင်ဗျားခိုးလာခဲ့တာမဟုတ်လား။ မဟုတ်ရင် ဒီလိုအလွယ်တကူ ပေးနိုင်မှာမဟုတ်ဘူး။”

ငွေတုံးလှမ်းယူနေသော သူ၏လက်သည် လီဆွန်းဟွာ၏လက်ကိုထိရပေမည်။

လီဆွန်းဟွာ၏လက်ကို စထိလိုက်သည့်အချိန်မှာပင် သူ၏လက်ချောင်း ၅ ချောင်းက ကုတ်ဆွဲလာခဲ့သည်။

သူ၏လက်ကို သံမဏိလက်ထိပ်တစ်ခုဖြင့် ဖိညှစ်လိုက်သည့်အလား လီဆွန်း ဟွာ ခံစားလိုက်ရသည်။

ပြီးနောက် မြေကြီးပေါ်သို့ မျက်နှာအပ် ကျသွားခဲ့လေတော့သည်။

သူဖုန်းစား၏ လျင်မြန်မှုမှာ ဩချရလောက်ပေသည်။ ရိုးရိုးရှင်းရှင်းလှုပ်ရှားမှု များဖြစ်သော်လည်း သူ၏လှုပ်ရှားမှုများတွင် အင်အားပြင်းထန်သော သိုင်းပညာရပ် ၄မျိုးပါရှိလေသည်။

သူ၏လက်ချောင်းများက လီဆွန်းဟွာကို ထိလိုက်သည့်ခဏတွင် လမ်းမှန်နည်း လမ်းဖြစ်သော အတွင်းအားစုပ်သိုင်းကို အသုံးချခဲ့၏။ သူ၏ဖမ်းဆုပ်ကိုင်မှုကို မည် သူမျှ အလွတ်မရုန်းနိုင်ပါ။

ပြီးနောက် ဟူတန်းဂိုဏ်း၏ ဖမ်းချုပ် ၇၂ ကွက်ကိုအသုံးပြုပြီး လီဆွန်းဟွာ၏ အရေးကြီးသော သွေးကြောကွက်များကို ဖမ်းကိုင်လိုက်သည်။ ဤဖမ်းချုပ်နည်းဖြင့် ဖမ်းချုပ်ခံရသူတိုင်း တမဟုတ်ခြင်း အားအင်များ ဆုတ်ယုတ်သွားရပေမည်။

ထို့နောက် အရိုးလွဲပြောင်းသိုင်းပညာရပ်ကို အသုံးပြုပြီး လီဆွန်းဟွာ၏ အရိုး ဆစ်များကို ယာယီလွှဲပြောင်းလိုက်သည်။

နောက်ဆုံးတွင် မွန်ဂိုနဘန်းသမားများ၏ ဖမ်းချုပ်နည်းဖြင့် ချုပ်ကိုင်ပြီး လီ ဆွန်းဟွာကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်သည်။ ဤနည်းဖြင့် မ’ယူခံရပြီး ဆောင့် ချခံရသူတိုင်း မည်သို့မျှပြန်ထနိုင်မည်မဟုတ်။

ဤတိုက်ခိုက်နည်းများအားလုံးကို သူဖုန်းစားသည် အားအင်အပြည့်အဝအသုံး ပြုပြီး ဟာကွက်မရှိတရစပ်ပင် တိုက်ခိုက်ခဲ့၏။

သူ့ကို သာမန်သူဖုန်းစားတစ်ယောက်မဟုတ်မှန်း လီဆွန်းဟွာသိနိုင်ခဲ့သည် ဆို ဦးတော့... သူဖုန်းစား၏ သိုင်းပညာ ဤမျှကောင်းနေကြောင်း သူမသိနိုင်ပေ။ သိုင်း ထိပ်သီးတစ်ယောက်ဖြစ်နေမှန်း လီဆွန်းဟွာ သိနိုင်ခဲ့သည်ဆိုဦး... ဤသို့ဘာမပြော ညာမပြောဘဲ အလစ်ဝင်တိုက်ခိုက်ခံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။

ဤမျှအံ့အားသင့်စရာ လုပ်ကြံတိုက်ခိုက်မှုမျိုး လီဆွန်းဟွာတစ်သက် ဘယ်တုန်း ကမျှ မကြုံတွေ့ခဲ့ဘူးချေ။

