Wednesday, February 16, 2011

(၁၇) စိတ်ရင်းစေတနာမှန်

ထိုစကားများကို ကြားလိုက်ရပြီးနောက် လောင်ရှောင်း၄ယွန်သည် ခေါင်းကိုအတော်ကြာကြာငုံ့ထားလိုက်ပြီး- “မနက်ဖြန်... မနက်ဖြန်ဆိုရင် မင်းသွားရတော့မယ်။”

လီဆွန်းဟွာ-“ကျနော့်ကိုလိုက်ပို့ဖို့မလိုပါဘူး။ ကျနော်က သူများတွေကို လိုက်ပို့လေ့မရှိသလို ကျနော့်ကိုလည်း သူများတွေကလိုက်ပို့ နှုတ်ဆက်မှာကို မလိုလားပါဘူး။ အဲ့ဒီလိုမျိုးစိတ်မကောင်းစရာ ခွဲခွာကြရရင် ကျနော့်စိတ်ကို ထိန်းထားနိုင်မယ်မထင်ဘူး။”

သူသည် အားတင်းပြီး ရယ်မောလိုက်၏။ “ကျနော်က အဝေးကြီးကိုသွားရမှာမှမဟုတ်ပဲ။ နောက် ၁ ရက် ၂ ရက်လောက်ဆိုရင် ပြန်ရောက်ချင်တောင် ရောက်နေလောက်ပါပြီ။”

လောင်ရှောင်း၄ယွန်သည် အားအင်များပြန်လည်ပြည့်လာခဲ့သလို ခံစားလိုက်ရ၏။ “မင်းပြောတာမှန်တယ်။ မင်းပြန်လာရင် ကျုပ်ကိုယ်တိုင်ထွက်ကြိုနေမယ်။ ပြီးတော့ ကျုပ်တို့တွေ အရက်အတူတူသောက်ကြတာပေါ့။”

ရုတ်တရက်ပင် စကားသံတစ်သံပျံ့လွင့်လာခဲ့၏။ “သူဒီကိုဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူးဆိုတာ ရှင်သိထားရက်နဲ့ကိုယ့်ကိုယ်ကို ဘာဖြစ်လို့လိမ်ညာချင်နေရတာလဲ။”

လင်ရှီးယင် ဝင်ရောက်လာသည်။ သူမ၏ချောမောလှပသော မျက်နှာလေးသည် ညှိုးနွမ်းနေ၏။

လီဆွန်းဟွာ၏ နှလုံးသားထဲ၌ နာကျင်စွာခံစားလိုက်ရလေသည်။ သို့သော် သူသည် အပြုံးမပျက်ဘဲ မေးလိုက်၏။ “ကျုပ်ကဘာဖြစ်လို့ပြန်မလာရမှာလဲ။ ဒီနေရာမှာ ကျုပ်သိပ်ကိုခင်ရတဲ့ မိတ်ဆွေတွေ ရှိနေတာပဲ။ ကျုပ်...”



လင်ရှီးယင်က သူ့အားစကားဆက်ခွင့်မပေးခဲ့ပါ။ “ဘယ်သူက ရှင့်ရဲ့မိတ်ဆွေလဲ။ ဒီနေရာမှာ ရှင့်ရဲ့မိတ်ဆွေတွေ တစ်ယောက်မှမရှိဘူး။”

လောင်ရှောင်း၄ယွန်ကို သူမလက်ညှိုးထိုးပြလိုက်ပြီး- “သူဟာရှင့်ရဲ့မိတ်ဆွေလို့ ရှင်ထင်နေတာလား။ ရှင့်ရဲ့မိတ်ဆွေသာဆိုရင် အခုချိန်လောက်ဆို ရှင့်ကိုလွှတ်ပေးပြီးနေလောက်ပြီ။”

လောင်ရှောင်း၄ယွန်-“ဒါပေမဲ့... သူက...”

လင်ရှီးယင်-“သူဘာလို့ထွက်မသွားသေးတာလဲဆိုတော့ ရှင့်ကိုဒုက္ခမရောက်စေချင်လို့ပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ရှင်ကသူ့ကို ခုချိန်ထိ မလွှတ်ပေးသေးတာလဲ။ ထွက်သွားသင့်၊ မသွားသင့် သူ့ဘာသာဆုံးဖြတ်လိမ့်မယ်။ ခုတော့ သူ့ကိုလွှတ်ပေးဖို့၊ မလွှတ်ပေးဖို့ဆုံးဖြတ်နေတာက ရှင်ဖြစ်နေပါလား။”

လောင်ရှောင်း၄ယွန်၏ပြန်အဖြေစကားကို စောင့်နားထောင်မနေတော့ဘဲ သူမ ချာခနဲလှည့်ထွက်သွားခဲ့၏။

လောင်ရှောင်း၄ယွန်က ထရပ်လိုက်ပြီး- “မင်းဘာပဲလုပ်ချင်လုပ်ချင်၊ ကျုပ်မင်းကို လွှတ်ပေးလိုက်တော့မယ်။”

လီဆွန်းဟွာ စတင်၍ရယ်မောနေလေပြီ။

လောင်ရှောင်း၄ယွန်သည် ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီး- “ညီလေး… မင်းဘာလို့ ရယ်နေရတာလဲ။”

လီဆွန်းဟွာ-“အစ်ကိုကြီးတစ်ယောက် ဘယ်တုန်းကတည်းကများ မိန်းမတစ်ယောက်ရဲ့စကားကို နာခံသူဖြစ်သွားခဲ့ရတာလဲ။ ကျနော်သိခဲ့တဲ့ လောင်ရှောင်း၄ယွန်ဆိုတာ ယောက်ျားပီသသူတစ်ယောက်ပါ။ အခုလို မယားကြောက်တစ်ယောက်မဟုတ်ခဲ့ပါဘူး။”

လောင်ရှောင်း၄ယွန်သည် လက်သီးဆုပ်လိုက်ပြီး မျက်ရည်များကျဆင်းလာခဲ့၏။ “ညီလေး... မင်းဟာ ကျုပ်တို့အပေါ်မှာ သိပ်ကိုကောင်းခဲ့ပါတယ်ကွာ။ မင်းဘာတွေစဉ်းစားပြီးမှ လုပ်နေတာလဲဆိုတာ ကျုပ်မသိတာမဟုတ်ပါဘူး။ ကျုပ်သိပါတယ်။ ကျုပ်... ကျုပ်မင်းကို ဘယ်လိုမျိုး ကျေးဇူးပြန်ဆပ်ရမှန်းတောင်မသိတော့ပါဘူးကွာ။”

လီဆွန်းဟွာ-“အစ်ကိုကြီးဆီက ကျနော်အကူအညီတစ်ခုပဲ တောင်းချင်တယ်။”

“မင်းဘာဖြစ်ချင်လဲ... ဘာလိုချင်လဲ... အစ်ကိုကြီးတတ်နိုင်သလောက် အစွမ်းကုန်ကူညီမယ်။”

လီဆွန်းဟွာ-“မနေ့ညက ရောက်လာခဲ့တဲ့ လူငယ်လေး အားဖေကိုသိတယ်မဟုတ်လား။”

“သိပ်သိတာပေါ့။”

လီဆွန်းဟွာ-“သူသာ ဒုက္ခ တစ်စုံတစ်ခု ရောက်ခဲ့မယ်ဆိုရင် သူ့ကိုပစ်မထားဘဲ အကူအညီပေးစေချင်တယ်။”

