Monday, February 28, 2011

(၁၈) တစ်ရက်တည်း၌ကြုံတွေ့ရသော အံ့အားသင့်မှုများ

ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံသည် သာမန်လူများအဖို့ လွန်စွာမှပင် ရှည်လျားနေမည်ဖြစ်သော်လည်း ထိုသူ့အတွက်မူ တိုနံ့နံ့ဖြစ်နေလေ၏။

သူသည် မြင်ရသူတိုင်းအံ့အားသင့်လောက်အောင် အရပ်ရှည်သူတစ်ယောက်ဖြစ်၏။ ထိုသူသည် ရှည်လျားသော အစိမ်းရောင်ခမောက်တစ်ခုကို ဆောင်းထားပြီး သစ်ပင်တစ်ပင်ကဲ့သို့ မတုန်မလှုပ် ရပ်နေသည်။

သွားနေသောမြင်းလှည်းအား ရပ်တန့်သွားအောင် ဆွဲနိုင်ခဲ့သည့် သူ့အင်အားသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ၏မျက်လုံးများက ပို၍ပင်ကြောက်စရာကောင်းနေသည်။ ထို မျက်လုံးများသည် လူသားတစ်ယောက်၏ မျက်လုံးများမဟုတ်သည့်အတိုင်းပင်။ သူ၏မျက်လုံးများက အစိမ်းရောင်သမ်းနေပြီး တောက်ပလင်းလက်နေ၏။

အပြင်ဘက်သို့ တျန်ချီသည် ထွက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ဝင်ရောက်လာခဲ့၏။ သူ့မျက်နှာအမူအရာများ ပျက်နေလေ၏။

ရှင်းမယ်-“အပြင်ဘက်မှာ တစ်ယောက်ယောက်များ ရောက်လာခဲ့တာလား။”

တျန်ချီ-“ရိခူ...”

Wednesday, February 16, 2011

(၁၇) စိတ်ရင်းစေတနာမှန်

ထိုစကားများကို ကြားလိုက်ရပြီးနောက် လောင်ရှောင်း၄ယွန်သည် ခေါင်းကိုအတော်ကြာကြာငုံ့ထားလိုက်ပြီး- “မနက်ဖြန်... မနက်ဖြန်ဆိုရင် မင်းသွားရတော့မယ်။”

လီဆွန်းဟွာ-“ကျနော့်ကိုလိုက်ပို့ဖို့မလိုပါဘူး။ ကျနော်က သူများတွေကို လိုက်ပို့လေ့မရှိသလို ကျနော့်ကိုလည်း သူများတွေကလိုက်ပို့ နှုတ်ဆက်မှာကို မလိုလားပါဘူး။ အဲ့ဒီလိုမျိုးစိတ်မကောင်းစရာ ခွဲခွာကြရရင် ကျနော့်စိတ်ကို ထိန်းထားနိုင်မယ်မထင်ဘူး။”

သူသည် အားတင်းပြီး ရယ်မောလိုက်၏။ “ကျနော်က အဝေးကြီးကိုသွားရမှာမှမဟုတ်ပဲ။ နောက် ၁ ရက် ၂ ရက်လောက်ဆိုရင် ပြန်ရောက်ချင်တောင် ရောက်နေလောက်ပါပြီ။”

လောင်ရှောင်း၄ယွန်သည် အားအင်များပြန်လည်ပြည့်လာခဲ့သလို ခံစားလိုက်ရ၏။ “မင်းပြောတာမှန်တယ်။ မင်းပြန်လာရင် ကျုပ်ကိုယ်တိုင်ထွက်ကြိုနေမယ်။ ပြီးတော့ ကျုပ်တို့တွေ အရက်အတူတူသောက်ကြတာပေါ့။”

