Saturday, February 12, 2011

(၁၄) ရှင်းမပြနိုင်သောအကြောင်းအရာ

လင်ရှန်းအာ-“ဆရာတျန်ချီက သူ့ကိုယ်မှာ ရွှေမျှင်ကိုယ်ကျပ်အင်္ကျီ ဝတ်ထားတာကို မတွေ့ဘူးနဲ့တူတယ်။”

တျန်ချီ၏မျက်လုံးများက အရောင်လင်းလက်သွားခဲ့၏။ “ဒါကြောင့်မို့လို့ ညီလေးမုယုံရဲ့ လက်နာသွားခဲ့ရတာကိုး။”

လင်ရှန်းအာ-“ဒီနေ့ည ကျမရဲ့အခန်းကိုပြန်သွားဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခန်းထဲမှာ အရေးကြီးတာတစ်ခု မေ့ကျန်နေခဲ့လို့ ပြန်လာယူတော့ ပန်းဘီလူးက ရောက်နှင့်နေခဲ့ပြီ။”

သူမ၏ ချောမောလှပသော မျက်နှာ၌ ကြောက်ရွံ့မှုများဖုံးလွှမ်းလာခဲ့ပြီး ဆက်ပြောနေလိုက်၏။ “ကျမ အခန်းထဲ ကိုရောက်တော့ ဘယ်သူ့ကိုမှ မတွေ့ရသေးဘူး။ ဒါပေမဲ့ နောက်ကျောမလုံသလို မသင်္ကာဖြစ်လာတာနဲ့ နောက်လှည့်ကြည့်လိုက်တော့ သူက ကျမကို သွေးကြောပိတ်ပြီးသွားခဲ့ပြီ။”

တျန်ချီ-“ဒီလူရဲ့ ကိုယ်ဖော့ပညာက တော်တော်လေးကို ကောင်းမှာသေချာတယ်။”

လင်ရှန်းအာ သက်ပြင်းချလိုက်သည်။ “သူ့လှုပ်ရှားမှုတွေက တစ္ဆေတစ်ကောင်လိုပဲ။ ကျမ ဘာဖြစ်သွားခဲ့မှန်းကို မသိလိုက်ဘူး။ ပထမတော့ ပန်းဘီလူးများဖြစ်နေမလားလို့ ထင်ထားခဲ့သေးတယ်။ ‘ကျမကိုဘာလုပ်မလို့လဲ- ကျမကို သတ်သာသွားလိုက်ပါတော့’လို့ သူ့ကို ပြောလိုက်တယ်။”

“သူက ဘာပြန်ပြောလဲ...”



လင်ရှန်းအာက နှုတ်ခမ်းကိုကိုက်လိုက်ပြီး- “သူက ဘာမှပြန်မပြောပဲ ကောက်ကျစ်တဲ့အသံနဲ့ပဲ ရယ်နေခဲ့တယ်။”

တျန်ချီ၏မျက်လုံးများက လင်းလက်လာခဲ့ပြီး- “သူ့ကိုယ်သူ ပန်းဘီလူးပါလို့ မပြောခဲ့ဘူး မဟုတ်လား။”

လင်ရှန်းအာ-“သူပြောပြဖို့ မလိုပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမဟာ သေချင်နေတာပဲ သိတယ်။ စကားပြောဖို့ အင်အားတောင်မှ မရှိနေခဲ့ဘူး။ ရုတ်တရက်ပဲ အရိပ်တစ်ခု ကျမတို့နောက်မှာ ပေါ်ထွက်လာခဲ့တယ်။”

တျန်ချီ-“သူကတော့ ဒီကကျုပ်တို့ရဲ့ မိတ်ဆွေလေးပဲ မဟုတ်လား။”

လင်ရှန်းအာ-“ဟုတ်တယ်... သူပဲ။”

သူမသည် အားဖေကို ကျေးဇူးတင်သောအကြည့်များဖြင့် ကြည့်နေလိုက်၏။ “သူဝင်လာခဲ့တာက မြန်လွန်းနေတော့ ပန်းဘီလူးတောင်မှ အံ့ဩသွားခဲ့ရပြီး ကျမကို ကြမ်းပြင်ပေါ်မှာ ချထားလိုက်တယ်။ အဲ့ဒီနောက်တော့ သူတို့အပြန်အလှန်စကားပြောနေကြတာကို ကျမကြားခဲ့ရတယ်။ ‘မင်းက ပန်းဘီလူးလား...’။ ‘ပန်းဘီလူး ဟုတ်ဟုတ်- မဟုတ်ဟုတ် မင်းမကြာခင်သေရတော့မှာပါကွာ...’”

“ပန်းဘီလူးရဲ့စကားမဆုံးခင်လေးမှာပဲ သူ့ပါးစပ်ကနေ အပ်ချောင်းလေးတွေ ပစ်လွှတ်လိုက်တယ်။ ကျမက သိပ်အံ့ဩသွားပြီး သိပ်ကိုကြောက်သွားခဲ့ရတာပေါ့။ နောက်မှရောက်လာတဲ့လူရဲ့ရင်ဘတ်ကို အပ်ချောင်းလေးတွေ ပြေးဝင်သွားတော့ ဒီလူတော့ သေပါပြီလို့ ကျမစိုးရိမ်သွားခဲ့တယ်။ ဒါပေမဲ့ သူက နာကျင်ဟန်တောင်မပြခဲ့ဘူး။”

“အဲ့ဒီနောက်တော့ ဓားရောင်တစ်ချက်လင်းလက်သွားခဲ့ပြီး ပန်းဘီလူး လဲကျသွားခဲ့တယ်။ ဓားချက်ရဲ့ လျင်မြန်မှုကိုတော့ ကျမပြောမပြတတ်လောက်အောင်ပါပဲ။”

သူမ၏စကားပြီးဆုံးသွားချိန်၌ လူအားလုံးပင် အားဖေ၏ခါးတွင်ထိုးထားသော ဓားကို စိုက်ကြည့်နေလိုက်ကြသည်။ ထိုဓားသည် လူသတ်နိုင်သော ဓားတစ်လက် ဟုတ်ကောဟုတ်ပါ၏လား။ ပန်းဘီလူး ကိုသတ်ဖို့ဆိုရင် ဖြစ်နိုင်ပါ့မလားဟု လူတိုင်းကတွေးနေကြလေသည်။

တျန်ချီသည် ထိုဓားအားစူးရှစွာဖြင့် စိုက်ကြည့်နေလိုက်သည်။ “ကြည့်ရပုံထောက်တော့ မင်းက အဲ့ဒီမှာကြိုပြီးတော့ စောင့်နေခဲ့ပုံရတယ်။”

အားဖေ-“မှန်တယ်...”

