Thursday, June 16, 2011

(၄) အနီရောင်ဖိနပ်ကလေးတစ်ရံ

အမှောင်ထုက ပိုမိုသိပ်သည်းလာခဲ့၏။ တရားဆောင်ထဲတွင် မီးမထွန်းညှိရသေးပေ။ တောင်စွယ်တွင် ကွယ်ဝင်တော့မည့် ညနေစောင်းနေရောင်ခြည်များက တရားဆောင်၏အနောက်ဘက်တွင် ရှိနေသော စင်္ကြန်လမ်းတစ်လျှောက်သို့ ထိုးကျနေသည်မှာ ဧည့်သည်အဆောင်ငယ်လေးသို့ ရောက်သည်ထိပင်။ သစ်သားနံရံအိုများကို နေရောင်ခြည် ထိုးကျနေသည်မှာလည်း ၎င်းသစ်သားနံရံအိုများသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာ၊ စဆောက်ခဲ့စဉ်တုန်းကအတိုင်း အသစ်ကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေ၏။ ၇ လပိုင်း၏ ညချမ်းချိန်ခါတွင် တိုက်ခတ်လာသည့် လေနုအေးလေးထဲ၌ လူတို့၏ စိတ်နှလုံးကို ကြည်လင်ချမ်းမြေ့စေသော၊ ဝေးကွာလှသော တောင်တန်းများဆီမှ သစ်တောရနံ့လေးများကို သယ်ဆောင်လာနေ၏။ ကျန်းချင်းရှာသည် ဖြည်းဖြည်းလေး လျှောက်လှမ်းနေပြီး လုရှောင်ဖုန်းသည်လည်း ဖြည်းဖြည်းလေး လိုက်ပါလာနေ၏။ ကျန်းချင်းရှာက စကားတစ်ခွန်းမှ မပြောခဲ့သလို လုရှောင်ဖုန်းသည်လည်း ပါးစပ်လုံးဝမဟခဲ့။ သူသည် ဤနေရာတွင် အလိုမရှိသော ဧည့်သည်တစ်ယောက် ဖြစ်နေမှန်း သူ့ကိုယ်သူ သိထားပုံရသည်။

(၃) ကတုံးပေါ် ထိပ်ကွက်

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

“မင်း ဘယ်လိုမှ မတတ်နိုင်လောက်ပါဘူးကွာ”

လုရှောင်ဖုန်းသည် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။

“ဒါပေမယ့် ငါကလည်း အရမ်းကို သဘောကောင်းလွန်းတဲ့ကောင် ဖြစ်နေတယ်”

ညရောက်ပြီ။ သို့သော် ညက မနက်သေးချေ။ စိခုန်းကျိုင်ရှင်း မူးပြီးလဲမသွားခဲ့ပါ။ ကောင်းကောင်းမွန်မွန်ဖြင့်ပင် ပြန်သွားခဲ့ပြီးဖြစ်သည်။ လုရှောင်ဖုန်းသည်လည်း အဆိပ်အခပ် မခံခဲ့ရပါ။ စိခုန်းကျိုင်ရှင်းသည် အရက်ထဲတွင် အဆိပ်ခပ်သော လူစားမျိုး မဟုတ်ပေ။ ထို့အပြင် သူ အရက်ထဲတွင် အဆိပ်ခပ်ခဲ့လျှင်လည်း၊ လုရှောင်ဖုန်းက သောက်မည်မဟုတ်။

(၂) အပ်တမန်တော်ဆီသို့ အလည်တစ်ခေါက်

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

တောင်စောင်း။ နေဝင်ရီတရော ညနေစောင်းအချိန်၏ အလင်းရောင်အောက်တွင် စိမ်းစိုသော တောင်းစောင်းတစ်ခုလုံးသည်၊ အိပ်မက်ဆန်ဆန် ခရမ်းရောင်သမ်းနေလေသည်။ အပြိုင်အဆိုင် ဖူးပွင့်နေကြသော ပန်းအမျိုးပေါင်းစုံက တောင်စောင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ကျစ်ဆံမြီးနှင့် မိန်းကလေးငယ် နှစ်ယောက်က တောင်စောင်းတစ်လျှောက်တွင် ပန်းခူးနေကြသည်။ သူတို့၏ နှုတ်ဖျားဆီမှ ကျေးလက်တေးသီချင်းများက နွဲ့နှောင်းချိုသာစွာ ထွက်ပေါ်လာနေကြသည်။

သူတို့၏ တေးသံသာများက နွေးဦးလေပြေထက်ပင် ပျော့ပျောင်းညင်သာလှသလို၊ သူတို့ကိုယ်တိုင်ကလည်း ပန်းပွင့်ကလေးများထက်ပင် ချောမောလှပကြပေသည်။

(၁) ဂြိုလ်မွှေသော ပန်းထိုးရာဇာ

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

ပြင်းလွန်းလှသည့် အပူရှိန်။ နေပူရှိန်သည် ဓားသွားများကို သယ်ဆောင်လာသည့် အလား၊ အဝါရောင်ဖုန်ထူထူ လမ်းလေးအပေါ် မညှာမတာ စူးရှစွာ ထိုးနှက်နေသည်။ ချန်းမန်တျန့်၏ မျက်နှာပေါ်မှ အမာရွတ်သည်ပင် အပူရှိန်ကြောင့် အနီရောင်သန်းနေလေပြီ။

အတိအကျ ပြောရမည် ဆိုရင်တော့၊ အမာရွတ်မှာ ၃ ခု ဖြစ်သည်။ ထို့အမာရွတ်များ အပြင် သူရရှိခဲ့သော အတွင်းဒဏ်ရာ ၇ ခု ၈ ခု ခန့်ကြောင့်လည်း၊ ယနေ့အခါ နာမည်တစ်လုံးနှင့် လူရိုသေရှင်ရိုသေ ဖြစ်နေခြင်းပင် ဖြစ်သည်။ ရာသီဥတု စိုထိုင်းထိုင်း ဖြစ်လာလျှင်၊ သို့မဟုတ် မိုးရွာလာလျှင်၊ သူ့အတွင်းဒဏ်ရာများက ဒုက္ခစပေးလေပြီ။ သူ့အရိုးအဆစ်များကို တစစ်စစ်ဖြင့် ကိုက်ခဲလာစေသည်။ သို့သော် ထိုဝေဒနာကပင် သူနုပျိုစဉ်အခါက ဆင်နွဲခဲ့သော ပြင်းထန်လှသည့် တိုက်ပွဲများကို ပြန်လည် အမှတ်ရစေပြီး၊ မဖော်ပြနိုင်လောက်သော စိတ်ကျေနပ်မှုကို ပေးလေသည်။

Tuesday, June 7, 2011

(၁၅) ပန်းပွင့်ပျံများနှင့်ကောင်းကင်ယံ

ဓားသွားထိပ်မှ သွေးတစက်စက် ကျဆင်းနေသည်။ ဟွာမင်းထျန်သည် မားခုန်းချွင်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်၏။

မားခုန်းချွင်က သူ့ကို စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ မေးမြန်းလိုက်၏။ “မင်းသူ့ကို သတ်ခဲ့ပြီ။”

ဟွာမင်းထျန်-“ခေါင်းဆောင်ကြီးကို သူ သစ္စာဖောက်ခဲ့လို့ပဲ။”

မားခုန်းချွင်-“ဒီအချက်ကို မင်းလည်း နားလည်တယ်ပေါ့။”

ဟွာမင်းထျန်-“ကျုပ် ဘာမှနားမလည်ဘူး။ တစ်ခုပဲသိတယ်.. ခေါင်းဆောင်ကြီးကို သစ္စာဖောက်တဲ့သူမှန်သမျှ သေရမယ်။”

မားခုန်းချွင်-“သူ ကျုပ်ကို ဘယ်လိုသစ္စာဖောက်ခဲ့လဲဆိုတာ မင်းသိလား။”

ဟွာမင်းထျန်-“မသိချင်တော့ပါဘူး။”

Monday, June 6, 2011

(၁၄) ဘာမထီမြင်းတစ်ကောင်၏ ရှည်လျားသောဟီသံ

မားခုန်းချွင် သူ့နေရာတွင် ဖြည်းဖြည်းလေး ထိုင်ချလိုက်သည်။ သူ့ရှေ့တွင်ရှိနေသည့် စားပွဲရှည်ကြီးသည် ငွေကုန်ကြေးကျများစွာ ဖောက်လုပ်ထားရသည့် လမ်းတစ်လမ်းနှင့် တူနေသေးတော့၏။ ရွှံ့ထဲဗွက်ထဲ၊ သွေးအိုင်များထဲမှ ကုန်းရုန်းပြီး ကြိုးစားခဲ့မှုများကြောင့် သူထိုင်နေသည့် ဤနေရာတွင် ထိုင်နိုင်နေသည်မဟုတ်ပါလား။ သူ၏ ဖြတ်သန်းလာခဲ့ရသော ဘဝလမ်းက ရှည်လျားကြမ်းတမ်းလွန်းလှပါသည်။

သို့သော် ထိုလမ်းသည် မည်သည့်နေရာသို့ ဦးတည်သွားနေပါသနည်း။...

ထိုလမ်း၏ဦးတည်ရာအရပ်သည် ရွှံ့ဗွက်ထဲ၊ သွေးအိုင်ထဲသို့ပင် ပြန်လည်ဦးတည်နေခြင်းပင်လော...။

Friday, June 3, 2011

(၁၃) တတိယရှင်းသခင်မ၏လျှို့ဝှက်ချက်

ထိုအခန်းထဲတွင် မည်းမှောင်နေလေသည်။

တတိယရှင်းသခင်မသည် ဝတ်ရုံရှည်ပွပွကြီးတစ်ခုကို ဝတ်ဆင်ထား၏။ ကြည့်ရသည်မှာ လောလောဆယ်လေး၌ပင် မျက်နှာကို ဆေးကြောသုတ်သင်ပြီးသွားခဲ့ပုံရသည်။ သူမ၏ သွင်ပြင်အနေအထားက သွေးဆုတ်ဖြူရော်နေပြီး စိတ်ဖိစီးနှိပ်စက်ခံထားရပုံပေါက်နေသည်။ သူမ၏လက်ထဲတွင်ရှိနေသည့် ပုဝါစလေး၌မူ သွေးစသွေးနများ ပေကျံနေလေသည်။

“ရှင်... ရှင်... နေကောင်းပါတယ်နော်...” မားဖန်းလင်က မေးမြန်းလိုက်သည်။

တတိယရှင်းသခင်မသည် ထိုမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘဲ မားဖန်းလင်ကိုပင် ပြန်လည်မေးခွန်းထုတ်လိုက်သေး၏။ “ကျုပ်ဒီကနေ ထွက်သွားခဲ့တာ ညည်းသိနေတယ်ပေါ့။”

Sunday, May 15, 2011

(၁၂) ထိပ်သီးလက်နက်ပုန်းသိုင်းသမားများ

ကွက်လပ်ပြင်ငယ်လေးသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အနောက်ဘက်အဆောင်ငယ်လေးတစ်ခုတွင်းမှ အလင်းရောင်ထွက်ပေါ်လာခဲ့၏။

ရှောင်ပိုင်လိများ သူ့အဆောင်ပြန်ပြီး အိပ်မောကျနေပြီလား။ သူ့အခန်းထဲတွင် သူဘာကိုများ လုပ်ဆောင်နေပါသနည်း။ ဒိုးဇက်အစုံလိုက်များ အခန်းထဲတွင် ထားထားသေးလား။ သို့တည်းမဟုတ် တိတ်တိတ်ပုန်း မိန်းမတစ်ယောက်များ ရှိနေနိုင်သည်လား။...

ထိုသူသည် အလွန်လျှို့ဝှက်သိုသိပ်တတ်ပြီး ဖူးဆန်းအံ့ဖွယ်ကောင်းသူတစ်ယောက်ဖြစ်နေကြောင်း ရဲ့ခိုင်ခံစားနေရ၏။

Wednesday, May 11, 2011

(၁၁) တီးတိုးသန်းခေါင်ယံ

ကွက်လပ်ပြင်လေးတွင် ဒါဇင်ပေါင်းများစွာသော ဝါးပင်စိမ်းရုံများ ရှိနေကြသည်။ မျက်ခုံးပါးပါးလေးများနှင့် မျက်နှာချေများ လိမ်းကျံထားခြင်းမရှိသည့် ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်သည် ပြတင်းပေါက်တွင် မေ့စေ့လက်ထောက်ပြီး သူ့ကို ငေးငေးစိုက်စိုက်ကလေး စိုက်ကြည့်နေ၏။

သူမကို အလွန်လှပချောမောသော မိန်းမပျိုလေးတစ်ယောက်ဟု ပြောဆိုရန် ခက်ခဲလှသော်လည်း မျက်လုံးများက အရည်ရွှမ်းလဲ့နေကြပြီး စကားပြောဆိုနေကြသည်။ နှုတ်ခမ်းပါးပါးလေးများက ထက်မြက်ပြီးဆွဲဆောင်နိုင်သည့် စကားလုံးများ ပြောဆိုနိုင်ကြ၏။ ထိုနေရာ၌ အေးအေးငြိမ်ငြိမ်ကလေး ထိုင်နေသော်လည်း သူမထံမှ ထုတ်လွှတ်နေသည့် ဆွဲဆောင်မှုပြင်းအားများကို ငြင်းဆန်နိုင်မည်မထင်ပါ။ တွေ့ဖူးသမျှ မိန်းမပျိုလေးများနှင့် ယှဉ်ကြည့်လျှင် သူမသည် ပြိုင်ဘက်ကင်း ဆွဲဆောင်မှုအားကောင်းသူတစ်ယောက်ဖြစ်ကြောင်း ငြင်းချက်ထုတ်ရန်မရှိ။

(၁၀) သက်သေကိုနှုတ်ပိတ်ခြင်း

ထိုအသံရှင်၏ စကားသံက ဖူဟောင်ရွှယ်၏ နားထဲတွင် ဓားသွားတစ်လက်လို ထိုးဖောက်ဝင်ရောက်လာခဲ့တော့သည်။

လူတစ်ယောက် ထွက်ပေါ်လာ၏။ ရဲ့ခိုင် ဖြစ်နေလေသည်။

ရဲ့ခိုင်သည် ကြယ်ရောင်များအောက် အလင်းရောင်မရှိသည့် အမှောင်ထုထဲတွင် မတ်တတ်ရပ်နေသည်။ သူ့ပုံစံသည် ရုပ်တုတစ်ခုလိုဖြစ်နေပြီး ရေခဲလို အေးစက်သော ရုပ်တုတစ်ခုလည်းဖြစ်နေသည်။

Saturday, May 7, 2011

(၉) ​ကျောက်တောင်ကြီးလိုခိုင်ခံ့သော...

ပုစွန်ဆီရောင်သမ်းချိန်...

ညနေ နေဝင်ချိန်လေး၏ နွေးထွေးသော နေရောင်ခြည်တန်းများက ဖူဟောင်ရွှယ်၏ ပေါင်များပေါ်သို့ ထိုးကျနေပြီး လွန်ခဲ့သည့် နှစ်ညက သူ့ကို ထိတွေ့ကိုင်တွယ် ပွတ်သပ်ခဲ့ပေးသည့် နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်း လက်ချောင်းသွယ်လေးများကို သတိရနေစေ၏။

သူသည် အိပ်ယာပေါ်တွင် လှဲအိပ်နေပြီး ဖိနပ်ချွတ်ရမည်ကိုပင် ပင်ပမ်းနေသည်။

သူ့အတွေးများထဲတွင်တော့ ထိုအမျိုးသမီး၏ လက်ချောင်းကလေးများ... ထိတွေ့ပွတ်သပ်မိချိန်တွင် ခံစားရသည့် ပိုးသားလို နူးညံ့လှသည့် အရေပြား... ဆွဲမက်ဖွယ်ကောင်းအောင် မြူဆွယ်တတ်သော၊ လှုပ်ရမ်းနေတတ်သည့် ခြေထောက်ကလေးများ...

Wednesday, May 4, 2011

(၈) နွေဦးလေပြေလေး၏နွေးထွေးမှု

လမ်းကျဉ်းကျဉ်းရှည်ရှည်လေး၏ အဆုံးတစ်ဘက်မှ လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ ခြေလှမ်းတိုင်းလိုလို ခက်ခဲပင်ပမ်းကြီးစွာ လျှောက်လှမ်းလာနေရ၏။ ထိုသူသည် ဖူဟောင်ရွှယ် ဖြစ်နေလေသည်။

သူ့လက်ထဲတွင် ထိုဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲရှိနေ၏။ ပြီးနောက် သူတို့ဆီသို့ ခြေလှမ်းများ တရွတ်တိုက်ဆွဲကာ လျှောက်လာနေသည်။ သူ၏လမ်းလျှောက်နှုန်းကို မည်သည့်အရာကမျှ အနှောက်အယှက်မပေးနိုင်ပါ။

သူတစ်ယောက်တည်းဖြစ်၏။ လိုလိုရှန်းနှင့် မုယုံမင်းကျုတို့ကို အရိပ်အယောင်မျှပင် မတွေ့ရ။

Sunday, May 1, 2011

နိဂုံး

ကျောက်လှေကားထိပ်ရှိ တံခါးမကြီးပွင့်သွားခဲ့ပြီဖြစ်သည်။ ကျုတင်းက ဖွင့်ပေးလိုက်ခြင်းဖြစ်၏။ ဤကဲ့သို့သော တံခါးတစ်ချပ်ကို တီထွင်နိုင်သူ ရှိခဲ့ပါက ဖွင့်ပေးနိုင်မည့်လူလည်း ရှိနေရပေမည်။

ဤကမ္ဘာကြီးထဲတွင် ထိုသို့သောအရာများ များစွာရှိနေသည်မဟုတ်ပါလား။ မည်သည့်လှံတံမျှ မထိုးဖောက်နိုင်သည့် ဒိုင်းတစ်လက်ကို တီထွင်နိုင်ခဲ့သည်ဆိုပါက အခြားတစ်ယောက်သည် ထိုဒိုင်းကို ထိုးဖောက်နိုင်မည့် လှံတံတစ်လက်ကို တီထွင်လိမ့်မည်ဖြစ်သည်။ “အကြွင်းမဲ့” ဆိုသောအရာများ လောကကြီးတွင် မရှိနေနိုင်ပါ။

လုရှောင်ဖုန်း လှေကားများမှ တက်သွားခဲ့ပြီး ဟိုရှူးကို လှမ်းကြည့်လိုက်သည်။ သံကွန်ခြာကြီးသည် ထောင်နန်းတစ်ခုလိုလည်း သူ ခံစားသွားမိခဲ့၏။

(၁၁) လူတကာ့လူဇော် [part2]

ထိုနေရာတွင် မီတာဝက်ခန့်ကျယ်ပြီး ၁ မီတာခန့် နက်သောကျွင်းကြီးတစ်ခု တူးခဲ့ပြီးဖြစ်သည်။ လုရှောင်ဖုန်း၏ တစ်ကိုယ်လုံး ချွေးများရွှဲစိုနေရ၏။

ရှန်းကွမ်းရှူးအော်က ကျွင်းပေါ်၌ ဆောင့်ကြောင့်ထိုင်နေပြီး လက်နှစ်ဘက်ဖြင့် မေးထောက်ထားကာ လုရှောင်ဖုန်းအား ခပ်မြန်မြန်တူးရန် အဆက်မပြတ် ဆော်ဩနေသည်။

“ဘာလို့ရပ်နေတာလဲ... ဆက်တူးပါလား။ တူးစမ်းပါ... ရှင့်ကိုကြည့်ရတာ သန်သန်မာမာကြီးနဲ့ ဘာမှကိုအသုံးမကျဘူး။”

လုရှောင်ဖုန်း ချွေးများကို အင်္ကျီလက်စဖြင့် သုတ်သင်လိုက်၏။

(၁၁) လူတကာ့လူဇော် [part1]