ရုတ်တရက်ပင် စကားသံတစ်သံပျံ့လွင့်လာခဲ့၏။ “သူဒီကိုဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူးဆိုတာ ရှင်သိထားရက်နဲ့ကိုယ့်ကိုယ်ကို ဘာဖြစ်လို့လိမ်ညာချင်နေရတာလဲ။”

လင်ရှီးယင် ဝင်ရောက်လာသည်။ သူမ၏ချောမောလှပသော မျက်နှာလေးသည် ညှိုးနွမ်းနေ၏။

လီဆွန်းဟွာ၏ နှလုံးသားထဲ၌ နာကျင်စွာခံစားလိုက်ရလေသည်။ သို့သော် သူသည် အပြုံးမပျက်ဘဲ မေးလိုက်၏။ “ကျုပ်ကဘာဖြစ်လို့ပြန်မလာရမှာလဲ။ ဒီနေရာမှာ ကျုပ်သိပ်ကိုခင်ရတဲ့ မိတ်ဆွေတွေ ရှိနေတာပဲ။ ကျုပ်...”

Sunday, February 13, 2011

(၁၆) အယောင်ဆောင်ကြင်နာမှု

တံခါးဝ၌ မည်သူမျှစောင့်မနေခဲ့ပါ။ နေ့ခင်းအချိန်၌ အားဖေဝင်ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။ သူတို့အိပ်ချင်နေကြသောကြောင့်လည်း ဖြစ်နိုင်၏။

ဤအခန်းငယ်လေးတွင် သေးငယ်သောပြတင်းပေါက်တစ်ခု ရှိနေ၏။ အကျဉ်းထောင်ခန်းများကဲ့သို့ မည်းမှောင်နေသည်။ ထင်းပုံပေါ်၌ လူတစ်ယောက်လဲလျောင်းနေ၏။

သိုးမွှေးအင်္ကျီကို အားဖေတွေ့လိုက်ရပြီးသည့်နောက် သူ့သွေးများဆူပွက်လာခဲ့ရ၏။ မိတ်ဆွေကောင်းဆိုသော အသိကသူ့အတွေးထဲသို့ ရုတ်ချည်းပင် ဝင်ရောက်လာခဲ့သည်။

သူရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး- “ခင်ဗျား...”

ထိုအချိန်မှာပင် သိုးမွှေးအင်္ကျီအောက်မှ ဓားတစ်စင်းထွက်ပေါ်လာလေသည်။

လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော ဓားချက်က အားဖေကိုအံ့အားသင့်သွားစေခဲ့၏။

ဤသို့ဖြစ်လာမည်မှန်း သူမျှော်လင့်မထားသကဲ့သို့ ဓားထွက်ချက်ကလည်း အလွန်ပင်လျင်မြန်လှ၏။

အားဖေ၏လက်ထဲ၌သူ၏ဓားကို ဆွဲကိုင်ထားခဲ့ခြင်းက သူ့အတွက်တပန်းသာသွားခဲ့ရ၏။ သူ့ဓားချက်က ပို၍ပင်မြန်ဆန်နေသေး၏။ လျင်မြန်မှုမှာ ဖော်မပြနိုင်လောက်အောင်ပင်။ ထိုသူကစတင် တိုက်ခိုက်ခဲ့သော်လည်း အားဖေ၏ဓားက အထက်စီးကရောက်နေလေသည်။

Saturday, February 12, 2011

(၁၅) အချစ်စစ်အချစ်မှန်

ရက်ပေါင်းများစွာ နှင်းမုန်တိုင်းကျခဲ့ပြီးနောက် ယနေ့အဖို့ နေသာလာ၏။ သို့သော် နေရောင်ခြည်သည် ဤအခန်းတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းမရှိချေ။ လီဆွန်းဟွာတစ်ယောက် မတုန်လှုပ်ပါ။ ကမ္ဘာပေါ်ရှိ နေရာအချို့၌ နေရောင်မရရှိကြောင်းကို သူသိထားလေသည်။ ထို့ပြင် မှိုင်တွေနေရသည့် ဘဝကို သူကျင့်သားရနေခဲ့ပြီးဖြစ်၏။