မြေကြီးပေါ်တွင် ငါးသေတစ်ကောင်လို မလူးနိုင်မလွန့်နိုင် လီဆွန်းဟွာ လဲကျ နေလေသည်။ ခေါင်းထဲတွင် မိုက်ကနဲ ခံစားနေရပြီး သတိမေ့လုမတတ်ပင်။ ဘာ ဖြစ်သွားခဲ့မှန်း သူသိလိုက်ရချိန်တွင် သူဖုန်းစားသည် သူ့အနီးသို့လျှောက်လှမ်းလာ နေပြီ။ သူ၏မျက်နှာပေါ်တွင် ဝမ်းသာအားရပြုံးနေသော အပြုံးကြီးဖြင့်စိုက်ကြည့်နေ ပြီး လီဆွန်းဟွာ၏ လည်မျိုကို လက်တစ်ဘက်ဖြင့် ဖမ်းညှစ်လိုက်သည်။

‘သူဘယ်သူလဲ... ဘာကြောင့်ငါ့ကို ဒီလိုလုပ်ခဲ့ရတာလဲ...’

‘ငါဘယ်သူလဲဆိုတာ သူသိနေခဲ့တာလား...’

‘သူနဲ့ ထယ်ကျွမ်ကျားတို့ ဘယ်လိုပတ်သက်နေကြတာလဲ...’

လီဆွန်းဟွာထံတွင် မေးစရာမေးခွန်းပေါင်း မြောက်များစွာရှိနေသော်လည်း မည်သည့် မေးခွန်းကိုမှ မမေးမြန်းခဲ့ပါ။

ဤအခြေအနေမျိုးတွင် နှုတ်ဆိတ်နေခြင်းက အကောင်းဆုံးဖြစ်မည်ကို သူသိ ထားလေသည်။

သို့သော် သူဖုန်းစားက မေးမြန်းလာသည်။ “မင်းဘာလို့ စကားမပြောတော့ တာလဲ။”

လီဆွန်းဟွာက အပြုံးမပျက်ပင် ပြန်ဖြေလိုက်သည်။ “ခင်ဗျားရဲ့ လည်ပင်းကို သာ အညှစ်ခံထားရမယ်ဆိုရင် ဘာများထပ်ပြောနိုင်ဦးမှာလဲဗျာ...”

သူဖုန်းစား-“တစ်စုံတစ်ယောက်ကသာ ငါ့ကို ဒီလိုမျိုးအလစ်တိုက်ခိုက်ခဲ့မယ်... လည်ပင်းကို ညှစ်ထားမယ်ဆိုရင် အဲ့ဒီလူရဲ့ ဆွေမျိုး ၁၈ ဆက်လောက်ကို ငါအော် ဆဲပြီးနေလောက်ပြီ။”

လီဆွန်းဟွာ-“ကျုပ် မျက်စိတွေက မကန်းသေးပါဘူး။ ဒါပေမဲ့ ခင်ဗျားမှာ ဒီ လောက်ကောင်းတဲ့ သိုင်းပညာပိုင်ဆိုင်ထားတယ်ဆိုတာ ကျုပ်လုံးလုံးမသိနိုင်ခဲ့ဘူး။ ဆဲခြင်းဆဲရင် ကျုပ်ကိုယ်ကျုပ် အရင်ဆုံးဆဲရလိမ့်မယ်။”

သူဖုန်းစားသည် ဟင့်ကနဲတစ်ချက် ရယ်မောလိုက်ပြီး ခေါင်းခါရမ်းနေသည်။ “မင်းကတော့ တကယ့်ကိုစံပါပဲ။ မင်းလိုလူမျိုး ငါမတွေ့ဖူးသေးဘူး။ မင်းသာနည်း နည်းလောက် ထပ်ပြီးစကားပြောနေမယ်ဆိုရင် ငါ့စိတ်တွေ တိမ်းညွတ်သွားမလား ပဲ။”

ရုတ်တရက်ပင် သူအော်ပြောလိုက်၏။ “ဒီလူက သမာဓိရှိသူတစ်ယောက်ဖြစ်နေ ရုံမကသေးဘူး... လူကောင်းတစ်ယောက်လည်းဖြစ်နေသေးတယ်။ ဒီလိုလူမျိုးဟာ ကျုပ်ကို စိတ်အညစ်စေဆုံးပဲ။ မင်းတို့မထွက်လာခဲ့ဘူးဆိုရင် ကျုပ်တော့သွားပြီ။”

သူ့ထံတွင် ကူညီသူများ ရှိနေသေးပါလား...