တျန်ချီ-“သူတို့ကို တွေ့လိုက်ရတော့ ပန်းဘီလူးဟုတ် မဟုတ်သေချာအောင် မေးခဲ့တယ်ပေါ့။”

“အမှန်ပဲ...”

တျန်ချီကပြုံးပြလိုက်ပြီး- “ဒါဆိုရင် မင်းကအမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ပြီး လာသမျှလူတွေကို ပန်းဘီလူးဟုတ် မဟုတ်မေးနေခဲ့တယ်ပေါ့။”

အားဖေ-“ကျုပ်မှာ အဲ့ဒီလောက်အချိန်ပိုမရှိဘူး။”

တျန်ချီ-“မင်းမှာအချိန်ပိုတွေရှိနေတဲ့ အချိန်မှာကော… လမ်းပေါ်မှာသွားနေကြတဲ့ လူတွေကို ဘာလိုက်မေးလဲ။”

အားဖေ-“ကျုပ်က ဘာဖြစ်လို့လူတကာကို လိုက်မေးနေရမှာတုန်း။ သူတို့နဲ့ ကျုပ်ကဘာ များပတ်သက်နေလို့လဲ။”

တျန်ချီကပြုံးပြလိုက်ပြီး- “တွေ့လား- မင်းသာလိုက်မေးနေမယ်ဆိုရင် လူတိုင်းကို ‘ခင်ဗျား ဘယ်သူလဲ’လို့ပဲ မေးရမှာ။ ဆရာမုယုံကိုလည်း ခင်ဗျားဘယ်သူလဲလို့ပဲ မင်းမေးခဲ့တယ်မဟုတ်လား။ ခင်ဗျား ပန်းဘီလူးလားလို့ မင်းမေးခဲ့လို့လား။”

အားဖေ-“သူက ပန်းဘီလူးမဟုတ်နိုင်မှန်း ကျုပ်သိနေခဲ့တာပဲ။ လေကုန်ခံပြီး ဘာဖြစ်လို့ လိုက်မေးနေရမှာလဲ။”

တျန်ချီ၏အမူအရာများက လေးနက်သွားခဲ့သည်။ လူသေကောင်အလောင်းကို လက်ညှိုးထိုးပြလိုက်ပြီး- “အဲ့ဒီလိုဆိုရင် မင်းက ဘာဖြစ်လို့သူ့ကိုမှ ရွေးပြီးမေးခဲ့ရတာလဲ။ သူဟာ ပန်းဘီလူးဖြစ်တယ်ဆိုတာ မင်းကကြိုပြီးသိနေခဲ့လို့များလား။ မင်းသာကြိုပြီးသိနေခဲ့တယ်ဆိုရင်လည်း ဘာလို့လေကုန်ခံပြီးမေးခဲ့ရတာလဲ။”

“ဒီရက်ပိုင်းအတွင်းမှာ ပန်းဘီလူးထွက်ပေါ်လာလိမ့်မယ်လို့ ကျုပ်ကိုတစ်စုံတစ်ယောက်က ပြောပြထားခဲ့တယ်။”

တျန်ချီမှ လီဆွန်းဟွာအား အဓိပ္ပါယ်ပါပါစိုက်ကြည့်နေလိုက်သည်။ “ဘယ်သူက မင်းကိုပြောပြခဲ့တာလဲ။ ပန်းဘီလူးကိုယ်တိုင်ကလား- ဒါမှမဟုတ် ပန်းဘီလူးရဲ့ မိတ်ဆွေဖြစ်တဲ့သူကလား။”

အားဖေသည် သူ့ကို မည်သို့မျှပြန်လည်မချေပနိုင်တော့ကြောင်းကို တျန်ချီသိရှိနေခဲ့၏။ ထိုစကား တစ်ခွန်းတည်း မေးလိုက်ရုံဖြင့် သူလိုချင်သောအချက်ကို ထောက်ပြနိုင်ခဲ့လေပြီ။ ပြန်လည်ချေပစကား ကြားရန်မလိုအပ်တော့ချေ။

လူတိုင်းကပင် လီဆွန်းဟွာအား စိုက်ကြည့်နေကြလေသည်။ လီဆွန်းဟွာနှင့် အားဖေတို့၏ ပူးပေါင်းကြံစည်မှုဖြစ်နိုင်ကြောင်းကိုလည်း သူတို့အားလုံး ရိပ်မိသွားခဲ့ကြ၏။

ထိုလူငယ်လေးရှိရာသို့ တျန်ချီ လျှောက်သွားလိုက်ပြီး- “မင်းက ပန်းဘီလူးလား။”

ထိုလူငယ်လေးမှာ စိုးရိမ်ထိတ်လန့်သွားခဲ့ရပြီး ထစ်ငေါ့စွာဖြင့်- “ကျုပ်... ကျုပ်ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

သူ့စကားမဆုံးမီလေးပင် တျန်ချီက သူ့ကိုသွေးကြောပိတ်လိုက်လေ၏။ ထို့နောက် လူအုပ် ကြီးဘက်သို့လှည့်လိုက်ပြီး- “ဟေး ဒီမှာကြည့်ကြစမ်း... နောက်ထပ် ပန်းဘီလူးတစ်ယောက်ကို ဖမ်းမိပြန်ပြီဟေ့...”

ပြီးနောက် သူဆက်ပြောလိုက်၏။ “ပန်းဘီလူးကိုဖမ်းဖို့ဆိုတာ ဒီလောက်မလွယ်ကူဘူးဆိုတာ အားလုံး သိကြမယ်လို့ထင်ပါတယ်။ ဟုတ်တယ်မဟုတ်လား။”

လူအုပ်ကြီးမှာသဘောကျစွာဖြင့် တသောသောရယ်မောနေကြပြီး တစ်ယောက်ကိုတစ်ယောက်လက်ညှိုးထိုးနေကြကာ… “မင်းကပန်းဘီလူးလား... မင်းကောပန်းဘီလူးမဟုတ်လား... ဟားဟားဟားဟား...”

“မဟုတ်ဘူးကွ... မင်းကမှ ပန်းဘီလူးနဲ့ပိုတူတာ...”

“ဟားဟားဟား ... ဒီမှာဘာဖြစ်လို့ ပန်းဘီလူးတွေအများကြီး ဖြစ်နေရတာလဲ...”

