Saturday, February 12, 2011

(၁၃) ထူးဆန်းစွာကျရှုံးခြင်း

အခန်းတွင်းမှ လင်ရှီးယင်ထွက်ပေါ်လာခဲ့ပြီး- “ကဲ ရှင်သဘောတူမယ်မဟုတ်လား။”

လီဆွန်းဟွာ သူ၏မျက်နှာကို မဲ့ပြလိုက်၏။ “ကျုပ်ကသူများတွေကို နှိပ်စက်ရမှ ကျေနပ်တယ်ဆိုတာ မင်းမသိဘူးလား။”

သူထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။ “ကောင်းသောည ဖြစ်ပါစေ။”

လင်ရှီးယင်သည် အသံများတုန်ခါစွာဖြင့် ရှိုက်ကာငင်ကာ ပြောဆိုနေသည်။ “ရှင်ထွက်သွားခဲ့ပြီးပြီပဲ... ဘာဖြစ်လို့ဒီကိုပြန်လာတာလဲ။ ကျမတို့ ဒီမှာအားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခဲ့ကြတာ၊ ခုတော့ ရှင့်ကြောင့် ပြဿနာတွေဖြစ်နေရပြီ။”

လီဆွန်းဟွာသည် ဘာမှပြန်မပြောမိစေရန် သူ့ပါးစပ်ကို ပိတ်ထားလိုက်သော်လည်း သူ့နှုတ်ခမ်းများက တုန်ခါနေကြ၏။

လင်ရှီးယင်၏စကားများက အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ ပြင်းထန်လာခဲ့၏။ “ကျမရဲ့ သားကို ရှင်ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးပြီ။ ရှင်မကျေနပ်နိုင်သေးဘူးလား။ ရှန်းအာကိုပါ ဒုက္ခရောက်စေချင်နေတာလား။”

သူမ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်လာခဲ့၏။ သို့သော် သူမ၏အလှမှာ ပျောက်ပျက်မသွားပါ။ သူမ၏မျက်ဝန်းများက နာကျင်မှုများဖြင့် ရီဝေစွာရှိနေလေသည်။ သူမ၏ဟန်အမူအရာများသည် မည်သည့်အခါမျှ၊ မည်သူ၏ရှေ့မှောက်တွင်မှ ပျက်မသွားခဲ့ဖူးချေ။ သူမ ယခုကဲ့သို့ဖြစ်နေရခြင်းမှာ လင်ရှန်းအာ တစ်ဦးတည်းအတွက်များ ဖြစ်နေမည်လား။



လီဆွန်းဟွာသည် လှည့်မကြည့်တော့ပါ။ သူ့မှာ လှည့်ကြည့်နိုင်သော စွမ်းအင်များ ပျောက်သုဉ်းကုန်လေပြီ။

အိမ်အောက်ထပ်သို့ သူတဟုန်ထိုးပင် ဆင်းသွားလိုက်၏။ ပြီးနောက် လေသံအေးအေးဖြင့် လှမ်းပြောလိုက်သည်။ “ကျုပ်ကို လင်ရှန်းအာအတွက်နဲ့တော့ လာပြီးတောင်းပန်နေစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က သူ့ကိုတစ်စက်ကလေးမှကို မကြိုက်ဘူး။”

လင်ရှီးယင်သည် သူထွက်ခွာသွားသည်ကို ငေးကြည့်နေရာမှ ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်း ပြိုလဲကျသွားတော့သည်။

စမ်းအိုင်ကလေးမှာ ရေများပင်ခဲနေချေပြီ။ ထိုစမ်းအိုင်လေးပေါ်၌ တံတားတစ်စင်းထိုးထားလေသည်။

လီဆွန်းဟွာ၏ နှလုံးသားမှာလည်း ဤရေအိုင်လေးကဲ့သို့ပင်။

လင်ရှန်းအာ၏အိမ်လေးအတွင်းမှ အလင်းရောင်များ ဖြာထွက်နေသည်ကို သူတွေ့နေရသည်။ လင်ရှန်းအာသည် သူ့ကိုစောင့်ဆိုင်းနေဆဲပဲလား။

လင်ရှန်းအာ သူ့ကိုဖိတ်ခေါ်ထားသည့် အကြောင်းအရင်းမှန်ကို သူသိနေ၏။ အကယ်၍ သူသာထိုနေရာသို့ သွားရောက်ခဲ့ပါက အလွန်ပင်စိတ်ဝင်စားစရာကောင်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာပေလိမ့်မည်။ သို့သော် ထိုနေရာ၌ပင် ရပ်တန့်နေပြီး အဝေးမှ ဖယောင်းတိုင်မီးရောင်လေးအား ငေး၍ကြည့်နေမိလေသည်။

သူမရပ်မနားပင် ချောင်းတဟွပ်ဟွပ်ဆိုးနေ၏။

ရုတ်တရက် ထိုအိမ်လေးဆီမှ အရိပ်တစ်ခုကို သူတွေ့လိုက်ရ၏။ ချက်ချင်းပင် ထိုနေရာသို့ လီဆွန်းဟွာ ခုန်ထွက်လိုက်၏။ သူ့ခြေလှမ်းများက ဖော်မပြနိုင်လောက်အောင်ပင် မြန်ဆန်သွက်လက်နေ၏။ သူ ထိုနေရာသို့ ရောက်သွားချိန်မှာပင် ထိုအရိပ်သည်လည်း ပျောက်သွားခဲ့၏။

လီဆွန်းဟွာက သူ့ကိုယ်သူပြန်ဆန်းစစ်ကြည့်လိုက်၏။ “ငါများ အမြင်မှားခဲ့တာလား။”

အိမ်တံခါးအားတွန်းဖွင့်လိုက်ပြီး မေးမြန်းလိုက်သည်။ “မိန်းကလေး ‘လင်’...”

ပြန်ထူးသံမကြားရချေ။

လီဆွန်းဟွာက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်၌ အရက်များဖိတ်စင်နေ၏။ စားပွဲပေါ်တွင်တော့ မက်မုံပန်းပွင့်တစ်ပွင့် ရှိနေသည်။

ပန်းဘီလူး...

လင်ရှန်းအာ တစ်ယောက် ပန်းဘီလူး၏လက်တွင်းသို့ ကျရောက်သွားခဲ့ပြီလော။

လီဆွန်းဟွာက အရက်ခွက်အား ကောက်ကိုင်လိုက်ရာ သူ၏လက်ဖဝါးထဲတွင် ချွေးသီးချွေးပေါက်များ စို့လာလေ၏။

ထိုအချိန်မှာပင် ညည်းညူသံတစ်သံကိုကြားလိုက်ရပြီး အခန်းတွင်း၌ အမှောင်အတိကျသွားခဲ့၏။ သူ့ထံသို့ လက်နက်ပုန်းများစွာ ထောင့်ပေါင်းများစွာမှ ပလူပျံပြီးဝင်ရောက်လာခဲ့လေသည်။

လက်နက်ပုန်းအားလုံးထဲတွင် ရှောင်းလီ၏ဓားပျံကဲ့သို့ မည်သည့်လက်နက်ပုန်းက ပို၍လျင်မြန်နိုင်ပါမည်နည်း။

လီဆွန်းဟွာသည် ခန္ဓာကိုယ်ကို လှည့်ယမ်းလိုက်ရာ လက်နက်ပုန်း ၁၈ ခုကိုဖမ်းဆုပ်မိခဲ့၏။ ကျန်လက်နက်ပုန်းများမှာ သူ့ဖိနပ်အောက်တွင် ပြန့်ကျဲနေသည်။

အပြင်ဘက်မှ ကျယ်လောင်စွာအော်ဟစ်လိုက်သံများအား သူကြားလိုက်ရလေတော့သည်။

“ပန်းဘီလူး... မင်းပြေးလို့မလွတ်တော့ပါဘူး။ ထွက်လာခဲ့စမ်း...”

“မင်းဘယ်လောက်ပဲ တော်နေ တော်နေ၊ မင်းကိုအရေခွံဆုတ်ပစ်မယ်ဟေ့...”