ကူညီကြသူများ မည်သူများဖြစ်ကြောင်း လီဆွန်းဟွာ မစဉ်းစားနိုင်ပါ။ ထို့ နောက် သူတို့ရှိနေသည့်နေရာလေးမှ အိမ်နောက်ဖေးတံခါးပေါက်တစ်ခု ပွင့်လာခဲ့ ၏။ လူ ၇ ယောက်ထွက်ပေါ်လာလေသည်။ ထိုသူများကို တွေ့လိုက်ရသောအခါ လီဆွန်းဟွာ လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရလေသည်။

ထိုသူများသည် သူဖုန်းစားကို ကူညီကြသူများဖြစ်နေကြောင်း သူလုံးဝမထင် ထားခဲ့။

ပထမဆုံးတစ်ယောက်သည် မျက်မမြင်ဗေဒင်ဆရာဖြစ်၏။

ပြီးနောက် ဝတ်စုံစိမ်းဝတ်လူထွားကြီး... မျက်စိတစ်ဘက်လပ် မိန်းမကြီး... တို့ဟူးပုတ်ရောင်းသူ... ... ...

လီဆွန်းဟွာ သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ကောင်းလိုက်တဲ့ အစီအစဉ်.. သိပ်ကိုကောင်းတယ်။ ချီးကျူးပါတယ်ဗျာ...”

မျက်မမြင်ဗေဒင်ဆရာက အေးစက်စွာတုံ့ပြန်ပြောဆိုလိုက်သည်။ “ဒီလောက် လည်းမဟုတ်သေးပါဘူး။”

လီဆွန်းဟွာ-“ဒီလုပ်ကြံမှုက ထယ်ကျွမ်ကျားနဲ့ ဘာမှမပတ်သက်ဘူးပေါ့။”

မျက်မမြင်ဗေဒင်ဆရာ-“ဘာမှမပတ်သက်ဘူးလို့တော့ ပြောလို့မရဘူး...”

သူဖုန်းစားက ဖြတ်ပြောလိုက်သည်။ “ထယ်ကျွမ်ကျားကို ငါမတွေ့ဘူးသလို သူ ဘယ်သူဆိုတာလည်း ငါမသိဘူး။ ခုနက ပြဇာတ်လေးက မင်းအတွက်သီးသန့်ကပြ ခဲ့ကြတာပါ။”

လီဆွန်းဟွာ ခါးသီးစွာပြုံးလိုက်မိလေသည်။ “သိပ်ကိုကောင်းတဲ့ ဖျော်ဖြေမှု လေးပါပဲ။”

မျက်မမြင်ဗေဒင်ဆရာ-“မဟုတ်ရင် လီတွမ့်ဟွာကို ဘယ်လိုလုပ်ပြီး ကျုပ်တို့ လှည့်စားနိုင်ခဲ့မှာလဲ။”

လီဆွန်းဟွာ-“ဪ... ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိထားနှင့်ကြတယ် ပေါ့။ ကျုပ်လာမယ်ဆိုတာကိုလည်း သိထားကြပုံပဲ။”

မျက်မမြင်ဗေဒင်ဆရာ-“ခင်ဗျား ဒီမြို့ထဲကိုမဝင်လာခင်ကတည်းက တစ်စုံတစ် ယောက်က ခင်ဗျားကို မြင်တွေ့ထားခဲ့ပါတယ်။”

လီဆွန်းဟွာ-“ဒါပေမဲ့ ကျုပ်ဖြစ်နေမှန်း ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး သိနေခဲ့ကြ တာလဲ။”

မျက်မမြင်ဗေဒင်ဆရာ-“ကျုပ်တို့မသိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ယောက်သောသူ ကတော့ သိနေပါတယ်။”

လီဆွန်းဟွာ-“ခင်ဗျားတို့ ကျုပ်ကိုမသိကြမှတော့ ဘာဖြစ်လို့ ဇာတ်တိုက်ဖျော် ဖြေခဲ့ကြတာလဲ။”

မျက်မမြင်ဗေဒင်ဆရာ-“ဘာဖြစ်လို့လဲဆိုတော့ ထယ်ကျွမ်ကျားအတွက်ပေါ့။”