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

လေထုထဲတွင် မွှေးကြိုင်းပြင်းရှသော အရက်၏ရနံ့များ သင်းပျံ့နေသည်။ အနီရောင်ရွှံ့စေးမီးဖိုလေးထဲမှ မီးတောက်များသည်၊ များများစားစား မဟုတ်လှသော်လည်း၊ လှိုင်ဂူလေးအတွင်းမှ ခါးသီးလှသော အအေးဒဏ်ကို၊ ခံသာရုံ အနွေးဒဏ်တော့ ပေးသည်။

“ကိုင်း ... နောက်ဆုံးတော့ ကျွန်တော် နေရာမှန်ကိုရောက်တော့တာပဲ”

လုရှောင်ဖုန်း သက်ပြင်းချရင်း ပြောလိုက်သည်။

“အချိန်ကလည်း အချိန်ကောင်းပဲ ”

ဟိုရှုးကလည်း သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

“ငါတော့ နားမလည်နိုင်အောင်ကိုပဲ ... ငါအရက်ကောင်းကောင်း သောက်ရဖို့ရှိတိုင်း ... ဒီကောင် ဘယ်လိုကနေဘယ်လို ပေါ်ပေါ်လာတယ် မသိဘူး”

(၁၀) ကောင်းကင်ဘုံ၏အမျက်၊ ကြေမွသွားခဲ့သော ဝိညာဉ်များ

နူးညံ့သော မြက်များက မြူနှင်းစက်များဖြင့် စိုစွတ်နေပြီး ညဉ့်သည်လည်း တဖြည်းဖြည်း နက်လာခဲ့တော့၏။

ပန်းခြံထဲမှ ဟိုထျန်ချင်း ထွက်လာခဲ့သည်။ အဆောင်တွင်းမှ မီးရောင်များက သူ၏ ဖြူဖတ်ဖြူရော်ဖြစ်နေသော၊ ညှိုးနွမ်းနေသော မျက်နှာပြင်ပေါ်သို့ လင်းလက်နေ၏။ သူ့ကိုကြည့်ရသည်မှာ လွန်စွာပင်ပမ်းနေ၏။ အထီးကျန်ဆန်ပြီး ပင်ပမ်းနေသော ပင်ပမ်းမှုမျိုးလည်းဖြစ်သည်။

ကြာပန်းများဖူးပွင့်နေသော ရေကန်ထဲမှ ရေများက မှန်တစ်ချပ်လို ကြည်လဲ့နေ၏။ လရိပ်နှင့် ကြယ်များက ရေပြင်ထက်တွင် ရောင်ပြန်ဟတ်နေသည်။ သူသည် လက်နှစ်ဘက်ကိုနောက်ပစ်ပြီး တံတားငယ်လေးထိပ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ လေတိုက်ခတ်လာသောအခါ သစ်ရွက်ကြွေများက လေနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။

(၉) ထူးဆန်းလွန်းသော လူသေမှု

မြင်းလှည်းသည် သိပ်မကြီးသော်လည်း လူ ၄ ယောက်ကို ကောင်းစွာသယ်ဆောင်သွားနိုင်၏။ မြင်းလှည်းဆွဲလာသော မြင်းများမှာလည်း ကောင်းမွန်စွာ လေ့ကျင့်ထားပေးသော မြင်းများဖြစ်ကြ၏။ ရွှံ့ဗွက်ထဲတွင် သွားနေသော်လည်း တည်ငြိမ်စွာ ရွေ့လျားနေ၏။ မားရှုကျန်းနှင့် ရှိရှုးယွင်တို့က တစ်ဘက်တွင်ထိုင်နေကြပြီး မျက်နှာချင်းဆိုင်တွင် စွန်းရှုးချင်နှင့် ရီရှုကျူတို့ ထိုင်နေကြသည်။

မြင်းလှည်းဖြင့် ခရီးထွက်လာခဲ့သည်မှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သည်။ လူတိုင်းက သူမကို အကဲခတ်ကြည့်နေကြကြောင်း ရှိရှုးယွင် သတိထားမိလာသည်။ နှုတ်ခမ်းစူထားပြီး ကျန်လူများကို ဘုကြည့်ပြန်ကြည့်နေရုံမှတပါး သူမဘာမှမတတ်နိုင်ပါ။

“ရှင်တို့ ဘာဖြစ်လို့ကြည့်နေကြတာလဲ။ ကျမ မျက်နှာမှာ ပန်းပွင့်တွေများ ပေါက်လာလို့လား။”

Saturday, April 9, 2011

(၈) ကလဲ့စားချေမှုနှင့်ကြောက်စရာကောင်းသောရန်သူ

သည်းထန်စွာရွာသွန်းခဲ့သော မိုးသည် လက်ရဲဇက်ရဲသူဌေးသားလေးတစ်ယောက် ချမ်းသာသော အမျိုးသမီးတစ်ယောက်၏ နောက်ဖေးပေါက်သို့ ညဉ့်နက်သန်းခေါင်ကြီး ဝင်ရောက်သွားသလိုမျိုး... ရုတ်တရက် ရောက်လာခဲ့သလို မယုံကြည်နိုင်လောက်အောင်ပင် မြန်ဆန်စွာ ပြန်လည်ထွက်ခွာသွားပြန်၏။

သို့သော် မိုးစက်မိုးပေါက်များကြောင့် မြင်ကွင်းတစ်ခုလုံးကတော့ ပြောင်းလဲသွားခဲ့သည်။

သစ်တောထဲရှိ သစ်ရွက်တိုင်း၊ သစ်ပင်တိုင်း ကျောက်စိမ်းရောင် စိမ်းလဲ့နေကြသလို လူသေများထံမှ သွေးများလည်း ဆေးကြောပြီးသားဖြစ်နေသည်။ သေလောက်သော ဒဏ်ရာများကိုပင် အစအနရှာမရအောင် ဆေးကြောသွားခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် တစ်ဒါဇင်ကျော်ရှိခဲ့သော မြင်းစီးသမားများသည် တစ်ယောက်မကျန် အသက်ရှင်လျက် မရှိတော့ပါ။

ထိုလူသေများကို သူတို့တွေ့ချိန်တွင် စိခုန်းကျိုင်ရှင်းသည် ထွက်ခွာပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။

“ဒီလူသေတွေကို ထားသွားခဲ့တာ ကျမတို့ကို ရှင်းခိုင်းချင်လို့များလား...” ရှန်းကွမ်းတန့်ဖုန်းက ခါးသီးစွာ ရေရွတ်လိုက်၏။

Tuesday, March 15, 2011

ကုလုံလွင်ပြင်သတင်း (၂)

ခြေရာမဲ့ခရီးသည်ကို http://sai-naw.blogspot.com အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အစကတော့ ဧပြီလထဲမှာ ပြောင်းမလို့ပါပဲ။ ခရီးတစ်ခု ထွက်စရာရှိနေလို့ မနေ့ကမှ ပြောင်းလိုက်ပါတယ်။ ဒီဘလော့ဂ်မှာလည်း လင့်ခ် ပေးထားပါတယ်။ ခြေရာမဲ့ခရီးသည် ဆိုတဲ့ menu tab ကိုနှိပ်လိုက်ရင် ရောက်သွားမှာပါ။ Subscription တွေအားလုံး ပျက်သွားလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ facebook, networkedblogs ကို follow လုပ်ရင် တွေ့ရမှာဖြစ်ပါတယ်။

စိုင်းနော်
မတ်လ ၁၅ရက်၊ ၂၀၁၁။
နယူးယောက်။

(၆) မြှုပ်နှံသင်္ဂြိုဟ်ခြင်းခံခဲ့ရသောဓားမော့

အရှေ့ဘက်မှ ရောင်နီသမ်းလာပြီဖြစ်သည်။

ယမန်နေ့ညတုန်းက ရှိခဲ့သော အနံ့ဆိုးများသည်လည်း တိုက်ခတ်လာသော လေထဲတွင် ပျံ့လွင့်ပျောက်ကွယ်သွားခဲ့ချေပြီ။

နံနက်ခင်းလေပြေညင်းလေးသည် လတ်ဆတ်သင်းပျံ့သော မြက်ခင်းရနံ့များနှင့် သစ်ရွက်အနံ့များကို သယ်ဆောင်လာ၏။ လေထဲတွင် ‘မြင်းတစ်သောင်းဌာန’၏အလံကြီးသည် ထင်ရှားဝင့်ထယ်စွာ တလူလူလွင့်နေ၏။

ရဲ့ခိုင်၏ပါးစပ်ထဲတွင် မြက်ခြောက်စများ ကပ်နေပြီး အလံကြီးရှိရာသို့လျှောက်လှမ်းလာနေသည်။

သူ့ကိုကြည့်ရသည်မှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှ သဲမှုန်များသည်လည်း လင်းလက်နွေးထွေးသောနေရောင်ခြည်အောက်တွင် တလဲ့လဲ့ တောက်ပနေကြသည်မှာ ရွှေရောင်များ ပက်ဖျန်းထားသည့်အတိုင်းပင်။

Sunday, March 13, 2011

ကုလုံလွင်ပြင်သတင်း (၁)

ကျနော့်ရဲ့ ဘလော့ဂ်ကို ၂၄ နာရီတိတိ တစ်ရက် ပိတ်ထားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီမှာ အထိနာသွားကြရတဲ့ ဂျပန်ပြည်သူလူထုအားလုံး၊ ဧည့်နိုင်ငံခြားသားများ အားလုံးအတွက် ဝမ်းနည်းပူဆွေးမှုအတွက်ဆိုပြီး ၂၄ နာရီခန့် အသံတိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့ခြင်းပါ။

လာရောက်လည်ပတ် ဖတ်ရှုကြသူများအားလုံးကို အားနာမိတယ်။

စိုင်းနော်

Thursday, March 10, 2011

(၇) ဆရာသခင်နှင့်သစ္စာရှိနောက်လိုက်တစ်သိုက်

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို trhura ၂/၃ပုံခန့် ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to trhura. Thanks for letting me use your translation work.


ဆန်းဦးစ လရောင်က ဝင်းပပ လင်းနေသည်။ အရုဏ်တက်ရန်ကား ၆ နာရီကျော်မျှ လိုပေသေးသည်။

လုရှောင်ဖုန်းက တည်းခိုဆောင်သို့ပြန်၍ အရက်နှင့် အစားအစာများ မှာယူစားသောက်နေသည်။

“ဘာပဲဖြစ်ဖြစ် ငါ အနည်းဆုံး တစ်ကြိမ်တော့ ၀၀လင်လင် စားသောက် သွားရတာပေါ့” သူက ရယ်မော၍ ပြောဆိုလိုက်သည်။

“မင်း မိုးမလင်းခင် အိပ်စက် အနားယူလိုက်သင့်တယ်” ဟွာမင်းလိုက ဆိုလိုက်သည်။

“မင်းသာ ဟိုထျန်ချင်းလို လူမျိုးနဲ့ မနက်မှာ တိုက်ခိုက်တော့မှာဆိုရင် ဒီည အိပ်ပျော်နိုင်ပါ့မလား”

“အိပ်မပျော် နိုင်လောက်ဘူး”

“မင်းရဲ့ ကောင်းကွက်က ဘာလဲ သိလား။” လုရှောင်ဖုန်းက ရယ်မော၍ မေးလိုက်သည်။ “မင်းက ဘယ်တော့မှ လိမ်ညာမပြောတတ်တာပဲ။ ဒါပေမဲ့ တစ်ခါတစ်လေ မင်းက အမှန်ကို ပြောနေရင်တောင် လူလိမ်တစ်ယောက်နဲ့ တူနေတာတော့ အခက်သား ...”

(၆) ဓားလွတ်များနှင့်လူသေများ

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို trhura ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to trhura. Thanks for letting me use your translation work.

ဧည့်ခံစားသောက်ပွဲမှာ ရေလယ်ခေါင်ရှိ နန်းဆောင်တစ်ခုတွင် ဖြစ်လေသည်။ ရေကန်အနှံ့ ပေါက်ရောက်နေသော ကြာပန်းများကြောင့် အနီရင့်ရင့်သုတ်ထားသော နန်းဆောင်လက်ရန်းမှအပ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရင့်ရောင် ဆေးဆိုးထားသည့်အလား စိမ်းစိုနေလေသည်။

လေညှင်းက ပွင့်ဖူးစ ကြာရနံ့ သင်းသင်းဖျော့ဖျော့နှင့်အတူ တင်မထားသော ဖြူလျလျ ဇာခန်းဆီးကန့်လန့်ကာအောက်မှ တိုးဝင်လာလေသည်။

၄လပိုင်းသို့ပင် ရောက်လေပြီ။

ဟွာမင်းလိုသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ချမ်းသာပေ့ဆိုသူများသာ တတ်နိုင်သော ဤကဲ့သို့ အဓိပ္ပါယ်မဲ့ ကြီးကျယ်ခန်းနားမှုများကို တွေးတောဆင်ခြင်နေလေ၏။ ဟိုထျန်ချင်း၏ ပုံပန်းသွင်ပြင်ကို သူ မြင်တွေ့နိုင်ခြင်း မရှိသော်ငြားလည်း စရိုက်သဏ္ဌာန်ကိုမူ အသံ ကြားရုံဖြင့် သိရှိနားလည်ခဲ့လေပြီ။

ဟိုထျန်းချင်း၏ အသံသည် တိုးရှသော်လည်း သိမ့်မွေ့နွေးထွေး အားပါလေသည်။ စကားပြောဆိုသောအခါ တစ်ဖက်လူအား မိမိကို အာရုံစိုက် နားထောင်စေလိုရုံသာမက မိမိ ပြောဆိုသမျှကို ရှင်းရှင်းလင်းလင်း ကြားသိစေလိုသည်။

(၅) အဝေးတစ်နေရာမှတေးသံသာ

ဇီးပန်းတစ်ထောင်ရဲတိုက်တွင် မည်သည့်ဇီးသီးမျှ မရှိနေပါ။


၄လပိုင်းဖြစ်သည်။ တောင်တန်းပေါ်တွင် မက်မုံပန်းများပွင့်ဖူးနေကြပြီး ယောက်ဖခွေးခေါ်ငှက်လေးများ တွန်သံကျူးနေကြ၏။

တစ်လောကလုံး ပန်းများငွါးငွါးစွင့်စွင့် ဖူးပွင့်နေကြသောကြောင့် ဟွာမင်းလိုကို ကြည့်ရသည်မှာ ဤနေရာ၌ပင် တစ်သက်လုံး အခြေချ နေထိုင်သွားတော့မည့်ပုံရှိနေသည်။ ရုတ်တရက်... သူ၏ တည်ကြည်ငြိမ်းချမ်းနေသော မျက်နှာထက်တွင် ဖော်မပြနိုင်သော အမူအယာများ ထွက်ပေါ်လာသည်မှာ ချစ်ဦးသူက သူမထံကို လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသော မိန်းမငယ်လေးတစ်ယောက်၏ အမူအယာမျိုး ဖြစ်နေ၏။

လုရှောင်ဖုန်း စိတ်မရှည်နိုင်တော့ချေ။ “မင်းရဲ့ စိတ်ခံစားချက်ကိုတော့ မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ မှောင်သွားတာနဲ့ စီမင်းကျွေ့ရှယ်က ဘယ်ဧည့်သည်မှ လက်ခံတွေ့ဆုံမှာ မဟုတ်တော့ဘူးကွ။”

(၄) အတုအယောင်ခံစားမှု

ခမ်းနားသော ဧည့်ခံစားသောက်ပွဲကြီးဖြစ်၏။ ရွှေဂဠုန်ဧကရာဇ်နှင့် တွေ့ဆုံခဲ့သောအခန်းထဲတွင်ပင် ကျင်းပနေခြင်းဖြစ်သည်။ အရက်များ၊ အစားအစာများက အလျှံပယ် ဧည့်ခံကျွေးမွေးထား၏။


အရက်သည် အကောင်းအစား အရက်စစ်စစ်ဖြစ်၏။ သက်တန်းရင့် အရက်ကောင်းများဖြစ်၏။

လုရှောင်ဖုန်း အရက်ကို တစ်ဂွပ်တည်း မော့သောက်လိုက်၏။ “သိပ်ကောင်းတဲ့ အရက်ပါလား။” ပြီးနောက် သူ သက်ပြင်းချလိုက်ပြန်သည်။ “ဒါပေမဲ့ စောစောတုန်းက သောက်ခဲ့ရတဲ့ ပါရှန်းအရက်နဲ့ ယှဉ်လိုက်ရင်တော့ တခြားစီပဲ။ လုံးဝကိုမမီဘူး။”

ရွှေဂဠုန်ဧကရာဇ်သည် သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဒီအရက်ကိုချက်တဲ့ရေက ပန်းပွင့်တွေရဲ့ ပွင့်ဖတ်တွေပေါ်တင်နေတဲ့ မြူနှင်းစက်ကလေးတွေစုစည်းပြီးမှ ချက်လုပ်ထားတာ။ မောင်ရင်ရဲ့ ဒီလိုအရက်သောက်ပုံမျိုးနဲ့ဆိုရင် အလဟသတ်ဖြစ်မနေဘူးလား။”

(၃) တရားသဖြင့်

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို badinf ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to badinf. Thanks for letting me use your translation work.

လမ်းလေးမှာ နေရောင်နှင့် တစ်ခါမျှ မထိတွေ့ဖူးသည့်အလား၊ မှောင်မိုက်ကာ စွတ်စိုထိုင်းမှိုင်းလှသည်။ လမ်း၏အဆုံးတွင်တော့ ကြီးမားလှသော တံခါးကြီးတစ်ခု ရှိလေသည်။ တံခါးကြီး၏ လက်ကိုင်ကွင်းများမှာ တဖိတ်ဖိတ်တောက်ပလျက်။ တံခါးကြီးကို တွန်းဖွင့်ဝင်သွားလိုက်သည်နှင့် ရွှေဂဠုန်ဧကရာဇ် သူတို့တွေ့ကြရလေသည်။

ရွှေဂဠုန်ဧကရာဇ်မှာ ဂဠုန်တစ်ကောင်ကဲ့သို့ ခန့်ခန့်ညားညား အသွင်သဏ္ဍန်တော့ မရှိချေ။ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ယိုင်နဲ့နဲ့ အတောင်ပံဟောင်းများနှင့် ကျားကန်ထားရသည့် ကြက်ဖအိုကြီး တစ်ကောင်နဲ့သာ တူနေလေသည်။ မွေ့ယာနှင့် စောင်များ စုပုံခင်းထားသော နောက်မှီကုလားထိုင်ကြီးတစ်ခုပေါ်၌ သူထိုင်နေပုံမှာ၊ တောင်စောင်းတွင် ပေါက်နေသည့် ထင်းရှုးပင်အိုကြီးကို မိုးတိမ်တွေအကြား မြင်နေရသည့်အလားပင်။
ရွှေဂဠုန်ဧကရာဇ်၏ အသွင်ဏ္ဍန်ကြောင့်တော့ လုရှောင်ဖုန်း စိတ်ပျက်သွားခြင်း မဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးများထဲတွင် ဖော်မပြနိုင်သော ရာဇမာန်ကို မြင်တွေ့နိုင်သေးသောကြောင့်ပင်။

နားရွက်ရှည်ရှည်၊ ခြေတံလက်တံရှည်ရှည်နှင့် အမဲလိုက်ခွေးကြီးကတော့ အိမ်ပြန်ရောက်နှင့်နေပြီး ရွှေဂဠုန်ဧကရာဇ်၏ ခြေရင်းတွင် ထိုင်နေလေသည်။ မင်းသမီးလေး တန့်ဖုန်းလည်း ရွှေဂဠုန်ဧကရာဇ်ဆီသို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားကာ၊ သူ့နံဘေးတွင် ဒူးထောက်လျှက် ခရီးစဉ်အကြောင်းကို ပြောပြနေဟန်တူသည်။

(၂) အချမ်းသာဆုံးလူ

လုရှောင်ဖုန်း၏လက်ထဲတွင် အရက်ခွက်ရှိနေသေး၏။ သို့သော်အရက်ခွက်ထဲမှ အရက်များကတော့ သူ့အင်္ကျီပေါ်သို့ ဖိတ်စဉ်ကျနေသည်။

အဘိုးအိုဟို၏အိမ်သေးလေးသို့ သူဝင်ရောက်သွားချိန်တွင် အဘိုးအိုဟိုသည် တစ်ယောက်တည်း အရက်သောက်နေ၏။

အလွန်ရိုးရှင်းစွာ တည်ဆောက်ထားသော သစ်သားအိမ်ခန်းလေးပင်။ သစ်တောအုပ်သေးသေးလေး၏ အလယ်တွင်ရှိနေပြီး တောင်ကုန်းလေးတစ်ဘက်တွင် တရုတ်ဇီးသီးပင်များရှိနေ၏။

အဘိုးအိုဟိုသည် သူ၏သစ်သားအိမ်လေးကဲ့သို့ပင်- ခပ်ညက်ညက်ရှိ၏၊ အထီးကျန်၏၊ သန့်သန့်ရှင်းရှင်းနေတတ်ပြီး သွက်လက်ဖျတ်လတ်နေဆဲ။ သူ့ကိုကြည့်ရသည်မှာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံအံတုနေသော အခွံမာသစ်စေ့တစ်စေ့နှင့်တူ၏။ စားပွဲငယ်ငယ်သေးသေးလေးတစ်လုံးရှေ့ချထားပြီး အရက်သောက်နေ၏။

အရက်နံ့များ သင်းပျံ့နေ၏။ အခန်းထဲတွင် အမျိုးအစားပေါင်းစုံသော အရက်အိုးကြီးကြီးငယ်ငယ်များ စီရီစွာရှိနေကြသည်။ အားလုံးပင် အကောင်းစားအရက်များလည်း ဖြစ်ကြ၏။

အဘိုးအိုဟိုသည် လုရှောင်ဖုန်း၏လက်ထဲမှ အရက်ခွက်ကိုကြည့်နေရင်း ခေါင်းခါရမ်းပြီး သဘောကျစွာရယ်မောပြောဆိုလိုက်သည်။ “မင်းဒီကိုလာခဲ့တာ အရက်သောက်ဖို့လာတာဆိုတာ ကျုပ်မသိမှာစိုးလို့လား။ ဒါကြောင့်မို့လို့ အရက်ခွက်လေးကိုင်လာပြီးတော့ ကျုပ်ကိုလာသတိပေးတာပေါ့လေ။”

(၁) အချောဆုံးလောင်ပန်ကတော်

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို badinf ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to badinf. Thanks for letting me use your translation work.