“ငါတို့ပြောမယ်၊ သေချာနားထောင်။ လျို့ယန်က နံပါတ် ၇ ဆရာ ‘တျန်’ ဒီကိုရောက်နေပြီ။ ဆရာကုန်းစွန်း၊ သခင်ကြီးကျိုနဲ့ စတုတ္ထသခင်ကြီး ‘လောင်’တို့လည်း ရောက်နေကြပြီ။”

လီဆွန်းဟွာက ခေါင်းခါရမ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ “တျန်ချီ တောင်မှ ရောက်လာခဲ့ပြီကိုး။”

တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။ “မင်းရောက်နေမှတော့ အပြင်ကိုထွက်လာခဲ့ပါ။”

လီဆွန်းဟွာသည် ချောင်းဆိုးလိုက်ပြီး အသံအောအောဖြင့်- “ခင်ဗျားတို့လဲ ရောက်နေတော့မှ အထဲကို ဝင်ခဲ့ကြပါလား။” ဟု ပြန်အော်ပြောလိုက်၏။

အပြင်ဘက်မှလူများက အချင်းချင်းဆွေးနွေးနေကြ၏။ “သူက ကျုပ်တို့ကို အထဲကိုမျှားခေါ်နေတာထင်တယ်။”

ကျယ်လောင်သောအသံတစ်သံက အခြားအသံများအားလုံးကို ဖုံလွှမ်းလိုက်ပြီး- “ပန်းဘီလူးက ညဉ့်အမှောင်ထဲမှာပဲ လှုပ်ရှားတတ်တာ၊ ကျုပ်တို့ကို သူဘယ်ထွက်တွေ့ရဲမှာလဲ။” ကျန်ရှိနေသော သူအားလုံးသည် ထိုစကားကို သံယောင်လိုက်ပြီး သူအခန်းထဲမှ မထွက်ထွက်လာစေရန် ဝိုင်းအော်ပြောလိုက်ကြ၏။

အခန်းထဲမှပြန်၍ပြောလိုက်သံအား သူတို့အားလုံးကြားလိုက်ရပြန်သည်။ “မှန်တယ်၊ ပန်းဘီလူးက ခိုးကြောင်ခိုးဝှက်လုပ်တတ်တာမှန်ပေမယ့် ကျုပ်နဲ့ဘာဆိုင်လို့လဲ။”

ကျယ်လောင်သောအသံပိုင်ရှင်- “မင်းက ပန်းဘီလူးမဟုတ်ဘူးဆိုရင် ဘယ်သူလဲ။”

အခြားတစ်ယောက်-“ဆရာကုန်းစွန်း၊ ဘာဖြစ်လို့များ သူ့ကိုသွားမေးနေရသေးတာလဲ။ သခင်ကြီးကျိုက အမှတ်မမှားလောက်ပါဘူး။ အဲ့ဒီလူက ပန်းဘီလူးအစစ်ပဲ။”

လီဆွန်းဟွာက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။ “ကျိုကျန်ရိ၊ ဒါတွေအားလုံးက ခင်ဗျားရဲ့ အကွက်ဆင်မှုတွေပဲ။” သူ၏ရယ်မောသံမဆုံးခင်မှာပင် ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ သူခုန်ထွက်သွားလိုက်၏။ လူအားလုံးမှာ နောက်သို့ဆုတ်သွားကြလေသည်။

လောင်ရှောင်း၄ယွန်က ကျယ်လောင်စွာဟန့်တားလိုက်၏။ “အားလုံးနောက်ကို ဆုတ်ပေးလိုက်ကြပါ။ ဒါကကျနော့်ရဲ့ သွေးသောက်ညီလေး လီဆွန်းဟွာ ပါ။”

လီဆွန်းဟွာက ကျိုကျန်ရိအား ပြုံး၍ကြည့်နေလိုက်ပြီး ပြောဆိုလိုက်၏။ “သခင်ကြီးကျိုရဲ့ မျက်စိရှင်မှုကတော့ ချီးကျူးလောက်စရာပါပဲလား။ ကျုပ်ရဲ့ခြေတွေ လက်တွေသာမမြန်ခဲ့ဖူးဆိုရင် အခုချိန်လောက်ဆို ပန်းဘီလူးရဲ့ ကိုယ်ပွားအဖြစ်နဲ့ သေနေလောက်ပြီ။”

ကျိုကျန်ရိ၏မျက်နှာ၌ အစိမ်းရောင်တစ်ချက်သမ်းသွားခဲ့ပြီး အေးစက်စွာပြောလိုက်၏။ “ဒီလိုနေရာမျိုး၊ ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်က ဒီမှာလာပုန်းနေတယ်။ အဲ့ဒီလူကို ပန်းဘီလူး ဖြစ်မယ်လို့ ကျုပ်ထင်ထားခဲ့တာ မမှားပါဘူး။ မင်းကချက်ချင်းကြီး နေပြန်ကောင်းလာခဲ့ပြီး ဒီကို လျှို့လျှို့ဝှက်ဝှက်လာခဲ့တာ ကျုပ်မှမသိပဲ။”

လီဆွန်းဟွာက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ကျုပ်အတွက်ဒီနေရာကို လျှို့ဝှက်ပြီး လာစရာမလိုအပ်ပါဘူး။ ကျုပ်သွားချင်တဲ့နေရာကို သွားပိုင်ခွင့်ရှိတယ်။ ဒါ့အပြင် ဒီမှာနေတဲ့ မိန်းကလေးက ကျုပ်ကိုဖိတ်ခေါ်ခဲ့တာမဟုတ်ဘူးလို့ ခင်ဗျားပြောနိုင်လို့လား။”

ကျိုကျန်ရိက ရယ်မောလိုက်၏။ “မင်းနဲ့ မိန်းကလေး ‘လင်’တို့ရဲ့ ဆက်ဆံမှုကို ကျုပ်မသိဘူး။ ဒါပေမဲ့ မိန်းကလေး ‘လင်’ဒီကိုမလာနိုင်တာတော့ အားလုံးပဲ သိထားခဲ့ကြတာပဲ။”

ကျိုကျန်ရိ-“ပန်းဘီးလူးရဲ့ရန်က ရှောင်နိုင်ဖို့အတွက် သူတခြားတစ်နေရာကို ထွက်သွားခဲ့ပြီးပြီ။”

လီဆွန်းဟွာ-“ဒါဖြင့်ရင်လည်း ခင်ဗျားဘက်ကစပြီး မတိုက်ခင် ဘယ်သူလဲဆိုတာကို သေသေချာချာ လေ့လာပြီးမှ တိုက်ခိုက်သင့်တယ်။”

ကျိုကျန်ရိ-“ပန်းဘီလူးကို တိုက်ခိုက်ဖို့အတွက် လက်ဦးမှုကိုရယူရမှာပဲ။ သူ့ကိုတော့ လက်လွှတ်မခံနိုင်ဘူး။”

သူ၏စကားများမှာ ယုတ္တိတန်နေပြီး သမာသမတ်ကျလှသည်ကို မည်သူမျှမငြင်းဆိုနိုင်ချေ။

လီဆွန်းဟွာမှ သဘောကျစွာရယ်မောလိုက်ပြီး- “ကောင်းလိုက်တဲ့ ‘လက်ဦးယူမှု’... ခင်ဗျားရဲ့လက်ချက်နဲ့ ကျုပ်သာဒီနေ့သေခဲ့မယ်ဆိုရင် ကျုပ်ရဲ့ကုသိုလ်ကံ ညံ့နေတာကိုအပြစ်ပြောရမှာပဲ၊ ခင်ဗျားကြောင့်တော့မဟုတ်ဘူးပေါ့။”

လောင်ရှောင်း၄ယွန်က ချောင်းဟန့်လိုက်ပြီး ဟန်ဆောင်ပြုံးပြလိုက်၏။ “ညဉ့်နက်သန်းခေါင် အချိန်ကြီးမှာ အမှားဆိုတာဖြစ်တတ်ပါတယ်။ ဒါ့အပြင်...”