သူ၏အမူအယာများက ရုတ်ချည်းပင် အဆိပ်အတောက်ပြင်းထန်စွာ ပြောင်းလဲ သွားခဲ့ပြီး နာကျည်းစွာပြောဆိုလိုက်သည်။ “သူ့ကို ကျုပ်တို့လိုက်ရှာနေတာ တော် တော်လေးကြာသွားပြီ။ မတွေ့နိုင်သေးဘူး။ လီတွမ့်ဟွာသာ ကျုပ်တို့ဆီမှာရှိနေမှန်း သိရင် သူထွက်ပေါ်လာမှာပဲ။”

လီဆွန်းဟွာက ပြုံးပြီးမေးမြန်းလိုက်သည်။ “သူမလာဘူးဆိုရင်ကော...”

မျက်မမြင်ဗေဒင်ဆရာက အေးစက်စွာပြောဆိုလိုက်သည်။ “သူဒုက္ခရောက်နေ ချိန်မှာ ခင်ဗျား ပစ်မထားနိုင်သလို ခင်ဗျားဒုက္ခရောက်နေချိန်မှာလည်း သူပစ်ထား မှာမဟုတ်ပါဘူး။ သူထွက်ပေါ်လာလိမ့်မယ်ဆိုတာ ကျုပ်တို့သိထားပါတယ်။ မဟုတ်ရင် ဒီနည်းလမ်းကို ကျုပ်တို့ဘယ်အသုံးပြုလိမ့်မလဲ။”

လီဆွန်းဟွာ-“ခင်ဗျားတို့ရဲ့ အကြံအစည်ကြီးမားမှုကိုတော့ ကျုပ်လက်ခုပ်တီးပြီး ချီးကျူးသင့်တယ်။”

မျက်မမြင်ဗေဒင်ဆရာ-“ကျုပ်သာ ဒီလောက်ဉာဏ်ကောင်းပြီး အကြံအစည်ကြီး မားနိုင်ခဲ့မယ်ဆိုရင် ကျုပ်မျက်လုံးတွေ ကန်းခဲ့မှာမဟုတ်ဘူး။”

လီဆွန်းဟွာ-“ခင်ဗျားရဲ့ အကြံအစည်မဟုတ်ဘူးလား။”

မျက်မမြင်ဗေဒင်ဆရာ-“လုံးဝမဟုတ်ဘူး။”

သူဖုန်းစား-“ငါကြံစည်ခဲ့တာလည်းမဟုတ်ဘူး။ ငါ့မှာထူးထူးဆန်းဆန်းပြဿ နာတစ်ခုရှိတယ်။ သူတစ်ပါးကို ထိခိုက်နစ်နာစေမယ့် အလုပ်မျိုးလုပ်တော့မယ်ဆို ရင် ငါခေါင်းကိုက်တတ်လေ့ရှိတယ်။”

လီဆွန်းဟွာ-“ဒါဆိုရင် နောက်ကွယ်က တစ်စုံတစ်ယောက်ရှိနေခဲ့တယ်ပေါ့။”

မျက်မမြင်ဗေဒင်ဆရာ-“မေးမနေပါနဲ့တော့။ သူ့ကိုမကြာခင်မှာပဲ ခင်ဗျားတွေ့ ရမှာပါ။”

လီဆွန်းဟွာ၏ သွေးကြောကွက်ကို သူ့တုတ်တံဖြင့်ပိတ်ပြီး ပြောဆိုလိုက်သည်။ “သူ့ကိုတွေ့ရင်တော့ ဒီလောကကြီးထဲမှာ နေနေရတာ ဘာမှအဓိပ္ပါယ်မရှိဘူးဆိုတာ သိလာလိမ့်မယ်။ သေသွားတာကမှ ပိုပြီးကောင်းလိမ့်ဦးမယ်။”

+++++

တံခါးဝသည် သေးသေးလေးဖြစ်၏။ နံရံကတော့ တော်တော်လေးမြင့်သည်။

အတွင်းဘက်ပန်းခြံထဲမှ မည်သည့်အသံမျှ မကြားရပါ။

ကျယ်လောင်စွာ ရယ်မောလိုက်သံကြီးကို အားလုံးကြားလိုက်ကြရလေသည်။ “ကျုပ်ရဲ့ ညီလေးကို ခင်ဗျားတို့ ဖိတ်ခေါ်လာနိုင်ခဲ့ကြရဲ့လား။”

ထိုအသံကိုကြားလိုက်ရသောအခါ လီဆွန်းဟွာ တုန်လှုပ်သွားရလေသည်။

အသံရှင်သည် လောင်ရှောင်း၄ယွန် ဖြစ်နေလေသည်တကား...