တျန်ချီတို့အဖွဲ့က သူ့ကိုဘာဆက်လုပ်ကြမည် မသိသေး။ ထိုအကြောင်းအရာများကို စဉ်းစားနေရန်အတွက်ပင် သူပျင်းကြောထူနေ၏။ ယခုအချိန်၌ ချင်ရှောင်ယီတို့ သားအဖနှင့်တွေ့ဆုံရန် ရှောင်လင်ဘုန်းတော်ကြီးများကို တျန်ချီခေါ်သွားနေလောက်ပြီ။ သူ့ကိုတော့ ဤစတိုခန်းလေးအတွင်း၌ ဖြစ်သလိုပင် ပစ်ထားခဲ့ကြလေသည်။ ထိုအချိန်ထိ လောင်ရှောင်း၄ယွန်တစ်ယောက် ဘာမျှဝင်မပြောခဲ့ချေ။

လီဆွန်းဟွာသည် လောင်ရှောင်း၄ယွန်အား အပြစ်မပြောပါ။ သူ့မှာ သူ့အကြောင်းပြချက်နှင့် သူရှိနေ၏။ သူဘာကိုမှ မလုပ်ပေးနိုင်မှန်းကိုလည်း လီဆွန်းဟွာ သိနေသည်။

ယခုအချိန်၌ သူ့ကို အားဖေမှ လာရောက်ကယ်တင်ခြင်းမပြုရန်သာ သူဆုတောင်းနေမိ၏။ အားဖေ၏ ဓားချက်များက မြန်ဆန်သည်ကို သူသိနေသော်လည်း သူ၏ ဓားကွက်များတွင် ပျော့ကွက်များ ရှိနေကြောင်းကိုလည်း သူသိထား၏။ ထို့ပြင် တျန်ချီ နှင့် ဘုန်းတော်ကြီး ရှင်းမယ် တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် အားဖေ၏ ဓားထွက်ထွက်ခြင်း သွေးမစွန်းခဲ့သော် နောက်ထပ် ဘယ်တော့မှ အားဖေသည် ဓားဆွဲထုတ်နိုင်မည် မဟုတ်တော့ချေ။

နောက်ထပ် ၃ နှစ်လောက်ဆိုလျှင် သူ၏ပျော့ကွက်များကို အားဖေမှ တွေ့ရှိပြုပြင်နိုင်လိမ့် မည်ဖြစ်ပြီး ပြိုင်ဘက်ကင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် နောက် ၃ နှစ်လောက်ထိ အားဖေသည် ဆက်၍ ရှင်သန်နေရပေလိမ့်မည်။

(၁၄) ရှင်းမပြနိုင်သောအကြောင်းအရာ

လင်ရှန်းအာ-“ဆရာတျန်ချီက သူ့ကိုယ်မှာ ရွှေမျှင်ကိုယ်ကျပ်အင်္ကျီ ဝတ်ထားတာကို မတွေ့ဘူးနဲ့တူတယ်။”

တျန်ချီ၏မျက်လုံးများက အရောင်လင်းလက်သွားခဲ့၏။ “ဒါကြောင့်မို့လို့ ညီလေးမုယုံရဲ့ လက်နာသွားခဲ့ရတာကိုး။”

လင်ရှန်းအာ-“ဒီနေ့ည ကျမရဲ့အခန်းကိုပြန်သွားဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခန်းထဲမှာ အရေးကြီးတာတစ်ခု မေ့ကျန်နေခဲ့လို့ ပြန်လာယူတော့ ပန်းဘီလူးက ရောက်နှင့်နေခဲ့ပြီ။”