လီဆွန်းဟွာက စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး- “ညီလေး... မင်းထွက်သွားလိုက်ပါတော့...”

အားဖေက စိတ်မကြည်သာစွာဖြင့်- “ကျနော် သွားရမယ်... ဟုတ်လား...”

လီဆွန်းဟွာက ပြန်လည်ပြုံးပြလိုက်ပြီး- “နာမည်ကျော် သခင်ကြီးကျိုနဲ့ နံပါတ် ၇ ဆရာတျန်တို့ဒီနေရာမှာ ရှိနေကြမှတော့ နောက်ပေါက်နာမည်မဲ့လူငယ်တစ်ယောက်က ပန်းဘီလူးကိုသတ်နိုင်တယ်ဆိုတာ ဘယ်သူကယုံကြည်နိုင်မှာလဲ။ ဒီအချက်ကို မင်းမစဉ်းစားမိဘူးလား။”

အားဖေ၏မျက်လုံးများက မှေးမှိန်သွားခဲ့ကြ၏။ “ကျနော်နားလည်ပြီ... ကျနော်နားလည်သွားပြီ။ ခင်ဗျားပြောတာ မှန်တယ်။”

လီဆွန်းဟွာ-“မင်းကျော်ကြားချင်တယ်ဆိုရင်တော့ ဒီအချက်ကို သဘောပေါက်နားလည်ထားဖို့ လိုလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ နောက်ဆုံးကျရင် ကျုပ်လိုပဲ ပန်းဘီလူးအဖြစ်နဲ့ ဇာတ်သိမ်းသွားရလိမ့်မယ်။”

အားဖေ-“ခင်ဗျားဆိုလိုတာက ကျော်ကြားချင်တယ်ဆိုရင် အမိန့်နာခံတတ်ရမယ်... အဲ့ဒီလိုလား...”

လီဆွန်းဟွာ-“မှန်လိုက်လေခြင်း... မင်းသာ သူတို့လိုသူရဲကောင်းတွေကို ဂုဏ်ပေးလိုက်မယ်ဆိုရင် သူတို့က မင်းကိုအလားအလာကောင်းတဲ့ နောက်ပေါက်လူငယ်လေး တစ်ယောက်အဖြစ် မြှောက်စားကြလိမ့်မယ်။ နောက် ၁ဝ နှစ်- နှစ် ၂ဝ ကြာလာလို့ သူတို့တွေ မရှိကြတော့တဲ့အချိန်ကျမှသာ မင်းနာမည်ကျော်ကြားလာလိမ့်မယ်။”

အားဖေ ထိုနေရာ၌ပင် ကြာမြင့်စွာရပ်ပြီး စဉ်းစားခန်းဝင်နေလိုက်၏။ ထို့နောက်သူ့မျက်နှာပေါ်တွင် ပြုံးရိပ်လေးသမ်းလာခဲ့ပြီး- “ကြည့်ရတာတော့ ကျနော် ဘယ်တော့မှ အောင်မြင်ကျော်ကြားလာမှာ မဟုတ်ပါဘူး။”

လီဆွန်းဟွာ-“ဒီအချက်ကလည်း အဆိုးကြီးတော့ မဟုတ်ပါဘူးကွာ...”

အားဖေ၏အပြုံးကို တွေ့လိုက်ရသည့်အချိန်တွင် လီဆွန်းဟွာထံမှ အပြုံးကပိုပြီး သဘာဝ ကျလာလေ၏။ သူတို့နှစ်ယောက်ပြုံးပြီး စကားပြောနေကြသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတစ်ရပ်ကို စိတ်ပါဝင်စားစွာ ဆွေးနွေးနေကြသလိုပင်။

လူတိုင်းပင် သူတို့နှစ်ယောက်ကို နားမလည်စွာ ကြည့်နေကြလေသည်။ ရုတ်တရက်ပင် လီဆွန်းဟွာထံသို့ အားဖေ ခုန်ဝင်သွားခဲ့၏။ လီဆွန်းဟွာ၏လက်ကို ဆွဲကိုင်လိုက်ပြီး- “အောင်မြင်ကျော်ကြားမှုဆိုတာတွေက ပကာသနသက်သက်ပါ- အရေးမကြီးပါဘူး။ ကျုပ်တို့နှစ်ယောက် တွေ့နေကြမှတော့ အရက်ကလေးတော့ အတူတူသောက်လိုက်ရမှ ဖြစ်မယ်။”

လီဆွန်းဟွာ-“အရက်သောက်ဖို့ဆိုရင် ကျုပ်ငြင်းလေ့မရှိဘူး။ ဒါပေမဲ့ ဒီနေ့တော့...”

တျန်ချီ-“ဒီနေ့တော့ သူမလိုက်နိုင်တော့ဘူး။”

အားဖေ၏အသွင်အပြင်များက လေးနက်တည်ကြည်လာပြီး- “ဘယ်သူကပြောတာလဲ။”

တျန်ချီမှ လက်တစ်ချက်ဝှေ့ရမ်းပြလိုက်ရာ သန်မာတောင့်တင်းသော လူနှစ်ယောက်ပေါ် ထွက်လာကြပြီး- “နံပါတ် ၇ ဆရာတျန်ချီကပြောနေတယ်။ သူ့စကားကို နာခံရလိမ့်မယ်။”

နောက်တစ်ယောက်က- “သူ့စကားကို ပယ်ရှားတဲ့လူ သေရလိမ့်မယ်။”

ထိုလူနှစ်ယောက်မှာ အစေခံများ၏ အသွင်အပြင်များရှိနေကြသော်လည်း သူတို့၏လှုပ်ရှားမှုများက သူတို့ထံတွင် အလွန်ကောင်းသော သိုင်းပညာများရှိနေကြကြောင်း ဖော်ပြနေကြလေသည်။

သူတို့နှစ်ယောက်စလုံး စကားပြောနေကြစဉ်မှာပင် ဓားမော့နှစ်လက်ပေါ်ထွက်လာပြီး သက်တန့်ရောင် အရိပ်များ ဖြာထွက်လာခဲ့ကြ၏။ ထိုဓားရိပ်များ၏နောက်မှ ပြင်းထန်သောအားမာန်များ သယ်ဆောင်လာကြလေသည်။ ဘယ်တစ်ချက်- ညာတစ်ချက်... အပေါ်တစ်ချက်- အောက်တစ်ချက်... အားဖေ၏ ပခုံးဆီသို့ လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် ဖြတ်ဝင်လာလေသည်။