လောင်ရှောင်း၄ယွန်-“ဒီလောက်ဖြစ်နေချိန်မှာတောင်မှ သူများအတွက်ကို မင်းကစဉ်းစားပေးနိုင်နေသေးတယ်။ မင်းအတွက်ကော ထည့်စဉ်းစားပေးသေးရဲ့လား။”

လီဆွန်းဟွာ-“ကျနော့်ကို အဲ့ဒီအကူအညီ ပေးမယ်မပေးဘူးဘဲ ပြောပါဗျာ။”

“မင်းတောင်းတဲ့အကူအညီကို ကျုပ်ပြည့်ပြည့်ဝဝ ကူညီပေးမှာပါ။ ဒါပေမဲ့ သူ့ကိုတွေ့နိုင်၊ မတွေ့နိုင်တော့ ကျုပ်လည်းမပြောတတ်ဘူး။”

လီဆွန်းဟွာသည် ထိတ်လန့်သွားခဲ့ရပြီး- “ဘာဖြစ်လို့လဲ... သူဘာဖြစ်သွားခဲ့တာလဲ။”

လောင်ရှောင်း၄ယွန်သည် အားတင်းပြုံးပြလိုက်ပြီး- “သူမနေ့ကထွက်သွားခဲ့တာကို မင်းတွေ့ခဲ့တယ်မဟုတ်လား။ ဘာဖြစ်လို့များ ဒီကိုပြန်လာဦးမှာလဲ။”

လီဆွန်းဟွာသည် သက်ပြင်းမောတစ်ခုချလိုက်ပြီး- “သူမလာပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့မှာပဲ။ ဒါပေမဲ့ သူပြန်လာမယ်ဆိုတာကို ကျနော်သိနေတယ်ဗျာ။”

လောင်ရှောင်း၄ယွန်-“သူသာ မင်းကိုလာကယ်မယ်ဆိုရင် အခုအချိန်ထိ ဘာဖြစ်လို့ရောက်မလာရသေးတာလဲ။”

သူသည် အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး- “ညီလေး- မင်းဟာ မင်းမိတ်ဆွေတွေအပေါ် အလွန်ကောင်းတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ တခြားလူတွေက မင်းလိုမဟုတ်ဘူး။”

လီဆွန်းဟွာသည် ပြုံးပြရန် ကြိုးစားလိုက်၏။ “ဒါက သူကိုယ်တိုင် ဆုံးဖြတ်ပြီးမှ လုပ်ရမယ့်ကိစ္စတစ်ခုပါ။ အစ်ကိုကြီးအနေနဲ့ သူဒီကိုရောက်လာခဲ့ရင်သာ ကူညီပေးဖို့မမေ့ပါနဲ့။ သူဟာ ကျနော့်ရဲ့ အခင်မင်ဆုံးမိတ်ဆွေတစ်ယောက်လို့ ပြောလို့ရပါတယ်။”

လောင်ရှောင်း၄ယွန်-“မင်းရဲ့မိတ်ဆွေဟာ ကျုပ်မိတ်ဆွေပဲပေါ့။”

ထိုအချိန်၌ အပြင်ဘက်မှတစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ “စတုတ္ထသခင်ကြီး... သခင်ကြီးလောင်...”

လောင်ရှောင်း၄ယွန်သည် ထရပ်လိုက်၏။ ထို့နောက် ပြန်ထိုင်ချလိုက်ပြန်၏။

လီဆွန်းဟွာသည် ပြုံးပြလိုက်ပြီး- “ကျနော်အရက်မသောက်ချင်တော့ပါဘူး။ အစ်ကိုကြီးသွားစရာရှိတာသာ သွားလိုက်ပါ။ မနက်ဖြန်ကျရင် ကျနော့်ကို လိုက်မပို့ဖို့ကိုလည်း မေ့မနေနဲ့ဦးနော်။”

လောင်ရှောင်း၄ယွန်သည် တံခါးဝသို့ လျှောက်သွားလိုက်သောအခါ တျန်ချီ သစ်ပင်အောက်၌ရပ်စောင့်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ထိုနေရာသို့ လျင်မြန်စွာလျှောက်သွားလိုက်ပြီး တီးတိုးလေး မေးလိုက်၏။ “မင်းသူ့ကို ဖမ်းမိခဲ့လား။’

တျန်ချီ-“မမိလိုက်ဘူး။”

“ဘာ... ရှင်းမယ်ဆရာတော်နဲ့သံမဏိပုလွေဆရာကြီးအပါအဝင် မင်းရဲ့လူအင်အားတွေ ဒီလောက် ကောင်းနေတာတောင်မှ... ဒီလူငယ်လေးတစ်ယောက်ကိုတောင် မဖမ်းမိနိုင်ခဲ့ဘူးလား။”

တျန်ချီ-“ဒီကောင်လေးက မယုံကြည်နိုင်လောက်အောင်ကို အစွမ်းထက်တယ်။ ကြောက်ဖို့တောင် ကောင်းနေသေးတော့တယ်။ ကျိုကျန်ရိအပါအဝင် သံမဏိပုလွေဆရာကြီးကိုပါ ဒဏ်ရာအပြင်းအထန်ရသွားအောင် တိုက်ခိုက်နိုင်ခဲ့တာဗျ။”

လောင်ရှောင်း၄ယွန်သည် ခြေတစ်ချက်ဆောင့်ချလိုက်၏။ “ဒီကောင်လေးကို ကိုင်တွယ်ဖို့မလွယ်ကူမှန်း ကျုပ်သိနေခဲ့သား။ ဒါပေမဲ့ မင်းပြောတော့ သံမဏိပုလွေဆရာကြီးက သူ့ကိုထိန်းထားနိုင်လိမ့်မယ်ဆို...”

တျန်ချီ-“သူလွတ်မြောက်သွားခဲ့ပေမဲ့လည်း ရှင်းမယ်ဆရာတော်ရဲ့ လက်ဝါးတစ်ချက်တော့ ထိသွားခဲ့ရတယ်။”

လောင်ရှောင်း၄ယွန်-“ဒါဆိုရင် သူဝေးဝေးကို ထွက်ပြေးသွားနိုင်မှာ မဟုတ်ဘူး။ မင်းဘာဖြစ်လို့ သူ့ကို လိုက်မရှာသေးတာလဲ။”

တျန်ချီ-“ရှောင်လင်ဘုန်းကြီးတွေက လိုက်ရှာနေပါပြီ။ အကြောင်းထူးတာနဲ့ ချက်ချင်းသတင်းလာပို့ပါ့မယ်။”

လောင်ရှောင်း၄ယွန်-“ကျုပ်သွားလေ့လာလိုက်ဦးမယ်။ ဒီနေရာမှာ အစောင့်ချထားလိုက်၊ ဟုတ်ပြီလား...”