သူမ၏ ချောမောလှပသော မျက်နှာ၌ ကြောက်ရွံ့မှုများဖုံးလွှမ်းလာခဲ့ပြီး ဆက်ပြောနေလိုက်၏။ “ကျမ အခန်းထဲ ကိုရောက်တော့ ဘယ်သူ့ကိုမှ မတွေ့ရသေးဘူး။ ဒါပေမဲ့ နောက်ကျောမလုံသလို မသင်္ကာဖြစ်လာတာနဲ့ နောက်လှည့်ကြည့်လိုက်တော့ သူက ကျမကို သွေးကြောပိတ်ပြီးသွားခဲ့ပြီ။”

တျန်ချီ-“ဒီလူရဲ့ ကိုယ်ဖော့ပညာက တော်တော်လေးကို ကောင်းမှာသေချာတယ်။”

လင်ရှန်းအာ သက်ပြင်းချလိုက်သည်။ “သူ့လှုပ်ရှားမှုတွေက တစ္ဆေတစ်ကောင်လိုပဲ။ ကျမ ဘာဖြစ်သွားခဲ့မှန်းကို မသိလိုက်ဘူး။ ပထမတော့ ပန်းဘီလူးများဖြစ်နေမလားလို့ ထင်ထားခဲ့သေးတယ်။ ‘ကျမကိုဘာလုပ်မလို့လဲ- ကျမကို သတ်သာသွားလိုက်ပါတော့’လို့ သူ့ကို ပြောလိုက်တယ်။”

“သူက ဘာပြန်ပြောလဲ...”

(၁၃) ထူးဆန်းစွာကျရှုံးခြင်း

အခန်းတွင်းမှ လင်ရှီးယင်ထွက်ပေါ်လာခဲ့ပြီး- “ကဲ ရှင်သဘောတူမယ်မဟုတ်လား။”

လီဆွန်းဟွာ သူ၏မျက်နှာကို မဲ့ပြလိုက်၏။ “ကျုပ်ကသူများတွေကို နှိပ်စက်ရမှ ကျေနပ်တယ်ဆိုတာ မင်းမသိဘူးလား။”

သူထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။ “ကောင်းသောည ဖြစ်ပါစေ။”

လင်ရှီးယင်သည် အသံများတုန်ခါစွာဖြင့် ရှိုက်ကာငင်ကာ ပြောဆိုနေသည်။ “ရှင်ထွက်သွားခဲ့ပြီးပြီပဲ... ဘာဖြစ်လို့ဒီကိုပြန်လာတာလဲ။ ကျမတို့ ဒီမှာအားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခဲ့ကြတာ၊ ခုတော့ ရှင့်ကြောင့် ပြဿနာတွေဖြစ်နေရပြီ။”

လီဆွန်းဟွာသည် ဘာမှပြန်မပြောမိစေရန် သူ့ပါးစပ်ကို ပိတ်ထားလိုက်သော်လည်း သူ့နှုတ်ခမ်းများက တုန်ခါနေကြ၏။

လင်ရှီးယင်၏စကားများက အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ ပြင်းထန်လာခဲ့၏။ “ကျမရဲ့ သားကို ရှင်ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးပြီ။ ရှင်မကျေနပ်နိုင်သေးဘူးလား။ ရှန်းအာကိုပါ ဒုက္ခရောက်စေချင်နေတာလား။”

သူမ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်လာခဲ့၏။ သို့သော် သူမ၏အလှမှာ ပျောက်ပျက်မသွားပါ။ သူမ၏မျက်ဝန်းများက နာကျင်မှုများဖြင့် ရီဝေစွာရှိနေလေသည်။ သူမ၏ဟန်အမူအရာများသည် မည်သည့်အခါမျှ၊ မည်သူ၏ရှေ့မှောက်တွင်မှ ပျက်မသွားခဲ့ဖူးချေ။ သူမ ယခုကဲ့သို့ဖြစ်နေရခြင်းမှာ လင်ရှန်းအာ တစ်ဦးတည်းအတွက်များ ဖြစ်နေမည်လား။