အားဖေက သူတို့၏တိုက်လိုက်လာမှုများအား အေးစက်စွာပင် ရပ်ကြည့်နေလိုက်၏။ ရုတ်တရက်ပင် အလင်းရောင်တစ်ချက်ဖြာထွက်သွားခဲ့၏။ ထို့နောက် နောက်တစ်ချက်... ထို့နောက် နာကျင် စွာအော်ဟစ်လိုက်သံ နှစ်သံ... ဓားကွေးနှစ်လက်မှာ လေထဲသို့လွင့်ပျံတက်သွားကြ၏။ ထိုလူနှစ်ယောက်စလုံး ဘယ်ဘက်လက်များဖြင့် သူတို့၏ညာဘက်လက်များကို ဖိကိုင်ထားလိုက်ကြသည်။ နာကျင်သောဝေဒနာများ ခံစားနေကြရသဖြင့် သူတို့၏မျက်နှာများ ရှုံ့မဲ့နေကြ၏။ သူတို့၏လက်ဖဝါးများမှ သွေးများပန်းထွက်နေကြလေသည်။

အားဖေ၏ဓားမှာ သူ့ခါး၌ချိတ်ထားလျက်ပင်။ သူဓားဆွဲထုတ်လိုက်ပုံကို မည်သူမျှမတွေ့ ခဲ့ကြချေ။ ယခုသော် သူ့ဓားပေါ်၌ သွေးများစွန်းထင်းနေသည်ကိုမူ တွေ့မြင်နေကြရလေသည်။

မြန်လိုက်တဲ့ ဓားချက်...

တျန်ချီ၏မျက်နှာပြင်ထက်မှ အပြုံးများပျောက်ကွယ်သွားခဲ့ရ၏။

အားဖေက လေသံအေးအေးလေးဖြင့် ပြောနေ၏။ “နံပါတ် ၇ ဆရာတျန်ရဲ့စကားတွေက အမိန့်ပဲ။ ကျုပ်ရဲ့ဓားကတော့ အမိန့်မနာခံတတ်ဘူး။ လူပဲသတ်တတ်တယ်။”

ထိုလူနှစ်ယောက်၏ မျက်နှာများပေါ်၌ အလွန်ပင် အံ့ဩနေကြပြီး မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်လာကြပြီး တံခါးပေါက်မှတဆင့် တချိုးတည်းထွက်ပြေးသွားကြတော့သည်။ ဓားတစ်လက်က အမိန့်မပေးနိုင်ပါ။ သို့သော် တစ်ခါတရံတွင် အမိန့်ပေးခြင်းထက် ပိုပြီးထိရောက်လေသည်။

အားဖေက လီဆွန်းဟွာ၏လက်ကို ဆွဲကိုင်လိုက်ပြီး- “သွားကြစို့။ အရက်သွားသောက်ကြရအောင်။ ကျနော်တို့ သွားလမ်းကို ပိတ်မဲ့သူတွေရှိတော့မှာ မဟုတ်ပါဘူး။”

လီဆွန်းဟွာ ပြန်ပြောနိုင်ခင်မှာပင် လောင်ရှောင်း၄ယွန်က မေးလိုက်၏။ “မင်းသူ့ကို ခေါ် သွားချင်နေမှတော့ သူ့ရဲ့ သွေးကြောတွေကို ပြန်ဖြေပေးလိုက်ပါလား။”

အားဖေ၏မျက်နှာ တစ်ချက်တွန့်သွားခဲ့၏။ ထိုအချိန်မှာပင် လီဆွန်းဟွာတစ်ယောက် တုန်လှုပ်သွားခဲ့ရ၏။ ထိုနေ့တစ်ရက်ကို သူမှတ်မိလိုက်လေသည်။

ထိုနေ့က... ဟောင်ဟန်မင်းကို သူစစ်ဆေးနိုင်ရန်အတွက် အားဖေက ချုပ်နှောင်ထားပေးခဲ့သည်။

ထိုနေ့က... ထူးဆန်းလှသည်ဟု လီဆွန်းဟွာ တွေးထင်ထားခဲ့လေသည်။ ဘာဖြစ်လို့များ ဟောင်ဟန်မင်းကို အားဖေက သွေးကြောတွေ ပိတ်မထားခဲ့ပါလိမ့်...။ ယခုတော့ အားလုံးကို သူနား လည်သဘောပေါက်သွားခဲ့လေပြီ။

ထိုလူငယ်လေး၏ဓားမှာ ပြိုင်ဘက်ကင်းမြန်ဆန်ပြင်းထန်လှသော်လည်း သွေးကြောပိတ်သည့်ပညာရပ်ကိုမူ မတတ်ကျွမ်းချေသည်တကား...။

လီဆွန်းဟွာ စိတ်ဓာတ်ကျဆင်းသွားခဲ့ရ၏။ သူ၏အမူအရာကတော့ မပြောင်းလဲသွားပါ။ သူ အားတင်းပြုံးပြလိုက်ပြီး- “ဒီနေ့ မင်းကိုဖိတ်ခေါ်ဖို့အတွက် ကျုပ်မှာပိုက်ဆံမရှိဘူး။”

အားဖေ ခဏမျှစဉ်းစားလိုက်ပြီး စကားကို တစ်လုံးချင်းပြောလိုက်လေ၏။ “ကျနော်က ဖိတ်ခေါ်မှာပါ။”

လီဆွန်းဟွာ-“ကျုပ်ပိုက်ဆံနဲ့ ဝယ်တဲ့အရက်မဟုတ်ရင် ကျုပ်မသောက်ချင်ဘူး။”

အားဖေသည် လီဆွန်းဟွာကိုစိုက်ကြည့်နေလိုက်သည်။ သူ၏ အေးစက်စက်မျက်ဝန်းများထဲ၌ ဝမ်းနည်းမှုများဖော်ပြနေလေသည်။ လီဆွန်းဟွာက သူ့ကိုအန္တရာယ်တွင်းသို့ ဆွဲမခေါ်ရက်ကြောင်းကိုလည်း သူသိနေ၏။ လီဆွန်းဟွာ၏ ပိတ်နေသော သွေးကြောများကို သူပြန်မဖွင့်ပေးနိုင်ပါက လီဆွန်းဟွာအား ထမ်းခေါ်သွားရုံသာရှိလေသည်။ လီဆွန်းဟွာကို သူထမ်းခေါ်သွားပါကလည်း သူတို့လွတ်မြောက်နိုင်ဖို့အခွင့်အရေး နည်းပါးသွားပေလိမ့်မည်။