ထိုနေရာ၌ တောင်တုလေးတစ်ခုရှိနေ၏။

ထိုသူနှစ်ယောက် ထွက်ခွာသွားချိန်တွင် ထိုတောင်တုလေးနောက်မှ လူတစ်ယောက်ပေါ်ထွက်လာသည်။ သူမ၏ လှပသောမျက်ဝန်းတစ်စုံ၌ မယုံကြည်နိုင်မှုများ၊ အံ့အားသင့်ဟန်များ၊ နာကျည်းမုန်းတီးနေမှုများဖြင့် ပြည့်လျှံနေသည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလှုပ်ခါနေပြီး မျက်ရည်များကျဆင်းနေ၏။

လင်ရှီးယင်၏ နှလုံးသားသည် အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့ရတော့သည်။ သူမသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး လီဆွန်းဟွာ၏ အခန်းရှိရာသို့ ဦးတည်လျှောက်သွားလိုက်၏။

သူမနောက်မှ ခြေသံများကိုကြားလိုက်ရသောကြောင့် လင်ရှီးယင်သည် တောင်တုလေး နောက်သို့ ပြန်လည်ပုန်းအောင်းနေလိုက်ပြန်သည်။

လူ ၈ ယောက်ကို တျန်ချီခေါ်လာခဲ့ပြီး မှာကြားနေသံများကို ကြားလိုက်ရ၏။ “သူ့ကိုစောင့်ကြည့်နေကြစမ်း။ ဘယ်သူမှ ဝင်မလာစေနဲ့… ဝင်လာတဲ့သူကိုလည်း အရှင်မထားနဲ့။”

အားဖေကို လိုက်၍ဖမ်းဆီးနိုင်ရန်အတွက် သူလောနေရ၏။ ထို့ကြောင့် စကားမဆုံးသေးခင်မှာပင် လှည့်ထွက်သွားခဲ့၏။

လင်ရှီးယင်သည် သူမ၏နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ရာ သွေးများစီးကျလာလေသည်။

သူမသည် သူမကိုယ်သူမ မုန်းတီးနေမိ၏။ ဘာဖြစ်လို့များ သူမသည် သိုင်းပညာရပ်များကို ထူးထူးချွန်ချွန်ဖြစ်အောင် မသင်ယူခဲ့ပါလိမ့်။

ယခုတော့ သူမနားလည်ခဲ့ပေပြီ။ အချို့အရာများသည် ရင်ဆိုင်တိုက်ခိုက်သောနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ပေသည်။

ထိုနေရာသို့ မည်ကဲ့သို့ဝင်ရောက်ရမည်ကို သူမ ယခုအချိန်ထိ မစဉ်းစားနိုင်ခဲ့သေးပါ။

ရုတ်ချည်းပင် ခြေသံတစ်စုံကို သူမ ကြားလိုက်ရ၏။ ထိုခြေသံသည် တိုးညှင်းမနေသော်လည်း လွန်စွာမှပင် လျင်မြန်လှသည်။

ထိုသူသည် သံမဏိပုလွေဆရာကြီးဖြစ်မှန်း လင်ရှီးယင် ခန့်မှန်းမိလိုက်၏။

ကျယ်လောင်စွာ မေးမြန်းလိုက်သံကို သူမ ကြားလိုက်ရ၏။ “လီဆိုတဲ့လူ ဒီအခန်းထဲမှာ ရှိနေတာလား။”

အစောင့်တစ်ယောက်-“ကျနော်တို့လည်း မသေချာပါဘူး။”

သံမဏိပုလွေဆရာကြီး-“ကောင်းတယ်။ ကျုပ် ဝင်ကြည့်လိုက်မယ်။”

ထိုအစောင့်မှ- “ဒီအခန်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ဖို့ ဆရာတျန်ချီက မှာသွားခဲ့ပါတယ်။”

သံမဏိပုလွေဆရာကြီး-“တျန်ချီ... ဟုတ်လား။ သူ့ကိုကျုပ်က သောက်ဂရုစိုက်နေရဦးမှာလား။ ကျုပ်ဘယ်သူလဲဆိုတာကိုကော သိရဲ့လား။”

အစောင့်သည် သူ၏သွေးများစွန်းထင်းနေသော အင်္ကျီကိုကြည့်လိုက်ပြီး- “ဘယ်သူ့ကိုမှ ပေးမဝင်နိုင်ဘူး...”

သံမဏိပုလွေဆရာကြီး-“ကောင်းပြီလေ...”

သူ၏လက်ကို အနည်းငယ်မြှောက်လိုက်သော်၊ အပ်ပျံလေးများ ပျံထွက်လာကြ၏။

လီဆွန်းဟွာသည် မျက်စိမှိတ်ထားပြီး အနားယူနေလိုက်၏။

နာကျင်စွာအော်ဟစ်လိုက်သံများကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံများသည် ကျယ်လောင်လှပြီး အက်ကွဲသံများပါဝင်နေသည်။

သူ့မျက်ခုံးများမြင့်တက်သွားခဲ့ပြီး- “ငါ့ကို တစ်ယောက်ယောက်ကများ ကယ်ဖို့ ကြိုးစားနေတာများလား” ဟု စဉ်းစားနေမိသည်။

ထို့နောက် လူတစ်ယောက် သံမဏိပုလွေတစ်လက်ကို ကိုင်ဆောင်ပြီး အခန်းတွင်းသို့ဝင်ရောက်လာသည်ကို သူတွေ့လိုက်ရ၏။ ထိုသူ၏မျက်နှာပြင်ထက်၌ သတ်ရိပ်ဖြတ်ရိပ်များ ပြည့်နှက်နေ၏။

လီဆွန်းဟွာ၏ အကြည့်များက ထိုသူ၏ သံမဏိပုလွေပေါ်သို့ကျရောက်နေပြီး- “သံမဏိပုလွေဆရာကြီး...”

သံမဏိပုလွေဆရာကြီးသည် လီဆွန်းဟွာ၏ မျက်နှာကို ကြည့်နေလိုက်ပြီး- “မင်းသွေးကြောပိတ်ခံထားရတယ်။”

လီဆ်ွးဟွာက ပြုံးပြလိုက်ပြီး- “ကျုပ်ရဲ့ရှေ့မှာ အရက်ခွက်ရှိနေပြီး ကျုပ်ကအရက်ကို သောက်မနေဘူးဆိုရင် ကျုပ်မလှုပ်ရှားနိုင်လို့ပေါ့။”

သံမဏိပုလွေဆရာကြီး-“မင်းမလှုပ်ရှားနိုင်နေတော့မှ ကျုပ်ကမင်းကိုသတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမဲ့ ကျုပ်မင်းကို သတ်ရလိမ့်မယ်။”

သံမဏိပုလွေဆရာကြီးသည် လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်ပြီး- “ဘာကြောင့်လဲဆိုတာ မင်း ကျုပ်ကိုမမေးတော့ဘူးလား။”

လီဆွန်းဟွာ-“ကျုပ်ကမေးလိုက်ရင် ခင်ဗျားကရှင်းပြနေရဦးမယ်။ ပြီးရင် ခင်ဗျားက ဒေါသလည်း ထွက်လာဦးမယ်။ ကျုပ်ကမဟုတ်ကြောင်း ရှင်းပြနေရင်လည်း ခင်ဗျားက ယုံကြည်မှာမဟုတ်ဘူး။ ကျုပ်ကိုသတ်မှာပဲ။ ဘာဖြစ်လို့ လေကုန်ခံနေမှာလဲ။”

သံမဏိပုလွေဆရာကြီးသည် ရုတ်ချည်းပင် ဝမ်းနည်းကြေကွဲလာ၏။ “ရုယီ... မင်းဟာဆိုး ဆိုးဝါးဝါးသေဆုံးခဲ့ရပါလား။ မင်းအတွက် ကျုပ်အခုလက်စားချေပေးတော့မယ်။”