ကျောက်ဝါမြို့သည် ချမ်းသာကြွယ်ဝသော မြို့ကြီးတစ်မြို့ ဖြစ်သည့်အားလျော်စွာ၊ အစိမ်းရောင် ကျောက်ခင်းလမ်းသည်လည်း နေ့အခါ၌ စည်စည်ကားကား ရှိလှပေသည်။ သို့သော် အချိန်ကာလမှာ သန်းခေါင်ကျော် ညနက်ချိန်ဖြစ်သဖြင့်၊ လခြမ်းကွေးကွေးလေးထံမှ ဖြာကျလာသော လရောင်အောက်တွင် ကျောက်ခင်းလမ်းလေး တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်။ မြင်းစီးလာသော ဝတ်ရုံစိမ်းနှစ်ယောက်မှအပ၊ လမ်းပေါ်တွင် မည်သူမျှ မရှိချေ။

ဘယ်ဖက်နားရွက် ပြတ်နေပြီး၊ နားရွက်အောက်ခြေမှ ညာဖက်မျက်နှာအောက်နားအထိ၊ အမာရွတ်ကြီးရှိသောသူက မြင်းဇက်ကြိုးဆွဲက ရပ်တန့်လိုက်ပြီး၊ အသံဝါကြီးဖြင့် အဖော်ဖြစ်သူအား မေးလိုက်သည်။

“သူ ဒီည ဒီမှာ အိပ်မယ်လို့ မင်းထင်လား”

နိဒါန်း... ဟွာမင်းလို

အဆောက်အဦတစ်ခုလုံး လတ်ဆတ်သောပန်းပွင့်များဖြင့်ပြည့်နေ၏။ ဟွာမင်းလိုသည် အသက်ရှင်သန်ခြင်းကို နှစ်သက်သလိုပင် ပန်းများကိုလည်းနှစ်သက်မြတ်နိုးလေသည်။

မှောင်စပြုပြီဆိုလျှင် ပြတင်းပေါက်နားတွင် ထိုင်နေတတ်ပြီး ဝင်လုဆဲဆဲနေမင်းကြီးကို ငေးကြည့်နေတတ်သည်။ ပန်းပွင့်လေးများကို ညင်သာစွာပွတ်သပ်ပေးနေ၏။ ပန်းပွင့်ဖတ်လွှာလေးများသည် ချစ်သူ၏မွှေးပျံသင်းကြိုင်သော နှုတ်ခမ်းနှစ်မွှာကဲ့သို့ပင် နူးညံ့နေကြ၏။ ညမှောင်ရီပျိုးလေပြီ။ ဝင်လုဆဲနေမင်းကြီးက နွေးနွေးထွေးထွေးရှိလှ၏။ လေနုအေးလေးက ညင်သာစွာတိုက်ခတ်လာ၏။

အဆောက်အဦလေးသည် အေးချမ်းတိတ်ဆိတ်နေ၏။ ပြတင်းပေါက်နံဘေးတွင် တစ်ယောက်တည်းထိုင်နေ၏။ သူ့ရင်ထဲတွင်တော့ ကျေးဇူးတင်ခြင်းများစွာဖြင့်... သူ့ကို အသက်ရှင်သန်ခွင့်ပေးသော... လူသားတစ်ယောက်ဖြစ်ခွင့်ပေးသော ဘုရားသခင်ကို ကျေးဇူးတင်မဆုံးဖြစ်နေရသည်။

ထိုအချိန်၌ပင် ပြေးလွှားလာသော ခြေသံများကိုကြားလိုက်ရသည်။

နိဒါန်း... စီမင်းကျွေ့ရှယ်

စီမင်းကျွေ့ရှယ် နှင်းများကိုမမှုတ်ထုတ်နေပါ။ သွေးများကိုသာ မှုတ်ထုတ်နေ၏။ သူ့ဓားပေါ်မှ သွေးများကိုဖြစ်သည်။


ရေချိုးစည်ပိုင်းတွင်းမှ ရေများသည် နွေးနွေးလေးရှိနေဆဲဖြစ်ပြီး စံပယ်ပန်းရနံ့သင်းသင်းလေး မွှေးထုံနေ၏။ စီမင်းချွေးရှယ်သည် ရေချိုးပြီး ဦးခေါင်းလျှော်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း သန့်ရှင်းစွာ သုတ်သင်ဆေးကြောပြီးလေပြီ။

ရှောင်းဟုန်က သူ့ကိုဆံပင်ဖြီးသင်ပေးနေ၏။ ရှောင်းချွေနှင့် ရှောင်းယူတို့က သူ့ကို လက်သည်းညှပ်ပေးနေကြသည်။

ရှောင်းယွန်က သူဝတ်ဖို့ အဝတ်အစားသစ်တစ်စုံ ပြင်ဆင်ပေးနေ၏။ ခြေစွတ်မှစ၍ အတွင်းခံဝတ်စုံများထိ အားလုံးပင် နှင်းကဲ့သို့ စွတ်စွတ်ဖြူဖွေးနေသော အဝတ်အစားများပင်။

နိဒါန်း... ရိုးသားသောဘုန်းကြီး

နေမင်းကြီးသည် အနောက်ဘက်ယွန်းယွန်းသို့ ဝင်စပြုနေပေပြီ။ ဆောင်းဦးလေသွေးလေးက ကျူပင်ရိုးများကို ဖြတ်တိုက်လာ၏။ ကမ်းစပ်တွင် လူရိပ်လူခြေမတွေ့ရပါ။ ကျီးကန်းတစ်ကောင်သာ တဖြည်းဖြည်း ခပ်နိမ့်နိမ့်လေး ပျံသန်းလာပြီး လှေကြီးများချည်နှောင်ရန် ထောင်စိုက်ထားသည့် သစ်သားတိုင်ပေါ်တွင် လာနားလိုက်သည်။

ဤဆိပ်ကမ်းသည် တိတ်ဆိတ်ခြောက်သွေ့နေသော ဆိပ်ကမ်းတစ်ခုဖြစ်၏။ လှေကြီးတစ်စင်း ဆိပ်ကမ်းမှ ထွက်ခွာစပြုနေသည်။

လှေထိုးသားသည် အသက်ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး မုတ်ဆိတ်မွှေးများပင် ဆွတ်ဆွတ်ဖြူနေလေပြီ။ နှစ်ပေါင်း ၂ဝ လုံးလုံး နေ့စဉ်နေ့တိုင်းပင် မြစ်တစ်ဘက်ကမ်းတစ်ခုမှ နောက်တစ်ဘက်ကမ်းသို့ ဤလှေအိုကြီးဖြင့် ခရီးသည်များကို ခေါက်တုန့်ခေါက်ပြန် ပို့ဆောင်ပေးနေခဲ့လေသည်။ သူ့ဘဝတွင် မည်သည့်ပျော်ရွှင်စရာများမှ မရှိနိုင်တော့သောကြောင့် အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းအမှုတို့ကသာ သူ့ကိုပျော်ရွှင်စေနိုင်လေတော့သည်။

နိဒါန်း... အဘွားအိုဆွန်း၏သစ်အယ်စေ့သကြားလုံးများ

လပြည့်ည... မြူနှင်းများထူထပ်စွာ ကျဆင်းနေ၏။ မြူနှင်းထုအောက်တွင် လပြည့်ဝန်းကြီးသည် အရောင်မှေးမှိန်နေရ လေသည်။ ဤရှုမျှော်ခင်းက လူတစ်ယောက်ကို ဆွေးဆွေးမြည့်မြည့်ခံစားစေနိုင်လေသည်။


သို့သော် ကျန်းဖုန်းနှင့် သူ့လူများကတော့ ဤရှုခင်းကို ကြည့်ရကောင်းမှန်းမသိ။ စိတ်လွတ်လက်လွတ် ပေါ့ပေါ့ပါးပါး လမ်းသလားချင်နေကြလေသည်။

အလွန်ဝေးကွာသောအရပ်သို့ အာမခံလိုက်ပါစောင့်ရှောက်ပေးရသော အလုပ်တစ်ခုပြီးဆုံး၍ပြန်လာကြခြင်းဖြစ်၏။ အရက် လည်းသောက်ထားကြပြီး စိတ်လွတ်ကိုယ်လွတ် ရှိနေကြချိန်လည်းဖြစ်သည်။ ပေါ့ပေါ့ပါးပါးရှိနေကြသည်... စိတ်စနိုး စနောင့်ဖြစ်စရာအကြောင်းမရှိကြ... ပျော်ရွှင်နေကြလေသည်။ ထိုအချိန်၌ပင် အဘွားအိုဆွန်းနှင့် သူတို့ဆုံတွေ့ကြခြင်းဖြစ်၏။

(၅) နယ်ခြားမြို့၏ညတစ်ည

မီးအိမ်ကိုင်ဆောင်ထားသော ယွင်ဇိုင်ထျန်းသည် လူ ၅ ယောက်ကို ဦးဆောင်ပြီး သွားနေ၏။

လူတန်း၏နောက်ဆုံးမှ ဖူဟောင်ရွှယ်သည် လေးလံသော ခြေလှမ်းများဖြင့် တရွတ်တိုက်ဆွဲပြီး လိုက်ပါလာနေသည်။ အချို့သူများသည် သူတို့၏နောက်တွင် မည်သူမှ ရှိနေသည်ကို မနှစ်သက်တတ်ကြဘူး မဟုတ်ပါလား။

ရဲ့ခိုင်သည် ဖူဟောင်ရွှယ်နှင့် ရင်ဘောင်တန်းလျှောက်နိုင်အောင် တမင်တကာပင် ခြေလှမ်းနှေးချခဲ့၏။ ဖူဟောင်ရွှယ်၏ နှေးကွေးလေးလံသော ခြေလှမ်းများက လမ်းပေါ်ရှိနေသော ကျောက်စရစ်ခဲငယ်လေးများကို ဓားတစ်ချောင်းဖြင့် ခြစ်ဆွဲလိုက်သကဲ့သို့ တရွတ်တိုက် ဆွဲသွားနေ၏။

ရဲ့ခိုင်- “မင်း ဒီမှာ နေခဲ့မယ်လို့ ငါ ထင်ကိုမထားခဲ့တာ။”

(၄) ဓားမော့နှင့်သေအတူရှင်မကွာ

ထိုဓားမော့သည် လမ်းခုလတ်တွင် ရပ်တန့်နေရပြီး ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။

ကုန်းစွန်းတွမ့်သာ ထိုတိုက်ခိုက်မှုကို အပြီးသတ်တိုက်ခိုက်ခဲ့မည်ဆိုပါက ဆက်ဖြစ်လာမည့် အကျိုးဆက်ကို မည်သူမှ မမှန်းဆနိုင်ပါ။

ရဲ့ခိုင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးနောက် မြင်းတစ်သောင်းဌာန၏ အရှင်သခင်ကြီးကို လှည့်ပြီး ပြုံးပြလိုက်၏။

“သိပ်ကိုကောင်းတယ်… သတ္တိသိပ်ရှိတယ်… သိပ်ကိုရဲရင့်ပါလား… နယ်မြေတာဝန်ခံ ဟွာ ကိုယ်တိုင် ၃ ကြိမ်တိတိ ကြိုးစားခဲ့ပေမယ့် မဖိတ်ကြားနိုင်ခဲ့ဘူးဆိုတဲ့ လူငယ်သူရဲကောင်းလေး ဖူ ဆိုတာနဲ့တူတယ်။”
မားခုန်းချွင်က အသံဝါကြီးနှင့် ပြောဆိုလိုက်၏။

ရဲ့ခိုင်- “ဟုတ်တယ်… သူပဲ…”

(၃) ဧည့်ခံသောဓားမော့များ၊ပြတ်ထွက်သွားသောအူအထွေးများ

အဖြူရောင်ဝတ်စုံနှင့်လူသည် ၁၀ မီတာခန့်ပြေးထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ခြေဖျားတစ်ချက်ထောက်လိုက်ပြီး လေထဲသို့ ပျံတက်သွားခဲ့သည်။


လွင်ပြင်ရိုင်းကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ညဉ့်အမှောင်ထုထဲ၌ အဝါရောင် သဲမြေများက အရပ်မျက်နှာအားလုံးသို့ မှုန်ဝါးစွာ ဖုံးလွှမ်းထား၏။ လူတစ်ယောက်၏အရိပ်ကို မည်သို့ လိုက်ရှာနိုင်ပါ့မည်နည်း။

တစ်ခုတည်းသော သဲလွန်စမှာ စောစောတုန်းက သီချင်းသံ၏ ပဲ့တင်သံပင်ဖြစ်၏။ ထိုအသံသည် ညဉ့်အမှောင်ထုထဲတွင် သဲ့သဲ့လေး ပျံ့လွင့်လာ၏။

လေက တဝီးဝီးတိုက်နေ၏။

အဖြူရောင်ဝတ်ဆင်ထားသူက နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်သည်။
“မိတ်ဆွေ… ရန်စလာခဲ့ပြီးမှတော့ လူလုံးထွက်ပြလိုက်ပါလား။”

(၂) ကွမ်တောင်းမြင်းတစ်သောင်းဌာန

ဝင်ပေါက်တံခါးမကြီးတွင် ချိတ်ဆွဲထားသော မီးအိမ်ငယ်လေး မီးငြိမ်းသက်သွားခဲ့လေပြီ။


မီးအိမ်အောက်တွင်ရပ်နေသည့် လူတစ်ယောက်သည် ကျယ်လောင်စွာဟိန်းထွက်နေသော အသံကြီးဖြင့် ရယ်မောနေ၏။ အသံကြောင့် မီးအိမ်ပေါ်တွင် တင်နေသော ဖုန်မှုန့်များ သူ့မျက်နှာပေါ်သို့ လွင့်ကျလာခဲ့၏။

သို့သော် သူမမှုပါ။

ဘာပဲဖြစ်နေဖြစ်နေ ရဲ့ခိုင်သည် ဘာမထီသူတစ်ယောက်ဖြစ်ပုံရသည်။

ထို့ကြောင့်ပင် တစ်နေ့ညကတည်းက ဝတ်ဆင်ထားသော ညစ်တီးညစ်ပတ် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများကို ဆက်၍ဝတ်ဆင်ထားခြင်းလည်းဖြစ်၏။ သူသွားလေရာနောက်သို့ သစ်ရွက်ပုတ်နံ့လိုလို၊ တိရစ္ဆာန်အညစ်အကြေးနံ့လိုလို၊ လူသေကောင် အလောင်းပုတ်နံ့များလိုလို၊ ဆိုးဝါးသော အနံ့အသက်များ တောက်လျှောက် လိုက်ပါနေကြသည်။

(၁) ဓားကိုင်ဆောင်ခြင်းမရှိသူတစ်ယောက်

သူ၏အဖော်မွန် ဓားမှာသူ့ဘေးနားတွင် မရှိနေပါ။

အတွင်းသို့ ဝင်ဝင်လိုက်ခြင်းပင် နီရဲနေသောနှင်းကို သူတွေ့လိုက်ရ၏။

အတွင်းသို့ဝင်ဝင်လိုက်ခြင်းပင် ဖူဟောင်ရွှယ်ကို သူတွေ့လိုက်ရ၏။

ဤနေရာသို့ လူပေါင်းစုံ မကြာခဏဆိုသလို ရောက်လာတတ်လေသည်။ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံဖြစ်၏။ သို့သော် သူလိုလူတစ်ယောက်အဖို့တော့ ဤနေရာသည် ရောက်လာခဲ့သင့်သည့်နေရာတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကိုမည်သူမှ ကြိုဆိုခြင်းမရှိကြသောကြောင့်ဖြစ်၏။

ဤနေရာသည် အလွန်ထူးဆန်းသော နေရာလည်းဖြစ်၏။

နိဒါန်း... နီရဲသောနှင်း

အခန်းထဲတွင် မည်သည့်အရောင်မျှမခြယ်မှုန်းထားပါ။ မည်းမှောင်နေ၏။

ညနေခင်း၏နေရောင်ခြည်အလင်းတန်းများသည်ပင် အခန်းတွင်း၌ မီးခိုးရောင်သို့ ပြောင်းလဲသွားကြ၏။

ညနေ နေပင်မဝင်သေးပါ… သူမသည် အနက်ရောင်နတ်ကွန်းရှေ့တွင် ဒူးထောက်ထိုင်ချနေပြီးဖြစ်၏။

အနက်ရောင်ခန်းစီးစများလည်း ဆွဲချိတ်ထား၏။ မည်သည့်နတ်ဘုရားကို ပူဇော်ပသနေသည်မှန်း မတွေ့နိုင်သလို သူမ၏မျက်နှာသွင်ပြင်သည်လည်း မည်သို့ရှိမှန်း မည်သူမျှမတွေ့နိုင်ပါ။

သူမ၏မျက်နှာကို ဇာပုဝါအနက်တစ်ထည်ဖြင့် ဖုံးအုပ်ထား၏။ သူမဝတ်ဆင်ထားသော အနက်ရောင်တောက်တောက် ဝတ်ရုံအဆုံးတွင် အနားစများစုတ်ပြတ်သတ်နေပြီး ကြမ်းပြင်ပေါ်ပုံကျနေ၏။ သူမ၏ဝတ်ရုံထဲမှ ထွက်ပေါ်လာနိုင်သည်ဆို၍ လက်သည်းရှည်များရှိနေသော အိုမင်းနေသည့်လက်များသာဖြစ်ကြသည်။

(၈၉) နိဂုံး

လီဆွန်းဟွာသည် အတန်ကြာမျှ ငြိမ်သက်သွားခဲ့ပြီး သက်ပြင်းတစ်စုံနှင့်အတူ ဖြည်းလေးစွာပြောဆိုလိုက်၏။ “လူတစ်ယောက်ဟာ အောင်နိုင်သူဖြစ်သွားခဲ့တဲ့အချိန်မှာ သူ့အတွက်သိပ်ကိုပင်ပမ်းနွမ်းနယ်နေပြီး အထီးကျန်သွားရလိမ့်မယ်။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ သူအောင်နိုင်ခဲ့တယ်လေ။ သူလိုချင်တဲ့ရည်မှန်းချက်ကို အပြည့်အဝရရှိနိုင်ခဲ့တယ်။ သူ့အတွက် နောက်ထပ်ကြိုးစားရယူစရာဆိုလို့ ဘာမှမကျန်ရှိတော့ဘူး။ ဒါပေမဲ့ ရှုံးနိမ့်သွားရသူအတွက်တော့ အရင်ကထက်တောင်မှ ပိုပြီးကြိုးစားလာဦးမယ်။”

စွန်းရှောင်းဟုန်က နှုတ်ခမ်းများဖိကိုက်ထားပြီး မေးမြန်းလိုက်၏။ “အောင်နိုင်မှုဆိုတဲ့ အရသာက သိပ်ပြီးတော့မချိုဘူးပေါ့လေ... ဟုတ်လား။”

လီဆွန်းဟွာ အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ရပြန်သည်။ ထို့နောက် ပြုံးရယ်ပြီး သူပြောဆိုလိုက်၏။ “အောင်နိုင်မှုဆိုတာဟာ ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ အင်မတန်မှ ခက်ခဲနေပေမယ့်လည်း အနည်းဆုံးတော့ ကျရှုံးသွားတာထက် ပိုကောင်းနေပါသေးတယ်။”

အောင်မြင်မှုနှင့် အောင်နိုင်မှုတို့သည် အမှန်တကယ်ကျေနပ်နိုင်မှုနှင့် ပျော်ရွှင်မှုတို့ကို မဆောင်ကြဉ်းပေးလာနိုင်ကြပါ။

(၈၈) အနိုင်နှင့်အရှုံး

အားဖေပြန်လဲကျသွားခဲ့ရပြီး သူ၏ခြေထောက်များ ကောက်ကွေးသွားခဲ့ရတော့၏။ ရုတ်တရက်ခံစားမိလိုက်သည်မှာ သူ့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့သလို ဘာမှလည်းမတတ်နိုင်တော့ပါ။ သူ့ကိုရူးသွပ်သွားစေနိုင်လောက်သည့် ခံစားမှုများလည်း ဖြစ်ပါသည်။

ထိုတိုက်ပွဲထဲသို့ သူဝင်ပါနိုင်လာရန်မှာ ဘာမှအသုံးမဝင်တော့ပါ။

လီဆွန်းဟွာသည် ဤတံခါးကြီးနောက်ကွယ်တွင် ရှိနေပြီး ဖြည်းညင်းစွာ နှိပ်စက်ညှင်းပန်းခံနေရမည်ဖြစ်သည်။

သူလုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေခြင်းသာဖြစ်၏။

သို့သော် သူတို့နှစ်ယောက် ဘာကိုစောင့်နေကြသနည်း။ စန့်ကွမ်းကျင်းဟုန် တံခါးဖွင့်ပြီး ထွက်လာမည့်အချိန်ကို စောင့်နေကြခြင်းလော...