တျန်ချီ၏ မျက်လုံးများက တောက်ပလာကြပြန်သည်။ သူတို့နှစ်ယောက်ဖြစ်နေပုံအား ပြုံး၍ကြည့်နေလိုက်ပြီး- “လီဆွန်းဟွာက တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ။ သူ့မိတ်ဆွေတွေကို အကျဉ်းအကြပ်ထဲ ဘယ်တော့မှ ဆွဲခေါ်မှာမဟုတ်ဘူး။ မိတ်ဆွေလေး... မင်းထွက်သွားလိုက်ပါတော့။”

ထိုမြေခွေးအိုကြီးသည် အားဖေ၏ပျော့ကွက်ကို ရိပ်မိသွားကြောင်း လီဆွန်းဟွာ သိရှိနေသည်။ ချက်ချင်းပင်- “သူ့ကို မင်းမျှားခေါ်နေစရာမလိုပါဘူး။ သူပါလာမှာ မဟုတ်ဘူး။ သူက ငါ့ကို ထမ်းပြီးခေါ်သွားဦးတောင်မှ မင်းတို့ သူ့ကိုမတားနိုင်ပါဘူးကွာ။”

သူဆက်ပြောနေလိုက်၏။ “နောက်ထပ်ရှိသေးတယ်။ ဒီနေ့သူနဲ့ငါဘာဖြစ်လို့လိုက်မသွားချင်တာလဲဆိုတော့ ငါသာ လိုက်သွားခဲ့ရင် ငါ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်တော့မှာ မဟုတ်ဘူး။”

ထိုစကားများက အားဖေသို့ ရည်ရွယ်ပြီးပြောနေခြင်းလည်းဖြစ်၏။

အားဖေသည် ထိုနေရာ၌ အတန်ကြာမျှရပ်နေလိုက်ပြီးနောက်- “သူတို့က ခင်ဗျားကို ပန်းဘီလူး လို့ စွပ်ဆွဲနေမှတော့ ခင်ဗျားက ပန်းဘီလူးပဲပေါ့- ဟုတ်တယ်မဟုတ်လား။”

လီဆွန်းဟွာက ရယ်မောလိုက်ပြီး- “တချို့လူတွေရဲ့ စကားတွေက အီးကျယ်ကျယ်ပေါက်သံ လိုပဲ။”

အားဖေ-“ဒါဆိုရင် သူတို့အီးပေါက်နေကြတာကို ခင်ဗျားက ဘာဂရုစိုက်နေစရာလိုသေး လဲ။”

ရုတ်တရက်ပင် သူ လီဆွန်းဟွာအား သူ့နောက်ကျောသို့ ပွေ့ချီလိုက်၏။ တစ်ချိန်တည်းမှာပင် တျန်ချီ၏ တုတ်တံသည်လည်း လှုပ်ရှားလာလေသည်။ အားဖေ၏ရင်ဘတ်ပေါ်ရှိ အကြော ၁၁ နေရာသို့ လျင်မြန်သွက်လက်စွာဖြင့် ထိုးပိတ်လိုက်သည်။ ဤတုတ်တံသာ အားဖေ၏ခန္ဓာကိုယ်ပေါ်သို့ ခပ်ပေါ့ပေါ့လေးထိလိုက်မည်ဆိုလျှင်တောင် အားဖေအနေဖြင့် လှုပ်ရှားနိုင်တော့မည်မဟုတ်ချေ။

အားဖေက သူ၏ဓားကို ဆွဲမထုတ်ခဲ့ပါ။

သူသည် လီဆွန်းဟွာကဲ့သို့ပင်။ သူ့ဓားကို ဆွဲထုတ်လိုက်ပြီဆိုသည်နှင့် သွေးမြေခရတော့ပေမည်။ ယခုအချိန်၌ တျန်ချီအား သူဒဏ်ရာရအောင် လုပ်နိုင်မည်၊ မလုပ်နိုင်မည်ကို မသေချာသေး။

လူအားလုံးပင် တျန်ချီ၏ တုတ်တံအရိပ်ကို လိုက်၍ကြည့်နေကြ၏။ တျန်ချီ၏ သွေးကြောပိတ်ပညာရပ်သည် သိုင်းလောကတွင် အကောင်းဆုံးဆိုသူများထဲ၌ ပါဝင်လေသည်။ သို့သော် ထိုလူငယ်လေးအား သူမည်သို့မျှ မထိန်းချုပ်နိုင်သေးချေ။

ကျိုကျန်ရိက ကျယ်လောင်စွာဖြင့်- “ပန်းဘီလူးကို သတ်နိုင်ဖို့ဆိုတာ သိုင်းလောကမှာ ဂုဏ်အရှိဆုံးလုပ်ရပ်ပဲ။ ဒီအခွင့်အရေးကို လက်လွှတ်မခံကြနဲ့ဟေ့...”

သူ့စကားမဆုံးခင်၌ပင် လူ ၇ ယောက်ခန့်မှ သူတို့၏လက်နက်များကို ထုတ်၍တိုက်ခိုက်ရန် တာဆူလာကြ၏။ အားလုံး၏လက်နက်များက လီဆွန်းဟွာဆီသို့ ချိန်ရွယ်ထားကြလေသည်။ လင်ရှန်းအာက လောင်ရှောင်း၄ယွန် ဘက်သို့လှည့်လိုက်ပြီး- “စတုတ္ထအစ်ကိုကြီး သူတို့ကို မတားတော့ဘူးလား။”

လောင်ရှောင်း၄ယွန်-“ငါသွေးကြောပိတ်ခံထားရတာကို နင်မမြင်ဘူးလား။”

ထိုအချိန်၌ပင် ကျယ်လောင်သောအသံများကို ကြားလိုက်ကြရပြီး လူ ၃ ယောက်မြေကြီးပေါ်သို့ လဲကျသွားခဲ့ကြ၏။

အာဖေ ဓားဆွဲထုတ်ခဲ့လေပြီကော။

တျန်ချီကို ဒဏ်ရာရအောင် သူမတိုက်ခိုက်နိုင်ခဲ့သော်လည်း ကျန်လူများက သေချင်နေကြသည့်အတွက်ကိုမူ သူ လိုက်လျော ဖြည့်ဆီးပေးနိုင်ပါသေးသည်။ ဓားသွားဦးတည်ရာအရပ်တိုင်းတွင် သွေးများ ပန်းထွက်နေကြ၏။ လီဆွန်းဟွာ၏ အနွေးထည်တစ်ခုလုံးလည်း သွေးချင်းချင်းနီနေလေသည်။