နောက်ကွယ်မှ ဉာဏ်ကြီးရှင်သည် သူဖြစ်နေပါပေါ့လား...

မျက်မမြင်ဗေဒင်ဆရာက အေးစက်စွာ ပြောဆိုလိုက်သည်။ “ဟုတ်တယ်။ ကျုပ် တို့ လီတွမ့်ဟွာကို ခေါ်လာခဲ့ပါပြီ။”

သူ့စကားသံပင်မဆုံးသေး... လူတစ်ယောက် တံခါးဝမှထွက်ပေါ်လာသည်။ လောင်ရှောင်း၄ယွန်မှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။

သူထွက်လာလာခြင်းပင် လီဆွန်းဟွာ၏လက်ကို ကိုင်ဆွဲထားပြီး ပြောဆိုလိုက် သည်။ “၂ နှစ်တောင်ရှိပြီနော် ညီလေး... ကျုပ်မင်းကို နေ့စဉ်နေ့တိုင်း သတိရနေပါ တယ်ကွာ။”

လီဆွန်းဟွာ ပြန်လည်ပြုံးပြလိုက်သည်။ “အစ်ကိုကြီးကတွေ့ချင်နေမှတော့ ကျ နော့်ကို လူကြုံပါးလိုက်ရောပေါ့။ ဒီလောက်ကြီးလည်း ဒုက္ခခံစရာမလိုပါဘူးဗျာ။”

သူဖုန်းစားက ရုတ်တရက်ပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ကောင်းတယ်... သိပ်ကိုကောင်းတယ်... မင်းရဲ့စိတ်ဓာတ်ကိုတော့ ချီးကျူးသွားပြီ။ ဒီလိုအခြေအနေမျိုးမှာတောင်မှ တည်တည်ငြိမ်ငြိမ်နေနိုင်နေသေးတယ်လား။”

လောင်ရှောင်း၄ယွန်သည် နားကန်းနေသူတစ်ယောက်ကဲ့သို့ပင်... ထိုလူများ ပြောဆိုနေကြသည်များကို မကြားဟန်ဆောင်နေလိုက်သည်။ လီဆွန်းဟွာ၏လက် ကို ဆွဲကိုင်ထားဆဲ... “မင်းလာမယ်ဆိုတာသိထားလို့ ကျုပ် အရက်ကောင်းကောင်း စီမံထားပါတယ်။”

လီဆွန်းဟွာကို ဖေးမ မတ်တတ်ရပ်စေလိုက်ပြီး ကျန်သည့်လူများဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ “လာကြပါ... လာကြပါ... ကျုပ်တို့ညီအစ်ကိုနှစ် ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှု အထိမ်းအမှတ်အနေနဲ့ ကျုပ်တည်ခင်းဧည့်ခံတဲ့ အစား အသောက်တွေကို လာသုံးဆောင်ကြပါဦး။”

မျက်မမြင်ဗေဒင်ဆရာက ရွေ့ပင်မရွေ့။

သူ၏ ညီအစ်ကိုမောင်နှမများသည်လည်း တုတ်တုတ်မျှမလှုပ်ကြချေ။

လောင်ရှောင်း၄ယွန်က ပြုံးပြီးပြောဆိုနေသည်။ “အိုး... ခင်ဗျားတို့က မချီးမြှင့် ကြတော့ဘူးပေါ့လေ။”

မျက်မမြင်ဗေဒင်ဆရာက အေးစက်စွာပြောဆိုလိုက်သည်။ “ထယ်ကျွမ်ကျားအ တွက်သာ ကျုပ်တို့တွေ ဒီလိုမျိုးလုပ်ခဲ့ကြတာ။ ကျုပ်တို့အလုပ်က ပြီးသွားပြီ။ ထယ် ကျွမ်ကျား ထွက်ပေါ်လာရင်သာ ကျုပ်တို့ကိုအသိပေးဖို့မမေ့ပါနဲ့။”