ကျိုကျန်ရိမှ အေးစက်စွာပင် ဖြတ်ပြောလိုက်၏။ “ဒါ့အပြင် ကျုပ်မမှားခဲ့တာလည်း ဖြစ်နိုင်တာပဲ။”

လီဆွန်းဟွာ-“ကျုပ်ကို ပန်းဘီလူးပါလို့ ခင်ဗျားကစွပ်စွဲလိုက်တာလား။”

ကျိုကျန်ရိ-“ဖြစ်နိုင်တယ်လို့လည်းပြောလို့ရတယ်၊ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ရတယ်။ ပန်းဘီလူးရဲ့ ကိုယ်ဖော့ပညာ အရမ်းကောင်းတာ လူတိုင်းသိတယ်။ သူ့ရဲ့လျင်မြန်မှုက အံ့မခန်းစရာပဲ။ ဒါပေမဲ့ သူ့နာမည်က ‘ကျန်’လား၊ ‘လီ’လားဆိုတာ ဘယ်သူကသိနိုင်မှာလဲ။”

လီဆွန်းဟွာ-“ခင်ဗျားပြောတာမှန်လိုက်တာ။ ကျုပ်ရဲ့ ကိုယ်ဖော့ပညာက အလွန်ကောင်းတာအသေအချာပဲ။ ကျုပ်ရဲ့လျင်မြန်မှုကလည်း မဆိုးပါဘူး။ ကျုပ်ထွက်လာခဲ့တဲ့အချိန်ကလည်း ပန်းဘီလူး ထွက်လာလေ့ရှိတဲ့အချိန်ဖြစ်နေပြန်တော့… ကျုပ်မှ ပန်းဘီလူးမဖြစ်နိုင်ဘူးဆိုရင် တစ်ခုခုတော့လွဲနေပြီ။”

သူကနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ကျိုကျန်ရိကို စိုက်၍ကြည့်နေလိုက်၏။ “ခင်ဗျားဘက်က ကျုပ်ဟာ ပန်းဘီလူးဖြစ်ကြောင်း သိပ်ပြီးသေချာနေတယ်ဆိုရင် အခုချက်ချင်းပဲ ကျုပ်ကိုဖမ်းလိုက်ပါလား။”

ကျိုကျန်ရိ-“မင်းကိုဖမ်းတာမဖမ်းတာက အရေးမကြီးပါဘူး။ ကျုပ်ဘက်မှာ တျန်ချီနဲ့ မုယုံ တို့ရှိနေတာ တွေ့လား။ မင်းကိုယ်မင်း ထွက်ပြေးနိုင်မယ်လို့များ ထင်နေတာလား။”

လောင်ရှောင်း၄ယွန်၏မျက်နှာမှာ ဖြူဖွေးသွားခဲ့ပြီး- “ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် စ,နေ နောက်နေကြတာမဟုတ်လားဗျာ။ တော်ကြပါတော့။ သူက ပန်းဘီလူးမဟုတ်ဘူးဆိုတာကို ကျုပ် သက်သေခံပါတယ်။”

ကျိုကျန်ရိ-“ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူမှ နောက်ပြောင်နေကြတာမဟုတ်ဘူး။ မင်းနဲ့သူနဲ့ မတွေ့တာဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ သူမဟုတ်ဘူးလို့ကော မင်းပြောနိုင်ရဲ့လား။”

လောင်ရှောင်း၄ယွန်-“ဒါပေမဲ့... ဒါပေမဲ့ သူဘယ်လိုလူစားလဲဆိုတာ ကျုပ်ကောင်းကောင်းကြီးကို သိပါတယ်ဗျာ။”

တစ်စုံတစ်ယောက်က ဝင်ပြောလိုက်၏။ “လူကိုသာ သင်သိမည်၊ သူ့နှလုံးသားကိုတော့ သင်မသိနိုင် ဆိုတဲ့စကားကို စတုတ္ထသခင်ကြီးလည်း ကြားဖူးမှာပေါ့။”

ထိုစကားကိုပြောလိုက်သူမှာ ဝါးတုတ်တစ်ချောင်းကို ထောင်ထားသည့်အတိုင်း ပိန်ပိန်ပါးပါး ရှိ၏။ သူ့မျက်နှာရှိ အရေပြားများက တွန့်နေကြပြီး လူအိုတစ်ယောက်ကဲ့သို့ အသွင်အပြင်ရှိနေလေသည်။ သူ့စကားသံမှာ ကြည်လင်ပြတ်သားလှ၏။ ထိုသူမှာ နာမည်ကျော် ကုန်းစွန်းမုယုံ ပင်ဖြစ်လေသည်။

ကုန်းစွန်းမုယုံ၏ အနောက်၌ရပ်နေသူ လူတစ်ယောက်ထွက်ပေါ်လာသည်။ ထိုသူမှာ လူရွယ် သူဌေးသားပုံပေါက်နေလေသည်။ “မှန်တယ်။ ကျုပ် တျန်ချီက လီဆွန်းဟွာရဲ့ မိတ်ဆွေဟောင်း ဖြစ်ခဲ့ပေမယ့် ဒီအခြေအနေမျိုးမှာတော့ ကျုပ်တို့ရဲ့ ခင်မင်မှုကို ဘေးချိတ်ထားရမှာပဲ။”

လီဆွန်းဟွာ-“ကျုပ်မှာ ခင်မင်တဲ့မိတ်ဆွေတွေအများကြီး ရှိတဲ့အထဲမှာ တျန်ချီလောက် အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်မျိုး မိတ်ဆွေအဖြစ်ရှိခဲ့ဖူးတယ်လို့ တစ်ခါမှထင်မထားမိခဲ့ဘူး။”

တျန်ချီ၏မျက်နှာပေါ်၌ သတ်ရိပ်ဖြတ်ရိပ်များ ဖြတ်သန်းသွား၏။

သူ လူသတ်ချင်ပြီဆိုလျှင် ရုတ်တစ်ရက်တိုက်ခိုက်တတ်ကြောင်းကို သိုင်းလောကတစ်ခုလုံးက သိရှိ၏။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ သူ့ဘက်မှ စတင်၍မလှုပ်ရှားသေးချေ။

ကုန်းစွန်းမုယုံ၊ ကျိုကျန်ရိနှင့် တျန်ချီတို့ ၃ ယောက်သည် လီဆွန်းဟွာအား တဖြည်းဖြည်း ဝိုင်းရံထားလိုက်ကြ၏။ ထိုသူများ၏ အသွင်အပြင်များမှာ လေးနက်နေလေသည်။

လီဆွန်းဟွာ၏ လက်ထဲက ဓားပျံကိုသာ မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြသည်။

လီဆွန်းဟွာက ထိုသူများကို ဂရုစိုက်၍ပင်ကြည့်မနေပါ။ “ခင်ဗျားတို့ ၃ ယောက်က ကျုပ်ကို သတ်ချင်နေတာ လက်ယားနေကြမှာပဲ။ ကျုပ်ကို သတ်လိုက်ပြီးရင် ခင်ဗျားတို့က အလွန့်အလွန် ချမ်းသာသွားကြမယ့်အပြင် သိုင်းလောကရဲ့ အချောအလှဆုံးမိန်းကလေးနဲ့လည်း လက်ဆက်နိုင်ကြဦးမယ်။ ဒါတင် မကသေးဘူး ကျုပ်ကိုသတ်နိုင်ခဲ့တဲ့အတွက် ခင်ဗျားတို့ရဲ့ ထင်ပေါ်ကျော်ကြားမှု ဂုဏ်သတင်းလည်း နောင်နှစ်ပေါင်းများစွာတိုင် မွှေးပျံ့လာကြဦးမယ်။”

ကျိုကျန်ရိ-“မိန်းမနဲ့ငွေဆိုတာ ကျုပ်တို့အတွက်အရေးမပါဘူး။ သိုင်းလောကရဲ့ သမာသမတ်ကျမှုအတွက်သာ မင်းကိုသတ်ရမှာပါ။”

လီဆွန်းဟွာက အူလှိုက်သည်းလှိုက်ရယ်မောလိုက်လေသည်။ “သမာဓိကောင်းလိုက်တဲ့စကား၊ ဂုဏ်သရေရှိလိုက်တဲ့စကား... ခင်ဗျားရဲ့ ‘သမာဓိသံမဏိမျက်နှာ’ဆိုတဲ့ဂုဏ်ပုဒ်နဲ့ လိုက်လည်းလိုက်ပါ့။”

လီဆွန်းဟွာသည် သူ၏ဓားပျံအသွားလေးကို ပွတ်သတ်နေလိုက်ပြီး ရေရွတ်လိုက်၏။ “ဘာကိုစောင့်နေကြတာလဲ... ကိုယ်တိုင်ပဲ အခုချက်ချင်း လာဖမ်းလိုက်ပါတော့လား။”