စန့်ကွမ်းကျင်းဟုန် ဤတံခါးကြီးကို တွန်းဖွင့်ထွက်လာချိန်တွင် ဤလောကကြီး၌ လီဆွန်းဟွာတစ်ယောက် မရှိတော့ဘူးဟူသည့် အဓိပ္ပါယ်ပင်ဖြစ်နေသည် မဟုတ်ပါလော...

သူတို့ဘာကို စောင့်ဆိုင်းနေကြသနည်း။ သေခြင်းတရားကို စောင့်ဆိုင်းနေကြခြင်းလော...

သူတို့ကို စန့်ကွမ်းကျင်းဟုန် လုံးဝအလွတ်ပေးမည်မဟုတ်ပါ။ တံခါးဝမှ စန့်ကွမ်းကျင်းဟုန် ထွက်ပေါ်လာသည့်အချိန်သည် သူတို့နှစ်ယောက်၏ သေမိန့်ချခံချိန်ပင်ဖြစ်၏။

(၈၇) အသစ်တဖန်မွေးဖွားခြင်း

အားဖေသည် အတန်ကြာမျှ ငြိမ်သက်နေခဲ့ပြီးမှ စွန်းရှောင်းဟုန်ကို ရှင်းပြလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်ဖို့ဆိုရင် ဘယ်ဓားမှ အကောင်းဆုံးဆိုတာမရှိနိုင်ဘူး။”

စွန်းရှောင်းဟုန် ခဏမျှစဉ်းစားနေလိုက်ပြီး မေးမြန်းလိုက်ပြန်သည်။ “ဒါဆိုရင် သူ့ကိုတိုက်ခိုက်အနိုင်ယူနိုင်ဖို့ ကျမတို့မှာ ဘာတွေလုပ်ဆောင်ရမှာလဲ။”

အားဖေထံတွင် ထိုမေးခွန်းအတွက် အဖြေမရှိပါ။

စန့်ကွမ်းကျင်းဟုန်ကို တိုက်ခိုက်အနိုင်ယူနိုင်ရန်အတွက် မည်သည့်အရာများလိုအပ်ကြောင်း အားဖေသိနေသော်လည်း သူ၏နှုတ်ဖျားမှ မည်သည့်အဖြေမျှ မထွက်လာနိုင်ခဲ့ပါ။

လောကကြီးတွင် ပါးစပ်ကနေမထွက်ပေါ်လာနိုင်သော စကားလုံးပေါင်းများစွာ ရှိနေကြပါသည်။

စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်အပြင် တခြားလူတွေအများကြီးနဲ့ ရှင်ရင်ဆိုင်တွေ့ဆုံရဦးမှာပဲ။”

အားဖေ-“ကျုပ်သိချင်တာက စန့်ကွမ်းကျင်းဟုန် ဒီနေရာကို ပြန်ရောက်လာပြီဆိုတာ မင်းဘက်က သေချာလို့လား။”

စွန်းရှောင်းဟုန်-“ကျမခန့်မှန်းထားသလောက်တော့ သေချာပါတယ်။”

အားဖေ-“ဘာကြောင့်လဲ။”

(၈၆) သွေးဖြင့်ဆေးကြောသုတ်သင်ခြင်း

ကျယ်ပြောပြီး ကြီးကျယ်ခန့်ငြားသော ခြံဝင်းကြီးဖြစ်၏။

ဤခြံဝင်းကြီးသည် အခြားသော ကြွယ်ဝချမ်းသာသူများ၏ ခြံဝင်းကျယ်ကြီးနှင့် ဘာမျှမခြားနားပါ။

သို့သော် ထိုခြံဝင်းကြီးထဲသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် သေမင်း၏ရနံ့များကို ရုတ်ချည်းရှူရှိုက်ခံစားသွားရမည်ဖြစ်၏။

လောင်ရှောင်း၄ယွန်သည် ခြံဝင်းရှေ့လှေကားများပေါ်သို့ပင် ရောက်ရှိနေခဲ့လေပြီ။

အရာအားလုံးသည် သေခြင်းတရား၏အရိပ်အငွေ့များဖုံးလွှမ်းနေပြီး ကြောက်လန့်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ခြံဝင်းထဲတွင် မည်သည့်သက်ရှိလူသားတစ်ယောက်မျှ မတွေ့ရပါ။ သို့သော် လောင်ရှောင်း၄ယွန် ပထမဆုံးလှေကားထစ်ပေါ်သို့ ခြေချလိုက်မိသည်နှင့် လူတစ်အုပ်ထွက်ပေါ်လာတော့သည်။

လူ ၁၈ ယောက်... အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ထိုသူများ၏မျက်နှာများကို လောင်ရှောင်း၄ယွန် မတွေ့နိုင်ပါ။

ထိုအချက်ကသူ့အတွက် အရေးမကြီးပါ။ ထိုသူများ၏မျက်နှာများကို တစ်ယောက်ချင်းလိုက်ကြည့်နေပြီး မည်သူကတော့ ဘယ်သူဘယ်ဝါဖြစ်သည်ဆိုသည်ကို ခွဲခြားနေဖို့ သူ့ထံတွင်အချိန်မရှိပါ။ ထို့ပြင် ရွှေဒင်္ဂါးဂိုဏ်း၏ ဂိုဏ်းဝင်များသည် တစ်ယောက်နှင့်တစ်ယောက် ဆင်တူစွာရှိနေတတ်ကြသည်မဟုတ်ပါလား။

(၈၅) ဘယ်သူ့အပြစ်လဲ

အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း အိမ်အတွင်းတွင်မူ သွေ့ခြောက်နေ၏။ အိမ်လေးထဲတွင် ပြတင်းပေါက်တစ်ခုတည်းရှိနေပြီး ခပ်မြင့်မြင့်နေရာတွင် တည်ရှိနေ၏။

ထိုပြတင်းပေါက်ကိုအမြဲ ပိတ်ထားခဲ့၏။ အခန်းတွင်းသို့ နေရောင်ခြည်များ ဝင်ရောက်ခဲ့ချိန်နည်းပါးခဲ့သလို မိုးစက်မိုးပေါက်များလည်း မဝင်ရောက်လာနိုင်ခဲ့ပါ။

နံရံများသည် ထူထပ်သောဆေးသားများ သုတ်ထားသောကြောင့် ဖြူဖွေးနေပြီး နံရံများကို အုတ်ခဲများဖြင့် ဆောက်လုပ်ထားခြင်းလော၊ သို့တည်းမဟုတ် သံမဏိဖြင့် ဆောက်လုပ်ထားခြင်းလောဆိုသည်ကိုမူ မည်သူမျှမပြောနိုင်ပါ။ တစ်ခုသောအရာကတော့ သေချာပါသည်... ထိုနံရံများသည် ထူထဲလွန်းသောကြောင့် အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည်ဆိုသည်ကတော့ သေချာပေါက်ပင်။

အိပ်ယာနှစ်ခုနှင့် ကြီးမားသောစားပွဲကြီးတစ်ခုမှအပ အခန်းထဲတွင် မည်သည့်အရာမျှ မရှိနေပါ။ ထိုင်ခုံတစ်လုံးမျှ မရှိသလို ခွက်တစ်လုံးမျှလည်း မတွေ့နိုင်ပါ။

ထိုအဆောင်လေးနှင့်ပတ်ဝန်းကျင်တစ်ခုလုံးသည် တရားကျင့်ကြံအားထုတ်နေသော ရဟန်းတော်တစ်ပါးထက်ပင် ပို၍ရိုးရှင်းနေသေး၏။

သိုင်းလောက၏ အချမ်းသာဆုံး၊ ဩဇာအာဏာအကြီးမားဆုံးနှင့် အင်အားအရှိဆုံးလူတစ်ဦးဖြစ်သူ စန့်ကွမ်းကျင်းဟုန် ထိုအခန်းလေးတွင် နေထိုင်နေသည်ကို မည်သူမျှယုံကြည်နိုင်ကြမည်မဟုတ်ပါ။

(၈၄) ရုတ်တရက်ပွင့်လင်းလာသောအသိဉာဏ်

လင်ရှီးယင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်မှာ အတော်လေးကြာ၏။ ပြီးနောက် သူမ၏ခေါင်းမော့လာခဲ့၏။

သူမမျက်နှာပေါ်မှ အမူအရာများသည် ချက်ချင်းပင်ငြိမ်းချမ်းလာခဲ့ရပြန်သည်။ “နောင်အနာဂါတ်ကာလမှာ ကျမတို့နှစ်ယောက် ထပ်တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။”

စွန်းရှောင်းဟုန်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ဘာဖြစ်လို့လဲဆိုတော့ ကျမ... ဟိုးအဝေးကြီးတစ်နေရာကို ထွက်သွားတော့မယ်။”

စွန်းရှောင်းဟုန်-“ရှင်... ရှင်တကယ်ပဲ ထွက်သွားဖို့လိုအပ်လို့လား။”

လင်ရှီးယင်-“ကျမထွက်သွားမှဖြစ်မယ်။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ကျမရဲ့စိတ်ကို ဆုံးဖြတ်ထားပြီးသားဖြစ်နေလို့ပါ။”

ထိုအရာအတွက်တော့ စွန်းရှောင်းဟုန်ထံတွင် တားမြစ်ပိုင်ခွင့်မရှိတော့ပါ။

(၈၃) နက်ရှိုင်းသောချစ်ခြင်းမေတ္တာ

အတန်ကြာသောအခါမှ လင်ရှန်းအာ အံကြိတ်ပြီး ပြောဆိုလိုက်၏။ “နင် ဒီနေ့လုပ်စရာ ဘာအရေးကြီးတာများ ရှိနေလို့လဲ။”

စွန်းရှောင်းဟုန်-“မိန်းမသားတစ်ယောက်ဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်ကို အပြည့်အဝထောက်ခံတယ်ဆိုရင် သူနဲ့အတူလိုက်သေစရာမလိုအပ်သလို သူ့အတွက်လည်း သေပေးစရာမလိုအပ်ပါဘူး။ ဒါ့အပြင် နောက်ထပ်လုပ်နိုင်တာကတော့ သူ့ကိုအားပေးပြီး စိတ်ချမ်းသာအောင် ထားပေးနိုင်ရမယ်။ ဒါမှသာ သူလုပ်မယ့်အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တော့မှာပေါ့။ သူဟာ အဲ့ဒီမိန်းမရဲ့ဘဝမှာ အလွန်အရေးပါသူတစ်ယောက်အဖြစ် ဆက်ဆံနိုင်ရမယ်။ ဒါမှသာသူ့ကို ပစ်ပယ်မထားဘူးဆိုတာ သူသိသွားပြီး စိတ်ချမ်းသာတော့မှာပေါ့။”

လင်ရှန်းအာက ခနဲ့လိုက်၏။ “ဟုတ်ရဲ့လား။”

စွန်းရှောင်းဟုန်-“ဒါ့အပြင် ကျမသူ့အတွက် ဘာများလုပ်ပေးနိုင်ဦးမှာလဲ။”

သူမအတွက် ပြောစရာစကားမကျန်ရှိတော့ပါ။ ဆက်ပြောစရာလည်း မလိုအပ်တော့ပါ။

ဤမျှနှင့်ပင် လုံလောက်ပါသည်။

သူမလို မိန်းမသားတစ်ယောက်၏ ချစ်ခြင်းကိုခံရသူ ယောက်ျားတစ်ယောက်အတွက် ဘဝတွင် ဘာမှမလိုအပ်တော့လောက်အောင် ပြီးပြည့်စုံပြီး နှစ်သိမ့်ကျေနပ်စရာ ကောင်းလွန်းလှပါသည်။

(၈၂) စကားလုံးမဲ့ဖြေသိမ့်မှု

သေခါနီးမိန်းမတစ်ယောက်ကို သတိထားကြည့်မိမည်ဆိုပါက သူမ၏ခန္ဓာကိုယ်တွင် နောက်ဆုံးအချိန်ထိ တောင့်ခံကျန်ရစ်မည့် အစိတ်အပိုင်းမှာ သူမ၏လျှာတစ်ချောင်းသာဖြစ်ကြောင်း သိလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်တွင်ရှိနေသော အနူးညံ့ဆုံးအစိတ်အပိုင်းမှာလည်း လျှာတစ်ချောင်းပင်ဖြစ်သည် မဟုတ်ပါလား။

လင်ရှန်းအာ-“အားလုံးဟာ ရှင့်ကြောင့်ပဲဆိုတာ ကျမစောစောစီးစီး သိထားခဲ့ဖို့ကောင်းတယ်။ သူကျမကို ဒီနေရာကို ခေါ်လာခဲ့တဲ့ရည်ရွယ်ချက်က ရှင့်လက်နဲ့ကျမကို သတ်စေချင်လို့ပဲ။ အဲဒါမှသာ သူစိတ်ချမ်းသာမယ်မဟုတ်လား။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်လက်နဲ့သေရတော့မယ်ဆိုတော့ မင်းလည်းစိတ်မချမ်းသာဘူးလား။”

လင်ရှန်းအာ-“ရှင်ကျမကို ဘယ်လိုသတ်မှာလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ အမြန်သေတဲ့နည်းမဟုတ်မှာတော့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဖြည်းဖြည်းလေးနဲ့ သေသွားတာကမှ သတ်တဲ့သူကို ကျေနပ်မှုအပြည့်အဝ ပေးနိုင်မယ်မဟုတ်လား။”

လင်ရှန်းအာက ရုတ်တရက် ရယ်မောနေလိုက်၏။ “ကျမတို့ ဒီအခွင့်အရေးကို တစ်ကြိမ်တည်းပဲရနိုင်မယ်။ ကျမ ဘယ်လောက်ပဲ နာကျင်မှုကို ခံစားရပါစေ... အားလုံးအတွက်တန်ပါတယ်။”

(၈၁) မရည်ရွယ်သောဆုံးရှုံးရမှု

စွန်းရှောင်းဟုန်က လျင်မြန်စွာ ဖြည့်စွက်ပြောလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက်မလိုအပ်ဘူး။ သူ့သိုင်းပညာကို ထုတ်ဖော်ပြသဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့လို့ပေါ့။”

လီဆွန်းဟွာ-“သူ့သိုင်းပညာကို ထုတ်ဖော်ပြသဖို့ မလိုအပ်ဘူး... ဟုတ်လား။”

စွန်းရှောင်းဟုန်-“သူဟာ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်နေလို့ပဲ။”

လီဆွန်းဟွာ-“ဒါဆိုရင် စန့်ကွမ်းကျင်းဟုန်ကျတော့ရော...”

စွန်းရှောင်းဟုန်-“သူ...ကတော့...”

သူမ၏စကားကို ရုတ်တရက်ရပ်တန့်လိုက်၏။ သူမအတွက် တစ်စုံတစ်ခုများ စဉ်းစားမိသွား၍လော...

လီဆွန်းဟွာ-“မင်းရဲ့ဘိုးဘိုးဟာ စန့်ကွမ်းကျင်းဟုန်ရဲ့ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေကို အမြဲပဲရှုံ့ချခဲ့တယ်နော်။”

စွန်းရှောင်းဟုန်-“ဘိုးဘိုး... ဘိုးဘိုးဟာ စန့်ကွမ်းကျင်းဟုန်ရဲ့ လုပ်ရပ်တွေအတွက် စိတ်မချမ်းသာခဲ့ရဘူး။”

လီဆွန်းဟွာ-“ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်ကို သူရင်မဆိုင်ခဲ့ဘူး။”

(၈၀) ယူကြုံးမရသောအမှား

စွန်းရှောင်းဟုန်က ခပ်ရွှန်းရွှန်းပြောလိုက်၏။ “ဒါဆိုရင် ရှင်ဟာကျမထင်ထားသလို သစ္စာတရားသမားမဟုတ်ဘူးပေါ့။ အနည်းဆုံးတော့လည်း အသက်သေသူတွေထက် ရှင်သန်နေသူတွေအပေါ်မှာ သစ္စာထားနိုင်ပါသေးတယ်လေ။”

လီဆွန်းဟွာက ရုတ်တရက် မေးမြန်းလိုက်၏။ “ကျုပ်တို့တွေ မနေ့ကတည်းက ထွက်လာခဲ့ကြတာ မဟုတ်လား။”

စွန်းရှောင်းဟုန်-“မနေ့ညကလေ... ခုလိုအချိန်မျိုးလောက်မှာ ထွက်လာခဲ့ကြတာ။ ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာ-“ကျုပ်တို့ ဒီနေရာကို ဘယ်အချိန်မှာ ရောက်လာခဲ့ကြတာလဲ။”

စွန်းရှောင်းဟုန်-“နေမွန်းတည့်ကျော်ကျော်လောက်မှာ ရောက်လာခဲ့ကြတယ်။ ညနေတောင်မစောင်းသေးဘူး။”

လီဆွန်းဟွာ-“ကျုပ်တို့ဘယ်လိုလုပ်ပြီး ရောက်လာခဲ့ကြတာလဲ။”

စွန်းရှောင်းဟုန်-“ကျမတို့ မြင်းလှည်းစီးလာခဲ့ကြတယ်။ ပြီးတော့ မနက်ထိ ကိုယ်ဖော့ပညာနဲ့ ပြေးလာခဲ့ကြတယ်။ ပြီးတော့ မြင်းစီးလာခဲ့ကြတယ်လေ။”

လီဆွန်းဟွာ-“ဒါဆိုရင် ကျုပ်တို့အလာတုန်းကလိုပဲ ပြန်သွားကြမယ်ဆိုရင် ဟိုကို ညနေစောင်းလောက်တောင်မှ ရောက်နိုင်မှာ မဟုတ်ဘူး။”

(၇၉) သစ္စာဘက်တော်သားမိတ်ဆွေ

ကုန်းစွန်းယုက နောက်တစ်ကြိမ် ကျယ်လောင်စွာမာန်သွင်းပြီး ထယ်ကျွမ်ကျား၏ ခန္ဓာကိုယ်ပေါ်သို့ ကာကွယ်ပေးထားလိုက်သည်။ “ကျုပ်တို့မှားသွားခဲ့ပြီ။ သူဟာ... လုံးဝမဖြစ်နိုင်...”

