Saturday, February 12, 2011

(၁၅) အချစ်စစ်အချစ်မှန်

ရက်ပေါင်းများစွာ နှင်းမုန်တိုင်းကျခဲ့ပြီးနောက် ယနေ့အဖို့ နေသာလာ၏။ သို့သော် နေရောင်ခြည်သည် ဤအခန်းတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းမရှိချေ။ လီဆွန်းဟွာတစ်ယောက် မတုန်လှုပ်ပါ။ ကမ္ဘာပေါ်ရှိ နေရာအချို့၌ နေရောင်မရရှိကြောင်းကို သူသိထားလေသည်။ ထို့ပြင် မှိုင်တွေနေရသည့် ဘဝကို သူကျင့်သားရနေခဲ့ပြီးဖြစ်၏။

တျန်ချီတို့အဖွဲ့က သူ့ကိုဘာဆက်လုပ်ကြမည် မသိသေး။ ထိုအကြောင်းအရာများကို စဉ်းစားနေရန်အတွက်ပင် သူပျင်းကြောထူနေ၏။ ယခုအချိန်၌ ချင်ရှောင်ယီတို့ သားအဖနှင့်တွေ့ဆုံရန် ရှောင်လင်ဘုန်းတော်ကြီးများကို တျန်ချီခေါ်သွားနေလောက်ပြီ။ သူ့ကိုတော့ ဤစတိုခန်းလေးအတွင်း၌ ဖြစ်သလိုပင် ပစ်ထားခဲ့ကြလေသည်။ ထိုအချိန်ထိ လောင်ရှောင်း၄ယွန်တစ်ယောက် ဘာမျှဝင်မပြောခဲ့ချေ။

လီဆွန်းဟွာသည် လောင်ရှောင်း၄ယွန်အား အပြစ်မပြောပါ။ သူ့မှာ သူ့အကြောင်းပြချက်နှင့် သူရှိနေ၏။ သူဘာကိုမှ မလုပ်ပေးနိုင်မှန်းကိုလည်း လီဆွန်းဟွာ သိနေသည်။

ယခုအချိန်၌ သူ့ကို အားဖေမှ လာရောက်ကယ်တင်ခြင်းမပြုရန်သာ သူဆုတောင်းနေမိ၏။ အားဖေ၏ ဓားချက်များက မြန်ဆန်သည်ကို သူသိနေသော်လည်း သူ၏ ဓားကွက်များတွင် ပျော့ကွက်များ ရှိနေကြောင်းကိုလည်း သူသိထား၏။ ထို့ပြင် တျန်ချီ နှင့် ဘုန်းတော်ကြီး ရှင်းမယ် တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် အားဖေ၏ ဓားထွက်ထွက်ခြင်း သွေးမစွန်းခဲ့သော် နောက်ထပ် ဘယ်တော့မှ အားဖေသည် ဓားဆွဲထုတ်နိုင်မည် မဟုတ်တော့ချေ။

နောက်ထပ် ၃ နှစ်လောက်ဆိုလျှင် သူ၏ပျော့ကွက်များကို အားဖေမှ တွေ့ရှိပြုပြင်နိုင်လိမ့် မည်ဖြစ်ပြီး ပြိုင်ဘက်ကင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် နောက် ၃ နှစ်လောက်ထိ အားဖေသည် ဆက်၍ ရှင်သန်နေရပေလိမ့်မည်။



ကြမ်းပြင်မှာ စိုစွတ်နေ၏။ လီဆွန်းဟွာသည် ချောင်းအဆက်မပြတ်ဆိုးနေပြန်သည်။ ဤအချိန်၌ အရက်သောက်လိုက်ရလျှင်ဖြင့် ကောင်းလေစွဟု သူတွေးနေမိလေသည်။ သူ့အတွေးများက မဖြစ်နိုင်မှန်းကို သူသိနေသော်လည်း သူ့နေရာ၌သာ အခြားသူတစ်ယောက်ဆိုပါမူ ဤနေရာ၌ ချုံးပွဲခြ ငိုကြွေးနေပေလိမ့်မည်။

သို့ရာတွင် လီဆွန်းဟွာ အတွက်တော့ ရယ်မောလိုက်ရုံသာ။ လောကကြီး၌ ဤကဲ့သို့ ရယ်မောစရာ အဖြစ်အပျက်များ ရှိနေကြောင်းကို သူသိထားလေသည်။

ဤစံအိမ်တော်ကြီးသည် တစ်ချိန်က သူပိုင်ဖြစ်ခဲ့ဖူး၏။ ဤနေရာရှိ အရာအားလုံးပင် သူပိုင် ဆိုင်ခဲ့ဖူးလေသည်။ ယခုသော် သူခိုးတစ်ယောက်လို လူအားလုံးက သူ့ကို ဆက်ဆံနေကြသည်မဟုတ်ပါလား။ လောကကြီးကို သူလှောင်ရယ်ပြုချင်လာလေတော့သည်။

ရုတ်တရက် တံခါးပွင့်သွားခဲ့၏။

မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ကျိုကျန်ရိက သူ့ကိုသတ်ရန်လာရောက်ခဲ့လေသလော။

ကျိုကျန်ရိမဟုတ်မှန်းကို အကြာခင်အချိန်အတွင်းမှာပင် လီဆွန်းဟွာသိရှိလိုက်ရလေသည်။ မွှေးပျံ့သောအရက်နံ့ကိုရလိုက်ပြီးနောက် အရက်အိုးကို သယ်ယူလာသော လက်တစ်စုံအား တွေ့လိုက်ရသည်။ ထိုလက်အစုံသည် အလွန်ပင်သေးငယ်လှ၏။ လက်ကောက်ဝတ်နေရာ၌ အနီရောင် လက်ပတ်ကြိုးလေးကို တွေ့လိုက်ပြန်သည်။

လီဆွန်းဟွာ-“လောင်ရှောင်း၃ယွန်…ကလေးလား။”

တခစ်ခစ်ရယ်မောကာ အနီရောင်ဝတ်ကလေးတစ်ယောက် ရောက်ရှိလာသည်။ အရက်အိုးကိုဖွင့်လိုက်ပြီး အရက်ကိုနမ်းကြည့်လိုက်ကာ- “ခင်ဗျားအရက်သိပ်သောက်ချင်နေမှန်း ကျနော်သိပါတယ်ဗျာ။”

လီဆွန်းဟွာမှ ပြန်လည်ပြုံးပြလိုက်ပြီး- “ကျုပ် အရက်သောက်ချင်နေမှန်းသိလို့ မင်းကအ ရက်ယူလာပေးတယ် ဆိုပါတော့။”

အနီရောင်ဝတ်ချာတိတ်က ခေါင်းညိတ်ပြလိုက်၏။ အရက်ခွက်ထဲသို့ အရက်အချို့ငှဲ့ထည့်လိုက်ပြီး လီဆွန်းဟွာ၏ မျက်နှာရှေ့တွင်ဝှေ့ယမ်းပြလိုက်၏။ လီဆွန်းဟွာက ပါးစပ်ဟလိုက်သောအချိန်၌ ထိုချာတိတ်သည် နောက်သို့ဆုတ်သွား၏။ ပြီးနောက် ပြုံးပြလိုက်ပြီး မေးလိုက်သည်။ “ဒါဘာအရက်လဲဆိုတာအရင်ပြောပြနိုင်မှ ပေးသောက်မယ်။”

လီဆွန်းဟွာသည် မျက်လုံးပိတ်လိုက်ပြီး စဉ်းစားနေလိုက်ကာ- “နှစ်ချို့ ကျုရဲ့ချင်(ဝါးရွက်စိမ်း)အရက်မဟုတ်လား။ ကျုပ်သိပ်ကြိုက်နှစ်သက်တဲ့ အရက်ပေါ့။ ဒီအရက်ကို ကျုပ်မသိဘူးဆိုရင် ကျုပ်လောက်အသုံးမကျတဲ့လူ ရှိပါ့ဦးမလား။”

အနီရောင်ချာတိတ် -“မိန်းမနဲ့အရက် ပတ်သက်လာရင် ရှောင်းလီတွမ့်ဟွာကို ဘယ်သူမှ မမီဘူးဆိုတာ တကယ်ပါလား။ ဒီအရက်ကို ခင်ဗျားသောက်ချင်တယ်ဆိုရင်တော့ ကျနော်မေးတဲ့ မေးခွန်းတစ်ခုကို ဖြေပေးရလိမ့်မယ်။”

“ဘာမေးမလို့လဲ...”