ပြီးနောက် မဲ့ရွဲ့စွာပင် ပြောဆိုလိုက်သည်။ “စတုတ္ထသခင်ကြီးတိုက်မယ့်အရက် အတွက်ကတော့... ကျုပ်မသောက်ရဲပါဘူး။ စတုတ္ထသခင်ကြီးရဲ့မိတ်ဆွေတစ်ယောက် ဖြစ်ဖို့ ကျုပ်မှာဘာအစွမ်းအစမှမရှိပါဘူး။”

ထို့နောက် မည်သည့်စကားမျှပြောဆိုခြင်းမရှိတော့ဘဲ ထွက်ခွာသွားလေတော့ သည်။

ပန်းခြံထဲတွင် အရက်မျိုးစုံရှိနေလေသည်။

စားစရာအမြည်းများကလည်း အထက်တန်းကျလှသည်။ အရက်များမှာ နာမည် ကြီး အရက်ကောင်းများပင်။

သူဖုန်းစားသည် ဟန်ပင်ဆောင်မနေတော့။ ချက်ချင်းပင် ထိုင်ချလိုက်သည်။ “ရိုးရိုးသားသားပြောရရင် ကျုပ်လည်းထွက်သွားချင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီအစားအစာ တွေနဲ့ အရက်တွေကိုတော့ နှမြောမိသား။”

သူသည် အရက်ခွက်ကို မြှောက်ပြီး လီဆွန်းဟွာကို ပြောဆိုလိုက်သည်။ “မင်း လည်း အရက်သောက်သင့်တယ်။ ဒီလူတိုက်တဲ့အရက်ကို မသောက်စရာ ဘာအ ကြောင်းမှမရှိဘူး။ သူ့အရက်ကို သောက်ဖို့အကြောင်းလည်း သိပ်တော့မရှိလှပါဘူး လေ။”

လောင်ရှောင်း၄ယွန်-“ဒါကတော့ သူရဲကောင်းဟူပါ။ မင်းတို့တွေ့ဖူးကြမယ်လို့ ကျုပ်တော့မထင်ဘူး။”

လီဆွန်းဟွာ-“သူရဲကောင်းဟူ... ခင်ဗျားရဲ့နာမည်က ‘ပုကွေ’လား။”

သူဖုန်းစားက ပြုံးရယ်ပြလိုက်သည်။ “မှန်တယ်။ ငါ ဟူပုကွေပဲ။ သူရဲကောင်း လို့သာ မင်းကခေါ်ဆိုနေပေမယ့် စိတ်ထဲမှာတော့ ‘ဩ... ဒီလူက အရူးဟူကိုး... ဒါ ကြောင့်မို့လို့လည်း ရူးကြောင်ကြောင် ဟန်ဆောင်ခဲ့တာကိုး...’လို့တွေးနေတယ်မ ဟုတ်လား။”

လီဆွန်းဟွာက ဟက်ကနဲရယ်မောပြီး ဖြေဆိုလိုက်သည်။ “ခင်ဗျားပြောတာမှန် ပါတယ်။”

ဟူပုကွေသည် သဘောကျစွာရယ်မောပြီး ပြောဆိုနေသည်။ “မင်းကတော့ တော် တော်လေး ထူးဆန်းတဲ့လူတစ်ယောက်ပဲ။ မင်းကိုယ်တိုင်လည်း အရူးတစ်ယောက်ပဲ မဟုတ်လား။ မင်းသာမရူးနေဘူးဆိုရင် လောင်ရှောင်း၄ယွန်လို လူစားမျိုးနဲ့ ဘာအ ကြောင်းနဲ့မှ မိတ်ဆွေဖြစ်စရာအကြောင်းမရှိဘူး။”

လီဆွန်းဟွာက ပြုံး၍သာနေလိုက်၏။

ဟူပုကွေ-“ဒါပေမဲ့ ငါ့ကို သူ့မိတ်ဆွေလို့တော့မထင်လိုက်နဲ့။ ငါသူ့ကိုကူညီတာ က သူ့ပေါ်မှာတင်ရှိနေတဲ့ အကြွေးကျေအောင်လို့ပဲ။ နောက်ဆိုရင် သူနဲ့ဆက်ဆံစရာ ဘာအကြောင်းမှ မရှိတော့ဘူး။”

ရုတ်တရက်ပင် စားပွဲကိုလက်ဝါးဖြင့်ရိုက်ပြီး ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ဒီ နည်းလမ်းက သိပ်ကို ကောက်ကျစ်လွန်းတယ်။ ဘာဂုဏ်သိက္ခာမှမရှိဘူး။ ရှက်စရာ သိပ်ကောင်းသလို ရွံစရာလည်းကောင်းတယ်။ မမှန်ဘူး... သိပ်ပြီးစက်ဆုတ်စရာ လည်းကောင်းတယ်...”