ကုန်းစွန်းယု၏အသံသည်လည်း ကွယ်ပျောက်သွားရပြန်၏။

နောက်ထပ်လှံတံတစ်ချောင်း ကုန်းစွန်းယု၏ နောက်ကျောသို့ ထိုးစိုက်ခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်၏။

လှံတံဖြင့် ထိုးလိုက်သူက သူ၏လှံတံကိုဆွဲနှုတ်သွားခဲ့ပြန်၏။ နံရံပေါ်ရှိ ကျောက်မီးတိုင်များ၏ မှေးမှိန်သော အလင်းရောင်အောက် မြေအောက်ဥမင်အတွင်းတွင် မှုန်မွှားနေ၏။

ပန်းနုရောင် မြူမှုန်များဖြစ်၏။

သွေးမြူမှုန်များလည်းဖြစ်၏။

နဂိုကရှိခဲ့သောလူ ၂၆ ယောက်တို့တွင် ၁၆ ယောက် ကျဆုံးခဲ့ချေပြီ။

သွေးသံရဲရဲသတ်ဖြတ်မှုက ဤမျှနှင့်ရပ်တန့်မည့်ပုံမပေါ်။ အင်အားကြီးသူနှင့် အားနည်းသူနှစ်ဘက်တို့သည် သိသိသာသာကြီး ကွဲပြားလာလေတော့သည်။

(၇၈) ကြောက်မက်ဖွယ်တိုက်ပွဲ

ဝမ်လင်ဟွာသည် သူ၏ဘဝတစ်သက်တာ စုဆောင်းလေ့လာခဲ့သော ပညာရပ်များကို ဘယ်အတွက်ကြောင့် မီးရှို့ဖျက်ဆီးခဲ့ချင်မှန်း လီဆွန်းဟွာ စဉ်းစားနေမိ၏။

အဘိုးအိုစွန်းက ရှင်းပြလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျမ်းစာအုပ်ထဲမှာ ပါရှိတာတွေက သိုင်းပညာရပ်တွေတင် မကသေးဘူး... အဆိပ်အမျိုးမျိုး အသုံးပြုတဲ့ပညာရပ်တွေ၊ ရုပ်ပြောင်းရုပ်လွှဲပညာရပ်တွေ၊ ပိုးမွှားအဆိပ်ကောင်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ မြောင်နယ်ဘက်က ပညာရပ်တွေ၊ ပါရှားဘက်ကလာတဲ့ စိတ်ညှို့ထိန်းချုပ်တတ်တဲ့ ပညာရပ်တွေပါ ပါရှိနေတယ်။”

အဘိုးအိုစွန်းက သက်ပြင်းချပြီး စကားဆက်လိုက်၏။ “အဲဒီလိုကျမ်းစာအုပ်မျိုးသာ မတော်လောဘသားတွေရဲ့ လက်ထဲကို ကျရောက်သွားခဲ့မယ်ဆိုရင် မတွေးဝံ့စရာပဲ။”

လီဆွန်းဟွာ-“မှန်တယ်။ လူသားတွေအတွက် ဘေးအန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်တယ်။”

အဘိုးအိုစွန်း-“ဒါပေမဲ့ ဒီကျမ်းစာအုပ်ကြီးဟာ သူ့ဘဝတစ်သက်တာ သွေးချွေးနဲ့ရင်းပြီး ရှာဖွေလေ့လာထားခဲ့တဲ့ ပညာရပ်တွေ ပါရှိနေတာကြောင့် သူ့အနေနဲ့ အလွယ်တကူ မဖျက်ဆီးပစ်ရက်ပြန်ဘူး။ ဒါကြောင့်မို့လို့ သူ သိုင်းလောကကနေ အနားမယူခင်အချိန်လေးမှာ အယုံကြည်စိတ်အချရဆုံးလူတစ်ယောက်ကို ဒီကျမ်းစာအုပ်ကြီး ပေးထားခဲ့ချင်တယ်။”

(၇၇) တိမ်လွှာစံအိမ်တော်၏လျှို့ဝှက်ချက်

လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်၏။ “ဒါ ဘဝပဲလေ... တစ်ခါတစ်ရံမှာ ထောင်ချောက်ဆင်ထားမှန်း သိသိကြီးနဲ့ ထောင်ချောက်ထဲကို လျှောက်ဝင်သွားရတတ်တယ်မဟုတ်လား။”

အဘိုးအိုစွန်း-“မှန်တယ်။ ကျုပ် အလေးထားတဲ့လူတစ်ယောက်အတွက်ဆိုရင် ထောင်ချောက်ထဲကို ကျုပ်လည်း ဝင်မိမှာပဲ။”

စွန်းရှောင်းဟုန်သည် ခြေတစ်ချက်ဆောင့်ပြီး ကျန်လူနှစ်ဦးကို ကြည့်ကာ ပြောဆိုလိုက်၏။ “ဘိုးဘိုးတို့နှစ်ယောက်က ထောင်ချောက်ထဲကို ဝင်သွားပေမယ့် ကျမကတော့ ဘယ်တော့မှ ဝင်ရောက်သွားမှာ မဟုတ်ဘူး။”

အဘိုးအိုစွန်း-“ဒါပေမဲ့ ဒီထောင်ချောက်ထဲကို မင်းဝင်သွားခဲ့ပါပြီ။ ဒီဆံချည်မျှင်စတွေဟာ လင်ရှီးယင်ရဲ့ ဆံပင်တွေ မဟုတ်ဘူးလို့ မင်း သံသယရှိနေပေမယ့်လည်း စိတ်တော့လှုပ်ရှားသွားခဲ့ရတယ်မဟုတ်လား။ မင်းသာ အခုချိန်မှာ လူတစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်... အဲဒီလူဟာ မင်းထက် သိုင်းပညာ နိမ့်ကျနေတယ်ပဲထားဦး... မင်းရှုံးနိမ့်သွားမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ တည်ငြိမ်မှုတွေ မရှိနိုင်တော့လို့ပဲ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ဒါပေမဲ့...”

(၇၆) ပြောင်မြောက်သော ထိုးနှက်ချက်

အဘိုးအိုစွန်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်းဟုန် မနက်ဖြန်ကျရင် အစောကြီး ရောက်လာလိမ့်မယ်။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

အဘိုးအိုစွန်း-“ဘယ်သူမဆို အရင်ဆုံးရောက်နှင့်တဲ့သူက တိုက်ကွင်းရဲ့ အကောင်းဆုံးနေရာကို ရွေးချယ်နိုင်မယ်။ စန့်ကွမ်းကျင်းဟုန်က ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံမှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“လီဆွန်းဟွာက ဘာဖြစ်လို့သူ့အရင်ရောက်အောင် မလာနိုင်ရမှာလဲ။”

အဘိုးအိုစွန်း-“အရင်ဆုံးရောက်လာမယ့်သူနေရာကို သူမလုချင်လို့လည်းဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် သူ့မှာ အခြား အကြောင်းအရာတစ်ခုခုတော့ ရှိနေမှာပေါ့။”

အဘိုးအိုစွန်းက ဟက်ခနဲရယ်မောသံတစ်ချက်ပြုပြီး ပြောဆိုလိုက်သည်။ “လီတွမ့်ဟွာဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးကွယ့်။ တစ်ခါတစ်ခါကျရင် ဘိုးဘိုးတောင်မှ သူဘာလုပ်မယ်မှန်း မှန်းဆရခက်တယ်။”

စွန်းရှောင်းဟုန်-“ဟုတ်ပါပြီလေ... ကျမမြင်သလောက်ကတော့ ဒီနေရာမှာ ဘာမှ ထူးထူးခြားခြားမရှိနေပါဘူး။ ဘယ်နေရာက ဘယ်အကွက်အကွင်းက အကောင်းဆုံးရွေးချယ်မှုလဲဆိုတာ ဘယ်သူမှပြောနိုင်မယ်မထင်ဘူး။”

(၇၅) အသက်ရှင်သန်ခြင်းနှင့် သေခြင်းအကြား

ထိုဖြည်းညင်းစွာပြောလိုက်သော စကားသံသည် အနိမ့်အမြင့်မရှိသလို အသက် ကင်းမဲ့နေသော အသံလည်းဖြစ်၏။ ရှန်းဆောင်သည် ထိုအသံနှင့် ရင်းနှီးလွန်းနေ သည်ဟု ခံစားမိလိုက်သည်။ ထိုအသံရှင်သည် ကျင်းဝူမင်းမှလွဲ၍ မည်သူဖြစ်နိုင်ပါ ဦးမည်နည်း။

ကျင်းဝူမင်း...

ရှန်းဆောင်သည် သူ၏ဦးခေါင်းကိုဖြည်းညင်းစွာ နောက်သို့လှည့်ကြည့်လိုက် ရာ ကျင်းဝူမင်းဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ကျင်းဝူမင်း၏ အဝတ်အစားများက စုတ်ပြတ်နေပြီး လူသည်လည်း ပင်ပမ်းနွမ်း နယ်နေပုံရသည်။ သို့သော် သူ၏မျက်လုံးများ...

ထိုမျက်လုံးသေများက အေးစက်စွာရှိနေကြဆဲ။ ထိုမျက်လုံးများက လူတစ် ယောက်၏သွေးများကို အေးခဲသွားစေနိုင်၏။

ရှန်းဆောင်သည် ကျင်းဝူမင်း၏မျက်လုံးများမှတဆင့် သူ၏လက်မောင်းကို ကြည့်လိုက်သည်။

(၇၄) အရက်ရောဆုံးလူ

မီးများငြိမ်းသတ်လိုက်ပြီဖြစ်သည်။

သို့သော်အိမ်ငယ်လေးထဲတွင် နောက်ထပ်မီးတစ်မျိုး တောက်လောင်နေ၏။

ခုတင်ဘေးတွင် ခြေတံရှည်လေးတစ်ခု တွဲလောင်းချထား၏။ ထိုခြေတံလေး သည် လရောင်အောက်တွင် အလွန်လှပနေတော့၏။

သူမသည် ခြေတံလေးကို ခုတင်အောက်သို့ ကွေးသွင်းထားပြီး ချမ်းတုန်နေပုံရ သည်။

အားဖေသည် လေးညှို့ကို အသားကုန်ဆွဲတင်ထားသလို ခံစားနေရ၏။

ပစ်မည့်မြှားတံက ထိုလေးညှို့ပေါ်တွင် အဆင့်သင့်တင်ထားပြီးဖြစ်၏။ ပစ်မှတ် ကို အလူးအလဲ လိုက်ရှာနေသလိုမျိုးလည်းဖြစ်နေပြန်သည်။

အတွေ့အကြုံရှိသူတစ်ယောက်အဖို့ တင်းကြပ်နေမှုများကို ထုတ်လွှတ်မပေးဘဲ အပြင်းအထန် အံကြိတ်ခံစားနေရမှုသည် လွန်စွာခံစားရခက်သော ခံစားမှုတစ်ရပ် ဖြစ်ကြောင်း သိရှိနိုင်လေသည်။

လင်ရှန်းအာသည် အတွေ့အကြုံများစွာရှိသူဖြစ်၏။

Wednesday, March 9, 2011

(၇၃) လှောင်အိမ်နှင့်နှောင်ကြိုးများ

အိမ်ငယ်လေးအတွင်း၌ လွန်စွာမှပင်ပူလောင်နေ၏။ မီးဖိုကြီး ၄ ခုဖြင့် ရေနွေး အိုးကြီး ၄ လုံးတည်ထားလေသည်။

မီးတောက်မီးလျှံများကြောင့် အိမ်ခေါင်မိုးနှင့် နံရံများသို့ နီရဲတောက်ပစွာ လင်း လက်နေသော အပူရှိန်များဟတ်နေကြသည်။

အားဖေ၏မျက်နှာတစ်ပြင်လုံးသည်လည်း နီရဲနေပြီး သူ၏ခန္ဓာကိုယ်သည် လည်းနီရဲနေရ၏။

အားဖေသည် ရေနွေးအိုးကြီး ၄ လုံးအလယ်တွင်ထိုင်နေ၏။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းနေပြီး ဝတ်ဆင်ထားသော စုတ်ပြတ်နေသည့် ဘောင်းဘီရှည်သည်လည်း ချွေးများစိုရွှဲနေ၏။

အားဖေသည် ချွေးထွက်လွန်နေပြီး အသက်ကိုပြင်းစွာ ရှူရှိုက်နေရပုံရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားအင်ပြတ်လတ်သူတစ်ယောက်ကဲ့သို့ဖြစ်နေပြီး အချိန်မရွေးယိုင်လဲကျနိုင်ဟန်ရှိနေလေသည်။

တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက်သည် အခန်း ထောင့်တွင် ထိုင်နေကာ ဆေးတံဖွာရှိုက်နေ၏။

သူ၏နှာခေါင်းထိပ်ဖျားတွင် ဆေးတံဖွာလိုက်တိုင်း ထွက်ပေါ်လာသော မီးခိုးငွေ့ များ ရစ်သိုင်းနေပြီး ဆေးတံငွေ့များက အခန်းထောင့်တွင် မြူနှင်းများ ရစ်သိုင်းခြုံထားသလို လုံးနေသည်။

အဘိုးအိုသည် တကယ်ပင် တမူထူးခြားသော လူတစ်ယောက်ဖြစ်လေသည်။

(၇၂) မကောင်းမဆိုး လူ့မနော

သူတို့နှစ်ယောက်လုံးသည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ကြသည် မဟုတ် သော်လည်း စွန်းရှောင်းဟုန်နှင့် လင်ရှန်းအာတို့ တိုက်ကွက်နှစ်ကွက် ဖလှယ်ခဲ့ပြီး ဖြစ်၏။

ထိုရင်ဆိုင်ယှဉ်ပြိုင်မှုသည် မာယာတိုက်ပွဲဖြစ်၏။ လက်ရုံးရည်တိုက်ပွဲမဟုတ် ချေ။

ပထမတစ်ပွဲတွင် လင်ရှန်းအာ အနိုင်ရခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် မိန်းမများ၏ အားနည်းချက်ကို လင်ရှန်းအာ နားလည် ခဲ့သောကြောင့် ထိုအချက်ကို ကောင်းကောင်းကြီးအသုံးချခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်၏။

ဒုတိယတစ်ပွဲတွင် စွန်းရှောင်းဟုန်သည် အောင်နိုင်သူဖြစ်ခဲ့၏။

သူမအနိုင်ရခဲ့သည်မှာလည်း ထိုနည်း၎င်းပင်ဖြစ်၏။

မိန်းမများသည် သံသယများတတ်ကြောင်း သူမသိရှိခဲ့၏။ အရာရာကို သံသယ မျက်လုံးများဖြင့်ကြည့်တတ်သော မိန်းမတို့၏ အတွင်းစိတ်သန္တာန်ကို သူမသိရှိခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်၏။

သံသယများသူတစ်ယောက်အတွက် အကြောက်တရားဆိုသည်မှာ ကပ်ပါလာ တတ်မြဲမဟုတ်ပါလား။

(၇၁) မာယာတိုက်ပွဲ

ခေါက်ဆွဲဆိုင်လေး၏အဖီလေးတွင် ချိတ်ဆွဲထားသော မီးအိမ်လေးတွင် ဖ ယောင်းတိုင်မီးခိုးငွေ့များကြောင့် မီးခိုးမှိုင်းများဖြင့် မည်းတူးနေ၏။

မီးရောင်မှိန်မှိန်အောက်တွင် ဝိုင်းစက်ပြူးကျယ်သော မျက်လုံးများရှိနေပြီး ကျစ် ဆံမြီးနှစ်ဘက်ချထားသူ မိန်းမပျိုလေးတစ်ယောက် ရပ်နေ၏။

လီဆွန်းဟွာ အံ့ဩဝမ်းသာစွာဖြင့် အော်ခေါ်လိုက်၏။ “မိန်းကလေးစွန်း...”

စွန်းရှောင်းဟုန်-“ယောက်ျားတွေက မိန်းမတွေကို ရိုက်ပုတ်ညှင်းဆဲနေတာ တွေ့ရရင် ကျမ သိပ်မုန်းတာပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကြည့်ရတာသိပ်ပြီး အရသာရှိလိုက်တာ။”

လင်ရှန်းအာ-“ကျမလည်း သူ့အရိုက်အပုတ်ကိုခံရတာ သိပ်အရသာရှိတာပဲ။”

လင်ရှန်းအာသည် လီဆွန်းဟွာ၏လက်မောင်းကို မှီတွယ်ဖက်ထားပြီး ပြောဆို နေပြန်၏။ “မင်း မနာလိုဖြစ်နေရတယ်ဆိုရင် ကျမတို့နဲ့လာပြီး အရက်အတူတူ သောက်လိုက်ပါလား။ အရက်တစ်ခွက်က မနာလိုမှုတွေကို ဖြေဖျောက်ပေးနိုင်ပါ လိမ့်မယ်။”

စွန်းရှောင်းဟုန်သည် တကယ်ကြီးပင် လျှောက်လှမ်းလာခဲ့ပြီး လီဆွန်းဟွာ၏ လက်ထဲမှအရက်ခွက်တွင်းသို့ အရက်များငဲ့ထည့်ပြီး တစ်ဂွပ်တည်းမော့သောက် လိုက်သည်။

(၇၀) မိန်းမတစ်ယောက်၏ အဆိပ်ပြင်းထန်သောနှလုံးသား

ချိုမြိန်သာယာပြီး နူးညံ့သောအသံလေးက လူတစ်ယောက်ကို လူသတ်သမား တစ်ယောက်ဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။

လီဆွန်းဟွာက လှည့်မကြည့်ခဲ့ပါ။ လုဖုန်းရှန်းကတော့ အသံကြားသည်နှင့် ရုတ်တရက် ရူးသွပ်စွာထပြေးထွက်သွား၏။

ကြည့်ရသည်မှာ တစ္ဆေသရဲတစ်ကောင်ကို သူမြင်တွေ့ခဲ့သည့်အလား။

ထိုအသံရှင်သည် မည်သူဖြစ်မှန်း လီဆွန်းဟွာ လှည့်မကြည့်ဘဲနှင့် သိနေပါ သည်။

ထိုအသံရှင် ပြောခဲ့သောစကား၏အဓိပ္ပါယ်ကို သူအပြည့်အဝ နားလည်ခဲ့ပါ သည်။

“အားဖေသည် မိသားစုမရှိသောသူတစ်ယောက်ဖြစ်၏။”

လီဆွန်းဟွာ တွေဝေငေးငိုင်သွားရလေတော့သည်။ လက်သီးဆုပ်ပြီး သူပြောဆို လိုက်၏။ “မင်းကိုဒီနေရာမှာ လာတွေ့လိမ့်မယ်လို့ ကျုပ်လုံးဝမထင်ထားဘူး။ ဒီလို နေရာမျိုးကိုလည်း မင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုအမျိုးသမီးသည် လင်ရှန်းအာပင်ဖြစ်နေလေသည်။

(၆၉) စစ်မှန်သော လူကြီးလူကောင်း

အဘယ်ကြောင့်ဆိုသော် စန့်ကွမ်းကျင်းဟုန်၏ တစ်ဦးတည်းသောသား အသတ် ခံလိုက်ရသည်ဖြစ်သောကြောင့် သူသည် ဒေါသတဟုန်းဟုန်းထွက်နေရလေသည်။ လီဆွန်းဟွာကို သေသေကြေကြေ တိုက်ခိုက်လိုက်ချင်၏။ ဒီနေ့ပင် တိုက်ခိုက်လိုက် ချင်၏။...