အနီရောင်ချာတိတ်၏ ပြုံးရွှင်နေသောမျက်နှာမှာ တည်သွားခဲ့၏။

လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်ပြီး- “ခင်ဗျားနဲ့ ကျုပ်မိခင်တို့ ဘာပတ်သက်မှုတွေ ရှိခဲ့တာလဲ။ သူခင်ဗျားကို သဘောကျနေပုံရတယ်။”

လီဆွန်းဟွာ၏ အမူအရာများက ပြောင်းလဲသွားခဲ့ပြီး- “မင်းမေးချင်တာ ဒါပဲလား။ မေးကောမေးသင့်တယ်လို့ ယူဆထားတာလား။”

အနီရောင်ချာတိတ်-“မိခင်တစ်ယောက်ရဲ့ အကြောင်းကို သားဖြစ်သူကမေးတာ ဆန်းနေလို့လား။”

လီဆွန်းဟွာသည် စိတ်တိုသွားခဲ့၏။ “မင်းရဲ့မိခင်က မင်းအဖေကို နှစ်နှစ်ကာကာချစ်မြတ်နိုးတယ်ဆိုတာကို မင်းမမေ့သင့်ဘူး။ မင်းဘာတွေလျှောက်တွေးနေတာလဲ။”

အနီရောင်ချာတိတ်သည် အေးစက်စွာရယ်မောလိုက်ပြီး- “ကျနော့်ကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ စိတ်ကူးယဉ်မနေပါနဲ့ဗျာ။”

သူနှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး- “ခင်ဗျားဘာဖြစ်သွားခဲ့တယ်ဆိုတာ ကြားကြားခြင်း ကျုပ်အမေဟာ အခန်းထဲမှာတစ်ယောက်တည်း ကြိတ်ပြီးငိုနေခဲ့တယ်။ ကျုပ်သေမလိုဖြစ်တုန်းကတောင် ဒီလိုမငိုခဲ့ဘူး။ ကျုပ် ခင်ဗျားကို ထပ်မေးမယ်။ အဲ့ဒါဘာကြောင့်လဲ။”

လီဆွန်းဟွာ၏ နှလုံးခုံသံများ ရပ်ဆိုင်းသွားခဲ့ရ၏။ လူတကာက တက်အနင်းခံနေရသော ရွှံ့တုံးတစ်တုံးကဲ့သို့ သူ ငြိမ်သက်သွားခဲ့လေသည်။ အတန်ကြသောအခါမှ သူ့စိတ်ကိုသူထိန်းလိုက်ပြီး- “ကျုပ်မင်းကိုပြောပြမယ်၊ သေချာနားထောင်။ မင်းကြိုက်တဲ့လူကိုသွားမေးနိုင်တယ်… ဒါပေမဲ့ မင်းအမေကို ဘယ်တော့မှ ဒီလိုမေးခွန်းမျိုး မမေးရဘူး။ သူ့ဆီမှာ ဘာမှဖုံးကွယ်ထားတာမရှိဘူး။ မင်းအရက်ကို မင်းပြန်ယူသွားနိုင်ပြီ။”

အနီရောင်ချာတိတ်သည် အတန်ကြာမျှသူ့ကို အကဲခတ်ကြည့်နေသည်။ “ဒီအရက်က ခင်ဗျားသောက်ဖို့ ယူလာတာပဲ… ကျုပ် ပြန်ယူသွားလို့ဘယ်ကောင်းပါ့မလဲဗျ။”

ရုတ်တရက်ပင် လီဆွန်းဟွာ၏မျက်နှာပေါ်သို့ အရက်များကို လောင်းချလိုက်လေသည်။

လီဆွန်းဟွာက မရှောင်တိမ်းခဲ့ပါ။ အနီရောင်ချာတိတ်ကို သူလှည့်၍ပင်မကြည့်။ “မင်းဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ကျုပ်မင်းကို ဗွေမယူပါဘူး။”

အနီရောင်ချာတိတ်သည် အတောမသတ်ရယ်မောနေလိုက်ပြီး- “ကျုပ်က ကလေးတစ်ယောက်မဟုတ်ခဲ့ရင်ကော… ခင်ဗျားက ဘာလုပ်နိုင်ဦးမှာမို့လို့လဲ။”

ရုတ်တရက်ပင် ဓားပျံတစ်လက်ကို သူဆွဲထုတ်လိုက်ပြီး လီဆွန်းဟွာ၏မျက်နှာရှေ့၌ ဝှေ့ရမ်းပြနေလိုက်၏။ “ဒီဓားပျံလေးကို ခင်ဗျားမြင်တယ်နော်။ ဒါလေးက ခင်ဗျားပေးထားခဲ့တဲ့ဟာလေး။ ကျုပ် ဆီမှာ ဒီဓားပျံလေးရှိနေသရွေ့ ခင်ဗျားက ကျုပ်ကိုအကာအကွယ်ပေးနိုင်တယ်လို့ ကျုပ်အမေက ပြောပြထားခဲ့တယ်။ အခု ခင်ဗျားကျုပ်ကို အကာအကွယ်ပေးကော ပေးနိုင်လို့လား။ ကိုယ့်ကိုကိုယ်တောင်မှ မကာကွယ်နိုင်သေးတာ- ကျုပ်အတွက်ဆိုရင် ဝေလာဝေး...”

လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “မင်းပြောတာမှန်တယ်။ ဓားပျံဆိုတာ လူသတ်ဖို့… အကာအကွယ်ပေးဖို့ မဟုတ်ဘူး။”

အနီရောင်ချာတိတ်၏မျက်နှာတစ်ပြင်လုံး ဖြူဆွတ်သွားခဲ့ရ၏။ သူစိတ်ဆိုးစွာပင် အော်ပြောလိုက်၏။ “ကျုပ်ကို ဒုက္ခိတဖြစ်အောင် ခင်ဗျားကလုပ်ခဲ့တယ်။ အခုတော့ခင်ဗျားကို ကျုပ်ပြန်လုပ်ရလိမ့်မယ်။”

ရုတ်ချည်းပင် အပြင်ဘက်မှ စကားသံတစ်သံထွက်ပေါ်လာ၏။ “ရှောင်း၃ယွန်... နင်အထဲမှာ ရှိနေတာလား။”

ထိုစကားသံမှာ နွေးထွေးပြီး ကြည်လင်မှုအပြည့်ရှိ၏။ လီဆွန်းဟွာနှင့် အနီရောင်ချာတိတ်တို့နှစ်ယောက်လုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ အနီရောင်ချာတိတ်က သူ၏ဓားပျံ လေးကိုဖွက်ထားလိုက်ပြီး အပြစ်ကင်းသောအပြုံးလေးပြုံးပြနေကာ- “မေမေ- သားဒီမှာရှိနေတယ်။ ဦးရီးလီအတွက် သားအရက်တွေယူလာပေးတာ။ မေမေကအော်ခေါ်လိုက်တော့ သားလန့်သွားပြီး ဦးရီးပေါ်ကို အရက်တွေ ဖိတ်သွားခဲ့ရပြီ။ ဒီမှာလာကြည့်ပါဦး။”

သူ့စကားအဆုံး၌ပင် လင်ရှီးယင်သည် တံခါးဝမှ ပေါ်ထွက်လာသည်။ သူမ၏ လှပသောမျက်ဝန်းများက နီရဲမို့မောက်နေကြပြီး ဆွေးရိပ်သမ်းနေကြ၏။

အနီရောင်ချာတိတ်ကို တွေ့လိုက်ရသည့်နောက် သူမ၏အမူအရာများသည် ပုံမမှန်အဖြစ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ “မင်းရဲ့ ဦးရီးတော်လီက ဒီအချိန် အရက်သောက်မှာမဟုတ်ဘူး။ သွားတော့… သွားနားချည်တော့။”

အနီရောင်ချာတိတ်-“ဦးရီးတော်လီမှာ အပြစ်လုံးဝမရှိဘူးမဟုတ်လား။ ကျနော်တို့ သူ့ကို ကြိုးစားပြီး ကယ်တင်ကြရအောင်လေ။”

လင်ရှီးယင်သ ညင်သာစွာပြောလိုက်၏။ “ဒါ ကလေးပြောရမဲ့စကားတွေမဟုတ်ဘူး။ သွားအိပ်တော့။”

အနီရောင်ချာတိတ်က လီဆွန်းဟွာကို လှည့်ကြည့်လိုက်ပြီး- “ဦးရီးတော်လီ... ကျနော်သွားလိုက်ပါဦးမယ် ခင်ဗျ။ မနက်ဖြန်ကျမှ နောက်ထပ် အရက်တွေ ယူလာပေးပါဦးမယ်။”

ထိုချာတိတ်၏ အပြစ်ကင်းစင်နေသော သွင်ပြင်အမူအရာလေးအား လီဆွန်းဟွာကြည့်လိုက်ပြီး ကြက်သီးများပင်ထသွားခဲ့ရ၏။