လက်နက်များအားလုံး ရုတ်သိမ်းသွားကြသည်။ တျန်ချီတစ်ယောက်တည်း၏ တုတ်တံက သာ အားဖေ၏သွေးကြောကွက်များကို အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်နေဆဲ။ မြွေတစ်ကောင်မှ အားဖေ၏ သွေးကြောကွက်များကို လိုက်၍ပေါက်နေသကဲ့သို့ပင်။

လင်ရှန်းအာက သက်ပြင်းချလိုက်ပြီး- “သခင်ကြီးကျိုက အလွန်ပဲ ယောက်ျားပီသတဲ့သူတစ်ယောက်ပါ။ တစ်ယောက်ကို အများနဲ့ အနိုင်ယူလိမ့်မယ်မဟုတ်ဘူးလို့ ထင်ပါတယ်။”

ကျိုကျန်ရိ၏ မျက်လုံးများက ဝင်းလက်သွားခဲ့ကြပြီး- “ပန်းဘီလူးနဲ့ တိုက်ခိုက်တဲ့အချိန်မှာတော့ သိုင်းလောကရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းနေစရာမလိုပါဘူး။”

သူ့အနီး၌ရှိနေသော လှံတံရှည်တစ်ချောင်းကို လျင်မြန်စွာဆွဲယူလိုက်ပြီး လီဆွန်းဟွာထံသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

သူ၏အောင်မြင်ကျော်ကြားမှုများမှာ အလကားမဟုတ်ချေ။ ကျိုကျန်ရိ၏ လှုပ်ရှားမှုများက အားကျစရာကောင်းလှပေသည်။

တုတ်တံနှင့် လှံတံရှည်များက အားဖေ၏ဓားထက်ပို၍ ရှည်လျားနေသောကြောင့် အားဖေမှာ တပန်းရှုံးနေရလေသည်။ ထို့ပြင် သူ့ကျောပေါ်၌ လီဆွန်းဟွာကို ထမ်းပိုးထားရသေး၏။

တျန်ချီသည် ဤအခွင့်အရေးကို အသုံးချပြီး သူ၏လက်နက်ရှည်ဖြင့် အားဖေကို ဒဏ်ရာရ အောင်ပြုလုပ်ရန်ရည်ရွယ်ပြီး တိုက်ခိုက်နေသော်လည်း ဘာကြောင့်မှန်းမသိ၊ အားဖေ၏အင်္ကျီစကိုပင် ထိအောင်မလုပ်နိုင်သေးချေ။

အကွက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးချိန်၌ပင် အားဖေမှ သူ့အားတစ်ကွက်မျှ ပြန်မတိုက်ခဲ့ချေ။ အားဖေ၏ ခြေကွက်များက အံ့ဩစရာပင်။ သူ့တုတ်တံဖြင့် အားဖေ၏ အသွေးကြောကွက်များကို ပိတ်လိုက်နိုင်တော့မည့် အချိန်တိုင်းပင် အားဖေက ငါးရံ့တစ်ကောင်လို လူးလွန့်ရှောင်တိမ်းသွားနိုင်ခဲ့သည်။

တျန်ချီသည် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတနှင့်ပြည့်စုံသော သိုင်းသမားတစ်ယောက် ဖြစ်သော်လည်း အားဖေ၏ ခြေရွှေ့ကွက်များ၏ မူလဇစ်မြစ်ကို မသိရှိနိုင်သေးဘဲဖြစ်နေသည်။

ရုတ်တရက်ပင် သူအကြံတစ်ခုရလိုက်ပြီး- “မိတ်ဆွေလေး… သူ့ကို ချထားလိုက်ပါလား။ ဒါမှမဟုတ်လို့ရှိရင် သူကမင်းကို ပြဿနာတွေထဲ ဆွဲမခေါ်သွားခင် မင်းကသူ့ကို သေတွင်းထဲကို ဆွဲခေါ်နေသလိုဖြစ်နေလိမ့်မယ်။”

အားဖေက အံကြိတ်လိုက်ပြီး- “သူ့ကိုချထားစေချင်ရင် ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ တိုက်နေရသေးတာတုန်း။”

ချက်ချင်းပင် တျန်ချီက သူ၏တုတ်တံလက်နက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်သို့ခြေလှမ်း အချို့ ဆုတ်သွားခဲ့၏။ ကျိုကျန်ရိ၏ လှံတံသည်လည်း လမ်းတဝက်၌ပင် ဦးတည်ရာပြောင်းသွားခဲ့၏။

အားဖေက သူတို့အား ရှိသည်ဟုပင် ဂရုစိုက်မနေတော့ဘဲ လီဆွန်းဟွာအား ထိုင်ခုံတစ်ခုပေါ် သို့ တင်ထားလိုက်၏။ လီဆွန်းဟွာ၏ မျက်နှာမှာ နီရဲနေသော်လည်း ချောင်းမဆိုးဖြစ်အောင် အားတင်းထိန်းချုပ်ထားလေသည်။ သူ၏ချောင်းဆိုးလိုက်သံကြောင့် အားဖေ၏အာရုံများ ပြန့်လွင့်သွားမည် ကို သူမလိုလားချေ။

လီဆွန်းဟွာကို အားဖေက စိုက်ကြည့်လိုက်၏။ ထို့နောက် ကျိုကျန်ရိဘက်သို့ လှည့်လိုက်ကာ- “ကျုပ် စိတ်မကောင်းတာ တစ်ခုပဲရှိတယ်။ အရင်တစ်ခေါက်တုန်းက ခင်ဗျားကို ကျုပ်ဘာလို့ မသတ် ခဲ့ပါလိမ့်လို့...”