လီဆွန်းဟွာသည် စန့်ကွမ်းကျင်းဟုန်၏စကားမဆုံးခင် ဖြတ်ပြောလိုက်၏။ “ ခင်ဗျားသိပ်ပြီး တိုက်ခိုက်ချင်နေတယ်ဆိုရင် ကျန်တဲ့အချိန်တိုင်းမှာ ကျုပ်ဘက်က အဆင်သင့်ရှိနေပါ့မယ်။ ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာက စိတ်မကောင်းခြင်းကြီးစွာဖြင့် ဖြေဆိုလိုက်သည်။ “ဒီနေ့တော့ ကျုပ်... အရက်သောက်ချင်နေတာပဲသိတယ်။”

လီဆွန်းဟွာ၏ အကြည့်များက အခေါင်းတွင်းမှ လူသေအလောင်းဆီရောက်ရှိ သွားပြီး ပြောဆိုလိုက်ပြန်သည်။ “တချို့အရာတွေက ရင်ဆိုင်တိုက်ခိုက်မှုနဲ့ ဘယ်လို မှ ဖြေရှင်းလို့မရနိုင်ဘူး။ ဘာမှလည်းလုပ်လို့မရနိုင်ဘူး။ အရက်သောက်ဖို့ကလွဲရင် ဘာမှ မလုပ်နိုင်တာလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဒီနေ့ဟာ အဲလိုမျိုးနေ့တစ်နေ့ပဲ။”

သူ၏စကားလုံးများက ခံစားချက်အပြည့်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။ လူတိုင်း တော့ နားလည်ချင်မှ နားလည်နိုင်မည်။

(၆၈) နတ်ဘုရားလော... မိစ္ဆာလော...

အားဖေ လူးလဲထပြီး ထိုတံခါးပေါက်ရှိရာသို့ လျှောက်သွားလိုက်သည်။

‘ဗုန်း’

တံခါးကို ပြင်းထန်စွာဆောင့်ပိတ်လိုက်သံ ထွက်ပေါ်လာခဲ့ပြီး အတွင်းမှ ချက် ချလိုက်သံလည်း ကြားလိုက်ရ၏။

အားဖေသည် တံခါးကို အားကုန်ထုရိုက်နေ၏။

အတန်ကြာသောအခါမှ အတွင်းဘက်က စကားသံတစ်သံထွက်ပေါ်လာသည်။ “ဘယ်သူလဲ...”

အားဖေ-“ကျုပ်ပါ...”

အသံရှင်-“ရှင်က ဘယ်သူလဲ။”

“ကျုပ်က ကျုပ်ပဲပေါ့။”

အတွင်းမှ တခစ်ခစ်ရယ်မောသံလေးများ ထွက်ပေါ်လာပြန်သည်။ “ဒီလူ ရူး သွားပြီ။”

“သူ့လေသံအရဆိုရင် သူကပဲ ဒီနေရာကို ပိုင်ဆိုင်သူလိုလို...”

(၆၇) သိုင်းပညာရပ်၏ အထွဋ်အထိပ်အဆင့်

စန့်ကွမ်းကျင်းဟုန်၏သိုင်းပညာရပ်သည် လွန်စွာနက်ရှိုင်းလှပြီး ကြောက်မက် ဖွယ်ကောင်းလှကြောင်း သိုင်းလောကတစ်ခုလုံးသိထားကြ၏။ သို့သော် သူတိုက် ခိုက်သည်ကို မည်သူမျှ မမြင်ဖူးခဲ့ကြချေ။ ယခုအချိန်တွင်လည်း စန့်ကွမ်းကျင်းဟုန် တိုက်ခိုက်ခဲ့ကြောင်းကို မည်သူမျှ မမြင်တွေ့ခဲ့ရပါ။

စန့်ကွမ်းကျင်းဟုန်၏လက်များက လှုပ်ခတ်သွားသည်ဟုပင် မထင်ရ။ တူတစ်စုံ မပျံဝဲသွားခင် သူ၏လက်သည် စားပွဲကို ပေါ့ပါးစွာဖိချလိုက်သည်ဟုသာ ကျန်လူ များက ခန့်မှန်းမိလိုက်ကြသည်။ ပြီးနောက် စီမင်းယုသည် မလှုပ်နိုင်မရှားနိုင်ဖြစ် သွားခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေပေပြီ။

စန့်ကွမ်းကျင်းဟုန်-“သူ့ကိုခေါ်သွားပြီး သေသေချာချာစစ်ဆေးလိုက်ကြစမ်း။”

အဝါရောင်ဝတ်ဆင်ထားသူများက စီမင်းယု၏ ခန္ဓာကိုယ်ကို မ’ယူသွားကြလေ တော့သည်။

စီမင်းယု၏ နှုတ်ဖျားက တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း ကြောက် လန့်တုန်လှုပ်နေလွန်းသောကြောင့် မည်သည့်အသံမျှ မထွက်ပေါ်လာခဲ့ရချေ။

စန့်ကွမ်းကျင်းဟုန်-“မင်းစားထားခဲ့တဲ့ အစားအစာတွေသာ မင်းဗိုက်ထဲမှာတွေ့ ရမယ်ဆိုရင် ကျုပ်အသက်နဲ့လဲပြီး ပြန်လျော်ပေးမယ်။ အကြောင်းအရာမခိုင်လုံဘဲ မင်းဘယ်တော့မှ မသေစေရဘူး။”

(၆၆) အရှက်ကွဲခံခြင်း

မည်သည့်အတွက်ကြောင့် ထိုအခန်းထဲမှ ထွက်ပြေးလာခဲ့မှန်း အားဖေမသိ။

သူထွက်ပြေးသွားခဲ့ချိန်ထိ စန့်ကွမ်းကျင်းဟုန်သည် တစ်ချိန်လုံး သူ့ကို အေး စက်သော အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။

လင်ရှန်းအာက နူးညံ့စွာပြောဆိုလိုက်သည်။ “ကျမနှလုံးသားထဲမှာ ရှင်တစ် ယောက်ပဲ ရှိနေတော့တယ်။ ရှင်ယုံကြည်လောက်ပါပြီနော်။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်ယုံသွားပါပြီ။”

ထိုစကားပြီးဆုံးသည်နှင့် စန့်ကွမ်းကျင်းဟုန်သည် လင်ရှန်းအာကို ခုတင်ပေါ် သို့ပစ်ချထားခဲ့ပြီး ပြတင်းပေါက်မှတစ်ဆင့် ခုန်ပျံကျော်လွှား ပြေးထွက်သွားလေ သည်။

လင်ရှန်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။

သို့သော် သူမ၏မျက်နှာပေါ်တွင်ရှိနေသည်က ဝမ်းသာကျေနပ်သောအမူအရာ များမဟုတ်ကြချေ။ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများသာ ဖြစ်လေသည်။

(၆၅) စိုးမိုးချယ်လှယ်မှု

“မင်းရဲ့အသက်သခင်ကျေးဇူးရှင်”... အားဖေက ရေရွတ်လိုက်သည်။

လင်ရှန်းအာသည် မျက်ရည်များ ပါးပြင်ပေါ်သို့လိမ့်ဆင်းကျလာပြီး ငိုရှိုက်ပြော ဆိုလိုက်၏။ “လုဖုန်းရှန်း... သူ... သူ... ကျမကို နှိပ်စက်ပြီးအတင်းအဓမ္မ... ဒီက လူကြီးမင်းသာဝင်မကယ်ခဲ့ဘူးဆိုရင်... ကျမဘဝက မတွေးဝံ့စရာပါပဲရှင်။”

အားဖေတစ်ယောက် ကြက်သေသေသွားလေတော့သည်။

လင်ရှန်းအာက ငိုရှိုက်၍ဆက်ပြောနေလိုက်သည်။ “ကျမက ရှင်သူ့ကို ကျေးဇူး.. တင်နေမယ်ထင်နေတာ.. ခုတော့.. ခုတော့ ရှင်ကသူ့ကို...”

စန့်ကွမ်းကျင်းဟုန်က ဖြတ်ပြောလိုက်သည်။ “လူတစ်ယောက်ကို သတ်တာလဲ ကျေးဇူးပြန်ဆပ်တာပဲ မဟုတ်လား။”

လင်ရှန်းအာသည် စန့်ကွမ်းကျင်းဟုန်ကို စိုက်ကြည့်ပြီးမှ မေးမြန်းလိုက်သည်။ “ရှင်... ရှင် သူ့ကိုလူသတ်ခိုင်းမလို့လား။”

စန့်ကွမ်းကျင်းဟုန်-“သူ ကျုပ်အပေါ်မှာ အသက်ကြွေးတစ်ခုတင်ခဲ့ပြီးပြီပဲ။ နောက်ထပ်အသက်တစ်ချောင်းနဲ့ အကြွေးပြန်ဆပ်ပါစေ။”

လင်ရှန်းအာ-“ဒါပေမဲ့... ရှင်ကယ်တင်ခဲ့တာ ကျမကိုလေ။ သူ့ကိုမှမဟုတ်တာ။”

(၆၄) ပြဿနာများ၏ဇစ်မြစ်

လင်ရှီးယင်အကြောင်းစဉ်းစားမိလိုက်သည်နှင့် လီဆွန်းဟွာ၏ နှလုံးသားက နာကျင်လာခဲ့ရတော့သည်။

သို့သော် လင်ရှီးယင်ကို သွားရှာစရာလိုအပ်သည်ဟု သူမထင်ထားပါ။ လောင် ရှောင်း၄ယွန် ပြန်ရောက်လာပြီဖြစ်သောကြောင့် သူမကို လောင်ရှောင်း၄ယွန်က ကောင်းမွန်စွာ စောင့်ရှောက်ထားပေလိမ့်မည်။ လောင်ရှောင်း၄ယွန်၏စိတ် ပြောင်း လဲသွားခဲ့သော်လည်း လင်ရှီးယင်အပေါ်ထားရှိသော သဘောထား ပြောင်းလဲသွား မည်ဟုတ်မှန်း လီဆွန်းဟွာ သိနေပါသည်။

လင်ရှီးယင်အပေါ်တွင် လောင်ရှောင်း၄ယွန်သစ္စာရှိနေသရွေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို လီဆွန်းဟွာ သင်ပုန်းခြေခွင့်လွှတ်နိုင်ပါသည်။

+++++


ဤအချိန်တွင် လောင်ရှောင်း၄ယွန်၏ ပျော်ရွှင်နေမှုမှာ မည်သို့ဖော်ပြရမည်မှန်း မသိနိုင်ဖြစ်နေရ၏။

နောက်ရက်အနည်းငယ်ဆိုလျှင် ရွှေဒင်္ဂါးဂိုဏ်း၏ ဒုဂိုဏ်းချုပ်ရာထူးကို သူ ဆက်ခံတော့မည်မဟုတ်ပါလား။ စန့်ကွမ်းကျင်းဟုန်လို ဩဇာအာဏာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး၏ သွေးသောက်ညီဆိုသော ဂုဏ်ထူးကြီးသည် သူ့ကိုအလွန်စိတ်လှုပ် ရှားပျော်ရွှင်စေလေသည်။

(၆၃) အခင်မင်ပျက်ခြင်း

ဆောင်းဦး၏ သစ်တောအုပ်လေးဖြစ်သည်။ သစ်ရွက်များ ခြောက်သွေ့ညှိုးနွမ်း နေပြီး ရွက်ကြွေများ မြေပေါ်ပြန့်ကျဲနေကြသည်။

ထို ခြောက်ကပ်တိတ်ဆိတ်နေသော သစ်တောအုပ်လေးကို ဖြတ်သွားသည့် လူသူအရောက်အပေါက်နည်းသော လမ်းလေးတစ်လမ်းရှိနေသည်။ အားဖေက ထို လမ်းလေးအဆုံးရှိ မီးရောင်သဲ့သဲ့လင်းနေသော အိမ်လေးကိုလက်ညှိုးထိုးပြကာ ပြော ဆိုလိုက်သည်။ “အဲဒါ ကျနော့်အိမ်ပဲ။”

အိမ်...

ထို ‘အိမ်’ ဆိုသောစကားလုံးသည် လီဆွန်းဟွာအဖို့ သူစိမ်းဆန်လွန်းသော စကားလုံးလည်းဖြစ်၏။

အားဖေသည် အဝေးတစ်နေရာမှ မီးရောင်သဲ့သဲ့လင်းနေသော အိမ်လေးကို ငေး ကြည့်နေပြီး တီးတိုးရေရွတ်လိုက်သည်။ “မီးအိမ်ထွန်းထားတယ်ဆိုတော့ သူ မအိပ် သေးဘူးနဲ့တူတယ်။”

အိမ်သေးသေးလေးထဲ၌ မီးအိမ်ငယ်လေး လင်းထိန်စွာထွန်းညှိထား၏။ အိပ်ယာ ခင်းနှင့် ခြုံဖုံများကို ဂွမ်းသားထူအစများဖြင့် ချုပ်လုပ်ထားပြီး အသစ်အတိုင်းပင် ရှိ နေကြ၏။ ထို့နောက် အိမ်လေးထဲတွင် မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် မိန်းမ ချောတစ်ယောက် ရှိနေပြန်၏။ သူမသည် မီးအိမ်ငယ်လေး၏ အလင်းရောင်အောက် တွင် ထိုင်နေပြီးအင်္ကျီအဝတ်အစားများ ချုပ်လုပ်နေ၏။ သူမကိုကြည့်ရသည်မှာ ချစ် သူကို စောင့်မျှော်နေသော မိန်းမတစ်ယောက်နှင့် တူနေလေသည်။

(၆၂) လျှို့ဝှက်မှုကြီး

တောင်ကုန်းလေးပေါ်တွင် ပို၍ပင်လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသေး၏။ ဆောင်းဦးလေက မညှာမတာ ခပ်ပြင်းပြင်းတိုက်ခတ်လာ၏။

ကျင်းဝူမင်း၏လက်တစ်ဘက်က ဓားလက်ကိုင်ရိုးကို ရုတ်တရက်ဆုပ်ကိုင်ထား လိုက်သည်။... ဤလက်သည် သူ၏ညာဘက်လက်လည်းဖြစ်နေပြန်သည်။ ဓားကိုင် ဆောင်နေကျ ဘယ်ဘက်လက်မဟုတ်ချေ။ သူ၏ညာဘက်လက်ထဲတွင် ဓားတစ် ချောင်းသည် မည်သည့်နည်းနှင့်မျှ လူသတ်လက်နက်တစ်ခုဖြစ်လာမည် မဟုတ်ပါ။

ဓားလက်ကိုင်ရိုးကို ထိမိပြီးသည်နှင့် သူ့လက်ကိုဖြေလျှော့ချထားလိုက်ပြန် သည်။

သူ၏ခြေလှမ်းများက တဖြည်းဖြည်းနှေးကွေးလာရသည်။ ပြီးနောက် လုံးဝရပ် တန့်သွားခဲ့လေတော့သည်။ သူ့ပုံစံကိုကြည့်ရသည်မှာ လမ်းဆုံးသို့ရောက်ရှိနေသူ တစ်ယောက်ကဲ့သို့ဖြစ်နေ၏။

ထိုအချိန်၌ပင် စန့်ကွမ်းဖေ၏ ရယ်မောသံကို ကြားလိုက်ရလေသည်။

စန့်ကွမ်းဖေက သူ့ကိုလိုက်မီလာခဲ့ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ “ဟန် ဆောင်နေတာ ရပ်လိုက်စမ်းပါ။”

(၆၁) အကူအညီ

လုဖုန်းရှန်းက အထီးကျန်ဆန်ခံစားနေရမှုအား ရုတ်တရက် ထုတ်ဖော်ပြသ လိုက်ခြင်းဖြစ်၏။ လူတစ်ယောက်သည် အထီးကျန်ခံစားနေရပါက မိတ်ဆွေဆို သောအရာကို တောင့်တမိမည်ဖြစ်သည်။ သို့သော် မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုသည် မှာ လူတိုင်းအတွက် လွယ်လွယ်ကူကူ ရှာတွေ့နိုင်သည့်အရာမဟုတ်ချေ။

လုဖုန်းရှန်းက အေးစက်စွာ ပြောဆိုလိုက်သည်။ “ခင်ဗျားပြောချင်တာက သူ့အ တွက်ဆိုရင် ခင်ဗျားရဲ့အသက် ပေးဆပ်ရမှာဝန်မလေးသလို သူလည်းပဲ ခင်ဗျားအ တွက် အသေခံရဲတယ်ပေါ့လေ။ ဟုတ်တယ်မဟုတ်လား။”

လီဆွန်းဟွာ-“ဟုတ်ပါတယ်။”

လုဖုန်းရှန်း-“ဒါပေမဲ့ ခင်ဗျားကို ကျုပ်သတ်မှာမဟုတ်ဘူးဆိုတာ သိနေတယ် မဟုတ်လား။ အနည်းဆုံးတော့ ဒီလိုမျိုးအကြပ်ကိုင်ပြီး ခင်ဗျားကို ကျုပ်သတ်မှာ မဟုတ်ဘူးဆိုတာတော့ သိနေတယ်ပေါ့။”

လီဆွန်းဟွာ တိတ်ဆိတ်နေလိုက်၏။

လုဖုန်းရှန်းသည် လီဆွန်းဟွာကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး အတန်ကြာမှ စိတ်လျှော့ချလိုက်ပုံရသည်။ “ကျုပ် ခင်ဗျားကို ဒီနည်းနဲ့ အကြပ်ကိုင်ပြီး မသတ်ပါ ဘူးဗျာ။... ဘာဖြစ်လို့လဲ သိလား။”

လီဆွန်းဟွာက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ လုဖုန်းရှန်း က ဆက်ပြောနေလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အပေါ်မှာ ခင်ဗျားကို အ ကြွေးတင်နေစေချင်တယ်။ ခင်ဗျားရဲ့ ဘဝတစ်သက်လုံး ကျုပ်ကို အကြွေးတင်နေ စေချင်တယ်။”

Tuesday, March 8, 2011

(၆၀) မိတ်ဆွေဖွဲ့ခြင်း

အားဖေသည် ထိုနေရာ၌အတန်ကြာမျှ ရပ်နေ၏။ အတန်ကြာသောအခါမှ လီ ဆွန်းဟွာကို မေးမြန်းလိုက်သည်။ “ခင်ဗျားနဲ့ပါလာတဲ့ မိန်းကလေးက... ဘယ်သူ လဲ။”

လီဆွန်းဟွာ-“သူ့နာမည်က လင်းလင်း။ သိပ်ပြီးမပျော်ရွှင်တဲ့ ကလေးမလေး တစ်ယောက်ပေါ့။”

အားဖေ-“ကျနော်သိတာကတော့ သူလိမ်ပြောနေခဲ့တယ်ဆိုတာပဲ။”

လီဆွန်းဟွာ-“ဟုတ်ပါ့မလားကွာ။”

အားဖေ-“သူ ခင်ဗျားကို စောင့်နေခဲ့တာမဟုတ်ဘူး။ သူသာ ခင်ဗျားကိုစောင့်နေ ခဲ့တယ်ဆိုဦးတော့ သူ့မှာတခြားအကြံအစည်ရှိနေနိုင်တယ်။”

လီဆွန်းဟွာ-“ဆက်ပြောပါဦး။”

(၅၉) သတ္တိ

ထိုသူကြည့်နေရာသို့ မိန်းမငယ်လေးလှည့်၍ကြည့်လိုက်ရာ လီဆွန်းဟွာ လျှောက်ဝင်လာသည်ကိုတွေ့လိုက်ရ၏။ ထို့နောက် မိန်းမငယ်လေးသည် လီဆွန်း ဟွာထံ အပြေးလေးလှမ်းလာပြီး သူ့ခါးကိုတင်းကြပ်စွာ ပွေ့ဖက်ထားလေတော့သည်။

သူမသည် ဝမ်းသာကြည်နူးလွန်းသဖြင့် ပြုံးပြီးပြောဆိုလိုက်သည်။ “ရှင်ပြန်လာ မယ်ဆိုတာ ကျမသိနေပါတယ်။ ရှင်ကျမကို ပစ်မသွားဘူးဆိုတာလည်း သိနေပါ တယ်ရှင်။”

လီဆွန်းဟွာကို လင်းလင်းအမှန်တကယ်ပင် စောင့်ဆိုင်းနေခဲ့လေသည်။

လီဆွန်းဟွာသည်လည်း စိတ်လှုပ်ရှားသွားခဲ့ရပြီး လင်းလင်း၏လက်ကလေးကို ဆုပ်ကိုင်ထားကာ မေးမြန်းလိုက်သည်။ “မင်း... မင်းဒီမှာတကယ်ပဲ စောင့်နေခဲ့တယ် နော်။”

လင်းလင်းက ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် သူမ၏နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ထားပြီး ပြောဆိုလိုက်သည်။ “ရှင်ဘာဖြစ်လို့ ဒီလောက်တောင်နောက်ကျနေ ရတာလဲ။ ကျမဖြင့် ရှင့်အတွက် စိုးရိမ်လိုက်ရတာ။”

အားဖေက ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။ “မင်း သူ့ကိုတကယ်ပဲ စောင့်ဆိုင်းနေခဲ့တာလား။”

(၅၈) သူရဲကောင်း

ကျင်းဝူမင်း၏ဓားသည် အားဖေ၏ညာဘက်ပခုံးကို ထိုးဖောက်ဝင်နေ၏။ သို့ သော် ဓားသည် ၁ လက်မခန့်သာထိုးဝင်နိုင်ခဲ့သည်။

အားဖေ၏ဓားသည် ကျင်းဝူမင်း၏လည်မျိုမှ လက်မအနည်းငယ်ခန့် ကွာဝေး နေသေး၏။

အားဖေ၏ပခုံးမှ သွေးများတစိမ့်စိမ့်ထွက်နေကာ သူ့အင်္ကျီတစ်ခုလုံး သွေးများစို ရွှဲပြီး နီရဲနေသည်။

ကျင်းဝူမင်း၏ဓား အဘယ်ကြောင့်ရပ်တန့်သွားရသနည်း...