လင်ရှီးယင်က သက်ပြင်းချလိုက်ပြီး- “ဒီကလေးက ရှင့်ကိုလာပြီး ဒုက္ခပေးမှာလားလို့ ကျမ စိုးရိမ်သွားခဲ့သေးတယ်။ အခုတော့ စိတ်အေးသွားရပါပြီ။ သူဟာ အမှားတွေလုပ်ခဲ့ပေမဲ့လည်း ကလေး တစ်ယောက် မဟုတ်လား။ ကျမတို့က ခွင့်လွှတ်ရမှာပေါ့။”

ပြန်လည်ပြုံးပြနေရုံမှလွဲ၍ လီဆွန်းဟွာတစ်ယောက် ဘာများတတ်နိုင်ပါဦးမည်နည်း။

လင်ရှီးယင်သည် လီဆွန်းဟွာအား မကြည့်ဘဲမေးလိုက်၏။ “ရှင်ဟာ ကတိတည်တဲ့လူတစ်ယောက်ပါ။ ဘာဖြစ်လို့ ကျမကိုပေးထားတဲ့ကတိကို ဖျက်ခဲ့ရတာလဲ။”

သူ့လည်ပင်းကို တစ်စုံတစ်ယောက်က ခွန်အားစိုက်ပြီး ညှစ်ထားသကဲ့သို့ လီဆွန်းဟွာ ခံစားနေရသည်။ သူဘာမျှ ပြန်မပြောနိုင်ခဲ့ပါ။

“လင်ရှန်းအာဆီကို မသွားဘူးလို့ ရှင်ကျမကို ကတိပေးခဲ့တယ်။ အခုတော့ သူတို့ကရှင့်ကို လင်ရှန်းအာရဲ့ အခန်းထဲမှာ ဖမ်းမိခဲ့ပါလား။”

လီဆွန်းဟွာ ရယ်မောလိုက်၏။ ဘာအကြောင်းနှင့် ဤအချိန်၌ သူရယ်မောနေမိမှန်း သူ ကိုယ်တိုင်ပင် မသိချေ။ သူ့ခြေထောက်ကိုသူ ငုံ့ကြည့်နေလိုက်ပြီး- “ဒီစတိုခန်းလေးက လွန်ခဲ့တဲ့ ၁၅ နှစ် လောက်တုန်းက ဆောက်ခဲ့တာမဟုတ်လား။”

“ဟုတ်တယ်...”

“အခုတော့ ဒီအခန်းလေးလည်း ဆွေးမြေ့နေပါပေါ့လား။ ပြတင်းပေါက်တွေလည်း ပျက်စီးနေပြီ။ ခေါင်မိုးလည်း မလုံတော့ဘူး။ ၁ဝ နှစ်ဆိုတဲ့အချိန်ကာလက အတော်လေးကို ကြာမြင့်ခဲ့တယ်နော်… ဒီအခန်းလေးတောင်မှ ပြောင်းလဲခဲ့ရသေးတာပဲ၊ လူတွေရဲ့ စိတ်သဘောထားတွေလည်း ပြောင်းလဲသွားခဲ့ပြီပေါ့။”

လင်ရှီးယင်သည် သူမ၏လက်ကို သူမညှစ်ဆုပ်ထားလိုက်ပြီး- “ရှင်... ရှင် ဘယ်တုန်းကတည်းက လိမ်ပြောတတ်နေခဲ့တာလဲ။”

လီဆွန်းဟွာ-“ကျုပ်ဟာ အမြဲတမ်းပဲ လူလိမ်တစ်ယောက်ပါ။ အခုတော့ပိုပြီး အတွေ့အကြုံရှိတဲ့ လူလိမ်တစ်ယောက်ပေါ့။”

လီဆွန်းဟွာ ပြုံးနေလိုက်၏။ သူလိုချင်ခဲ့သော အခြေအနေကို ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလား။

သူမကို နာကျင်အောင် သူလုပ်ချင်ခဲ့၏။ နာကျင်သွားမှသာလျှင် သူ့ကို သူမ စွန့်ခွာသွားပေလိမ့်မည်။ သူနှင့်အတူတူ မည်သူ့ကိုမျှ သူဆွဲမခေါ်သွားရက်ပါ။ အထူးသဖြင့် သူချစ်မြတ်နိုးသူများ...။ ထို့ကြောင့် ဤအချိန်၌ သူ့အသည်း မာရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤလောကကြီး၌ သူချစ်ခင်ရသောသူများရှိနေသေး၏။ ထိုသူတို့အား နာကျင်စွာခံစားရအောင် သူလုပ်မိသည့်အကြိမ်တိုင်း သူကိုယ်တိုင်လည်း ထပ်တူထပ်မျှ ခံစားရပြန်သည်။ အပြင်ပန်းတွင် သူပြုံးပြနေနိုင်သော်လည်း သူ့နှလုံးသားမှာ အစိတ်စိတ်အမွှာမွှာ ကြေမွနေရပြန်သည်။

မျက်ရည်များကျဆင်းလာမည်ဆိုး၍ သူ့မျက်လုံးများကို ပိတ်ထားလိုက်၏။ သူမျက်လုံးများ ပြန်ဖွင့်လိုက်သောအချိန်တွင် လင်ရှီးယင်သည် သူ့ရှေ့၌ရှိနေဆဲဖြစ်ပြီး သူ့ကိုစိုက်၍ ကြည့်နေလေသည်။

“မင်း... မင်းဘာကြောင့် ထွက်မသွားသေးတာလဲ။”

လင်ရှီးယင်-“ကျမ... ကျမက သေချာချင်လို့ပါ။ ရှင်ဟာတကယ်ပဲ ပန်းဘီလူးများ ဖြစ်နေခဲ့တာလား။”

လီဆွန်းဟွာတစ်ယောက် နာကျင်ကြေကွဲစွာ ရယ်မောလိုက်၏။ “ကျုပ်က ပန်းဘီလူးတဲ့လား။ မင်းက ကျုပ်ကို ပန်းဘီလူးလားလို့ မေးလိုက်တာလား။”

လင်ရှီးယင်-“ကျမက မယုံကြည်ပါဘူး။ ဒါပေမဲ့ ရှင့်နှုတ်ဖျားကပြောတာကို ကြားချင်လို့ပါ။”

လီဆွန်းဟွာသည် အတောမသတ် ရယ်မောနေလိုက်ပြီး- “မင်းမှ ကျုပ်ကိုမယုံကြည်တာ… ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေရတာလဲ။ ကျုပ်ကလူလိမ်တစ်ယောက်ဆိုတာ မင်းမေ့မထားနဲ့ဦး။ ကျုပ် မင်းကို တစ်ခါလိမ်ပြောခဲ့ပြီးပြီ၊ နောက်ထပ် အကြိမ် ၁ဝဝ လည်း လိမ်ပြောနိုင်တယ်။ အကြိမ် ၁ဝဝဝ လည်း လိမ်ပြောနိုင်သေးတယ်။”

လင်ရှီးယင်၏မျက်နှာမှာ ဖြူဆွတ်သွားခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါနေလေသည်။

အတော်လေးကြာမှ သူမကပြောလိုက်၏။ “ကျမ ရှင့်ကိုလွှတ်ပေးလိုက်မယ်။ ရှင့်ဟာရှင် ပန်းဘီလူးမကလို့ ဘာပဲဖြစ်ဖြစ်၊ ကျမဂရုမစိုက်ဘူး။ ရှင် ဒီနေရာကို နောက်ထပ် မလာတော့ဘူးလို့ ကျမ ယုံကြည်ထားလိုက်မယ်။”

လီဆွန်းဟွာက အော်ပြောလိုက်၏။ “ခုချက်ခြင်းရပ်လိုက်စမ်း... ကျုပ် ခွေးတစ်ကောင်လို ရှောင်တိမ်း ထွက်ပြေးသွားလိမ့်မယ်လို့ မင်းထင်နေလား။ ကျုပ်ကို ဘယ်လိုလူစားမျိုးများ အောက်မေ့နေလဲ။”

လင်ရှီးယင်သည် သူ့အား ဥပက္ခာပြုထားလိုက်ပြီး သွေးကြောများကို ဖွင့်ပေးရန် ရှေ့သို့တိုးလာခဲ့၏။

ထိုအချိန်၌ပင်- “ရှီးယင်... မင်းဘာလုပ်နေတာလဲ...”

လောင်ရှောင်း၄ယွန် ရောက်ရှိလာခဲ့လေသည်။

လင်ရှီးယင်သည် လောင်ရှောင်း၄ယွန်ဘက်သို့ လှည့်လိုက်ပြီး စကားကို တစ်လုံးချင်း ပြောချလိုက်၏။ “ကျမဘာလုပ်နေလဲဆိုတာ ရှင်မမြင်ဘူးလား။”

လောင်ရှောင်း၄ယွန်၏ မျက်နှာအမူအရာများ ပျက်သွားခဲ့ရပြီး- “ဒါပေမဲ့... မင်း... မင်း...”