စကားပြောဆိုနေရင်းပင် သူ့ပါးပြင်ပေါ်သို့ လက်ဝါးဖြင့် ၁၇-၁၈ ချက်လောက် ရိုက်ပုတ်နေ၏။ ပြီးနောက် စားပွဲပေါ်တွင်မျက်နှာအပ်ပြီး ငိုကြွေးနေပြန်သည်။ လောင်ရှောင်း၄ယွန်အတွက်တော့ ဤအရာများသည် အဆန်းမဟုတ်တော့။ ထို့ ကြောင့် မည်သို့မျှမနေချေ။

သို့သော် လီဆွန်းဟွာကတော့ စိတ်မကောင်းပင်ဖြစ်သွားရလေသည်။ ထို့ ကြောင့်နှစ်သိမ့်စကားဆိုလိုက်သည်။ “ဘယ်လိုပဲပြောပြောပါ... ကျုပ်သတိထားမိ ခဲ့တယ်ဆိုရင်တောင် ခင်ဗျားရဲ့နောက်ဆုံးတိုက်ကွက်ကို ခုခံကာကွယ်နိုင်မှာမဟုတ် ပါဘူး။”

ဟူပုကွေက စားပွဲခုံကို နောက်တစ်ချက်ရိုက်လိုက်ပြန်သည်။ ပြီးနောက်စိတ်ဆိုး ဒေါသထွက်စွာ ပြောဆိုလိုက်သည်။ “ဘာချီးပုံကြီးလဲ...ဟမ်... မင်းကို မလှည့် စားဘဲနဲ့ ငါ ဘယ်လိုလုပ်ပြီး ထိနိုင်ခဲ့မှာလဲ။ ငါက မင်းကိုနာကျင်အောင်လုပ် ခဲ့တဲ့လူ... ခုတော့ မင်းက ငါ့ကိုပြန်ပြီးနှစ်သိမ့်နေသေးတယ်။ ဘာသဘောလဲကွ...”

လီဆွန်းဟွာ ဘာပြန်ပြောရမှန်းပင်မသိတော့။

ဟူပုကွေ-“ငါသိပ်စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဘာအကြောင်းမှမဟုတ်ဘဲနဲ့ လည်း ဒေါသထွက်တတ်တယ်။ အမှန်အမှားလည်း မခွဲခြားတတ်ဘူး။ အရာအား လုံးကို သူများနဲ့ပြောင်းပြန်ပဲ လုပ်ကိုင်တတ်တယ်။ ငိုချင်တဲ့အချိန်မှာ ကောက်ငို တတ်သလို ရယ်ချင်ရင်လည်း ရယ်နေတတ်သေးတယ်... ငါဟာ ချီးထုပ်ကြီးတစ် ယောက်ပါကွာ...”

ရုတ်တရက်ပင် လောင်ရှောင်း၄ယွန်ဘက်သို့လှည့်ပြီး ပြောဆိုလိုက်သည်။ “ဒါ ပေမဲ့ မင်းကတော့ ငါ့ထက်ပိုကြီးတဲ့ ချီးထုပ်ကြီးပေါ့ကွာ။ မင်းရဲ့သားက မင်းထက် တောင်မှ ပိုပြီးကြီးတဲ့ချီးထုပ်ဖြစ်နေသေးတယ်။ ခြေနှစ်ချောင်းရှိနေပါလျက် ခွေးတစ် ကောင်လို စားပွဲအောက်မှာ တွားသွားနေတယ်။ အရိုးအရင်းလေးများ စားချင်လို့ လားမသိဘူး။”

လောင်ရှောင်း၄ယွန် မျက်နှာပျက်သွားခဲ့သည်။ စားပွဲအောက်သို့ ငုံ့ကြည့်လိုက် ရာ လောင်ရှောင်း၃ယွန်တစ်ယောက် စားပွဲအောက်မှ တိုးထွက်လာလေသည်။ လက် ထဲတွင် ဓားမြှောင်တစ်ချောင်းကိုင်ထားပြီး လီဆွန်းဟွာအနီးမှ ထွက်ပေါ်လာ၏။