ကျင်းဝူမင်း၏ဘယ်ဘက်လက်ပြင်နေရာတွင် ဓားပျံတစ်ချောင်းစိုက်ဝင်နေ၏။

ရှောင်းလီဓားပျံ...

ထိုဓားပျံကို ပစ်လွှတ်နိုင်ရန် လီဆွန်းဟွာထံ၌ မည်သည့်အားအင်များ ကျန်ရှိနေ သေးသနည်း...

(၅၇) မီးရှူးမီးပန်း

သူသည် သာမန်အစိမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ သူဝတ်ဆင်စတုန်း ကတော့ သန့်ရှင်းသပ်ရပ်သော အဝတ်တစ်စုံပင်။ အခုတော့ ချွေးအလိမ်းလိမ်း ရွှံ့အ လူးလူးဖြင့် ညစ်ပတ်ပေရေနေ၏။ ဘောင်းဘီက ဒူးဆစ်နားလောက်မှစ၍ ပြဲပြီးဖွာ လန်ထွက်နေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ညစ်ပတ်ပေရေနေ၏။ ဆံပင်များကလည်း ဖွာ လန်ကြဲနေကြသည်။

သို့သော် ဤလူမတ်တတ်ရပ်နေချိန်၌ သူ့ထံမှ လူသတ်ငွေ့များထွက်ပေါ်နေသ လိုမျိုး လောင်ရှောင်း၄ယွန် ခံစားနေရ၏။

လူပုံပန်းသဏ္ဌာန်ကလည်း သူ့ခါးတွင်ထိုးထည့်ထားသော ဓားလိုပင်။

ဓားအိမ်မပါသော ဓားတစ်လက်ဖြစ်သည်။

အားဖေ...

အားဖေ ရောက်ရှိလာခဲ့လေပြီ။

(၅၆) ဓားအိမ်ထဲမှထွက်လာသောဓားတစ်လက်

ဓား...

ပါးလွှာသောဓားတစ်လက်... ပေါ့ပါးသည်။ ဓားလက်ကိုင်ရိုးသည်ပင် အပေါ့ ပါးဆုံးသစ်သားဖြင့် ပြုလုပ်ထားသည်။

မည်သည့်လက်နက်မဆို ဤဓားကိုဖျက်ဆီးပစ်နိုင်၏။

မှန်ပါသည်။ သို့သော် ဓားပိုင်ရှင်က တိုက်ခိုက်လာပြီဆိုလျှင်လည်း ခုခံကာ ကွယ်နိုင်မည့်သူ မည်သူမျှမရှိ။

ရှာမှရှား သီးသန့်ဖြစ်သောဓားတစ်လက်လည်းဖြစ်၏။ ဤလောကကြီးထဲတွင် တစ်ဦးတစ်ယောက်တည်းသာ ဤဓားကိုအသုံးပြုနိုင်၏၊ အသုံးပြုရဲ၏။

စားပွဲပေါ်တွင် ဓားကိုတင်ထား၏။ ဓားဘေးနားတွင် သန့်ရှင်းသော အဝတ်အ စားတစ်စုံရှိနေ၏။

အားဖေနိုးထလာသောအခါ ပထမဦးဆုံးသတိပြုမိသည်မှာ ထိုဓားကိုပင်ဖြစ် သည်။

သူ့မျက်လုံးများက အရောင်တောက်ပလာခဲ့ကြသည်။

(၅၅) လွတ်မြောက်နေသောမိန်းမတစ်ယောက်

အမှောင်ထု...

အမှောင်ထုထဲမှ ရုန်းကန်လှုပ်ရှားသံများ... အသက်ရှူသံပြင်းပြင်းများ... ရမ္မက်ကြွညည်းတွားသံများ...

ပြီးနောက် လှုပ်ရှားသံအားလုံး ငြိမ်သက်သွားလေသည်။

အချိန်အကြာကြီးနေမှ မိန်းမတစ်ယောက်၏ စကားသံထွက်ပေါ်လာ၏။ တိုး တိုးလေးကပ်ပြောနေခြင်းလည်းဖြစ်၏။ “ရှင်သိလား... ကျမရှင့်ကို မေးခွန်းတစ်ခု မေးချင်နေခဲ့တာ တစ်ပိုင်းသေတော့မယ်။”

အမျိုးသမီး၏အသံသည် ချိုအီနေပြီး ရမ္မက်ခိုးများဝေနေဆဲ။ ယောက်ျားတစ် ယောက်သည် ဤအသံကိုကြားပြီးနောက် ရမ္မက်မကြွလာခဲ့ဘူးဆိုလျှင် ထိုယောက်ျား သည် နားပင်းနေ၍ပင်ဖြစ်ရမည်။

ယောက်ျားတစ်ယောက်၏အသံထွက်ပေါ်လာ၏။ “မင်းဘာဖြစ်လို့ မမေးသေး တာလဲ။”

အသံရှင်၏အသံသည် တော်တော်လေးထူးခြားသည်။ သင်သာထိုသူ၏ အနီး နားတွင်ရှိနေပါက အသံသည် အဝေးမှလာသည်ဟုထင်ရနိုင်ပြီး သင်သာထိုသူ၏ အဝေးမှဆိုလျှင် အသံသည် အနီးအနားမှထွက်ပေါ်လာသည်ဟု ထင်ရနိုင်လေသည်။

(၅၄) အပေးအယူ

ထိုသူနှစ်ယောက်သည် ကျင်းဝူမင်းနှင့် စန့်ကွမ်းကျင်းဟုန်တို့မှလွဲ၍ မည်သူများ ဖြစ်နိုင်ကြပါမည်နည်း။ သူတို့နှင့် ဆင်တူသူနောက်တတိယတစ်ယောက် ရှာတွေ့ရန် အကြောင်းမရှိချေ။

အချမ်းသာဆုံး... အကျော်ကြားဆုံး... အာဏာစက်အပြင်းထန်ဆုံးဖြစ်သော ရွှေဒင်္ဂါးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူသည် ဤမျှရိုးရှင်းစွာနေထိုင်နေမည်ဟု မည်သူ မျှ ထင်ထားကြမည်မဟုတ်ချေ။

သူတို့အမြင်တွင် ငွေကြေးဆိုသည်မှာ လက်နက်တစ်မျိုးပင်ဖြစ်သည်။ မိန်းမ များသည်လည်း လက်နက်များပင်ဖြစ်ကြသည်။ လောကကြီးထဲရှိ ဇိမ်ခံပစ္စည်းမှန်သ မျှသည် သူတို့အတွက်တော့ လက်နက်များပင်ဖြစ်သည်။ ထိုအရာများကို သူတို့ ဂရု မစိုက်။ သူတို့ ဂရုစိုက်သည်မှာ အာဏာပင်ဖြစ်သည်။ အာဏာ... အာဏာစက်မှလွဲ ၍ မည်သည့်အရာမျှ သူတို့အတွက်မလိုအပ်ချေ။ အာဏာအတွက် အသက်ရှင်သန် နေခြင်းဖြစ်သလို အာဏာအတွက်ပင် သေဆုံးကြပေမည်။

တိတ်ဆိတ်ငြိမ်သက်နေ၏။ စာအုပ်လှန်လောလိုက်သံများမှလွဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မီးရောင်လင်းလက်နေ၏။ သူတို့မည်မျှကြာကြာ မတ်တတ်ရပ်ပြီး အလုပ်လုပ်နေခဲ့ကြမှန်း မည်သူမျှ မပြောနိုင်ပါ။ မီးငြိမ်းသွားလိုက် ပြန်လင်းလာလိုက်ဖြစ်နေသည်။ ကြည့်ရသည်မှာ သူတို့သည် မောပန်းနွမ်းနယ်ခြင်း မရှိသလို ဆာလောင်မွတ်သိပ်ခြင်းလည်း ရှိကြပုံမရ။ ထိုအချိန်၌ပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ အသံတစ်ချက်လေးသာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တိုးတိတ်ညင် သာလှသည်။

(၅၃) လှည့်ဖြားမှု

လောင်ရှောင်း၄ယွန်က ဟင့်ကနဲ တစ်ချက်ရယ်မောလိုက်သည်။ “လူတစ် ယောက်အဖို့ နာမည်ရင်းပေးထားတာ မှားချင်မှားနေနိုင်ပေမယ့် သူ့ရဲ့နာမည်ပြောင် ပေးထားခံရခြင်းကတော့ မမှားနိုင်ဘူး။ လူတစ်ယောက်ဟာ နွားတစ်ကောင်လို တုံး ချင်တုံးနေလိမ့်မယ်။ ဒါပေမဲ့ သူ့နာမည်ကတော့ ရွှေဉာဏ်ကောင်းလို့ ပေးချင်ပေး ထားနိုင်သေးတာပဲ။ လူတစ်ယောက်ရဲ့နာမည်ပြောင်က အရူးဆိုရင်တော့ အဲ့ဒီလူ ဟာတကယ့်ကို ရူးသွပ်နေလို့ပဲဖြစ်ရမယ်။”

နဂိုကတော့ လီဆွန်းဟွာ စကားပြန်ပြောရန် အစီအစဉ်မရှိပါ။ သို့သော် မှတ် ချက်လေးတော့ ချလိုက်ချင်သေးသည်။ “ဒါပေမဲ့ လူတစ်ယောက်က သိပ်ပြီးဉာဏ် သွားထက်မြက်နေရင်... သိထားတာတွေသိပ်များနေရင် သူဟာလည်းတစ်နေ့ကျရင် အရူးတစ်ယောက်အသွင် ပြောင်းသွားနိုင်တာပဲ မဟုတ်လား။”

လောင်ရှောင်း၄ယွန်-“ဟုတ်ပါ့မလား။”

လီဆွန်းဟွာ-“အဲ့ဒီအချိန်ကျရင် လူ့ဘဝသက်တမ်းတိုလေးအတွင်းမှာ ရူးနေရ ခြင်းက ပိုပြီးတန်ဘိုးရှိတယ်လို့ သူထင်မြင်လာလိမ့်မယ်။ တစ်ချို့လူတွေအတွက်က တော့ ရူးချင်ပေမယ့်လည်း မရူးတတ်ကြဘူး။ အဲ့ဒီအတွက် သူတို့ နောင်တရကောင်း ရနေကြလိမ့်မယ်။”

လောင်ရှောင်း၄ယွန်က ပြုံးပြလိုက်သည်။ “ကျုပ်ကတော့ အဲဒီလောက်လည်း ဉာဏ်မကောင်း... မထက်မြက်လို့ နောင်တရစရာအကြောင်းမရှိဘူးထင်ပါတယ်။”

(၅၂) ထောင်ချောက်

သူဖုန်းစားက ခေါင်းကိုခါရမ်းပြပြီး ပြောဆိုလိုက်သည်။ “ကျုပ် ဘယ်သူ့ကိုမှ မသိသလို ဘယ်သူကမှလည်း ကျုပ်ကိုမသိဘူး။ ကျုပ် လူတစ်ယောက်ကိုတောင်မှ မသိတာ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကျုပ်ကိုသိနိုင်မှာလဲ။”

ဤလူသည် နည်းနည်း ကြောင်တောင်တောင်နိုင်သူတစ်ယောက်ပင် ဖြစ်ရ မည်။ မဟုတ်ပါက ရိုးရှင်းလှသော အဖြေတစ်ခုအတွက် ဘာကြောင့် စကားများစွာ ပြောနေစရာလိုသေးသနည်း။

လီဆွန်းဟွာက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ရန်ဟန်ပြင်နေစဉ်မှာ ပင် သူဖုန်းစားသည် ရုတ်တရက် ထွက်ပြေးသွားလေသည်။

သူပြေးနေပုံမှာ တော်တော်လေးမြန်သည်။ သို့သော် ကိုယ်ဖော့ပညာတတ် မြောက်ထားပုံမရ။ သူဖုန်းစားတိုင်း အပြေးမြန်ကြသည်မဟုတ်ပါလား။ သူတို့၏ မွေးရာပါဗီဇဟုပင်ဆိုနိုင်၏။

လီဆွန်းဟွာက ပို၍မြန်မြန်ပြေးနိုင်ပါသည်။

ထွက်ပြေးနေသော သူဖုန်းစားကို လှမ်းမေးလိုက်သည်။ “ခင်ဗျားဘာလိုချင်လဲ။ ကျုပ်ဆီမှာ ငွေတုံးတွေအများကြီးရှိပါတယ်။”

(၅၁) အူကြောင်ကြောင်မြင်ကွင်း

မြူနှင်းများလွင့်ပြယ်သွားခဲ့ပြီ။

ထိုနေရာ၌ ကျင်းဝူမင်း မလှုပ်မယှက်ရပ်နေ၏။ သူ၏မီးခိုးရောင် သက်မဲ့မျက် လုံးသေများက ခမောက်ပေါ်မှ ကျလာသော နှင်းစက်လေးတစ်စက်ကို လိုက်ကြည့် နေ၏။

စန့်ကွမ်းကျင်းဟုန် သစ်တောအပြင်ဘက်သို့ထွက်လာသည်ကို သူမမြင်မိပါ။

သူ့ကိုလည်း စန့်ကွမ်းကျင်းဟုန်က သတိထားမိပုံမပေါ်။ အေးဆေးတည်ငြိမ် သောခြေလှမ်းများဖြင့် ကျင်းဝူမင်းရှေ့မှ ဖြတ်လျှောက်သွားပြီး လေသံအေးအေးဖြင့် ပြောဆိုလိုက်သည်။ “ဒီနေ့မြူနှင်းတွေကျနေတယ်။ သာယာတဲ့နေ့လေးတစ်နေ့ ဖြစ် မယ်ထင်တယ်။”

ကျင်းဝူမင်းသည် ခဏမျှတွေဝေသွားခဲ့သော်လည်း သူ၏အလေ့အကျင့်များ ကြောင့် အလိုလျောက်ပင် သံယောင်လိုက်မိသွား၏။ “ဒီနေ့မြူနှင်းတွေကျနေတယ်။ သာယာတဲ့နေ့လေးတစ်နေ့ ဖြစ်မှာပါ။”

Monday, March 7, 2011

(၅၀) အချစ်ထောင်ချောက်

ရှီတျန်လင်းသည် ထင်းချန်းဂိုဏ်းချုပ်ဖြစ်သည်။ သူ၏ဘွဲ့နာမည်မှာ ‘တောင်ပိုင်းပထမဓား’ဖြစ်ပြီး မည်သူ့ကိုမျှ မရှုံးနိမ့်ခဲ့ဖူးသော်လည်း သူရှုံးနိမ့်ခဲ့ဖူးသူမှာ ကော့စွန်းယန်တစ်ယောက်သာ ရှိ၏။ ၃ ကြိမ် တိုင်တိုင် ရှုံးနိမ့်ခဲ့လေသည်။ အကြိမ်တိုင်းလိုပင် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဤလူသည် ကော့စွန်းယန်ကို သတ်နိုင်ခဲ့ပါက ရှီတျန်လင်းထက်ပင် ပို၍တော်သူ ဖြစ်ရပေမည်။ ရှီ တျန်လင်း၏ တပည့်ဖြစ်သူတစ်ယောက်သည် သူ၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပါ။

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်၏ မျက်နှာပျက်သွားခဲ့ရလေတော့သည်။

ကျင်းဝူမင်းသည် အပြောကြီးသူတစ်ယောက်မဟုတ်မှန်း သူသိထားလေသည်။

ကျင်းဝူမင်း-“ကျုပ် မင်းကို တစ်ကွက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ ယုံလား။”

အပြာရောင်ဝတ်ဆင်ထားသူလူရွယ်သည် မည်သည့်စကားမျှ ပြန်လည်ချေပခြင်းမရှိဘဲ နှုတ်ဆိတ် နေလိုက်သည်။

ဓားရောင်တစ်ချက် လင်းလက်သွားပြီး ကျင်းဝူမင်း၏ ဓားသည် ဓားအိမ်တွင်းမှ မည်သူမျှ မမြင်တွေ့ ရဘဲ ထွက်ပေါ်လာခဲ့သည်။

(၄၉) အကြံကိုယ်စီ

ထိုစကားကို ပြောဆိုလိုက်စဉ်မှာပင် သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်ဥများ လိမ့်ဆင်းကျလာသည်။ သူမက ရှိုက်ငင်စွာပြောလိုက်သည်။ “ကျမ ရှင်ပြောခဲ့သလိုပဲ အဲ့ဒီပိုက်ဆံတွေကို စွန့်ပစ်ထားခဲ့ပြီးပါ ပြီ။ ဘာလဲ... ရှင်မယုံဘူးလား။”

အားဖေသည် သက်ပြင်းမောကြီးချပြီး ပြောလိုက်သည်။ “ကျုပ်မင်းကို မယုံကြည်တာမဟုတ်ပါ ဘူးကွာ။ ကျုပ်တစ်ယောက်တည်းကသာ ရှာဖွေကျွေးမွေးချင်တယ်။ မင်းကို ကျုပ် အလုပ်မလုပ်စေချင် ဘူး။ မင်း ပင်ပင်ပန်းပန်းနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေကိုလည်း ကျုပ် မသုံးရက်ဘူး။”

လင်ရှန်းအာက မျက်ရည်စက်လက်ဖြင့် ပြောဆိုနေသည်။ “ကျမတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာချစ်ခဲ့ကြပြီးမှပဲ... သူ့ဟာ ကိုယ့်ဟာ ခွဲခြားဖို့ လိုသေးလို့လားရှင်။ ကျမရဲ့ အသည်းနှလုံးတစ်ခုလုံးကိုတောင် ရှင့်ကို ပေးခဲ့ပြီးပြီပဲ... ဘာများလိုအပ်သေးလို့လဲ။”

အားဖေသည် သူမ၏လက်ဖဝါးလေးကို သူ့လက်နှစ်ဖက်အတွင်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ထားလိုက်ပြီး မျက်စိမှိတ်ထားလိုက်တော့သည်။ ဤလက်ဖဝါးနုနုလေးများကိုသာ တစ်သက်လုံး ဆုပ် ကိုင်ထားခွင့်ရမည်ဆိုလျှင် မည်သည့်အရာမျှ အားဖေအတွက် မလိုအပ်တော့ပါ။