လင်ရှီးယင်-“ဒါပေမဲ့ ဘာဖြစ်လဲ... ဒီအလုပ်ကို ရှင်ကတောင် လုပ်ပေးရဦးမှာ။ သူ ရှင့် အတွက်လုပ်ပေးခဲ့တာတွေအားလုံး ရှင်မေ့သွားခဲ့ပြီလား။ သူ့ကို ဒီအတိုင်းပဲ ရှင်လက်ပိုက်ကြည့်နေတော့မှာလား။”

လောင်ရှောင်း၄ယွန်သည် သူ့လက်များကိုသူ ညှစ်နေလိုက်၏။ ထို့နောက် သူ့ရင်ဘတ်ကို ထုရိုက်လိုက်ကာ- “ကျုပ်မှာ သတ္တိမရှိဘူး။ ကျုပ်ကြောက်နေမိတယ်။ ကျုပ်ဟာ သူရဲဘောကြောင်သူတစ်ယောက်ပါ။ ဒါပေမဲ့ မင်းခဏလေးတော့ စဉ်းစားပါဦး။ သူ့ကိုကျုပ်တို့က လွှတ်ပေးလိုက်ပြီဆိုပါတော့။ ကျုပ်တို့ကို သူတို့က အလွတ်ပေးလိမ့်မယ်လို့ မင်းထင်နေလား။”

လင်ရှီးယင်သည် သူ့ကို သူစိမ်းတစ်ယောက်လို ကြည့်နေလိုက်ပြီး နောက်သို့ဆုတ်ခွာသွားခဲ့ ၏။ “ရှင်ပြောင်းလဲသွားခဲ့ပြီ... ရှင်လဲပြောင်းလဲသွားခဲ့ပြီ။ အရင်တုန်းက ရှင်ဒီလိုမဟုတ်ခဲ့ပါဘူး။”

လောင်ရှောင်း၄ယွန်သည် သက်ပြင်းချလိုက်ပြီး- “ဟုတ်တယ်... ကျုပ် ပြောင်းလဲသွားခဲ့တယ်။ အခုအချိန်မှာ ကျုပ်အတွက် သားတစ်ယောက်၊ မယားတစ်ယောက် ရှိနေခဲ့ပြီ။ ကျုပ်ဘာပဲလုပ်လုပ် သူတို့အတွက် ငဲ့ညှာထောက်ထားရတော့မယ်။”

သူ့စကားမဆုံးခင်မှာပင် လင်ရှီးယင်တစ်ယောက် ငိုနေလေပြီ။ မိခင်တစ်ယောက်ဖြစ်နေခြင်းအတွက် သူ့ရင်သွေးမှတပါး မည်သည့်အရာမျှ သူ့အသည်းဘဝင်အား လှုပ်ခါနိုင်စွမ်းမရှိတော့ချေ။

လောင်ရှောင်း၄ယွန်သည် လီဆွန်းဟွာ၏ရှေ့၌ ဒူးထောက်ထိုင်ချလိုက်ပြီး- “ညီလေး... ကျုပ် မင်းအပေါ် တာဝန်မကျေခဲ့ဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ။”

လီဆွန်းဟွာ-“ခွင့်လွှတ်ရမယ်- ဟုတ်လား... အစ်ကိုကြီး ဘာတွေလာပြောနေတာလဲ။ ကျနော်တောင်မှ နားမလည်နိုင်တော့ဘူး။ အစ်ကိုကြီးမှာ အပြစ်လုံးလုံးမရှိပါဘူး။ ကျနော် ထွက်သွားချင်ရင် အချိန်မရွေးထွက်သွားလို့ရပါတယ်။ ဘယ်သူ့ အကူအညီမှမလိုပါဘူး။ အစ်ကိုကြီးအနေနဲ့ ကျနော့်ကို ကယ်တင်ပေးစရာမလိုပါဘူးဗျာ။”

သူ့ခြေထောက်များဆီသို့သာ သူငုံ့ကြည့်နေလိုက်၏။ သူတို့ကို သူမော့်မကြည့်ရဲပါ။ ထိုသို့ ကြည့်လိုက်မိမည်ဆိုလျှင် သူ့မျက်ရည်များကို မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားပေလိမ့်မည်။

လောင်ရှောင်း၄ယွန်-“ညီလေး... မင်းရဲ့ဒုက္ခတွေကို ငါနားလည်ပါတယ်ကွာ။ သူတို့က မင်း ကို သတ်မှာမဟုတ်ပါဘူး။ ရှင်းဟူဆရာတော်နဲ့ မင်းလိုက်တွေ့ဖို့ပဲလိုတယ်။ မင်းအတွက် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။”

လီဆွန်းဟွာ၏ မျက်ခုံးများမြင့်တက်သွားခဲ့ရပြီး- “ရှင်းဟူဆရာတော်- ဟုတ်လား... ကျနော့်ကို သူတို့က ရှောင်လင်ကျောင်းတော်ကို ခေါ်သွားကြမလို့လား။”

လောင်ရှောင်း၄ယွန်-“အမှန်ပဲ... ချင်ကျောင်ဟာ ရှင်းဟူဆရာတော်ရဲ့ အချစ်ဆုံး တပည့်ဖြစ်တယ်။ အပြစ်မဲ့တဲ့လူတစ်ယောက်အပေါ် ရှင်းဟူဆရာတော်ဟာ ငြိုငြင်လိမ့်မယ်မဟုတ်ဘူး။ ဒါ့အပြင် ဆရာကြီး ပိုင်ရှောင်ရှန်းလည်း ရှောင်လင်ကျောင်းတော်မှာ ရောက်ရှိနေတာပဲ။ တရားမျှမျှတတ ဖြစ်မှာပါကွာ။”

လီဆွန်းဟွာ ဘာမှပြန်မပြောတော့ပါ။ အဘယ်ကြောင့်ဆိုသော် တျန်ချီ၏ အရိပ်အယောင်ကို တွေ့လိုက်ရသောကြောင့်ပင်ဖြစ်၏။

ထိုအချိန်၌ပင် တျန်ချီသည် စတိုခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ လင်ရှီးယင်မှ တျန်ချီအား ခေါင်းညိတ်နှုတ်ဆက်ကာ အခန်းတွင်းမှ လေးကန်စွာ ထွက်ခွာသွားတော့၏။

အနီရောင်ချာတိတ်က ပုန်းကွယ်နေရာမှ ထွက်ပေါ်လာခဲ့ပြီး- “မေမေ... သားအိပ်လို့မပျော်လို့... ဒီကိုလာခဲ့တာပါ။”

လင်ရှီးယင်-“ဒါကြောင့်မို့လို့ မင်းကသူတို့ကို အပါခေါ်လာခဲ့တယ်ပေါ့...”

အနီရောင်ချာတိတ်က ရယ်မောလိုက်ပြီး ဟိုဟိုဒီဒီ ပြေးလွှားနေလိုက်၏။ သူ့မိခင်၏ လေးနက်တည်ကြည်သော မျက်နှာထားကိုတွေ့လိုက်ရပြီးမှသာလျှင် အပြေးရပ်လိုက်ပြီး ခေါင်းကိုငုံ့ထားလိုက်သည်။

လင်ရှီးယင်သည် တိတ်ဆိတ်စွာပင် ဤချာတိတ်အား ငေးကြည့်နေ၏။ ဤကလေးသည် သူမ ဝမ်းနှင့်လွယ်၍ မွေးခဲ့ရသော သူမ၏သွေးသားအရင်းခေါက်ခေါက်ဖြစ်၏။ သူမ၏ မျက်ရည်များက မထိန်းသိမ်းနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ စီးကျလာလေတော့သည်။

အတန်ကြာသောအခါမှ မိုးကောင်းကင်သို့ သူမ မော့ကြည့်လိုက်ပြီး ဝမ်းနည်းစွာ ရေရွတ်လိုက်မိတော့၏။ “အမုန်းတရားတွေက ဘာဖြစ်လို့မေ့ပျောက် ခွင့်လွှတ်လို့မရ ရတာလဲ။”

+++++

ထယ်ကျွမ်ကျားသည် ဘုံကျောင်းဆောင်၏ ကြမ်းပြင်ထက်သို့ ခြေသံပြင်းပြင်း နင်းလျှောက်နေ၏။ မီးဖိုမှ မီးတောက်များက ငြိမ်းလုငြိမ်းခင်ဖြစ်နေ၏။