ကျိုကျန်ရိက ဘာမျှပြန်မပြောဘဲ လီဆွန်းဟွာ၏ လက်ထဲမှ ဓားပျံကိုသာ အာရုံစိုက်ပြီး ကြည့်နေလိုက်၏။

လီဆွန်းဟွာ-“အိုး... ကျုပ်သိပြီ။ တျန်ချီရဲ့ တုတ်တံက ပြိုင်ဘက်ကင်းလို့ သိုင်းလောကမှာ ကျော်ကြားတာပဲ။ ဆရာကျိုက တျန်ချီရဲ့ လှုပ်ရှားမှုကိုစောင့်နေတာနဲ့တူတယ်။ ဘာဖြစ်လို့များ ဆရာ တျန်ချီက ရပ်ကြည့်နေရတာလဲ။”

တျန်ချီ၏လက်နှစ်ဘက်မှာ နောက်သို့ပစ်ထားလေ၏။ လီဆွန်းဟွာ၏စကားကို မည်သို့မျှ မတုန့်ပြန်ခဲ့ချေ။

လီဆွန်းဟွာ-“ဒါဆိုရင်တော့ ဆရာတျန်ချီက ဆရာကုန်းစွန်းရဲ့ ပထမဆုံးလှုပ်ရှားမှုကို စောင့်နေတာနဲ့တူပါရဲ့။ ဒါကလည်းကောင်းတဲ့ အကြံပါပဲ။ ဆရာကုန်းစွန်းရဲ့ တိမ်ပျံလက်သီး ၁၄ ချက်မှာ ထောင်ပေါင်းများစွာသော ကွက်ပြောင်းတွေရှိတယ်လို့ ကြားဖူးထားတယ်။ သူတကယ် စတိုက်ခဲ့ရင်ကောင်းမယ်နဲ့တူတယ်။”

ကုန်းစွန်းမုယုံမှ ဘာမှမကြားလိုက်သလိုပင်။ တုတ်တုတ်မျှ မလှုပ်။

လီဆွန်းဟွာ၏ ကျယ်လောင်စွာရယ်မောလိုက်သံကြီးမှာ လေထဲသို့ပျံ့လွင့်သွား၏။ “ထူးဆန်းလှချည်လား။ ၃ ယောက်စလုံးက ကျုပ်ကိုသတ်ချင်နေကြတယ်၊ တစ်ယောက်မှလည်း မလှုပ်ရှားကြသေးဘူး။ ဘာဖြစ်လို့များပါလိမ့်။”

တကယ်တမ်းတွင်တော့ သူတို့ ၃ ယောက်စလုံးက လီဆွန်းဟွာကို သတ်ဖြတ်ချင်နေကြသည်။ သို့သော်... ‘ရှောင်းလီ၏ဓားပျံ၊ ဘယ်တော့မှပစ်မလွဲ’ဆိုသည်ကို မေ့ထား၍မရပေ။ သူ့လက်ထဲ ၌ ဓားပျံရှိနေသရွေ့ မည်သူမျှစတင် လှုပ်ရှားကြမည်မဟုတ်။

လောင်ရှောင်း၄ယွန်က ရုတ်တရက်ပင် ပြုံးရယ်လိုက်ပြီး၊ “ညီလေး၊ သူတို့က နောက်ပြောင်နေကြတာပါကွာ။ လာ... ငါတို့ အရက်သွားသောက်ကြရအောင်။”

လီဆွန်းဟွာထံသို့ ပြုံးရွှင်စွာလျှောက်လာခဲ့ပြီး လီဆွန်းဟွာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

လီဆွန်းဟွာသည် ရုတ်တရက် အလွန်ထိတ်လန့်သွားခဲ့ရပြီး၊ “အစ်ကိုကြီး... ဘယ်လိုလုပ်လိုက်...”

လောင်ရှောင်း၄ယွန်၏ ဖမ်းဆုပ်မှုကို သူရှောင်တိမ်းလိုက်ရန် ကြိုးစားလိုက်သော်လည်း လွန်စွာမှပင် နောက်ကျသွားခဲ့ချေပြီ။

တစ်ချိန်တည်းမှာပင် တျန်ချီ၏နောက်ပစ်ထားသော လက်တစ်ဘက်မှ ရွှေရောင်တောက်နေသော တုတ်တံတစ်ချောင်း ထွက်ပေါ်လာပြီး လီဆွန်းဟွာ၏ ဒူးခေါင်းကို ဖြတ်ရိုက်လိုက်သည်။

လီဆွန်းဟွာ ဒူးထောက်ကျသွားချိန်၌ ကုန်းစွန်းမုယုံက သူ၏နောက်ကျောမှ သွေးကြော ၇ နေရာကို လျင်မြန်စွာ ပိတ်လိုက်သည်။ ကျိုကျန်ရိသည်လည်း ဆက်တိုက်ပင် ဝင်ရောက်လာပြီး လီဆွန်းဟွာကို ကန်ထုတ်လိုက်ရာ အဝေးတစ်နေရာသို့ လွင့်ထွက်သွားခဲ့ရလေတော့သည်။

လောင်ရှောင်း၄ယွန်က ထခုန်လိုက်ပြီး ကျယ်လောင်စွာဖြင့် အော်ပြောလိုက်၏။ “ခင်ဗျားတို့ သူ့ကို ဘယ်လိုလုပ်လိုက်ကြတာလဲ။ လွှတ်ပေးလိုက်ကြစမ်း...”

ကျိုကျန်ရိက အေးစက်စွာပြန်ဖြေလိုက်၏။ “ဒီလိုမျိုးအခွင့်အရေးမျိုးကို လက်လွှတ်ခံလို့မဖြစ်ဘူး။ မင်းအသာငြိမ်နေစမ်း...”

တျန်ချီ-“ကျုပ်တောင်းပန်ပါတယ် ဆရာလောင်။”

ကုန်းစွန်းမုယုံက လောင်ရှောင်း၄ယွန်၏ သွားလမ်းကို ပိတ်ဆို့ထားလိုက်၏။ လောင်ရှောင်း၄ယွန်က သူ့အားတိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း တျန်ချီ၏တုတ်တံက သူ၏ခြေထောက်အား ဖြတ်ရိုက်လိုက်သဖြင့် ထိုနေရာ၌ပင် ခွေလဲကျသွား၏။

သူဘာမှ မလုပ်နိုင်ခင်မှာပင် ကျိုကျန်ရိက သူ့သွေးကြောများကို ပိတ်လိုက်လေတော့သည်။

ကျိုကျန်ရိ-“ကျုပ်တို့က သွေးသောက်ညီအစ်ကိုတွေ ဖြစ်နေကြပေမဲ့လည်း သိုင်းလောကရဲ့ တရားမျှတမှုအတွက် ခင်မင်ရင်းနှီးမှုကို ခဏလောက် ဘေးချိတ်ထားရလိမ့်မယ်။ ဒါကို မင်းနားလည်လိမ့်မယ်လို့ထင်တယ်။ ဒီလိုလူတစ်ယောက်ကြောင့် မင်းကိုပါဆွဲမထည့်ချင်ဘူး။”

လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ သူကပန်းဘီလူးမှ မဟုတ်တာ။”

ကုန်းစွန်းမုယုံ-“စတုတ္ထသခင်ကြီး၊ ခင်ဗျားမှာ အလွန်တရာမှ အားကျဖို့ကောင်းတဲ့ မိသားစုနဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းလည်းရှိနေတာပဲ။ ဒီလိုလူတစ်ယောက်အတွက် ခင်ဗျားရဲ့ သနားကြင်နာမှုက မထိုက်တန်ပါဘူး။”

လောင်ရှောင်း၄ယွန်-“ခင်ဗျားတို့ သူ့ကိုလွှတ်ပေးမယ်ဆိုရင် ဖြစ်ခဲ့သမျှအားလုံးအတွက် ကျုပ်ခေါင်းခံပါ့မယ်။”

ကျိုကျန်ရိ-“မင်းရဲ့မိန်းမကော၊ မင်းရဲ့သားအတွက်ကော။ သူတို့ကိုပါ မင်းကခေါင်းခံခိုင်းဦးမှာလား။”

လောင်ရှောင်း၄ယွန်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားရ၏။

လီဆွန်းဟွာ၏ ဓားပျံမှာ သူ၏လက်ထဲ၌ပင်ရှိနေသေးသော်လည်း ပစ်လွှတ်ရန်အခွင့်အရေးမရှိတော့ပါ။