လောင်ရှောင်း၄ယွန်က သားဖြစ်သူအား ဂုတ်မှဆွဲကိုင်လိုက်ပြီး စိတ်တိုစွာမေး မြန်းလိုက်သည်။ “မင်းကိုယ်မင်း ဘာလုပ်နေတယ်လို့ထင်လဲ။”

လောင်ရှောင်း၃ယွန်၏မျက်နှာပေးက တည်ငြိမ်စွာရှိနေဆဲပင်။ “လူတစ်ယောက် ဟာ ရန်သူမိတ်ဆွေ ခွဲခြားတတ်ရမယ်လို့ ဖေဖေတစ်ခါက ပြောခဲ့ဖူးတယ်မဟုတ် လား။”

လောင်ရှောင်း၄ယွန်က ခေါင်းညိတ်ပြလိုက်သည်။

လောင်ရှောင်း၃ယွန်-“သိုင်းလောကမှာ ကလဲ့စားချေရတယ်ဆိုတာ ရှိတယ်မ ဟုတ်လား။ အကြွေးဆိုတာ ရှိရင်ပြန်ဆပ်ရတယ်လေ။ ကျနော့်သိုင်းပညာကို သူဖျက် ဆီးခဲ့တယ်။ ခုဆိုရင် တစ်သက်လုံးဒုက္ခိတအဖြစ်နဲ့ ကျနော်နေသွားရတော့မယ်။ သူ့ ခြေထောက်နှစ်ဘက်ကို အကြွေးအဖြစ်တောင်းဆိုမယ်ဆိုရင် ကျနော့်ဘက်က မလွန် ပါဘူး။”

လောင်ရှောင်း၄ယွန်၏ မျက်နှာသွေးဆုတ်ဖြူရော်သွား၏။ “မင်းက လက်စား ချေချင်တယ်ပေါ့လေ...”

လောင်ရှောင်း၃ယွန်က ခေါင်းညိတ်ပြလိုက်သည်။

လောင်ရှောင်း၄ယွန်က ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ “သူ ဘယ်သူလဲဆိုတာသိလား။”

လောင်ရှောင်း၃ယွန်-“ကျနော့်ရန်သူဆိုတာပဲသိတယ်။”

စကားအဆုံးတွင် သူ့မျက်နှာပေါ်သို့ လောင်ရှောင်း၄ယွန်က ဖြတ်ရိုက်လိုက်ပြီး စိတ်ဆိုးစွာ ပြောဆိုလိုက်သည်။ “မင်းဖခင်ရဲ့ သွေးသောက်ညီအစ်ကိုဆိုတာကိုကော မင်းသိရဲ့လား။ မင်းကိုသင်ကြားပေးဖို့ သူ့မှာအခွင့်အာဏာရှိတယ်။ မင်းက ဘာဖြစ် လို့ လက်စားချေချင်နေရသေးတာလဲ။ ဘာဖြစ်လို့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေရတာ လဲ။”

ဖခင်ဖြစ်သူ၏ ဆူပူအော်ငေါက်မှုကို ခံယူပြီးသည့်နောက် လောင်ရှောင်း၃ယွန် သည် လီဆွန်းဟွာရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ “ကျနော်မှားသွားခဲ့ပါ တယ်။ ဒီအဖြစ်အပျက်ကို နောက်ဆိုရင် သင်ခန်းစာယူပါ့မယ်။ ဦးရီးတော် လီခင် ဗျာ... တူတော်မောင်ကို ခွင့်လွှတ်ပါ။”

လီဆွန်းဟွာ ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားခဲ့ရလေသည်။

သို့သော် ဟူပုကွေသည် ထခုန်ပြီး အော်ပြောလိုက်သည်။ “ဘုရားသခင်... ဒီနှစ် ယောက်ကို ကျုပ်သည်းမခံနိုင်တော့ပါလား။ အန်တောင်အန်ချင်လာပြီ။”

သူအော်ဟစ်ပြောဆိုရင်း ခြံတံခါးပေါက်မှ ထွက်ခွာသွားလေတော့သည်။

0 comments:

Post a Comment