အားဖေသည် ထိုနေရာ၌ ငြိမ်သက်စွာ မလှုပ်မလျက် ထိုင်နေလေသည်။

ထယ်ကျွမ်ကျားက စိတ်ဆိုးဒေါသထွက်စွာဖြင့်- “ပန်းဘီလူးကို မင်းကသတ်ခဲ့ပြီးတာတောင်မှ အဲ့ဒီ သူရဲကောင်းတွေပါလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်နေကြတဲ့သူတွေက လက်ခံမှာမဟုတ်ဘူးဆိုတာ ကျုပ် သိနေခဲ့ပြီးသားပါ။ အဆီတဝင်းဝင်းနဲ့ အမဲသားတစ်တုံးကို တွေ့လိုက်ရတဲ့ ခွေးအ တစ်အုပ်လိုပဲ ဘယ်သူက ဒီအခွင့်အရေးမျိုးကို လက်လွှတ်ခံချင်ကြမှာတဲ့လဲ။”

အားဖေ-“ခင်ဗျားက ကျုပ်ကိုသတိပေးခဲ့တာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ အဲ့ဒီကို ကျုပ် ရောက်ဖြစ်အောင်ကို ရောက်လိုက်သေးတယ်။ ကျုပ်သွားမှ ဖြစ်မယ်မဟုတ်လား။”

ထယ်ကျွမ်ကျားမှ သက်ပြင်းချလိုက်ပြီး- “မင်းသွားခဲ့တာလည်း ခပ်ကောင်းကောင်းပါပဲ။ သူတို့ရဲ့ အရေခွံ မျက်နှာဖုံးတွေကို သိမြင်ခဲ့ရတာပေါ့။”

အားဖေဘက်သို့ လှည့်ကြည့်လိုက်ပြီး စိတ်မထိန်းနိုင်စွာဖြင့် သူမေးလိုက်၏။ “ကျုပ်ရဲ့ သခင်လေးကို မင်းမတွေ့ခဲ့ရဘူးပေါ့...။”

အားဖေ-“မတွေ့ခဲ့ဘူး...”

ထယ်ကျွမ်ကျားသည် ငြိမ်းလုငြိမ်းခင်ဖြစ်နေသော မီးတောက်များကို ငေးကြည့်လိုက်ပြီးနောက် တစ်ယောက်တည်း တီးတိုးရေရွတ်နေလိုက်၏။ “သခင်လေးတစ်ယောက် ဘယ်လိုများနေပါလိမ့်။”

အားဖေ-“သူဟာ သူ့အတွက်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ခဲ့ဘူး။”

ထယ်ကျွမ်ကျားသည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး- “မှန်တယ်... အဲ့ဒီ သူရဲကောင်းတွေပါလို့ ပြောနေကြတဲ့သူတွေက ကျုပ်ရဲ့ သခင်လေးကို မနာလိုမရှုစိမ့် ဖြစ်နေကြဦးတောင်မှ သခင်လေးရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် သူတို့ထိဝံ့မှာမဟုတ်ဘူး။” ထို့နောက် အပြင်ဘက်သို့ သူ ငေး ကြည့်လိုက်ပြီး- “တော်တော်တောင်မှ မှောင်နေပြီပဲ... ကျုပ်သွားရတော့မယ်။”

အားဖေ-“ကောင်းပြီလေ...”

ထယ်ကျွမ်ကျား-“ကျုပ်ရဲ့သခင်လေးကို တွေ့ရင်ပြောလိုက်ပါ။ ထယ်ကျွမ်ကျားတစ်ယောက် သူ့ပြဿနာသူရှင်းနိုင်ပြီးတဲ့အချိန်ရောက်ရင် သခင်လေးကို လာရှာပါ့မယ်လို့...”

“ကျုပ်ပြောပြလိုက်ပါ့မယ်...”

အားဖေကိုစိုက်၍ကြည့်နေလိုက်ပြီး ထယ်ကျွမ်ကျားတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားတော့၏။ သူ့မျက်ဝန်းများထဲ၌ သံယောဇဉ်ရှိသော အကြည့်များဖြင့် ပြည့်လျှံနေသော်လည်း သူတစ်ဘက်သို့လှည့်လိုက်ကာ တရွေ့ရွေ့ ထွက်ခွာသွားတော့သည်။

အားဖေသည် နေရာမှမရွေ့… မလှုပ်ရှားခဲ့သော်လည်း သူ၏အေးစက်နေသောမျက်ဝန်းများထဲ၌ မျက်ရည်များ စိုစွတ်လာလေသည်။

လီဆွန်းဟွာတစ်ယောက် မည်သို့ဖြစ်ပျက်ခဲ့မှန်း ထယ်ကျွမ်ကျားကို အမှန်အတိုင်း သူဖွင့်မပြောခဲ့ပါ။ မဟုတ်လျှင် ထယ်ကျွမ်ကျား သူ့ကိုယ်သူအသက်စွန့်ပြီး လီဆွန်းဟွာကို သွားရောက် ကယ်တင်ပေလိမ့်မည်။ သူ့အသက်ကိုစွန့်၍သာ လီဆွန်းဟွာကို ကယ်တင်ရန် အားဖေဆုံးဖြတ်ထားခဲ့၏။

မိတ်ဆွေကောင်းတစ်ယောက်အတွက် အသက်တစ်ချောင်းစွန့်လွှတ်ရန် ထိုက်တန်သည်ဟု သူ ခံယူထားလေသည်။

အချိန်အတော်ကြာလာသောအခါ အားဖေ၏ပိတ်ထားသော မျက်လုံးများထံ၌ နံနက်ခင်း ၏နေရောင်ခြည်နှင့်အတူ အရိပ်တစ်ရိပ်ထိုးကျလာသည်။ သူ့မျက်လုံးများကို ဖွင့်မကြည့်ဘဲ သူမေးလိုက်၏။ “မင်းရောက်လာခဲ့ပြီကိုး... ဘာသတင်းထူးသေးလဲ။”

ထိုလူငယ်လေး၏ အာရုံခံစားမှုသည် တောတွင်းသားရဲတိရိစ္ဆာန်များ၏ အာရုံခံစားမှုထက် ပို၍ကောင်းနေလေသည်။ ရောက်ရှိလာသူမှာ လင်ရှန်းအာဖြစ်၏။ “သတင်းကောင်းပါလာတယ်။”

“သတင်းကောင်း...ဟုတ်လား။”

ဤလောကကြီးထဲ၌ သူ့အတွက်သတင်းကောင်းရှိနေသေးသည်ကို အားဖေသည် ဇွတ်မှိတ် ယုံကြည်နေရ၏။

လင်ရှန်းအာ-“သူ့ကိုမလွှတ်ပေးသေးပေမယ့်လည်း သူ့အတွက်အသက်အန္တရာယ် မရှိနိုင်တော့ပါဘူး။”

အားဖေ-“ဟုတ်ရဲ့လား...”

လင်ရှန်းအာ-“တျန်ချီနဲ့ သူ့အပေါင်းအပါတွေက ဆရာတော် ရှင်းမယ်ရဲ့အကြံပေးချက်ကို လိုက်နာလိုက်ကြပြီး သူ့ကို ရှောင်လင်ကျောင်းတော်ကို ခေါ်ဆောင်သွားကြဖို့ သဘောတူလိုက်ကြ ပြီ။ ရှောင်လင်ကျောင်းတော်က ဆရာတော်ကြီး ရှင်းဟူဟာ အင်မတန်မှကို တရားမျှတမှုရှိတယ်လို့ ကြားဖူးထားတယ်။ ဒါ့အပြင်အဲ့ဒီမှာ ဆရာကြီး ပိုင်ရှောင်ရှန်းလည်း ရောက်နေတယ်။ ဒီပုဂ္ဂိုလ်နှစ်ယောက်ကမှ သူ့ကိုဖြေရှင်းမပေးနိုင်ခဲ့ဖူးဆိုရင် သူ့ကိုဖြေရှင်းပေးနိုင်မယ့်လူ ရှိတော့မှာ မဟုတ်ဘူး။”

အားဖေ-“ပိုင်ရှောင်ရှန်းဆိုတာ ဘယ်သူလဲ...”