ဤသို့သော ယောက်ျားကောင်းတစ်ယောက်၊ စစ်မှန်သော သူရဲကောင်းတစ်ယောက် ဤသို့ပင် ကျရှုံးရတော့မည်လား။

လောင်ရှောင်း၄ယွန်ထံမှ မျက်ရည်များကျစီးလာခဲ့၏။ “ညီလေး... အစ်ကိုကြီးရဲ့အပြစ်တွေပါကွာ။ အစ်ကိုကြီး မင်းကိုနာကျင်အောင်လုပ်ခဲ့မိပြီ။ အစ်ကိုကြီးမင်းအပေါ်မှာ တာဝန်မကျေခဲ့ဘူး။”

နေ့တစ်နေ့၏ ညမိုးချုပ်မတိုင်မီ အချိန်လေးသည် အမှောင်ဆုံးအချိန်ပင်ဖြစ်၏။ အမှောင်ထုကိုအံတုကာ ခန်းမကြီးတွင်း၌ မီးအိမ်များ လင်းထိန်စွာ ထွန်းညှိထားသည်။

ခန်းမ၏အပြင်ဘက်တွင် လူတစ်စု စုဝေးရောက်ရှိလာကြပြီး အချင်းချင်း စကားပြောနေကြ၏။

“တျန်ချီရဲ့အစွမ်းကို မင်းတို့တွေ့လိုက်ကြလား။ သူ့ရဲ့တုတ်တံက ပြိုင်ဘက်ကင်းပဲ။ စတုတ္ထသခင်ကြီးလောင် အဲ့ဒီနေရာမှာ မရှိနေခဲ့ဘူးဆိုရင်တောင်မှ လီဆွန်းဟွာ ရှောင်တိမ်းနိုင်ခဲ့မှာ မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်။”

“ဒါ့အပြင် ဆရာကျိုနဲ့ ဆရာကုန်းစွန်းတို့ပါ ရှိနေခဲ့တာပဲ။”

“မင်းပြောတာ မှန်တယ်။ သခင်ကြီးကျိုရဲ့ ခြေထောက်တစ်ဘက်ကို ရွှေသား ၂ဝဝဝဝ တန်တယ်လို့ တင်စားနေကြတာ သိပ်ကိုမှန်တာပဲ။ သူ့ခြေကန်ချက်က အံ့မခန်းလောက်အောင် ကောင်းလွန်းခဲ့တယ်။”

“ဆရာ ကုန်းစွန်းရဲ့ လက်သီးချက်ကကော… သူသာအလျင်အမြန်ပြေးပြီးမထိုးခဲ့ဘူးဆိုရင် လီဆွန်းဟွာအတွက် အခွင့်အရေးရနိုင်ခဲ့သေးတယ်။”

“ဆရာကျို၊ ဆရာကုန်းစွန်း၊ ဆရာတျန်ချီ... ဒီလိုမျိုးလူတွေနဲ့ တွေ့ခဲ့ရတာ လီဆွန်းဟွာ ကံဆိုးတာပဲ။”

“ခင်ဗျားပြောခဲ့တာ အကုန်လုံးနီးပါးမှန်ပေမယ့် လောင်ရှောင်း၄ယွန်အတွက်သာ မဟုတ်ခဲ့ဘူးဆိုရင်...”

“စတုတ္ထသခင်ကြီးလောင်က ဘာဖြစ်နေလို့လဲ။ လီဆွန်းဟွာရဲ့ မိတ်ဆွေတစ်ယောက် ဆိုတာထက်များ ပိုနေလို့လား။”

“စတုတ္ထသခင်ကြီးလောင်က လီဆွန်းဟွာအတွက်တော့ တကယ့်မိတ်ဆွေကောင်း တစ်ယောက်ပါ။ သူလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်ရတာ လီဆွန်းဟွာအတွက် ဂုဏ်ယူစရာပါပဲ။”

လောင်ရှောင်း၄ယွန်သည် ခန်းမထဲရှိ ထိုင်ခုံအနီကြီးတစ်ခုံပေါ်၌ ထိုင်နေလေသည်။ ထိုသူများ ပြောနေကြသော နောက်ဆုံးစကားတစ်ခွန်းက သူ၏အရှိုက်ကို အားပြင်းပြင်းဖြင့် အထိုးခံလိုက်ရသလိုပင်။ သူ၏မျက်နှာပြင်၌ ချွေးများစို့လာလေတော့သည်။

လီဆွန်းဟွာမှာ ကြမ်းပြင်ပေါ်၌ လဲကျနေသည်။ ချောင်းလည်း အဆက်မပြတ်ဆိုးနေ၏။

လောင်ရှောင်း၄ယွန်သည် မျက်ရည်များကျဆင်းလာခဲ့ပြီး- “ညီလေး၊ အားလုံးက ငါ့ရဲ့အမှားတွေပါကွာ။ ငါလိုလူမျိုးနဲ့ မိတ်ဆွေလာဖြစ်ရတာ မင်းကံဆိုးတာပဲ။ အခုတော့ ငါ့ကြောင့်... ငါ့ကြောင့် မင်း ဒုက္ခရောက်နေရပြီ။”

လီဆွန်းဟွာမှာ ချောင်းဆိုးနေခြင်းအား ကြိုးစားပြီး ရပ်တန့်လိုက်၏။ သူကပြုံးပြလိုက်ပြီး- “အစ်ကိုကြီး၊ ကျနော် အစ်ကိုကြီးကို တစ်ခုပဲသိစေချင်တယ်။ နောက်ဘဝဆိုတာသာ ရှိခဲ့ဦးမယ်ဆိုရင် ကျနော်ဟာ အကိုကြီးရဲ့ မိတ်ဆွေအဖြစ်ဆက်ပြီး ရှိနေဦးမှာပါ။”

လောင်ရှောင်း၄ယွန်က မျက်ရည်စက်လက်ဖြင့် ပြောဆိုလိုက်သည်။ “ငါသာ... ငါသာ မင်းရဲ့လက်ကို ဆုပ်ကိုင် မထားခဲ့ဖူးဆိုရင်... မင်း... မင်း...”

လီဆွန်းဟွာက ရိုးသားစွာပင်ပြန်ပြောလိုက်၏။ “အစ်ကိုကြီးက ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကျနော့်ကောင်းဖို့အတွက် လုပ်ခဲ့တာပဲလို့ ခံယူထားပါတယ်။ ကျနော်အမြဲပဲ ကျေးဇူးတင်နေမှာပါ။”

လောင်ရှောင်း၄ယွန်-“မင်းဟာ ပန်းဘီလူးမဟုတ်ဘူးဆိုတာ သူတို့ကို ဘာဖြစ်လို့မငြင်းခဲ့ရတာလဲ။ ဘာဖြစ်လို့... မင်း...”

လီဆွန်းဟွာ ပြုံးလိုက်၏။ “ရှင်သန်ခြင်း သေဆုံးခြင်းဆိုတာတွေက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။ ကျနော့်ရဲ့ဘဝကို ကျေနပ်စွာ ရှင်သန်ခဲ့ပြီးပါပြီ။ သေဖို့အတွက် ဘာကိုများ ကျနော်က ဂရုစိုက်နေရဦးမှာလဲ။ ဘာဖြစ်လို့ သူတို့လို လူညစ်တွေရဲ့ရှေ့မှာ ခါးညွှတ်တောင်းပန်နေရဦးမှာလဲ။”

တျန်ချီသည် တစ်ချိန်လုံးပင် သူတို့ပြောနေကြသော စကားများကို နားစိုက်ထောင်နေခဲ့ပြီး မှတ်ချက်ချလိုက်၏။ “ကောင်းတယ်... သိပ်ကောင်းတယ်။”

ကုန်းစွန်းမုယုံက အေးစက်စွာရယ်မောလိုက်ပြီး- “ကျုပ်တို့က သူ့ကိုဘယ်လိုနည်းနဲ့မှ အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ သူသိနေပါတယ်။ ကျုပ်တို့က သနားပြီးများ လွှတ်ပေးလိုက်လေမလားလို့ အကဲစမ်းနေတာပါ။”