စကားပြောနေစဉ်မှာပင် သူ၏ဓားက တိုးထွက်လာခဲ့သည်။

ထိုဓား၏ လျင်မြန်မှုမှာ မဖော်ပြတတ်အောင်ပင်။ မည်ကဲ့သို့ ကျိုကျန်ရိတစ်ယောက် ရှောင်တိမ်းနိုင်ပါမည်နည်း။ ထိုအချိန်၌ပင် အပြင်ဘက်မှ- “ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ကြပါ...” စကားသံကြားကြားခြင်းပင် အရိပ်တစ်ရိပ် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့၏။ ဒုတိယစကားလုံးသို့အရောက်တွင် ထိုအရိပ်မှာ အားဖေ၏နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့လေပြီ။ မူလက အားဖေသည် ကျိုကျန်ရိကို သုတ်သင်ရန် တိုက်ခိုက်ခဲ့သော်လည်း ရုတ်တရက်ပင် သူ၏ ဓားလမ်းကြောင်းပြောင်းသွားခဲ့ကာ ထို ဝင်ရောက်လာသော အရိပ်ဆီသို့ တိုက်ခိုက်လိုက်သည်။

‘ထန်း...’ ဓားနှင့် အရိပ်တို့ထိခပ်သွားခဲ့လေသည်။ ထိုအရိပ်မှာ ပုတီးတစ်ကုံးဖြစ်နေလေသည်တကား။

ဓားမှာ လှုပ်ခါနေသော်လည်း အားဖေကတော့ မတုန်မလှုပ်ပင်။

မိုးသောက်ချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

မိုးသောက်ရောင်ချည်အောက်တွင် မီးခိုးရောင်ဘုန်းကြီး ၆ ပါး အခန်းတွင်းသို့ အိန္ဒြေရှိရှိ လှမ်းဝင်လာခဲ့ကြ၏။ ပထမဆုံး ဘုန်းကြီး၏ မျက်ခုံးမွှေးများမှာ ဖြူဆွတ်နေ၏။ သူ့မျက်နှာကတော့ စူးရှ တောက်ပနေသည်။ သူ့မျက်လုံးများက အရောင်တလဲ့လဲ့တောက်ပနေကြ၏။

သူ၏လက်ကိုဖြန့်လိုက်သောအခါ ထိုပုတီးကုန်းကို အားလုံးတွေ့မြင်လိုက်ကြရလေသည်။

ကြောက်ရွံ့ထိတ်လန့်မှုများကြားမှ ကျိုကျန်ရိသည် သူ့ကိုယ်သူ အာရုံစုစည်းလိုက်ပြီး ထိုဘုန်းကြီး၏ရှေ့၌ ဦးညွှတ်လိုက်ကာ- “အရှင်ဘုရား ဒီကို ကြွလာလိမ့်မယ်လို့ ထင်မထားခဲ့မိတဲ့အတွက် ထွက်မကြိုခဲ့မိတာကို တောင်းပန်ပါတယ် ဘုရား။”

မျက်ခုံးဖြူဘုန်းတော်ကြီးမှ အားဖေကိုကြည့်လိုက်ပြီး- “ဒကာလေးရဲ့ ဓားက တော်တော်ကို မြန်ဆန်တာပဲ။”

အားဖေ-“တပည့်တော်ရဲ့ ဓားကသာမမြန်ခဲ့ဘူးဆိုရင် တပည့်တော်ရဲ့ ဈာပနအတွက် အခုအချိန်မှာ အရှင်ဘုရား သရဏဂုံတင်နေလောက်ပါပြီ။”

မျက်ခုံဖြူဘုန်းတော်ကြီး-“နောက်ထပ်လူတွေမသေရအောင်သာ ကျုပ်ကလှုပ်ရှားခဲ့တာပါ။ ဒကာလေးရဲ့ ဓားကမြန်ပေမယ့် ဗုဒ္ဓရဲ့မျက်လုံးလောက်တော့ ဘယ်မြန်နိုင်လိမ့်မလဲ။”

အားဖေ-“အရှင်ဘုရားရဲ့ ပုတီးကုန်းက ဗုဒ္ဓရဲ့မျက်လုံးထက်ပိုမမြန်ဘူးလား။ တပည့်တော်သာ ဒီပုတီးကုန်းကြောင့် သေသွားခဲ့မယ်ဆိုရင် နောက်ထပ်လူသေတစ်ယောက် တိုးမလာပေဘူးလား။”

ကျိုကျန်ရိ-“ရှောင်လင်ကျောင်းတော်ရဲ့ သိက္ခာရှိကိုယ်တော်တစ်ပါးကို မင်းအဲ့ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြောရသလား။”

မျက်ခုံးဖြူဘုန်းတော်ကြီးက ပြုံးပြလိုက်ပြီး- “ဘာပဲဖြစ်ဖြစ် ဒီက ဒကာလေးရဲ့ နှုတ်သီးက ဓားသွားတစ်လက်လို ထက်မြက်လှပါတယ်လေ။”

လင်ရှန်းအာက ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်၏။ “ရှင်းမယ် ကိုယ်တော်က ရှင့်ကို သွားခွင့်ပြုနေမှတော့ ရှင်ထွက်သွားလိုက်ပါတော့လား။”

ကျိုကျန်ရိက အေးစက်စွာဖြင့်- “သူဒီကနေ ထွက်သွားဖို့ အခွင့်အရေးမရှိတော့ဘူး။”

အားဖေ-“ခင်ဗျားက ကျုပ်ရဲ့သွားလမ်းကို ပိတ်ဆို့နိုင်တယ်လို့ ထင်နေသေးတယ်ပေါ့လေ။”

စကားပြောဆိုနေစဉ်၌ပင် သူအပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။

ကျိုကျန်ရိ၏ အမူအရာများ ပျက်သွားခဲ့ပြီး- “ကိုယ်တော်... “

တျန်ချီ ချက်ချင်းပင် ဝင်ရောက်လာခဲျ့ပီး- “ရှင်းမယ်ကိုယ်တော်က အလွန်တရာမှ ခွင့်လွှတ် သနားတတ်သူပါ။ သူ့ကို ပေးသွားလိုက်ပါ။”

ရှင်းမယ်ကိုယ်တော်က လေးနက်တည်ကြည်စွာဖြင့်- “ရှောင်လင် ဂိုဏ်းချုပ်ကိုယ်တော်ကြီးဆီက အကြောင်းကြားစာရရချင်း ကျုပ်ဒီကို ထွက်လာခဲ့တာပဲ။ ရှောင်လင်ဂိုဏ်းရဲ့ တပည့် ချင်ကျောင် ဒဏ်ရာအပြင်းအထန် ရထားတယ်ကြားလို့ ကျုပ်တို့ ဒီကိုလာခဲ့ကြတာ။”

ကျိုကျန်ရိမှ သက်ပြင်းမောတစ်ခုချလိုက်ပြီး- “ကိုယ်တော် ဒီကိုရောက်လာခဲ့တာ နည်းနည်းလေး နောက်ကျသွားခဲ့ပြီ။”

အပြင်ဘက်၌ နေ့တစ်နေ့၏ အလင်းရောင်များ ထွန်းလင်းတောက်ပလာခဲ့လေပြီ။ လမ်းမများပေါ်တွင် လူအများ ဥဒဟို လှုပ်ရှားသွားလာနေကြသည်။ နှင်းပုံပေါ်၌ ပေါ့ပါးစွာ လမ်းလျှောက်နေ သော်လည်း အားဖေ၏ရင်ထဲ၌ မွန်းကြပ်နေ၏။

“ခဏစောင့်ပါဦး...”