သူ၏သံမဏိပုလွေကို မြှောက်လိုက်၏။

လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ရုယီ... မင်းကျုပ်ကိုတွေ့ရရင် သေချာပေါက်အံ့ဩသွားခဲ့မှာပဲ။ မင်းကကျုပ်ကိုမသိပေမယ့်လည်း ကျုပ်ကတော့ မင်းကိုသိနေပါတယ်။”

ရုတ်တရက်ပင် လင်ရှီးယင်ဝင်ရောက်လာခဲ့၏။ “ခဏရပ်လိုက်ပါ။ ကျမမှာပြောစရာရှိသေးတယ်။”

သံမဏိပုလွေဆရာကြီးသည် လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။ “စံအိမ်သခင်မ... ကျုပ်ရဲ့ကိစ္စမှာ ဝင်မပါဖို့တောင်းပန်ပါရစေ။”

လင်ရှီးယင်၏မျက်နှာသည် ချက်ချင်းပင် အစိမ်းရောင်သမ်းသွားခဲ့ပြီး- “ရှင့်ရဲ့ကိစ္စမှာ ကျမက ဝင်ပြီးမရှုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒီအိမ်ဟာကျမရဲ့အိမ်။ လူတစ်ယောက်ကိုသတ်မယ်ဆိုရင် သတ်သူဟာ ကျမပဲ ဖြစ်သင့်တယ်။”

“ခင်ဗျားက ဘယ်သူ့ကိုသတ်ချင်နေတာလဲ။”

လင်ရှီးယင်-“သူ့ကိုသတ်ဖို့ ရှင့်ထက်လုံလောက်တဲ့ အကြောင်းပြချက် ကျမမှာရှိနေတယ်။ ရှင်က ရှင့်ရဲ့မိန်းမအတွက် လက်စားချေချင်တာမဟုတ်လား။ ကျမက ကျမရဲ့သားအတွက် လက်စားချေရမှာပါ။ ကျမမှာ သားတစ်ယောက်ပဲရှိတယ်။”

သူမပြောသည့်အချက်က လွန်စွာမှပင် သဘာဝကျလေသည်။ မိန်းမဆိုသည်မှာ တစ်ယောက် တည်းသာရှိနိုင်သည်မဟုတ်။

သံမဏိပုလွေဆရာကြီးသည်ခဏမျှ စဉ်းစားနေလိုက်ပြီး- “ကောင်းပြီလေ။ ခင်ဗျားအရင် လက်စားချေပါ။”

သူ့အပ်ပျံများ၏ အစွမ်းကို သူ အပြည့်အဝယုံကြည်ထားသည်။ လင်ရှီးယင် ဘာမှ မလုပ်နိုင်သေးခင် သူ၏အပ်ပျံများကို ပစ်လွှတ်လိုက်ပြီး လီဆွန်းဟွာအား ကိစ္စတုံးစီရင်နိုင်သည်ဟု ယုံကြည်ထား၏။ သို့သော် လင်ရှီးယင်သည် သူ့ကိုကျော်ဖြတ်သွားခဲ့ပြီး ရုတ်တရက်ပင် လှည့်ကာ တိုက်ခိုက်လိုက်၏။

လင်ရှီးယင်၏ သိုင်းပညာမှာ သူနှင့်စာလျှင် လွန်စွာမှပင် နိမ့်ကျနေသော်လည်း သူမ၏တိုက်ခိုက်မှုမှာ ပျော့ပျောင်းမနေပါ။ သူမ၏လက်ဝါး၌ အားအင်အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ ထို့ပြင် သံမဏိပုလွေဆရာကြီးသည် ဤသို့ဖြစ်လာမည်ဟု ထင်မထားခဲ့သောကြောင့် သူမ၏ တိုက်ကွက်က ထိရောက်လှသည်။

သူ၏ဒဏ်ရာဟောင်းသည် ပြန်ကွဲထွက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားခဲ့ကာ သွေးများလည်းပန်းထွက်လာ၏။ ထို့နောက် သံမဏိပုလွေဆရာကြီးသည် မေ့မြောသွားခဲ့လေ၏။

လင်ရှီးယင်၏ ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် တုန်ခါနေသည်။

သူမသည် ပုရွက်ဆိတ်လေးတစ်ကောင်ပေါ်သို့ပင် တက်မနင်းခဲ့ဘူးကြောင်း လီဆွန်းဟွာ သိရှိထားခဲ့သည်။ ယခုသော် လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် သူမက ပြုလုပ်လိုက်သောအခါ လီဆွန်းဟွာတစ်ယောက် ဝမ်းသာရမည်လား၊ စိတ်မကောင်းပဲဖြစ်ရမည်လား မဝေခွဲတတ်တော့ချေ။ သို့သော် သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး မေးလိုက်၏။ “မင်းဒီကို ဘာလို့ ပြန်လာရတာလဲ။”

လင်ရှီးယင်သည် စကားကို ကြိုးစား၍ပြောလိုက်၏။ “ရှင့်ကိုပြန်လွှတ်ပေးရအောင် ကျမ ပြန်လာခဲ့တာ။”

လီဆွန်းဟွာ-“ကျုပ် မင်းကိုရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီပဲ။ ကျုပ်ထွက်သွားမှာမဟုတ်ဘူး။”

လင်ရှီးယင်-“ရှင်ဟာ လောင်ရှောင်း၄ယွန်ကြောင့်မို့လို့ ထွက်မသွားချင်တာ ကျမသိပါ တယ်။ ဒါပေမဲ့ ရှင်... ရှင် သူ့အကြောင်းကို မသိသေးဘူး...”

သူမသည် နောက်တစ်ကြိမ်တုန်ခါလာခဲ့ရ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမှုကြောင့် သူမ၏လက်သည်းရှည်များက လက်ဖဝါးကိုဖောက်ဝင်ပြီး သွေးများစီးကျလာခဲ့၏။ သူမထံတွင်ရှိသမျှခွန်အားများကို စုစည်းခဲ့ပြီးမှ ပြောဆိုလိုက်၏။ “သူဟာရှင့်ကို သစ္စာဖောက်ခဲ့တယ်။ သူတို့အားလုံး အတူတူပူးပေါင်းပြီးမှ ကြံစည်ခဲ့ကြတာ။”

ထိုစကားကိုပြောလိုက်ပြီးနောက် သူမ၌ ခွန်အားဟူ၍မကျန်ရှိတော့ချေ။ ထိုနေရာ၌သာ ခုံတစ်လုံးမရှိခဲ့ပါက ကြမ်းပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားနိုင်၏။ ထိုစကားများကြောင့် လီဆွန်းဟွာ တုန်လှုပ်သွားခဲ့မည်ဟု သူမ ထင်ထားခဲ့၏။

လီဆွန်းဟွာသည် ဘာမျှပြောင်းလဲမသွားခဲ့ချေ။ “မင်းအထင်မှားနေတာပဲ ဖြစ်မှာပါကွာ။ သူ ဘာဖြစ်လို့ ကျုပ်ကိုသစ္စာဖောက်ရမှာလဲ။”

လင်ရှီးယင်သည် စားပွဲ၏တစ်ဘက်စွန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသောကြောင့် စားပွဲမှာ လှုပ်ခါနေလေသည်။