လီဆွန်းဟွာက ငြိမ်းချမ်းစွာပင် ပြောလိုက်၏။ “ခင်ဗျားပြောတာမှန်ပါတယ်။ ဒီလိုမျိုးအချိန် ရောက်လာမှတော့ ကျုပ်အတွက် သေဖို့ကို တောင်းဆိုရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။ ကျုပ်ရဲ့ လက်ထဲမှာ ဓားပျံလည်း ရှိမနေပါဘူး၊ ဘာလို့ကျုပ်ကို မသတ်သေးကြတာလဲ။”

ကုန်းစွန်းမုယုံ၏မျက်နှာပေါ်၌ ရှက်သွေးဖြာသွားခဲ့၏။

ကျိုကျန်ရိက ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။ “ကျုပ်တို့ကသာ မင်းကိုအခုချိန်မှာ သတ်လိုက်မယ်ဆိုရင် သိုင်းလောကထဲမှာ ကျုပ်တို့ကို ပုဂ္ဂလခံစားမှုကြောင့် သတ်လိုက်တယ်လို့ ပြောကြတော့မှာပေါ့။ မင်းကို တရားမျှတစွာ စီရင်နိုင်ဖို့တော့ လုပ်ရလိမ့်မယ်။”

လီဆွန်းဟွာက သက်ပြင်းချလိုက်ပြီး- “ကျိုကျန်ရိ... ကျုပ်တော့ ခင်ဗျားကိုသိပ်လေးစားသွားပြီဗျာ။ ခင်ဗျားရဲ့စိတ်ဓာတ်ကသာ အောက်တန်းကျတာ၊ ပြောလိုက်တဲ့စကားတွေကတော့ ရဲရဲတောက် သစ္စာတရားတွေချည်းပဲ။ ခင်ဗျားရဲ့အခွက် အတည်ပေါက်ကြီးနဲ့လည်း ပြောထွက်နိုင်တာ ချီးကျူးပါတယ်ဗျာ။”

တျန်ချီက ရယ်မောလိုက်ပြီး- “လီဆွန်းဟွာ… ခင်ဗျားသိပ်ပြီး သတ္တိကောင်းနေတယ်ပေါ့။ ခင်ဗျားက ဒီလောက်တောင်မှ မြန်မြန်သေချင်နေတာဆိုတော့ ကျုပ်မှာပိုပြီးကောင်းတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။”

လီဆွန်းဟွာ-“ပထမတော့ ကျုပ်ကမင်းကို တစ်ခုခုပြောလိုက်မလို့ပါပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ပါးစပ် သနမှာစိုးလို့ မပြောတော့ပါဘူး။”

လီဆွန်းဟွာ၏ စကားကို မည်သို့မျှခံစားရပုံမပေါက်ဘဲ တျန်ချီသည် လီဆွန်းဟွာ၏အနီးသို့ တိုးကပ်သွားခဲ့၏။ “မင်း မြန်မြန်သေချင်တယ်ဆိုရင်တော့ ခံဝန်ချက်ရေးထိုးလိုက်။ မင်းကိုအသက်ညှာဆုံးဖြစ်အောင် ကျုပ်တို့စီရင်မယ်။”

လီဆွန်းဟွာက မဆိုင်းမတွပင်- “ကောင်းပြီ... ကျုပ်ကပြောမယ်... မင်းကလိုက်ရေး။”

လောင်ရှောင်း၄ယွန်မှ၊ “ညီလေး... မလုပ်နဲ့။”

လီဆွန်းဟွာ သူ့ကိုဂရုမစိုက်တော့ပါ။ “ကျုပ်ရဲ့ပြစ်မှုတွေက မရေမတွက်နိုင်လောက်အောင်ပဲ များလှပါတယ်။ ကျုပ်ရဲ့စိတ်က ညစ်ထေးနေပြီး အမှန်တရားဘက်တော်သားအဖြစ် ဟန်ဆောင်နေထိုင်ခဲ့တယ်။ ဩဇာအာဏာကို မက်မောတယ်။ မိတ်ဆွေချင်း ခင်မင်ရင်းနှီးမှုကို သစ္စာဖောက်ခဲ့တယ်။ သူများကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်၊ ယုတ်မာပက်စက်တဲ့ နည်းလမ်းတွေအသုံးပြုခဲ့တယ်။ ကျုပ်ဆီမှာ သမာဓိဂုဏ်ဆိုတာ လုံးလုံးမရှိခဲ့ဖူးဘူး။ အလွန်မှပဲ စက်ဆုပ်ဖွယ်ရာကောင်းတဲ့အမှုတွေကိုလည်း ကျူးလွန်ခဲ့တယ်။ ပြီးတော့ ကျုပ်ကိုယ်ကျုပ် သစ္စာတရားရှင်အဖြစ် ပြုမူနေထိုင်ခဲ့တယ်။”

‘ဖောင်း’ ကျိုကျန်ရိက သူ့မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်၏။

လီဆွန်းဟွာမှ အပြုံးမပျက်ပါ။ “ဘာပဲဖြစ်ဖြစ် ကျုပ်ကို ခွေးရူးတစ်ကောင်က ကိုက်လိုက်တယ်လို့ပဲ သဘောထားလိုက်မယ်။”

ကျိုကျန်ရိက စိတ်ဆိုးဒေါသထွက်စွာဖြင့်- “ခွေးမသား... ကောင်းကောင်းနားထောင်... မင်းကိုကျုပ်က ချက်ချင်းမသတ်သေးပေမယ့်လည်း မင်းသေသွားရင် သိပ်ကောင်းလိမ့်မယ်လို့ ခံစားသွားအောင်တော့ ကျုပ်လုပ်နိုင်သေးတယ်။”

လီဆွန်းဟွာက အဆက်မပြတ်ရယ်မောနေလိုက်၏။ “မင်းလို ညစ်ပတ်စုတ်ပဲ့တဲ့ကောင်မျိုးတွေရှိနေလို့လည်း ကျုပ်လိုလူမျိုးက ယောက်ျားစစ်စစ်ဖြစ်နေရတာပေါ့။ မင်းကြိုက်တဲ့နည်းကို သုံးပြီး နှိပ်စက်လိုက်စမ်းပါ။”

ကျိုကျန်ရိ-“ကောင်းပြီလေ...”

လောင်ရှောင်း၄ယွန်သည် ထိုင်ခုံပေါ်တွင် တဆတ်ဆတ်တုန်ခါနေ၏။ “ညီလေး... ငါ့ကိုယ်ငါ သူရဲကောင်းတစ်ယောက်လို့ ခံယူထားပေမယ့် တကယ်တမ်းတော့ ငါဟာ လူကြောက်တစ်ယောက်ပါကွာ။ ငါ... ငါ...”

လီဆွန်းဟွာ-“အစ်ကိုကြီးရဲ့ အပြစ်တွေမဟုတ်ပါဘူးဗျာ။ ကျနော့်မှာသာ မိန်းမတစ်ယောက်၊ သားတစ်ယောက် ရှိခဲ့မယ်ဆိုရင် ဒီလိုပဲ လုပ်မိမှာပဲ။”

ကျိုကျန်ရိက လီဆွန်းဟွာ၏ ကြွက်သားစိုင်များကို အားစိုက်၍ဖြစ်ညှစ်လိုက်၏။ ထိုနာကျင်မှုမျိုးကို လူတိုင်းပင် ကြည့်ပြီး မည်မျှနာကျင်သွားကြောင်း ခံစားနိုင်ခဲ့ကြသော်လည်း လီဆွန်းဟွာကတော့ အပြုံးပင်မပျက်။

ထိုအချိန်၌ပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။ “မိန်းကလေး ‘လင်’ ဘယ်ကနေ လာခဲ့တာလဲ။ သူကကော ဘယ်သူလဲ။”

လင်ရှန်းအာ၏ အင်္ကျီအဝတ်အစားများမှာ စုတ်ပြဲဖွာလန်နေပြီး ခန်းမထဲသို့ တစ်လှမ်းချင်း ဝင်ရောက်လာခဲ့လေသည်။

သူမ၏ဘေး၌ လူငယ်တစ်ယောက် ကပ်ပါလာ၏။ ဤမျှအေးသောရာသီဥတုကြီးထဲ၌ပင် ထိုလူငယ်လေးသည် အင်္ကျီပါးလေး တစ်ထည်သာ ဝတ်ဆင်ထားသည်။ သူ၏ပခုံးနှစ်ဘက်မှာ ဖြောင့်တန်းတည့်မတ်နေ၏။

လူသေတစ်ယောက်ကို သူသယ်ဆောင်လာခြင်းဖြစ်သည်။

အားဖေ...