လင်ရှန်းအာသည် တခစ်ခစ်နှင့် ရယ်မောလိုက်ပြီး- “ဒီလူက သိုင်းလောကမှာ ဗဟုသုတအ ကြွယ်ဝဆုံးလို့ ဆိုနိုင်သူတစ်ယောက်ပဲ။ သူမသိတာဘာမှမရှိဘူး။ ပန်းဘီလူးအစစ်ကိုတောင်မှ သူတစ်ယောက်တည်းသာ ခွဲခြားနိုင်တယ်လို့ ပြောကြတယ်။”

အားဖေသည် ခဏမျှတိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ကာ- “ဒီလောကကြီးထဲမှာ ဘယ်သူကအစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်လဲဆိုတာ မင်းသိရဲ့လား။”

လင်ရှန်းအာက ပြုံးပြလိုက်ပြီး- “ကျိုကျန်ရိလိုမျိုး အယောင်ဆောင် လူကြီးလူကောင်းတစ်ယောက်များလား။”

အားဖေ-“အယောင်ဆောင် လူကြီးလူကောင်းတစ်ယောက်ဆိုတာ မုန်းဖို့လောက်ပဲ တန်ပါတယ်။ တကယ်ကြောက်စရာကောင်းတဲ့သူကတော့ အလုံးစုံကိုသိထားတဲ့လူပဲ။”

လင်ရှန်းအာ-“အလုံးစုံကိုသိတဲ့လူ၊ ဟုတ်လား... ပိုင်ရှောင်ရှန်းကိုများ ရှင်ပြောနေတာလား။”

အားဖေ-“အမှန်ပဲ။ ဒီလိုလူစားမျိုးက သူတို့ကိုယ်သူတို့ သိပ်ပြီးအထင်ကြီးတတ်ကြတယ်။ သူသာအတော်ဆုံး၊ သူလောက်သိတဲ့လူ ဘယ်သူမှမရှိဘူးလို့ ထင်ထားတတ်ကြတယ်။ သူ့ရဲ့စကား တစ်ခွန်းက လူတစ်ယောက်ကို ဒုက္ခလှလှရောက်သွားစေနိုင်တယ်။ သူဘယ်လောက်သိထားလဲဆိုတာကိုတော့ ကျုပ်လည်းမပြောပြတတ်ဘူး။”

လင်ရှန်းအာ-“ဒါပေမဲ့ လူတိုင်းကပြောနေကြတာတော့...”

အားဖေသည် အေးစက်စွာရယ်မောလိုက်ပြီး- “သူမသိတာဘာမှမရှိဘူးလို့ လူတိုင်းကထင်ထားကြမှတော့ နောက်ဆုံးကျရင် အရူးတစ်ပိုင်းဖြစ်သွားပြီး သူမသိတာတကယ်ကို ဘာမှမရှိနိုင်တော့ဘူးလို့ သူ့ကိုယ်သူထင်သွားနိုင်တယ် မဟုတ်လား။”

အားဖေမှ ဆက်၍ပြောလိုက်၏။ “ကျုပ်ရဲ့ယုံကြည်မှုကို ဘာမှမသိတဲ့လူတစ်ယောက်အပေါ် ပုံထားလိုက်တာကမှ ပိုပြီးကောင်းဦးမယ်။”

လူတစ်ယောက်သည် သူများတွေသူ့ကို အထင်ကြီးလာစေချင်သည်ဆိုလျှင် အကောင်းဆုံး လုပ်နိုင်သောနည်းလမ်းတစ်ခုမှာ သူ့ကိုယ်သူကြိုက်နှစ်သက်အောင် နေထိုင်ပြလိုက်ရုံပင်။ ဤနည်းအား အကြိမ်ပေါင်းများစွာ လင်ရှန်းအာ အသုံးပြုခဲ့ပြီးပြီမဟုတ်ပါလော။

ဤတစ်ကြိမ်တော့ သူမ၏နည်းမှာ မအောင်မြင်ခဲ့ချေ။ တံခါးပေါက်ပေါ်မှ အရည်ပျော်ကျနေသောနှင်းများကို စိတ်ဝင်စားစွာ အကြာကြီးကြည့်နေလိုက်ပြီးမှ အားဖေက မေးလိုက်၏။ “သူတို့ ဘယ် အချိန်လောက်ကျမှ ထွက်ခွာမယ်လို့ မင်းသိထားလဲ။”

လင်ရှန်းအာ-“မနက်ဖြန်မနက်...”

အားဖေ-“ဘာဖြစ်လို့ မနက်ဖြန်ရောက်သည်ထိ သူတို့စောင့်နေကြတာလဲ။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ည သူတို့က ဆရာတော်ရှင်းမယ်ကို ကြိုဆိုတဲ့ ညစာစားပွဲ လုပ်ကြလိမ့်ဦးမယ်။”

သူမဘက်သို့ အားဖေသည် ရုတ်တရက်လှည့်လိုက်ပြီးနောက် သူမ၏မျက်ဝန်းနက်များဆီ သို့ တိုက်ရိုက်ကြည့်နေလိုက်ပြီး မေးလိုက်၏။ “ဒါ့အပြင် တခြားအကြောင်းမရှိတော့ဘူးလား။”

လင်ရှန်းအာ-“နောက်ထပ်ဘာအကြောင်းများရှိနေစရာ လိုသေးလို့လဲ။”

အားဖေ-“ဆရာတော် ရှင်းမယ်က အစားတစ်လုတ်အတွက်နဲ့ တစ်ရက်ဆိုတဲ့အချိန်ကို အပုတ်ခံမတဲ့လား။”

လင်ရှန်းအာသည် အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလိုက်၏။ “အစားအစာအတွက် ဆရာတော်က အချိန်တစ်ရက်လောက် ကြန့်ကြာနေရမယ်ဆိုတော့ သူ့အတွက် မငြင်းဆန်နိုင်တဲ့ အထူးဧည့်သည်တစ်ယောက် ရောက်လာမှာမို့လို့ ဖြစ်မှာပေါ့။”

အားဖေ-“ဘယ်သူလဲ...”

လင်ရှန်းအာ-“သံမဏိပုလွေ ထိုက်တိရှန်းရှန်”

အားဖေ-“ထိုက်တိရှန်းရှန်ဆိုတာ ဘယ်သူလဲ...”

လင်ရှန်အာသည် မျက်လုံးပြူးမျက်ဆံပြူး အံ့ဩသွားကာ- “ထိုက်တိရှန်းရှန်ကိုတောင် ရှင် မသိဘူးလား။”

အားဖေ-“ကျုပ်ကဘာဖြစ်လို့ သူ့ကိုသိရမှာလဲ။”

လင်ရှန်းအာသည် သက်ပြင်းချလိုက်ပြီး- “ထိုက်တိရှန်းရှန်ဟာ သိုင်းလောကမှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ယောက် မဟုတ်တာတောင်မှ အဲ့ဒီလောက်နီးနီးကို ကျော်ကြားတဲ့သူပါ။”

လင်ရှန်းအာ-“ကြားဖူးတာကတော့ သူ့ရဲ့သိုင်းပညာက သိုင်းလောကရဲ့ သိုင်းဂိုဏ်းကြီး ၇ ခုရဲ့ ဂိုဏ်းချုပ်တွေထက် မနိမ့်ကျဘူးတဲ့။”

သူမသည်စကားပြောနေစဉ်မှာပင် အားဖေ၏အသွင်အပြင်များကို အကဲခတ်နေလေသည်။

အားဖေသည် နောက်ထပ်တစ်ကြိမ်မြောက် သူမကို စိတ်ဓာတ်ကျဆင်းသွားစေခဲ့ပြန်သည်။

သူ၏မျက်နှာ၌ ကြောက်ရွံ့တုန်လှုပ်မှုများကို မတွေ့ရချေ။ ထို့ပြင် သူကရယ်မောလိုက်ကာ- “ဒါဆိုရင် ကျုပ်ကိုရင်ဆိုင်ဖို့အတွက် ထိုက်တိရှန်းရှန်ကို သူတို့ကဖိတ်ခေါ်ခဲ့တယ်ပေါ့။”

လင်ရှန်းအာသည် အောက်သို့ငုံ့ကြည့်နေလိုက်ပြီး- “ဆရာတော်ရှင်းမယ်ဟာ အရာရာကို သေချာစွာ ကြီးကြပ်စီမံခဲ့တာပါ။ ရှင်က လီဆွန်းဟွာကို ကယ်ထုတ်သွားနိုင်ခဲ့မှာကို သူစိုးရိမ်နေခဲ့တယ်။”

အားဖေ-“ဒါနဲ့ပဲ ထိုက်တိရှန်းရှန်ကို သက်တော်စောင့်အဖြစ် ဖိတ်ခေါ်ခဲ့တယ်ပေါ့လေ။”

လင်ရှန်းအာ-“သူ့ကိုမဖိတ်ခေါ်ခဲ့လည်း ထိုက်တိရှန်းရှန်က ရောက်လာခဲ့မှာပါပဲ။”

အားဖေ-“ဘာဖြစ်လို့လဲ...”

လင်ရှန်းအာ-“သူ့ရဲ့အချစ်ရဆုံး မယားငယ်လေးဟာ ပန်းဘီလူးရဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။”

အားဖေ-“ဒါကြောင့်မို့လို့ သူတို့က ညစာစားပွဲကို အရင်ကျင်းပပြီးမှ ခရီးဆက်ကြမယ်ပေါ့။”

လင်ရှန်းအာသည် ခဏမျှစဉ်းစားနေလိုက်ပြီး- “ဒီလိုမှ မဟုတ်ရင်လည်း...”

အားဖေ-“အဲ့ဒီလိုမှ မလုပ်ကြဘူးဆိုရင်လည်း သူတို့ဘယ်ကိုမှ ထွက်သွားကြမှာမဟုတ်ဘူးပေါ့။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲ...”