“ကျမရဲ့မျက်လုံးတွေနဲ့ မြင်ခဲ့ရတာ။ ကျမရဲ့နားတွေနဲ့ ကိုယ်တိုင်ကြားခဲ့ရတာ။”

လီဆွန်းဟွာ-“မင်းရဲ့မျက်လုံးတွေနဲ့ နားတွေက မှားခဲ့တာဖြစ်မှာပေါ့။”

လင်ရှီးယင်-“ရှင်က ကျမကိုမယုံကြည်ဘူးပေါ့။”

လီဆွန်းဟွာသည် ညင်သာစွာပင် ပြောလိုက်၏။ “ဒီရက်တွေအတွင်းမှာ မင်းသိပ်ကို ပင်ပန်းခဲ့ရတယ်။ မင်းရဲ့အကြားအမြင်တွေမှားနေခဲ့တာ မဆန်းပါဘူးကွာ။ သွားတော့... ကောင်းကောင်းအနားယူလိုက်ပါလား။ မနက်ဖြန် ဒီလိုအချိန်လိုမျိုးကျရင် မင်းရဲ့ယောက်ျားဟာ လူကောင်းတစ်ယောက်ဆိုတာကို မင်းတွေ့မြင်လာလိမ့်မယ်။”

လင်ရှီးယင်သည်သူ့ကို ကြည့်နေလိုက်၏။ သူမ၏စိတ်နှင့်ကိုယ် လွတ်သွားခဲ့ရ၏။ အချိန်အတော်လေးကြာသောအခါ ကြမ်းပြင်ပေါ်သို့ သူမ ပစ်လဲကျသွားတော့သည်။

လီဆွန်းဟွာသည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။ သူမကို ဤပုံအတိုင်း သူမမြင်ရက်ပါ။ သူ၏စကားသံများက တုန်ခါလာခဲ့ပြီး- “မင်း... မင်းဘာဖြစ်လို့များ...”

သူသည် စကားကိုပင် ဆုံးအောင်မပြောနိုင်ခဲ့ဘဲ သွေးတစ်လုတ်ကို အံထုတ်လိုက်၏။

ဤအချိန်၌ လင်ရှီးယင်သည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပါ။ နှစ်ပေါင်းများစွာ၏ စိတ် ညစ်ညူးမှုများက သူမအပေါ်သို့ တစ်ချိန်တည်းမှာပင် ဖိစီးကျရောက်လာခဲ့လေသည်။ လီဆွန်းဟွာရှိရာသို့ သူမသည် ပြေးသွားလိုက်ပြီး- “ရှင်ဒီနေရာကနေ ထွက်မသွားဘူးဆိုရင် ကျမကိုယ်ကျမ ရှင့်ရှေ့မှာတင် သတ်သေလိုက်မယ်။”

လီဆွန်းဟွာက အံကြိတ်လိုက်ပြီး- “မင်းသေတာနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။”

လင်ရှီးယင်သည် သူ့ကိုမော့ကြည့်လိုက်ပြီး တုန်ခါစွာဖြင့်- “ရှင်... ရှင်...”

စကားတစ်ခွန်းအဆုံးတွင် ခြေလှမ်းတစ်လှမ်းကို သူမဆုတ်ခွာသွားပြီး တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ လဲပြိုသွားခဲ့၏။

လောင်ရှောင်း၄ယွန်၏မျက်နှာပေးက သံထည်တစ်ခုလို တင်းမာနေ၏။

သူမ၏ခါးကို သူ သိုင်းဖက်ထားလိုက်ပုံမှာ သူ့လက်ထဲမှ သူမ လွတ်ထွက်သွားမှာစိုး၍ အလား... သူ့ဘဝထဲမှ အပြီးအပိုင်ထွက်ခွာသွားတော့မည့်အလား။

သူ၏လက်များကို လင်ရှီးယင် တွေ့လိုက်ရပြီး သူမ၏မူလအခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ အေးစက်စွာပင် သူမကပြောလိုက်၏။ “ရှင့်ရဲ့လက်တွေကို လွှတ်လိုက်ပါ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ကျမရဲ့အသားကို ထိကိုင်ဖို့ မကြိုးစားပါနဲ့တော့။”

သူ၏လက်များကို လွှတ်ပေးလိုက်ပြီးနောက် သူမကို ငြိမ်သက်စွာပင် သူ မေးလိုက်၏။ “မင်း အားလုံးကို သိနေခဲ့ပြီပေါ့။”

လင်ရှီးယင်က အေးစက်စွာပင် တုံ့ပြန်လိုက်၏။ “ဒီလောကကြီးထဲမှာ ထာဝရလျှို့ဝှက်ထားလို့ရတဲ့အရာဆိုတာ မရှိဘူး။”

“မင်း... မင်းသူ့ကို ပြောပြခဲ့ပြီးပြီလား။”

လီဆွန်းဟွာသည် ပြုံးပြလိုက်ပြီး- “သူကျုပ်ကို ပြောပြခဲ့ဖို့ မလိုပါဘူး။ နဂိုကတည်းက ကျုပ် သိနေခဲ့ပြီးသားပါ။”

လောင်ရှောင်း၄ယွန်သည် မူလက လီဆွန်းဟွာကို ရင်ဆိုင်မကြည့်ရဲခဲ့သော်လည်း နောက်ဆုံးတွင်မှ အားတင်း၍ မော့ကြည့်လိုက်ပြီး- “မင်းသိနေခဲ့တာကိုး...”

“ဟုတ်တယ်...”

“ဘယ်တုန်းကတည်းကလဲ...”

လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “ခင်ဗျားက ကျုပ်ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်ကတည်းကပဲ။ တျန်ချီက ကျုပ်ကိုသွေးကြောပိတ်နိုင်အောင် ခင်ဗျားလုပ်ခဲ့တာမဟုတ်လား။ ခင်ဗျားရဲ့ လက်ချက်ဖြစ်မှန်း ကျုပ်သိနေခဲ့လည်း ကျုပ်ဗွေမယူပါဘူး။”

လောင်ရှောင်း၄ယွန်-“မင်းသိပြီးနေမှပဲ... ဘာဖြစ်လို့ မပြောခဲ့ရတာလဲ...”

“ကျုပ်ကဘာကို ဘာအတွက်ကြောင့် ပြောပြရမှာလဲ...”

လင်ရှီးယင်သည် လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်ပြီး- “ရှင်ပြောမထွက်ခဲ့တာ ကျမကြောင့်မဟုတ်လား။”

လီဆွန်းဟွာ၏ မျက်ခုံးများက မြင့်တက်သွားခဲ့ရပြီး- “မင်းအတွက်ကြောင့်...”

လင်ရှီးယင်-“ရှင်ဟာကျမကို နာကျင်မှု မဖြစ်စေချင်ခဲ့ဘူး။ ဒီမိသားစုလေးကို မပြိုကွဲစေချင်ခဲ့ဘူး။ တကယ်တော့ ဒီမိသားစုလေးဟာ ရှင့်ရဲ့...”