အားဖေ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာခဲ့ရတာလဲ...

လီဆွန်းဟွာ၏စိတ် လှုပ်ရှားသွားခဲ့ရ၏။ သူပျော်ရွှင်ရမည်လား၊ အံ့ဩရမည်လားမသိတော့ချေ။ ရုတ်တရက်ပင် သူတစ်ဖက်သို့လှည့်နေလိုက်၏။ သူ့ကို ယခုလိုအခြေအနေမျိုးနှင့် အားဖေ တွေ့မသွားစေချင်ပါ။

သူ့အတွက်ကြောင့် အားဖေ မိုက်မဲစွာ ပြုမူဆောင်ရွက်မည်ကို သူမလိုလားချေ။

အားဖေကလည်း မြင်လိုက်ပါသည်။

သူ၏အေးစက်စက်မျက်နှာပြင်ပေါ်၌ ဝင်းလက်တောက်ပြောင်သော အရိပ်အရောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။ ပြီးနောက် လီဆွန်းဟွာထံသို့ လျှောက်လှမ်းလာလေသည်။ ကျိုကျန်ရိက လမ်းမပိတ်ထားခဲ့ပါ။ ဤလူငယ်လေး၏ အစွမ်းအစကို သူကိုယ်တိုင် ခံစားသိရှိရခဲ့ပြီးပြီ မဟုတ်ပါလား။

သို့သော် ကုန်းစွန်းမုယုံကတော့ မသိချေ။ အားဖေ၏သွားလမ်းကို ပိတ်ဆို့ထားလိုက်ပြီး ငေါက်ငမ်းလိုက်သည်။ “မင်းကိုယ်မင်း ဘာလုပ်နေတယ်လို့များ ထင်နေတာလဲ။ ထွက်သွားလိုက်စမ်း...”

အားဖေ-“ခင်ဗျားကို သင်ခန်းစာပေးမလို့။”

ကုန်းစွန်းမုယုံမှ စတင်၍တိုက်ခိုက်လိုက်၏။

လင်ရှန်းအာသည် လီဆွန်းဟွာကို အံ့အားသင့်စွာ ကြည့်နေလေသည်။ မည်သူ့ကိုမျှ သူမ ဂရုမစိုက်တော့ပေ။ လောင်ရှောင်း၄ယွန်ကတော့... သူဘာမှလုပ်ကိုင်ဆောင်ရွက်လိုခြင်း မရှိတော့ပေ။ ထိုင်နေရာမှ ငေး၍သာကြည့်နေမိ၏။

အားဖေက တိုက်ခိုက်လာမှုအား မရှောင်တိမ်းခဲ့ပါ။

‘ဘန်း’

ကုန်းစွန်းမုယုံ၏ လက်သီးချက်က အားဖေ၏ရင်ဘတ်ပေါ်သို့ တည့်မတ်စွာကျရောက်သွားခဲ့၏။ အားဖေက နေရာမှပင်မရွှေ့။ ကုန်းစွန်းမုယုံ၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့ရပြီး လက်သီးထိုးခဲ့သော လက်တစ်ဘက်ကိုကိုင်ကာ ဒူးထောက်ကျသွားခဲ့၏။

အားဖေက သူ့ကို ဂရုစိုက်ပြီးတော့ပင် လှည့်မကြည့်တော့။ လီဆွန်းဟွာဆီသို့ ဆက်၍ လျှောက်လာခဲ့ပြီး၊ “သူက ခင်ဗျားရဲ့မိတ်ဆွေလား။”

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “ကျုပ်မှာ သူ့လိုမျိုးမိတ်ဆွေ တစ်ယောက်ရှိမယ်လို့များ မင်းကထင်နေတာလား။”

ဤတစ်ကြိမ်လည်း ကုန်းစွန်းမုယုံမှ ပြင်းထန်စွာတိုက်ခိုက်လိုက်ပြန်သည်။ ရုတ်တရက်ပင် အားဖေက လှည့်ပြီးရင်ဆိုင်လိုက်၏။

‘ဘုန်း...’

ကုန်းစွန်းမုယုံမှာ အတော်ဝေးဝေးနေရာသို့ လွင့်စင်သွားခဲ့ရပြန်သည်။

လူအများမှာ သူတို့တွေ့မြင်နေရသည်ကို မယုံကြည်နိုင်စွာ ငေး၍ကြည့်နေကြ၏။ နာမည်ကျော်ကြားလှသော တိမ်ပျံလက်သီးရှင်မှာ ဤလူငယ်လေး၏ရှေ့မှောက်တွင် မရှုမလှရှုံးနိမ့်သွားခဲ့ရမည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

တျန်ချီက ရယ်မောလိုက်ပြီး- “မိတ်ဆွေလေး... သိပ်ပြီးတော့ကို မြန်ဆန်သွက်လက်လှချည်လား။ ကျုပ်တို့လို လူအိုကြီးတွေတောင်မှ မျက်လှည့်အပြခံလိုက်ရသလိုပါပဲ။”

သူက ဦးညွှတ်လိုက်ပြီး- “ကျုပ်နာမည်က တျန်ချီလို့ ခေါ်ပါတယ်။ ဒီကမိတ်ဆွေလေးရဲ့ နာမည်ကိုကော သိပါရစေလား။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။”

အားဖေ-“ကျုပ်မှာနာမည်မရှိသလို ခင်ဗျားလိုလူမျိုးကိုလည်း မိတ်ဆွေအဖြစ်သဘောမထားနိုင်ဘူး။”

အခြားလူများ၏ အမူအရာများ ပျက်သွားခဲ့ကြ၏။ တျန်ချီကတော့ ပြုံးရယ်လျက်ပင်… “မင်း က မိတ်ဆွေပေါင်းမှားခဲ့တာကိုး...” လီဆွန်းဟွာအား လက်ညှိုးထိုးပြလိုက်ပြီး… “သူက မင်းရဲ့မိတ်ဆွေလား။”

“ဟုတ်တယ်...”

တျန်ချီ-“သူဘယ်သူလဲဆိုတာကော မင်းသိရဲ့လား။”

“သိတာပေါ့...”

တျန်ချီ-“သူက ပန်းဘီလူးဖြစ်တယ်ဆိုတာကိုရော မင်းသိလား။”

အားဖေ၏မျက်ခုံးများက မြင့်တက်သွားခဲ့ပြီး အံ့ဩစွာဖြင့်… “ပန်းဘီလူး...”

တျန်ချီ-“ယုံကြည်ဖို့ ခပ်ခက်ခက်ပါပဲ။ ဒါပေမဲ့ အမှန်တရားကိုတော့ ရင်ဆိုင်နိုင်စွမ်းရှိရမယ် မဟုတ်လား။”

အားဖေက သူ့အသည်းနှလုံးအား ထိုးဖောက်တော့မတတ် စူးရှစွာ ကြည့်နေလိုက်၏။ ပြီးနောက် အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။ “သူဟာ ဘယ်လိုနည်းနဲ့မှ ပန်းဘီလူးမဖြစ်နိုင်ဘူး။”

“ဘာဖြစ်လို့လဲ...”

အားဖေက သူ့ပခုံးပေါ်တွင် ထမ်းထားသော လူသေအလောင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး- “သူကမှ ပန်းဘီလူးအစစ်...”

လူအများက အလောင်းဘေးနားသို့ ဝိုင်းအုံလာခဲ့ကြ၏။

ဤလူသေအလောင်းမှာ ပိန်ပိန်ပါးပါးရှိ၏။ သူ၏မျက်နှာပေါ်တွင် ရှိနေသော ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ခု ရှိနေသောကြောင့် မည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းရခက်နေသည်။

တျန်ချီက ရယ်မောလိုက်ပြီး- “ဒီလူ့ကို ပန်းဘီလူးအစစ်လို့ မင်းကထင်နေတယ်ပေါ့။”

အားဖေ-“ဟုတ်တယ်...”