အသံလေးမှာ ကြည်လင်နေပြီး သာယာနာပျော်ဖွယ်ရှိလေသည်။ မည်သူမှန်း အားဖေလှည့် မကြည့်ဘဲနှင့် သိနေသည်။

အဘယ်ကြောင့်ဆိုသော် လမ်းမပေါ်ရှိလူအများက အားဖေ၏နောက်သို့ အရူးအမူး လိုက်၍ကြည့်နေကြသောကြောင့်ပင်။

အားဖေက လှည့်၍ပင်မကြည့်ပါ။ သူ့လမ်းသူဆက်လျှောက်နေလိုက်၏။

သူ့နောက်ကျောဘက်မှ လွန်စွာမွှေးကြိုင်သောရနံ့များ ရရှိလိုက်ပြီးနောက် သူလှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။

လင်ရှန်းအာသည် လှပနေဆဲ… စွဲဆောင်မှုအားကောင်းနေဆဲ။

အားဖေ၏မျက်ဝန်းများက နှင်းပွင့်များကဲ့သို့ အေးစက်နေ၏။

လင်ရှန်းအာက သူမ၏ခေါင်းကို ငုံ့ထားလိုက်ပြီး- “ကျမ... ကျမ တောင်းပန်ချင်လို့ လိုက်လာခဲ့မိတာပါ။”

အားဖေ-“မင်းမှာ တောင်းပန်စရာ ဘာအကြောင်းမှမရှိပါဘူး။”

လင်ရှန်းအာ-“ဒါပေမဲ့ အဲ့ဒီလူတွေက သိပ်ကို ရိုင်းစိုင်းယုတ်မာကြလွန်းတယ်။”

အားဖေ-“မင်းနဲ့ ဘာဆိုင်လို့လဲ။”

လင်ရှန်းအာ-“ရှင်က ကျမကို ကယ်တင်ခဲ့သူမဟုတ်လား။ ကျမက ဘယ်လိုလုပ်ပြီး...”

အားဖေ-“ကျုပ် မင်းကိုကယ်တင်ခဲ့တယ်။ သူတို့ကို မကယ်တင်ခဲ့ဘူး။ သူတို့အတွက် တောင်းပန်ပေးဖို့ ကျုပ် မင်းကိုကယ်တင်ခဲ့တာမဟုတ်ဘူး။”

ထို့နောက်- “နောက်ထပ် မင်းမှာ ဘာများပြောစရာရှိသေးလဲ...”

လင်ရှန်းအာ တစ်ယောက်ဆွံ့အသွားခဲ့ရ၏။ ဤလိုလူစားမျိုး သူမ၏တစ်သက်တာတွင် မတွေ့ခဲ့ဖူးချေ။ ရေခဲတောင်များပင် သူမ၏ရှေ့မှောက်တွင် အရည်ပျော်ကျသွားလိမ့်မည်ဟု ထင်ထားခဲ့သည်မဟုတ်ပါလား။

အားဖေ-“နောက်မှ တွေ့ကြသေးတာပေါ့...”

သူတစ်ဘက်သို့လှည့်လိုက်ပြီး လမ်းဆက်လျှောက်နေလိုက်၏။ သူ့ခြေလှမ်းများ အဝေးသို့ ရောက်မသွားခင်၌ပင် လင်ရှန်းအာက အော်ပြောလိုက်၏။ “ခဏစောင့်ပါဦးလား။ ကျမ ရှင့်ကိုပြောစရာတွေ ကျန်နေသေးတယ်။”

အားဖေ-“မလိုပါဘူး။”

လင်ရှန်းအာ-“လီဆွန်းဟွာသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျမက ဘယ်သူ့ကို သွားပြောရမှာလဲ။”

အားဖေက နောက်သို့လှည့်ကြည့်လိုက်ပြီး- “ဒီကနေ အနောက်ဘက်မှာ ရှိနေတဲ့ ရှန်တည်းခိုခန်းကို မင်းသိတယ်မဟုတ်လား။”

လင်ရှန်းအာ-“ကျမ ဒီနေရာမှာနေလာခဲ့တာ ၆ နှစ်တောင်ကျော်နေပြီ… မသိဘဲရှိပါ့မလား။”

“ကျုပ် အဲ့ဒီမှာရှိနေမယ်။ ည မမှောင်ခင်အထိရှိနေမယ်။”

လင်ရှန်းအာ-“ည ရောက်လာခဲ့ရင်ကော...”

ကောင်းကင်ပြင်သို့ အားဖေ မော့ကြည့်လိုက်ပြီး- “လီဆွန်းဟွာဟာ ကျုပ်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကျုပ်ဆီမှာ မိတ်ဆွေများများစားစား ရှိတာမဟုတ်ဘူး။ လီဆွန်းဟွာလို မိတ်ဆွေမျိုးက ရှာလို့ တွေ့နိုင်ချင်မှတွေ့နိုင်တော့မှာ။ သူသာသေသွားခဲ့မယ်ဆိုရင် ဒီလောကကြီးဟာ စိတ်ဝင်စားစရာ ကောင်းတော့မှာမဟုတ်ဘူး။”

လင်ရှန်းအာမှ သက်ပြင်းချလိုက်ပြီး- “သူ့ကို ကယ်တင်ဖို့ ရှင်ကြိုးစားလိမ့်မယ်ဆိုတာ ကျမ သိပါတယ်။ မိတ်ဆွေတွေ ဘယ်လောက်ပဲ ကောင်းကောင်း… ရှင့်အသက်လောက် တန်ဘိုးမရှိဖူးဆိုတာကိုကော ရှင်သိရဲ့လား။”

အားဖေက လင်ရှန်းအာကို စိုက်၍ကြည့်နေလိုက်ပြီး ဖြေးညင်းစွာပြောလိုက်၏။ “မင်း နောက်တစ်ခါ ဒီလိုစကားမျိုး ထပ်မပြောတော့ဘူးလို့ ကျုပ်ရိုးသားစွာ ယုံကြည်ထားလိုက်မယ်။ ဒီတစ်ကြိမ်တော့ မင်းပြောခဲ့တာ ကျုပ်မကြားလိုက်မိဘူးလို့ဘဲ သတ်မှတ်လိုက်မယ်။”

0 comments:

Post a Comment