သူမသည် စကားကိုဆုံးအောင်မပြောနိုင်တော့ဘဲ မျက်ရည်များစီးကျလာခဲ့၏။

လီဆွန်းဟွာသည် ရုတ်တရက်ပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဘာဖြစ်လို့များ မိန်းမတွေက အရာအားလုံးဟာ သူတို့ကြောင့်လို့ ထင်နေကြရတာလဲ။ ကျုပ်မပြောခဲ့တာက ပြောစရာအကြောင်းမရှိခဲ့လို့ပေါ့။ ကျုပ်ထွက်မသွားခဲ့ရတာကလည်း သူတို့ကလွှတ်မပေးလို့ မဟုတ်ပါဘူး။”

လင်ရှီးယင်-“အခုချိန်မှာ ရှင်ဘာပဲပြောနေပြောနေ ကျမအတွက်တော့ မထူးခြားတော့ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ အားလုံးကို သိခဲ့ပြီးပြီ...”

လီဆွန်းဟွာ-“မင်းဘာများ သိနေလို့လဲ။ သူဘာကြောင့် ဒီလိုလုပ်ခဲ့ရတာလဲဆိုတာကိုကော မင်းသိရဲ့လား။ ကျုပ်ကြောင့်မို့လို့ သူ့ရဲ့မိသားစုလေး ပြိုကွဲသွားမှာကို ကြောက်နေခဲ့လို့ သူဒီလိုလုပ်ခဲ့ရတာ။ သူ့မိသားစုဟာ သူ့အတွက် ကမ္ဘာတစ်ခုပဲ... ဘယ်အရာကမှ သူ့မိသားစုထက်ပိုပြီး အရေးမကြီးဘူး။ မင်းဟာ သူ့ဘဝမှာ အရေးပါဆုံးလူတစ်ယောက်အဖြစ် သူရှုမြင်ထားခဲ့လို့ပဲ။”

လင်ရှီးယင်သည် သူ့ကိုစိုက်ကြည့်နေလိုက်ကာ နာကျင်စွာရယ်မောလိုက်၏။ ‘ရှင့်ရဲ့ဘဝကို ဒုက္ခတွင်းထဲရောက်အောင် သူလုပ်ခဲ့တာတောင်မှ ရှင်က သူ့ဘက်ကနေ ကာကွယ်ပေးနေသေးတယ်။ ကောင်းတယ်... ရှင်ဟာ မိတ်ဆွေကောင်းတစ်ယောက်ပေါ့လေ။ ဒါပေမဲ့ ကျမဟာ ခံစားချက်ရှိတဲ့လူတစ်ယောက်ဆိုတာကိုကော ရှင်သတိမှရသေးရဲ့လား။ ကျမအပေါ် ဘာဖြစ်လို့များ ဒီလိုမျိုး ဆက်ဆံခဲ့ရတာလဲ...”

လီဆွန်းဟွာသည် အဆက်မပြတ် ချောင်းဆိုးနေလိုက်၏။ ချောင်းဆိုးထုတ်လိုက်တိုင်း သွေးများက နေရာအနှံ့ပြန့်ကျဲသွား၏။

လောင်ရှောင်း၄ယွန်သည် စိတ်မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာဖြင့် အော်ပြောလိုက်၏။ “ကျုပ်ဟာ နဂိုက ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ မင်းလည်းပြန်ရောက်လာရော ကျုပ်ကိုယ်ကျုပ် ဧည့်သည်တစ်ယောက်လို ခံစားမိလာတယ်။ ကျုပ်မှာ အားထားရတဲ့ သားကောင်းတစ်ယောက်ရှိခဲ့တယ်။ မင်းလည်းရောက်လာရော ကျုပ်ရဲ့သားလည်း ဒုက္ခိတဖြစ်သွားခဲ့ရတယ်။”

လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ခင်ဗျားပြောတာမှန်တယ်။ ကျုပ်ဒီနေရာကို ရောက်မလာခဲ့သင့်ဘူး။”

လင်ရှီးယင်သည် မျက်လုံးများကို ပိတ်ထားလိုက်၏။ မျက်ရည်များကတော့ သူမ၏ပါးပြင်ပေါ်သို့ စီး၍ကျနေဆဲ။ “ကျမအတွက်ကိုသာ ရှင်နည်းနည်းလေး စဉ်းစားခဲ့မယ်ဆိုရင် အခုလိုဖြစ်လာခဲ့ရမှာ မဟုတ်ဘူး။”

လောင်ရှောင်း၄ယွန်-“ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်ကြောက်နေမိတယ်။”

လင်ရှီးယင်-“ဘာကိုကြောက်နေတာလဲ...’

လောင်ရှောင်း၄ယွန်-“မင်းကျုပ်ကို ထားသွားခဲ့မှာကို ကျုပ်ကြောက်နေမိတယ်။ မင်းမပြောပြရင်တောင်မှ မင်းရဲ့သူ့အပေါ်ထားရှိတဲ့ သဘောထားကို ကျုပ်သိနေခဲ့ပါတယ်။ သူ့ရင်ခွင်ထဲကို မင်း ပြန်ရောက်သွားမှာကို ကျုပ်ကြောက်နေမိတယ်။”

လင်ရှီးယင်သည် ရုတ်ချည်းပင် ထခုန်လိုက်ပြီး အော်ပြောလိုက်၏။ “ရှင့်ရဲ့လက်တွေကို လွှတ်လိုက်စမ်း။ ရှင်ဟာသိပ်ကို ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက် ဖြစ်နေရုံမကသေးဘူး၊ ကျမကို ဘယ်လိုလူစားမျိုးလို့ ရှင်ထင်နေခဲ့တာလဲ။ သူ့ကိုကော ဘယ်လိုလူစားမျိုးလို့ ရှင်ထင်ထားခဲ့တာလဲ။”

သူမသည် ကြမ်းပြင်ပေါ်သို့ အထိန်းအကွပ်မရှိ လဲကျသွားခဲ့ပြီး ရှိုက်ငင်နေ၏။ “ကျမဟာ... ရှင့်ရဲ့မိန်းမဖြစ်တယ်ဆိုတာ ရှင်မေ့နေခဲ့တာလား။”

လောင်ရှောင်း၄ယွန်သည် သစ်သားရုပ်တစ်ရုပ်ကဲ့သို့ ထိုနေရာ၌ မတုန်မလှုပ် ရပ်တန့်နေမိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လှုပ်ရှားမှုရှိနေသောအရာများမှာ သူ၏ကျဆင်းနေသောမျက်ရည်များသာ။

လီဆွန်းဟွာသည် သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး တစ်ကိုယ်တည်းတွေးနေမိ၏။ “ဘယ်သူ့ကြောင့်လဲ... ဘယ်သူကအမှား လုပ်ခဲ့တာလဲ...”

+++++

“ရှင်နိုးလာပြီလား...”