အားဖေ-“ကျုပ်ရဲ့မိန်းမသာ တပါးသူရဲ့လက်ချက်နဲ့သေခဲ့ရတာဆိုရင် အဲ့ဒီလူကို ရှောင်လင်ကျောင်းတော်ရောက်သည်အထိ စောင့်မနေတော့ဘူး။”

လင်ရှန်းအာ၏ အမူအရာများက ပြောင်းလဲသွားခဲ့ရပြီး- “ထိုက်တိရှန်းရှန် ရောက်လာတာ နဲ့တပြိုင်နက် လီဆွန်းဟွာကို သူတို့ကိစ္စတုံးစီရင်ကြတော့မှာလား။”

အားဖေ-“အင်း...”

လင်ရှန်းအာသည် ခဏမျှရပ်နားနေပြီး သက်ပြင်းချလိုက်ကာ- “မှန်တယ်။ ဒါလဲဖြစ်နိုင်တာပဲ။ ထိုက်တိရှန်းရှန်ဟာ ဘယ်သူရဲ့လွှမ်းမိုးမှုကိုမှ ခေါင်းငုံ့ခံမယ့်လူစားမျိုး မဟုတ်ဘူး။ ဆရာတော်ရှင်းမယ်က တားမယ်ဆိုရင်တောင်မှ သူလုပ်ချင်တာကို တဇွတ်ထိုးလုပ်မယ့်လူစားမျိုး။”

အားဖေ-“မင်းပြောချင်တာတွေလည်း ပြောပြီးသွားပြီ။ မင်းပြန်နိုင်ပါပြီ။”

လင်ရှန်းအာ-“ရှင်က ထိုက်တိရှန်းရှန် ရောက်မလာသေးခင်မှာ လီဆွန်းဟွာကို သွားကယ်မလို့မဟုတ်လား။”

အားဖေ-“ကျုပ်လုပ်စရာရှိတဲ့ကိစ္စတွေက မင်းနဲ့ဘာမှမဆိုင်ပါဘူး။ မင်းပြန်တော့။”

လင်ရှန်းအာ-“ဒါပေမဲ့ ရှင်တစ်ယောက်တည်းရဲ့ အင်အားလောက်နဲ့တော့ လီဆွန်းဟွာကို ကယ်ထုတ်သွားနိုင်မှာမဟုတ်ဘူး။”

သူမက ဆက်ပြောလိုက်၏။ “ရှင့်ရဲ့သိုင်းပညာက သိပ်ကောင်းနေတာ ကျမသိပါတယ်။ ဒါပေမဲ့ တျန်ချီနဲ့ ကျိုကျန်ရိတို့ကလည်း အဆင့်နိမ့်သူတွေမဟုတ်ဘူး။ ဒါ့ပြင် ဆရာတော်ရှင်းမယ်ဟာ ရှောင်လင် ကျောင်းတော်ရဲ့ နံပါတ်၂ သိုင်းပညာရှင် ဖြစ်နေသေးတယ်။ သူ့ရဲ့အတွင်းအားက သိပ်ကိုနက်ရှိုင်းပြီး ပြည့်ဝလှတယ်...”

အားဖေသည် သူမအား စိုက်၍သာကြည့်နေလိုက်ပြီး ဘာမှပြန်မပြောခဲ့ပါ။

လင်ရှန်းအာသည် သက်ပြင်းတချက်ရှိုက်ထုတ်လိုက်ပြီး- “တိမ်လွှာစံအိမ်တော်မှာ သိုင်းထိပ်သီးတွေ စုဝေးရောက်ရှိနေကြတယ်လို့တောင် တင်စားပြီးပြောနိုင်တယ်။ ရှင်သာ သွားကယ်မယ်ဆိုရင် ရှင့်အတွက်... ရှင့်အတွက်...”

အားဖေသည် ရုတ်တရက်ပင်ဖြတ်ပြောလိုက်၏။ “ဒါက ရူးသွပ်မှုတစ်ခုပေါ့လေ... ဟုတ်လား။”

လင်ရှန်းအာသည် ခေါင်းကိုသာငုံ့ထားလိုက်ပြီး သူ့ကိုပြန်လည်မော့မကြည့်ရဲခဲ့ပါ။

အားဖေသည် အတောမသတ်ရယ်မောနေမိ၏။ “လူတိုင်းပဲ တစ်ခါတရံမှာ ရူးသွပ်ကြတာမဆန်းပါဘူး။ တစ်ခါတလေမှာ ဒီလိုမျိုးလုပ်ရတာက ကောင်းတောင်ကောင်းနေပါသေးတယ်။”

လင်ရှန်းအာသည် ခေါင်းငုံ့ထားလျက်ပင်- “ရှင်ဘာကိုဆိုလိုတာလဲဆိုတာ ကျမသိပါတယ်။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ နေ့ခင်းကြောင်တောင်ကြီးမှာ ရှင်ဝင်တိုက်လာလိမ့်မယ်လို့ ဘယ်သူမှထင်ထားကြမှာမဟုတ်ဘူး။ သူတို့ရဲ့ ခုခံကာကွယ်မှုတွေက လျော့ရဲနေကြလိမ့်မယ်။ ဒါ့အပြင် မနေ့ညကလည်း ပင်ပန်းထားခဲ့ကြတော့ အားလုံးဟာ နေမြင့်တဲ့အထိ အိပ်ချင်နေကြလိမ့်မယ်။”

အားဖေ-“မင်းစကားတွေပြောခဲ့တာ သိပ်များနေပြီ။”

လင်ရှန်းအာ-“ကောင်းပြီလေ။ ရှင့်ကိုယ်ရှင် ဂရုစိုက်ပါနော်။ နောက်ဆုံး ရှင်သာတစ်ခုခုဖြစ် သွားခဲ့မယ်ဆိုရင်တောင် တိမ်လွှာစံအိမ်တော်မှာ ရှင့်ကိုအသက်ကြွေးပေးဆပ်ရမယ့် လူတစ်ယောက်ရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့။”

တိမ်လွှာစံအိမ်တော်၏ လမ်းတစ်ဘက်၌ အားဖေစောင့်နေခဲ့သည်မှာ ၁ နာရီကျော်ကျော်ရှိလေ ပြီ။

ကြွက်တွင်းရှေ့၌ စောင့်နေသော ကြောင်တစ်ကောင်၏ ငြိမ်သက်ခြင်းမျိုးဖြင့် သူစောင့်ဆိုင်းနေသည်။ ခြေမမှ ဦးခေါင်းအထိ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများက မလှုပ်မရှားဘဲ ငြိမ်သက်စွာရှိနေကြ၏။ သူ၏ကြောင်မျက်လုံးတစ်စုံသာ လှုပ်ရှားကြည့်ရှုနေလေသည်။

အေးစက်သောလေက ဓားသွားကဲ့သို့ သူ့ကိုဖြတ်၍တိုက်လာခဲ့၏။ သူလုံးဝဂရုမစိုက်ပါ။ သူ ၁ဝ နှစ်သားတုန်းက မြေခွေးတစ်ကောင်ကိုဖမ်းမိရန်အတွက် နှင်းပုံပေါ်၌ ၂ နာရီတိတိ စောင့်ဆိုင်းခဲ့ဖူး၏။

ဆာလောင်မွတ်သိပ်မှုအတွက် သူဒုက္ခခံခဲ့ပါသည်။ သူသာထိုမြေခွေးငယ်ကို မဖမ်းမိခဲ့ပါက ဆာလောင်မွတ်သိပ်မှုဖြင့် သေဆုံးသွားနိုင်ခဲ့၏။ မိမိရှင်သန်ခြင်းအတွက် လူတစ်ယောက်မှ ဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံနိုင်သည်မှာ ထူးဆန်းသောအကြောင်းအရာတစ်ရပ် မဟုတ်ချေ။

သို့သော် တခြားသူတစ်ယောက်၏ ရှင်သန်ရေးအတွက် ဒုက္ခမျိုးစုံကို ခါးဆီးခံနေနိုင်သည်ဆိုသည်မှာ လွယ်ကူသောအလုပ်တစ်ခုမဟုတ်ချေ။ လူအနည်းငယ်သာ ဤလိုကိစ္စမျိုးကို ဆောင်ရွက်နိုင်သည်။

ထိုအချိန်၌ပင် တိမ်လွှာစံအိမ်တော်ဝင်းသို့ လူတစ်ယောက်လှမ်းဝင်လာ၏။ တော်တော်လေး ဝေးကွာနေသော်လည်း ထိုသူအား မှဲ့ခြောက်မျက်နှာနှင့်လူဖြစ်မှန်း အားဖေသိလိုက်ရ၏။