တျန်ချီ-“မင်းဟာ တော်တော်လေး အတင့်ရဲတဲ့လူငယ်လေးပဲ။ လူသေတစ်ယောက်လောက် ထမ်းခေါ်လာခဲ့ပြီး ဒီမှာရောက်နေကြတဲ့ လူတိုင်းကို လှည့်စားလို့ရမယ်လို့များ မင်းကထင်နေတာလား။”

အားဖေ-“ကျုပ်ဘယ်တော့မှ လိမ်မပြောသလို ဘယ်တုန်းကမှလည်း အလှည့်စားမခံရဖူးဘူး။”

တျန်ချီ-“မင်းဘယ်လို သက်သေပြနိုင်လို့လဲ...”

အားဖေ-“သူ့ပါးစပ်ကို ကြည့်လိုက်ပါလား။”

တျန်ချီက ထပ်မံ၍ရယ်မောလိုက်ပြီး- “ဘာဖြစ်လို့ ကျုပ်ကသူ့ပါးစပ်ကို ကြည့်ရမှာလဲ။ သူက စကားကော ပြောနိုင်သေးလို့လား။”

လူတိုင်းပင် လိုက်၍ရယ်မောလိုက်ကြ၏။ ရယ်မောစရာကောင်းသော ဖြစ်ရပ်တစ်ခုမဟုတ်ခဲ့ဦးတောင်မှ တျန်ချီကရယ်မောနေသောကြောင့် လိုက်၍ရယ်မောနေကြရလေ၏။

ရုတ်တရက်ပင် လင်ရှန်းအာမှ ဝင်ရောက်ပြောဆိုလိုက်၏။ “သူအမှန်အတိုင်းပြောနေတာပါ။ အဲ့ဒီလူသေကောင်ဟာ ပန်းဘီလူးအစစ်ပါ။”

တျန်ချီ-“ဟုတ်တယ်လား... ဘာလဲ... လူသေကောင်က မင်းကိုပြောပြခဲ့တာလား။”

လင်ရှန်းအာ-“မှန်တယ်... သူ့နှုတ်ကနေ သူကိုယ်တိုင် ကျမကိုပြောပြခဲ့တာ။ ချင်ကျောင် သေဆုံးခဲ့ရတုန်းက သူ့ကိုယ်မှာ အလွန့်ကိုပြင်းထန်တဲ့ လျှို့ဝှက်လက်နက်ပုန်းတစ်ခု စိုက်ဝင်နေတာကို ကျမတွေ့ခဲ့ရတယ်။ သူ မရှောင်နိုင်ခဲ့စရာ အကြောင်းကိုမရှိဘူး။ ဝူဝမ်တန်လို သိုင်းသမားအရင့်အမာ ကြီးတစ်ယောက်တောင်မှ မရှောင်တိမ်းနိုင်ခဲ့တာဆိုတော့ ဒီလက်နက်က တစ်ခုခုတော့ ထူးဆန်းနေတယ်။ အခုတော့ ကျမသိလိုက်ရပြီ။”

တျန်ချီ၏မျက်လုံးများ လှုပ်သွားခဲ့၏။ “ဆိုစမ်းပါဦး...”

လင်ရှန်းအာ-“လျှို့ဝှက်ချက်က ပါးစပ်ထဲမှာ...”

သူမသည် အနီးမှ ဓားတစ်ချောင်းကို ငှားယူလိုက်ပြီး လူသေကောင်၏ ပါးစပ်ကို ကန့်လန့် ဖြတ် လှီးဖြတ်လိုက်၏။ ပါးစပ်တွင်း၌ အခေါင်းပေါက် အံဝှက်လေးတစ်ခုရှိနေလေသည်။

လင်ရှန်းအာ-“သူစကားပြောနေတုန်းမှာပဲ လက်နက်ကိုပစ်လွှတ်ခဲ့တာ။ ဘယ်သူမှ ထင်မထားခဲ့ကြလို့ မရှောင်တိမ်းနိုင်ခဲ့ကြဘူး။”

တျန်ချီ-“သူ့ပါးစပ်ပေါက်ထဲမှာ ဒီလိုအံလေးရှိနေတာ သူဘယ်လိုလုပ်ပြီး စကားပြောနိုင်တာတုန်း။”

လင်ရှန်းအာ-“ဒါကတော့ လျှို့ဝှက်ချက်ထဲက လျှို့ဝှက်ချက်နောက်တစ်ခုပဲ။ သူစကားပြောရင် ပါးစပ်နဲ့ မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းဗိုက်နဲ့ သူစကားပြောနိုင်တယ်။ ပါးစပ်ကတော့ လူသတ်ဖို့ သက်သက်ပဲ။”

သူမ၏ပြောစကားများမှာ ယုတ္တိမတန်လှသော်လည်း ဗဟုသုတကြွယ်လှသော တျန်ချီလို လူမျိုးအဖို့တော့ ဤပညာရပ်သည် သိုင်းလောကတွင်ရှိနေကြောင်း သိထားလေ၏။ ဤပညာရပ်မှာ ပါရှား ပြည်မှ ဆင်းသက်လာသော ပညာရပ်ဖြစ်၏။ မျက်လှည့်ပွဲများတွင် လူအများကို လှည့်စားနိုင်သော ပညာရပ်ဖြစ်သည်။ အစွမ်းထက်သော သိုင်းသမားတစ်ယောက်ကသာ အသုံးပြုခဲ့မည်ဆိုလျှင်  သာမန်စကားပြောဆိုသံနှင့် လွန်စွာမှပင် ဆင်တူနေပေလိမ့်မည်။

လင်ရှန်းအာ-“ဆရာတျန်နဲ့ တခြားလူတွေ တိုက်ခိုက်ကြတဲ့အခါ ဆရာတျန်က ဘယ်ကို သတိထားပြီး ကြည့်လေ့ရှိလဲ။”

တျန်ချီ-“ရန်သူရဲ့ ခန္ဓာကိုယ်ကိုပေါ့။”

လင်ရှန်းအာ-“ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုလဲ...”

တျန်ချီ-“ပခုံးနဲ့ လက်တွေကိုပေါ့...”

လင်ရှန်းအာက ဝမ်းသာစွာပြုံးပြလိုက်ပြီး- “ဒါက ကျမပြောချင်တဲ့အချက်ပဲ။ ဘယ်သူမှ သူ့ ရန်သူရဲ့ ပါးစပ်ကို သတိထားပြီး ကြည့်မနေကြဘူး။ ခွေးတွေရန်ဖြစ်ကြမှသာ တစ်ကောင်ရဲ့ပါးစပ်ကို ကျန်တစ်ကောင်က သတိထားတတ်ကြတာ။ လူတွေက ခွေးတွေမှမဟုတ်ကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီး ကိုက်ခဲပြီး တိုက်ခိုက်ကြမှာလဲ။”

လင်ရှန်းအာကဲ့သို့ ချောမောလှပသော အလှဘုရင်မတစ်ယောက်က ပြောပြနေသော အကြောင်းအရာကို မည်သူက ပျက်ရယ်ပြုနိုင်ပါဦးမည်နည်း။

လင်ရှန်းအာက အားတက်စွာပင် ရုတ်တရက်ပြောလိုက်၏။ “ပန်းဘီလူးရဲ့ ပါးစပ်က သူ့ရဲ့ လက်နက်ပဲ။ သူ့ရဲ့ရန်သူက ပိုပြီးအင်အားကြီးလေ၊ သူ့အတွက် လှည့်စားရတာ ပိုပြီးလွယ်ကူလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်သီးသိုင်းသမားတစ်ယောက်ဟာ ဘယ်တော့မှ သူ့ရန်သူရဲ့ ပါးစပ်ကိုအာရုံထားပြီး ကြည့်မနေဘူး။”

တျန်ချီ-“ဒါဆိုရင် မင်းကဘယ်လိုလုပ်ပြီး ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တာလဲ။”

လင်ရှန်းအာ-“သူ့လက်နက်ပစ်လွှတ်လိုက်ပြီးတဲ့နောက်မှ ကျမကသိခဲ့ရတာပါ။”

တျန်ချီမှ နှာခေါင်းရှုံ့လိုက်ပြီး၊ “ဒါဆိုရင် ဒီဘက်က ကျုပ်တို့ရဲ့ သူရဲကောင်းလေးက ခွေးတစ်ကောင်များ ဖြစ်နေမလား။ သူများတွေစကားပြောတဲ့အခါ ပါးစပ်ကိုလိုက်ကြည့်နေတဲ့ ခွေးတစ်ကောင်လိုလေ...”

0 comments:

Post a Comment