အသံလေးသည် နူးညံ့လှပြီး ကြင်နာမှုအပြည့်ရှိ၏။

သူ့မျက်လုံးများကိုဖွင့်လိုက်သောအခါတွင် အားဖေသည် နတ်သမီးတစ်ပါး၏ မျက်နှာလေးကို တွေ့လိုက်ရ၏။ ထိုမျက်နှာလေး၌ တစ်လောကလုံး၏ ချစ်စဖွယ်ကောင်းမှုများ၊ အကြင်နာများ စုပြုံကျ ရောက်ထားသလိုပင်။ ထိုမျက်ဝန်းများသည် လွန်စွာမှပင် ချစ်ရည်ရွှမ်းလဲ့နေ၏။ ထိုမျက်နှာလေးသည် သူ့မိခင်၏ မျက်နှာလေးအတိုင်းပင်။

ကလေးဘဝတုန်းက သူဖျားနာနေချိန်၌ စိုးရိမ်ပူပန်တကြီး ရှိနေခဲ့သော သူ့မိခင်၏ မျက်နှာလေးကို ပြန်မြင်ယောင်လာမိ၏။

အချိန်များက ကြာမြင့်ခဲ့ပါပြီ။ သူကိုယ်တိုင်ပင် မေ့သလောက်ဖြစ်နေခဲ့ပြီဖြစ်သည်။

အားဖေသည် ခါးတင်ပေါ်မှ ထရပ်ရန်ကြိုးစားလိုက်ပြီး- “ကျုပ်ဘယ်ကို ရောက်နေတာလဲ။”

သူမတ်တတ်ရပ်လိုက်စဉ်မှာပင် ပြန်၍လဲကျသွားခဲ့၏။

လင်ရှန်းအာက သူ့ကို ညင်သာစွာပွေ့ထူပေးလိုက်၏။ ပြီးနောက် တိုးညှင်းစွာဖြင့်- “ရှင် ဘယ်ကိုရောက်နေလဲဆိုတာက အရေးမကြီးပါဘူး။ ဒီနေရာကို ရှင့်အိမ်လိုပဲ သဘောထားနိုင်ပါတယ်။”

“ကျုပ်ရဲ့အိမ်...”

သူ့တွင် ဘယ်တုန်းကမှ အိမ်ဟူ၍ မည်မည်ရရမရှိခဲ့ဖူးပါ။

လင်ရှန်းအာ-“ရှင့်ရဲ့အိမ်ဟာ အလွန်ပဲ နွေးနွေးထွေးထွေးရှိလိမ့်မယ်လို့ ကျမထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှင့်မှာ တုနှိုင်းမမီနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ရှိခဲ့တယ် မဟုတ်လား။ သူဟာ အလွန်ပဲ နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရုံတင်မကသေးဘူး ရှင့်ကိုလည်း သိပ်ချစ်ပုံရတယ်။”

အားဖေသည် ထိုနေရာ၌မလှုပ်မရက်ပင် ထိုင်နေလိုက်ပြီး အတန်ကြာသောအခါမှ ပြောဆိုလိုက်၏။ “ကျုပ်မှာ အိမ်ဆိုတာမရှိခဲ့သလို... အမေဆိုတာလည်း မရှိခဲ့ဘူး။”

လင်ရှန်းအာသည် အနည်းငယ် တွေဝေသွားခဲ့ရ၏။ “ရှင်သတိမေ့နေတုန်းက ရှင့်မိခင်ရဲ့ နာမည်ကို တစ်ချိန်လုံးရေရွတ်နေခဲ့ပြီးတော့...”

အားဖေသည် မတုန်လှုပ်စွာရှိနေခဲ့ပြီး သူ့မျက်နှာ၌လည်း မည်သည့်ပြောင်းလဲမှုမျိုးကိုမှ ဖော်မပြခဲ့ချေ။ “ကျုပ် ၇ နှစ်သားလောက်တုန်းကတည်းက သူသေသွားခဲ့ပြီ။”

ဗလာချည်မျက်နှာထားနှင့် ဟန်ဆောင်နေသော်လည်း သူ့မျက်ဝန်းများတွင် မျက်ရည်စများ တွဲခိုနေ၏။

လင်ရှန်းအာက ခေါင်းကိုငုံ့ထားလိုက်ပြီး- “ကျမတောင်းပန်ပါတယ်။ ရှင့်ရဲ့အတိတ်က အကြောင်းတွေကို တူးဆွပေးလိုက်မိသလိုဖြစ်သွားခဲ့ရပြီ။”

အတန်ကြာသောအခါမှ အားဖေက မေးလိုက်၏။ “ကျုပ်ကို မင်းကယ်တင်ခဲ့တာလား။”

လင်ရှန်းအာ-“အဲ့ဒီအချိန်တုန်းက ရှင်သတိမေ့နေခဲ့တယ်။ ဒီနေရာထိ ရှင့်ကို ကျမကိုယ်တိုင် သယ်လာခဲ့ရတာ။ ရှင်ဒီမှာရှိနေသရွေ့ ရှင့်ကို ဘယ်သူမှလာရှာမှာမဟုတ်ဘူးဆိုတာ ကျမ အာမခံရဲပါတယ်။”

အားဖေ-“ကျုပ်ရဲ့အမေ မသေခင်ကကျုပ်ကို မှာသွားခဲ့တယ်။ ဘယ်သူ့ကျေးဇူးမှ အတင်မခံရဘူးတဲ့။ အဲ့ဒီစကားတွေကို ကျုပ်မမေ့ခဲ့ပါဘူး။ အခုတော့...”

သူ့စကားသံက တဖြည်းဖြည်း ကျယ်လောင်လာခဲ့၏။ “ကျုပ်… မင်းအပေါ်မှာ ကျုပ်ရဲ့အသက် ကြွေးတင်ခဲ့ရပြီ...”

လင်ရှန်းအာသည် တည်ငြိမ်စွာပင်- “ရှင်ကျမပေါ်မှာ ဘာမှအကြွေးမှ မတင်ခဲ့ပါဘူး။ ကျမရဲ့အသက်ကို ရှင်တယ်တင်ခဲ့ဖူးတာကိုလည်း မေ့မထားပါနဲ့။”

အားဖေသည် သက်ပြင်းအကြိမ်ကြိမ်ချလိုက်ပြီး ရေရွတ်နေ၏။ “ကျုပ်ကိုဘာလို့ ကယ်တင်ခဲ့ရတာလဲ... ဘာကြောင့်လဲ...”

လင်ရှန်းအာသည် သူ့ကို ကြင်နာစွာကြည့်နေလိုက်၏။ သူ့မျက်နှာပေါ်သို့ သူမ၏လက်ကလေးများတင်ထားလိုက်ပြီး- “အခုချိန်မှာ ရှင်ဘာမှတွေးမနေပါနဲ့နော်။ နောက်ကျရင် ရှင့်ကို ဘာဖြစ်လို့ ကျမက ကယ်တင်ခဲ့ရတာလဲဆိုတာ သိလာပါလိမ့်မယ်။”

သူမလက်များသည် အမှန်တကယ်ပင် လှပကြပါပေ၏။

အားဖေသည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။

ဤသို့ခံစားမှုများ သူ့ထံတွင်ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ဖူးချေ။

“ဘယ်အချိန်ရှိပြီလဲ...”

“သန်းခေါင် မရောက်တရောက်လို့ ထင်တာပဲ။”

အားဖေသည် နောက်တစ်ကြိမ်ထရပ်ရန် ကြိုးစားလိုက်ပြန်သည်။

လင်ရှန်းအာ-“ရှင်ဘယ်သွားမလို့လဲ...”