ထိုသူသည် လင်ရှန်းအာ၏အဖေဖြစ်နေသည်ကို အားဖေမသိခဲ့ပါ။ သို့သော် တိမ်လွှာစံအိမ်တော်ကြီးတွင် အရေးပါသူတစ်ယောက်ဖြစ်မှန်းကိုတော့ သူခန့်မှန်းနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ယောက်ထံတွင် ဤကဲ့သို့သောမောက်မာမှုများ တွေ့ရှိရမည်မဟုတ်ပေ။ လူတစ်ယောက်သည် အစေအပါးတစ်ယောက်ဟုတ်ခဲ့လျှင်လည်း ဤမျှလောက် မောက်မာနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသူ၏ဝမ်းဗိုက်ကြီးထဲ၌ အားကျအတုယူစရာ ဘာတစ်ခုမျှရှိမနေသော်လည်း အရက်များဖြင့် ပြည့်နှက်နေပုံရသည်။

ယခုအချိန်တွင် လမ်းတစ်ဘက်ရှိ လက်ဖက်ရည်ဆိုင်လေးသို့ သူသွားရောက်ခဲ့ပြီး အရက်ကိုတဝကြီး သောက်ထားခဲ့လေသည်လားမသိ… ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ခြံထောင့်မှ ထွက်ပေါ်လာသည်။ ထောင့်ချိုး အကွေ့လေး၌ သူ၏လည်ပင်းသို့ ဓားတစ်ချောင်းက ချိန်ရွယ်ထားခဲ့သည်ကို တွေ့လိုက်ရလေသည်။

ဤလိုလူစားမျိုးအတွက် အားဖေ ဓားကိုထုတ်မသုံးချင်ခဲ့ပါ။ သို့ရာတွင် ဓားတစ်ချောင်းသည် ပါးစပ်နှင့်ပြောရသည်ထက် ပို၍အရေးပါသည်မဟုတ်ပါလား။ သူအေးစက်စွာပင် မေးမြန်းလိုက်၏။ “ကျုပ်ကတစ်ခွန်းမေးမယ်၊ ခင်ဗျားက တစ်ခွန်းပြန်ဖြေရမယ်။ မဖြေနိုင်ရင် ခင်ဗျားသေရလိမ့်မယ်။ လိမ်ညာပြီးဖြေခဲ့ရင်လည်း ခင်ဗျားသေရမှာပဲ။ ကျုပ်ပြောတာ နားလည်လား။”

မှဲ့ခြောက်မျက်နှာနှင့်လူသည် ခေါင်းညိတ်ပြီးပြန်ဖြေရန် စဉ်းစားလိုက်သော်လည်း သူ့ လည်ပင်း၌ ထောက်ထားသောဓားဦးနှင့် ထိုးစိုက်မိမည်ကိုလည်း ကြောက်နေမိ၏။ ထိုသူက စကား ပြောဆိုနေချင်ပုံရသော်လည်း ဘာတစ်ခွန်းမျှထွက်မလာခဲ့ပါ။ သူ့ဝမ်းဗိုက်ထဲမှ သောက်ပြီးထားအရက်များက ချွေးအေးများအဖြစ် စိမ့်ထွက်လာခဲ့၏။

အားဖေ-“ကျုပ်မေးမယ်။ စံအိမ်တော်ထဲမှာ လီဆွန်းဟွာရှိနေသေးလား။”

မှဲ့ခြောက်မျက်နှာနှင့်လူ-“ရှိနေပါတယ်။”

ထိုစကားကိုပြောလိုက်ဖို့အရေး သူ့ခြေထောက်များက ယိုင်နဲ့နေကြ၏။

အားဖေ-“ဘယ်နေရာမှာလဲ...”

မှဲ့ခြောက်မျက်နှာနှင့်လူ-“ထင်းသိုလှောင်ခန်းထဲမှာပါ။”

အားဖေ-“ကျုပ်ကို အဲ့ဒီနေရာကို ခေါ်သွားစမ်း။”

မှဲ့ခြောက်မျက်နှာနှင့်လူသည် ကြောက်ရွံ့ထိတ်လန့်သွားခဲ့ပြီး- “ကျုပ်... ကျုပ်ကဘယ်လို လုပ်ပြီး ခင်ဗျားကို ခေါ်သွားနိုင်မှာလဲ... ကျုပ်... ကျုပ်ဘယ်နည်းနဲ့...”

အားဖေ-“ကျုပ်ကိုခေါ်သွားနိုင်မဲ့နည်းလမ်းတစ်ခု ခင်ဗျားစဉ်းစားနိုင်သေးတယ်မဟုတ်လား။”

သူ၏ဓားကို တစ်ချက်မျှဝှေ့ယမ်းလိုက်ရာ ‘ချွမ်...’ အုတ်နံရံပေါ်၌ အပေါက်တစ်ပေါက်ထွက်ပေါ်လာသည်။

ထိုသူ၏သွေးကြောများထဲသို့ စိမ့်ဝင်သွားလောက်သောအကြည့်မျိုးဖြင့် အားဖေသည် စိုက်၍ကြည့်နေလိုက်ပြီး- “ခင်ဗျားမှာ နည်းလမ်းတစ်ခုရှိနေတယ်မဟုတ်လား။”

မှဲ့ခြောက်မျက်နှာနှင့်လူသည် ထစ်ငေါ့စွာဖြင့်- “ရှိ... ရှိပါတယ်...”

အားဖေ-“လှည့်ပြီး ဘာမှမဖြစ်သလို ရှေ့ကလျှောက်သွားစမ်း။ ကျုပ်ခင်ဗျားရဲ့နောက်မှာ ရှိနေတာကို မမေ့ပါနဲ့။”

ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် မှဲ့ခြောက်မျက်နှာနှင့်လူမှ သူ၏မိတ်ဆွေတစ်ယောက်အား ခေါ်ဆောင်လာခဲ့သည် မဟုတ်ချေ။ ထိုသူ၏နောက်မှ အားဖေကပ်၍လိုက်သွားခဲ့သော်လည်း တံခါးစောင့်က သတိထားမိပုံပင်မပေါ်။

ထင်းသိုလှောင်ခန်းသည် မီးဖိုချောင်နှင့် သိပ်ပြီးအလှမ်းဝေးလှသည်မဟုတ်။ သို့သော် မီးဖို ချောင်သည် စံအိမ်တော်ပိုင်ရှင်၏ အိပ်ခန်းနှင့်ဆိုလျှင် တော်တော်လေးကို လှမ်းသည်။ ထို့ပြင် အရင်စံအိမ်တော်၏ ပိုင်ရှင်မှာ ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက်ဖြစ်၏။

မှဲ့ခြောက်မျက်နှာနှင့်လူသည် လူအများမတွေ့မြင်နိုင်သော လမ်းကြောင်းများမှ ကွေ့ပတ် ကာ ထင်းသိုလှောင်ခန်းဆီသို့ ဦးတည်သွားနေ၏။ သူ့ကိုတွေ့ခဲ့ဦးတောင်မှ မီးဖိုချောင်ရှိ အစားအ သောက်များကို သူအရက်နှင့်မြည်းရန်အတွက် လာယူနေသည်ဟု ယူဆကြပေလိမ့်မည်။

အထီးကျန်ဆန်လှသော ခြံဝင်းလေးအတွင်း၌ အထီးကျန်ဆန်သော အဆောက်အအုံလေး တစ်ခုရှိနေလေသည်။ အပြင်ဘက်ရှိတံခါးပေါက်ပေါ်တွင် ပျက်ဆီးနေသော ပတ္တာလေးတစ်ခုတွဲလောင်း ကျနေသည်။

မှဲ့ခြောက်မျက်နှာနှင့်လူမှ- “သခင်လေး... သခင်လေးလီဟာ ဒီအထဲမှာ ချုပ်နှောင်ခံထား နေရပါတယ်။”

အားဖေသည် သူ့ကိုစိုက်ကြည့်နေလိုက်ပြီး- “ခင်ဗျား ကျုပ်ကိုတော့ လိမ်ပြောလိမ့်မယ်လို့ မထင်ဘူး။ ဟုတ်တယ်မဟုတ်လား။”

မှဲ့ခြောက်မျက်နှာနှင့်လူသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး- “ကျုပ်လိုအစေခံတစ်ယောက်က ဘယ်လိုလုပ်ပြီး လိမ်ပြောနိုင်မှာလဲဗျာ။ ကျုပ်ရဲ့ဦးခေါင်းနဲ့ အလောင်းအစားလုပ်ရမယ့် အလုပ်မျိုးကို လုပ်ပါ့မလား။”

အားဖေ-“ကောင်းပြီလေ...”

စကားအဆုံး၌ ထိုမှဲ့ခြောက်မျက်နှာနှင့်လူအား မေ့မြောသွားအောင် သူ့ဓားနှောင့်ဖြင့် ရိုက်ချလိုက်၏။ ထို့နောက် ခြေထောက်တစ်ဘက်ဖြင့် တံခါးအား ကန်ဖွင့်လိုက်လေသည်။

0 comments:

Post a Comment