အားဖေသည် အံကြိတ်လိုက်ပြီး- “လီဆွန်းဟွာကို သူတို့ခေါ်သွားခွင့် လုံးဝမရှိစေရဘူး။”

လင်ရှန်းအာ-“ဒါပေမဲ့ သူပါသွားခဲ့ပြီ။”

အားဖေသည် ခါးတင်ပေါ်သို့ ပစ်ကျသွားခဲ့ပြန်၏။ သူ့မျက်နှာ၌ ချွေးသီးချွေးပေါက်များ ကျဆင်းနေပြီး- “သန်းခေါင်မတိုင်သေးဘူးလို့ မင်းပြောခဲ့တယ်မဟုတ်လား။”

လင်ရှန်းအာ-“ဟုတ်တယ်လေ... ဒါပေမဲ့ လီဆွန်းဟွာတို့က မနေ့ကပဲ ထွက်သွားခဲ့ကြပြီ။”

အားဖေသည် တုန်လှုပ်သွားခဲ့ရ၏။ “ကျုပ်သတိမေ့နေခဲ့တာ အဲ့ဒီလောက်တောင်မှ ကြာရသလား။”

လင်ရှန်းအာ-“ရှင့်ရဲ့ဒဏ်ရာတွေက တော်တော့်ကိုပြင်းထန်တယ်။ ရှင်ကလွဲလို့ တခြားလူတစ်ယောက်ဆိုရင် အသက်ရှင်ခဲ့မှာတောင်မဟုတ်ဘူး။ အခုအချိန်မှာ ကျမပြောတာကိုနားထောင်ပြီး ရှင့်ရဲ့ဒဏ်ရာတွေ ပျောက်ကင်းသည်အထိ ဒီမှာပဲနေရမယ်။”

“ဒါပေမဲ့... လီဆွန်း...”

လင်ရှန်းအာ-“ရှင်သူ့ကို သွားမကယ်စေချင်သေးဘူး။ သူ့အခြေအနေက ရှင့်ထက်တောင်မှ ကောင်းနေသေးတယ်။ ရှင်သူ့ကို သွားကယ်ချင်ရင်တောင်မှ ရှင့်ဒဏ်ရာတွေ ပျောက်ကင်းသည်အထိ စောင့်နေသင့်တယ်။”

သူ့ခေါင်းကို ခေါင်းအုံးပေါ်သို့ သူမ မတင်ပေးလိုက်၏။ “စိတ်မပူပါနဲ့ရှင်။ ရှင်းမယ်ဆရာတော် ကိုယ်တိုင် စောင့်ကြပ်လိုက်ပါသွားပါတယ်။ လမ်းခရီးမှာ သူအန္တရာယ်ရှိမှာ မဟုတ်ပါဘူး။”

+++++

လီဆွန်းဟွာသည် မြင်းလှည်းထဲရှိ ခုံတစ်လုံးပေါ်တွင်ထိုင်နေပြီး တျန်ချီနှင့် ရှင်းမယ်တို့ကို ကြည့်နေ၏။ စိတ်ဝင်စားစရာကောင်းလှသည်ဟု ယူဆထားပြီး တစ်ကိုယ်တည်းပြုံးနေလိုက်၏။

တျန်ချီက သူ့ကိုကြည့်လိုက်ပြီး- “မင်းဘာပြုံးနေတာလဲ...”

လီဆွန်းဟွာ-“စိတ်ဝင်စားစရာ ကောင်းလွန်းလို့ပါကွာ...”

“ဘာကိုလဲ...”

လီဆွန်းဟွာက ဟားသန်းလိုက်ပြီး မျက်လုံးများကို ပိတ်ထားကာ အိပ်နေလိုက်၏။

တျန်ချီသည် သူ့ကိုကြည့်နေလိုက်ပြီး- “ကျုပ်က မင်းအတွက် ဘာများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ...”

လီဆွန်းဟွာ-“ဘာမှမဟုတ်ပါဘူး။ ကျုပ်က မင်းရဲ့အကြောင်းကို တွေးနေတာမဟုတ်ပါဘူး။ ဒီလောကကြီးထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေ အများကြီးရှိနေတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ မင်းတော့မပါဘူး။ မင်းကကျုပ်အတွက်တော့ သိပ်ကိုစိတ်ပျက်စရာကောင်းနေတဲ့ လူတစ်ယောက်ပေါ့။”

တျန်ချီသည် စိတ်တိုသွားခဲ့ပြီး လီဆွန်းဟွာကို ရိုက်ရန်ရွယ်ထားသော သူ၏လက်ကို ပြန် ရုတ်လိုက်၏။

ရှင်းမယ်ဆရာတော်က မေးလိုက်၏။ “ကျုပ်ကိုကော စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးလား။”

သူ့ကိုယ်သူ စိတ်ဝင်စားစရာကောင်းသူတစ်ယောက်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

လီဆွန်းဟွာသည် ဟားသန်းလိုက်ပြန်၏။ “ကိုယ်တော့်ကိုတော့ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ဘုန်းကြီးတစ်ပါးနဲ့ မြင်းလှည်းတစ်စီးထဲ အတူတူ မစီးဖူးဘူး။ ဘုန်းကြီးတွေဟာ လှည်းတွေ၊ မြင်းတွေစီးကြတယ်လို့ ကျုပ်တစ်ခါမှ မကြားဖူးဘူးပါလား။”

ရှင်းမယ်သည် ပြန်လည်ပြုံးပြလိုက်၏။ “ဘုန်းကြီးတွေလည်း လူသားတွေပါပဲ။ ကျုပ်တို့က လှည်းစီးရရုံတင်မကသေးဘူး အစားအသောက်လည်း စားသောက်ရဦးမယ်။”

လီဆွန်းဟွာ-“ကိုယ်တော်က ဒီလှည်းထဲမှာ ဘာဖြစ်လို့ လွတ်လွတ်လပ်လပ် ထိုင်မနေရတာလဲ။ ကိုယ်တော်ရဲ့အခုထိုင်နေပုံက အရေပြားယားယံနေတဲ့လူတစ်ယောက် ထိုင်နေပုံမျိုးကြီး။”

ရှင်းမယ်၏ အမူအရာများက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး- “ကျုပ် ဒကာရဲ့ပါးစပ်ပေါက်ကို ပိတ်ပေးလိုက်ရမလား။”

ရှင်းမယ်သည် တျန်ချီအား ကြည့်လိုက်သော် တျန်ချီသည် လီဆွန်းဟွာ၏သွေးကြောကို ထိုးပိတ်လိုက်၏။ “ကျုပ်က ဒီလက်ချောင်းလေးကို မင်းရဲ့ဒီနေရာကို ထိုးလိုက်ရင် ဘယ်လိုခံစားရမလဲဆိုတာ သိတယ်မဟုတ်လား။”

လီဆွန်းဟွာ-“အဲ့လိုသာထိုးလိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကို မင်း နောက်ထပ် ကြားရတော့မှာမဟုတ်ဘူး။”

တျန်ချီ-“ဒါဖြင့်ရင် ကျုပ်က...”

သူ၏စကားမဆုံးသေးခင်မှာပင် မြင်းဟီသံကြီး ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး မြင်းလှည်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။

တျန်ချီသည် အပြင်ဘက်သို့ ကျယ်လောင်စွာ အော်မေးလိုက်၏။ “ဘာတွေဖြစ်နေကြတာလဲ...”

မြင်းလှည်း၏ တံခါးပေါက်ကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ကြည့်လိုက်သောအခါတွင် သူ့ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားခဲ့ရ၏။

နှင်းတောထဲ၌ လူတစ်ယောက် ရပ်နေ၏။ သူ၏ညာဘက်လက်က မြင်းလှည်းကို ဖမ်းဆုပ်ထားပြီး မြင်းများမှာ ရုန်း၍မရအောင်ဖြစ်နေသည်။ ထိုနေရာ၌ ထိုသူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေလေသည်။

0 comments:

Post a Comment