နောက်ဆုံးတွင် အားဖေ အိပ်ပျော်သွားလေတော့သည်။

(၄၈) မိန်းမဘီလူးကြီး

ယူလောင်ရှန်း၏ ဓားသိုင်းပညာက ထိပ်တန်းအဆင့်ရှိနေရုံမကသေး... သူ၏ဓားသည် သိုင်း လောကတွင် အထက်မြက်ဆုံးသော ဓားတစ်လက်လည်းဖြစ်နေပြန်သေးသည်။

မည်သည့် လူသား၏ခန္ဓာကိုယ်မျှ ဤဓား၏ထိုးဖြတ်ချက်အား ဗလာချည်ခုခံကာကွယ်နိုင်လိမ့် မည်ဟု လီဆွန်းဟွာ ထင်မထားပါ။

သို့သော် ယူလောင်ရှန်းသည် ‘ဖုတ်’ကနဲ လီဆွန်းဟွာဘေးနားတွင် ရှိနေသော မိန်းမဝတစ် ယောက်ပေါ်သို့ လွင့်ကျလာသည်။

ထိုမိန်းမသည် ရယ်မောလိုက်ပြီး ယူလောင်ရှန်းအား ပွေ့ဖက်ထားလိုက်သည်။

ဓားသည် ရွှင်ပျော်ပျော်နတ်မိမယ်၏ လည်ပင်းပေါ်၌ ကပ်လျက်သား ရှိနေသေး၏။

ရွှင်ပျော်ပျော်နတ်မိမယ်သည် ထိုနေရာ၌ မားမားကြီး ရပ်နေဆဲရှိပြီး လီဆွန်းဟွာအား ပြုံးပြီး ကြည့်နေ၏။

လီဆွန်းဟွာ မည်ကဲ့သို့ ပြန်ပြောလိုက်ရမည်မှန်းပင် မသိတော့ချေ။

(၄၇) ရွှင်ပျော်ပျော်နတ်မိမယ်

လီဆွန်းဟွာ-“ရူးနှမ်းတယ်ဆိုတာ ပျက်ရယ်ပြုစရာမဟုတ်ဘူး။ မေတ္တာတရား အလွန်ကြီးမား သူတွေသာ ဘယ်လိုမျိုး ရူးနှမ်းရမယ်ဆိုတာ လေ့လာထားကြတယ်။”

လင်းလင်းက ရယ်မောလိုက်သည်။ “အရူးဖြစ်ဖို့များ လေ့လာရဦးမယ်... ဟုတ်လား။”

လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့။ လူတိုင်းရူးနှမ်းတတ်ဖို့ မလွယ်ဘူး။ ရူးနှမ်းခြင်းဆိုတာနဲ့သွက် သွက်ခါအောင်ရူးသွပ်တာနဲ့ မတူဘူးနော်။ ဓားသိုင်းပညာကို အရူးအမူးရူးနှမ်းနေသူတစ်ယောက်သာ အကောင်းဆုံးဓားပညာရပ်ကို လေ့ကျင့်တတ်မြောက်နိုင်တယ်။ အချစ်ကို အရူးအမူး ရူးနှမ်းနေသူတစ် ယောက်သာ သူများတွေရဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားနားလည်နိုင်တယ်။ မရူးနှမ်းဘူးသူတစ်ယောက် အတွက်တော့ ဒီအကြောင်းတွေကို နားလည်ခံစားပေးနိုင်မှာ မဟုတ်ဘူး။”

လင်းလင်းက ခေါင်းငုံ့ထားလိုက်ကာ ထိုစကား၏ အဓိပ္ပါယ်ကို သဘောပေါက်အောင် စဉ်းစား ခန်းဝင်နေသည်။

အတန်ငယ်ကြာသောအခါမှ ခေါင်းမော့လာပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ- “ကျမ ရှင့်ဆီက အများကြီး သင်ယူတတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့... ရှင် ဒီကနေ ထွက်သွားတော့မယ် မဟုတ်လား။ ရှင်ထွက်သွားရင် ကျမကို အပါခေါ်သွားမှာ မဟုတ်ပါဘူး။”

လီဆွန်းဟွာ ခဏမျှ တွေဝေသွားခဲ့ရပြီး ပြောဆိုလိုက်သည်။ “အနည်းဆုံးတော့ မင်းကို အိမ်ပြန် ရောက်အောင် ကျုပ်လိုက်ပို့ပေးမှာပါ။”

(၄၆)သူရဲကောင်းဆန်သူနှင့် အကြံအစည်ကြီးမားသူ

ကော့စွန်းယန်၏ ခန္ဓာကိုယ်အား လီဆွန်းဟွာ စိုက်ကြည့်နေရာမှ သက်ပြင်းမောကြီးချလိုက် သည်။ “မင်းပြောတာမှန်တယ်။ ကျုပ်နည်းနည်း နောက်ကျသွားခဲ့ရတယ်။”

လင်းလင်း-“သူကတော့ သေဆုံးသွားခဲ့ပြီ။ သူဘာများ ပြောနိုင်ဦးမှာလဲ။ လူသေတွေက စကား ပြောနိုင်ကြသေးတယ်လို့ ရှင်ဆိုလိုတာလား။”

လီဆွန်းဟွာ-“သူပြောချင်တဲ့ အကြောင်းအရာက စကားလုံးအဖြစ်နဲ့ ရှိမနေတာတောင်မှ ကျုပ် ကောင်းကောင်းကြီး ကြားနေပါသေးတယ်။”

လင်းလင်း-“ဒါပေမဲ့ ကျမကြတော့ မကြားရပါလား။”

သူမသည် လုံးဝနားမလည်နိုင်တော့သလို အတော်လေးလည်း ထိတ်လန့်သွားခဲ့ရသည်။

လူတို့သည် နားမလည်သော အကြောင်းအရာများစွာတို့အတွက် ထိတ်လန့်တတ်ကြလေသည်။

လီဆွန်းဟွာက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြောဆိုလိုက်သည်။ “သူဘာပြောနေလဲဆိုတာ မင်း မသိချင်ဘူးလား။”

(၄၅) တေ့လွဲ

ကင်းမြီးကောက်ပြာက ရယ်မောလိုက်ပြီး- “ဘာလိုအပ်သေးလို့လဲရှင်။ ရှင့်လက်တစ်ဘက်မြှောက် လိုက်ကတည်းက ကျမ ရှင့်ဆီက ရစရာရှိတဲ့အကြွေးကို ရခဲ့ပြီးပါပြီ။ ကျမက မိန်းမသားဖြစ်ပေမယ့် ကိုယ် ကျင့်သိက္ခာတော့ ကောင်းပါသေးတယ်။”

လင်းလင်းက မျက်တောင်များ ပုတ်ခတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “ဒါပေမဲ့ မိန်းမတွေဆိုတာ ကိုယ်ကျင့်သိက္ခာ ကောင်းစရာမလိုပါဘူး။ ကျမတို့ရဲ့ မွေးရာပါအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်တော့ ရှိရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ယောက်ျားတွေက မိန်းမတွေထက် သဘာဝတရားအရ ပိုပြီးတော့ သန်စွမ်းကြတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ သူတို့ဘက်က အမြဲတမ်း ပေးဆပ်သင့်ပါတယ်။”

ကင်းမြီးကောက်ပြာ-“ဘယ်သူက ပြောခဲ့တာလဲ။”

လင်းလင်း-“ကျမရဲ့ သခင်မလေးပေါ့။”

ကင်းမြီးကောက်ပြာ-“မင်းက သူ့စကားဆို အကုန်လုံး နားထောင်တာပဲလား။”

လင်းလင်း-“နားထောင်ရတာပေါ့ရှင့်။ သူက ကျမတို့ မိန်းမသားတွေဘက်က ရပ်တည်ပြီး ပြော ဆိုခဲ့တာပဲ။”

(၄၄) သေခြင်းတရားမှလွတ်မြောက်ခြင်း

အဝတ်အစားထားခန်းထဲတွင် မှောင်နေပြီး အဝတ်အစားများဖြင့် ပြည့်ကြပ်နေ၏။ မည်သူမဆို ဤအခြေအနေအရ မွန်းကျပ်စွာ ခံစားနေရပေလိမ့်မည်။ ရောက်လာခဲ့ကြသူများက လူကောင်းများ ဟုတ်ဟန်မတူ၊ မဟုတ်ပါက လင်းလင်းအား တွန်းထိုးဝင်လာစရာအကြောင်းမရှိ။

သို့သော် လီဆွန်းဟွာအတွက်မူ ငြိမ့်ငြိမ့်လေးခံစားနေရလေသည်။

သူ့ရင်ထဲတွင်တော့ ပြုံးနေလေ၏။

ဤအိမ်လေးသို့ သူ ပထမဆုံးအကြိမ်ရောက်လာစဉ်က လင်းလင်းက သူ့အား လူဆိုးသူခိုးတစ်ယောက်အဖြစ်ထင်မှတ်ထားခဲ့သည်ကို ပြန်၍သတိရနေမိ၏။ ထိုမိန်းမငယ်လေးသည် မည်သည့်အရာမျှ မည်မည်ရရ သင်ယူခဲ့ပုံမရသော်လည်း လိမ်ညာတတ်သည့် ပညာရပ်များကိုမူ လင်ရှန်းအာထံမှ အပြည့်အ ဝပင် ဆက်ခံထားပုံရသည်။

သို့သော် နောက်ထပ်ဝင်ရောက်လာသူနှစ်ယောက်က ထိုအချက်ကို ဂရုစိုက်ပုံပင်မရ။ အပြင်ဘက် ရှိ အခန်း ၂ ခန်းသို့သွားရောက်အကဲခတ် ရှာဖွေကြည့်ရှုနေကြလေသည်။ ပြီးနောက် လီဆွန်းဟွာရှိရာ အခန်းသို့ ဝင်ရောက်လာကြလေတော့သည်။

(၄၃) သေရေးရှင်ရေး

လီဆွန်းဟွာ သစ်သားရုပ်တုလေး ထွင်းထုနေပြန်သည်။ အနီရောင်ဝတ်မိန်းကလေးက သူ့ကို တစ်ချိန်လုံး အကဲခတ်နေ၏။ ရုတ်တရက် သူမက မေးမြန်းလိုက်သည်။ “ရှင်ဘာတွေ ထွင်းထုနေတာ လဲ။”

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “မင်း မပြောနိုင်ဘူးလား။”

မိန်းမငယ်လေး-“ကြည့်ရတာတော့ လူတစ်ယောက်ရဲ့ ပုံတူပဲ။ ဒါပေမဲ့ အရုပ်တိုင်းကို ဘာဖြစ်လို့ ရှင်အဆုံးထိပြီးအောင် မထုဆစ်ရတာလဲ။ ရှင်သာ ပြီးဆုံးအောင် ထုဆစ်ခဲ့မယ်ဆိုရင် အဲ့ဒီလူ ဘယ် လောက်တောင်မှ ကြည့်လို့ကောင်းမယ်ဆိုတာ ကျမ ပြောနိုင်မှာပေါ့။”

လီဆွန်းဟွာ၏ အပြုံးပျောက်ကွယ်သွားခဲ့ပြီး စတင်၍ ချောင်းဆိုးနေတော့၏။



သူထွင်းထုနေသောအရာအား မည်သူ့ကိုမျှ အသိမပေးချင်ပါ။ ထို့ကြောင့်လည်း ဘယ်တော့မှ ပြီးဆုံး အောင် မထွင်းထုဖြစ်ခဲ့။ တခြားရုပ်ပုံများ သူ ထွင်းထုနိုင်ပါသည်။ သို့သော် သူ၏လက်ချောင်းများက ဘယ်တော့မှ မနာခံခဲ့ပါ။ ရုပ်တု ထုဆစ်လိုက်တိုင်းပင် သူမ၏ ကိုယ်ပွားလေးသာ ထွက်ပေါ်လာလေ့ရှိ သည်။

Saturday, March 5, 2011

(၄၂) အကောက်ကြံမှု

အခန်းက ကျယ်ဝန်းပြီး အိပ်ယာခင်းများကို အသစ်လဲထား၏။ သန့်ရှင်းသပ်ရပ်လှသည်။ ရေနွေး ကြမ်းအိုးသည် သစ်လွင်တောက်ပနေပြီး ရေနွေးသောက်သည့်ခွက်များကလည်း သန့်ရှင်းမှုအပြည့်ရှိလေ သည်။

ခုတင်ပေါ်တွင် လင်ရှန်းအာ ထိုင်နေပြီး ယောက်ျားဝတ်ရုံတစ်ခု၏ အပြဲများကို ဖာချုပ်နေသည်။ သူမ၏ အပ်ကိုင်လက်က ဓားကိုင်လက်လောက် မကောင်းသောကြောင့် တစ်ခါတရံတွင် သူမ၏လက် ချောင်းများကို အပ်ထိုးမိလေသည်။

ပြတင်းပေါက်နားတွင် အားဖေ ရပ်နေပြီး ကောင်းကင်မှ လဝန်းကြီးကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။

ကြယ်သီးကို ဝတ်ရုံပေါ်သို့ ချုပ်လိုက်ပြီးနောက် လင်ရှန်းအာက ခေါင်းခါရမ်းလိုက်သည်။ “ကျမ တည်းခိုခန်းမှာ နေရတာ သိပ်ပြီးနေသားမကျလှဘူး။ အကောင်းဆုံးအခန်းဆိုတာတောင်မှ ကျမအ တွက်တော့ ငှက်လှောင်အိမ်တစ်ခုလိုပါပဲ။ ဝင်လိုက်တာနဲ့ ကျဉ်းကြပ်သွားသလို ခံစားမိတယ်။”

အားဖေက ခေါင်းညိတ်ပြလိုက်သည်။

လင်ရှန်းအာ-“ကိုယ့်အိမ်ကိုယ့်ယာလောက် ဘယ်နေရာမှ မကောင်းဘူးဆိုတဲ့စကားလည်း ရှိသေး တယ်မဟုတ်လား။”

(၄၁) မိန်းမဆိုးငယ်လေး

အားဖေ၏အခန်းမှာ မနေ့ညကအတိုင်းပင် ပိတ်ထားဆဲရှိနေ၏။ သူ၏ဝတ်ရုံသည် ခုတင်ပေါ် ၌ရှိ နေသေး၏။ လူကတော့ မရှိတော့ချေ။ ကတိုက်ကရိုက် ထွက်ခွာသွားခဲ့ပုံရသည်။

သူ့ကို နှုတ်မဆက်ဘဲ အားဖေထွက်ခွာသွားခဲ့သည်ကို လီဆွန်းဟွာ မယုံကြည်နိုင်လောက်အောင် ပင် ဖြစ်နေရသည်။ ပတ်ဝန်းကျင်အား ချောင်းတစ်ဟွပ်ဟွပ်ဆိုးပြီး အကဲခတ်နေလိုက်၏။

ကော့စွန်းယန်က လက်နောက်ပြန်ပစ်ပြီး သူ့ကိုငြိမ်သက်စွာပင် အကဲခတ်နေသည်။ ပြီးနောက် လေသံအေးအေးဖြင့် မေးမြန်းလိုက်၏။ “အားဖေက ခင်ဗျားရဲ့မိတ်ဆွေဆို...”

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။

ကော့စွန်းယန်-“ဒါပေမဲ့ သူထွက်သွားခဲ့တာ ခင်ဗျားတောင်မှ မသိလိုက်ရပါလား။”

လီဆွန်းဟွာသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ရပြီး အားတင်းပြုံးလိုက်ကာ- “သူပြဿနာတစ်ခုခုကြုံ တွေ့ခဲ့လို့များလားမသိဘူး။”

ကော့စွန်းယန်-“မိန်းမတစ်ယောက်ရဲ့ စကားကို မြေဝယ်မကျ နားထောင်ရတာလည်း ဖြစ်နိုင်တာပဲ။”

(၄၀) ဖောက်ပြန်မှု

အားဖေ-“ဒီ၂နှစ်လုံးလုံး ကျနော် ငြိမ်းငြိမ်းချမ်းချမ်းပဲ နေခဲ့ရပါတယ်။ ဒီလောက်တောင်မှ ငြိမ်းချမ်း တဲ့ဘဝလေးကို တစ်ခါမှ မရခဲ့ဖူးဘူး။ သူက... သူကတော့ ကျနော့်ကို အင်မတန် ဂရုစိုက်ပါတယ်။”

လီဆွန်းဟွာ-“မင်းဆီက ဒီစကားကိုကြားလိုက်ရတာ ကျုပ်သိပ်ဝမ်းသာတယ်။ ကျုပ်အရမ်း ဝမ်း သာပါတယ်ကွာ...”

သူ၏အပြုံးကအသက်မပါသလိုမျိုးဖြစ်နေ၍ သူ့အပြုံးကို အားဖေ မမြင်တွေ့စေလိုသောကြောင့် တစ်ဖက်သို့ လှည့်ထားလိုက်၏။ ဟိုဟိုသည်သည် ကြည့်နေလိုက်ပြီးမှ သူ မေးမြန်းလိုက်သည်။ “ဒါနဲ့ မင်းရဲ့ဓားကော...”

အားဖေ-“ကျနော် ဓားမကိုင်တော့ပါဘူး။”



လီဆွန်းဟွာက လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “ဘာ... ဘာဖြစ်လို့လဲ...”

အားဖေ-“ဓားဆိုတာ လက်နက်တစ်မျိုးပါ။ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရစေပါ တယ်။”

လီဆွန်းဟွာ-“လင်ရှန်းအာက မင်းကို ဓားမကိုင်တော့ဖို့များ ပြောခဲ့တာလား။”

(၃၉) အားဖေ

ကောင်းကင်ပေါ်၌ လသာနေသေး၏။

လရောင်အောက်မှ ရေတံခွန်က ငွေမျှင်တံများ ဖြာထွက်နေသကဲ့သို့ပင်။

လီဆွန်းဟွာက ရေကျစီးရာတစ်လျှောက် လိုက်လျှောက်လာ၏။ အားဖေကို မနှောင့်ယှက်ချင် သဖြင့် မနက်မိုးမလင်းခင် အရောက်မသွားချင်သေးပါ။

သူများကို အနှောင့်အယှက်ပေးသောအလုပ်ကို သူလုံးဝမကြိုက်နှစ်သက်ပါ။

သို့သော် သူ့ကိုလာပြီး အနှောင့်အယှက်ပြုသူများကိုမူ မည်သည့်အချိန် မည်သည့်နေရာ၌ဖြစ် စေ သူ သည်းခံနိုင်၏။

အဘွားအိုသည် လင်ရှန်းအာ ရုပ်ဖျက်ထားခြင်း မဖြစ်နိုင်ပါ။

ဒါဆို လင်ရှန်းအာ ဘယ်ရောက်နေသနည်း။

လီဆွန်းဟွာက သူ့မျက်လုံးကို ပွတ်သတ်လိုက်ပြီး- “ငါများ မျက်စိမှောက်မှားခဲ့တာလား...”

Friday, March 4, 2011

(၃၈) အဘွားဖြစ်သူ၊ မြေးဖြစ်သူ

ဆောင်းဦးလေက သူ့မျက်နှာကို ဖြတ်တိုက်လာခဲ့၏။ ဆောင်းရောက်လာသည့်အတိုင်းပင်။ ဆောင်းဦး၏ အရသာကို ပြည့်ပြည့်ဝဝပင် မခံစားရသေးချေ။

လီဆွန်းဟွာ၏နှလုံးသားသည် ဆောင်းဦးကဲ့သို့ပင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လုလု ဖြစ်နေရ၏။

“မင်းဆက်နေနေလို့ကတော့ သူ့ကိုဒုက္ခပိုရောက်အောင်လုပ်သလို ဖြစ်နေဦးမှာပဲ...”

အဘိုးအို၏ စကားက သူ့နားထဲ၌ ကျယ်လောင်စွာ မြည်ဟီးနေ၏။

လင်ရှီးယင်ကို မတွေ့သင့်တော့သလို သူမအကြောင်းကိုပင် မစဉ်းစားသင့်တော့ပါ။

အဘိုးအိုသည် ဉာဏ်ပညာကြီးရင့်သူတစ်ယောက်ဖြစ်နေရုံပင် မကသေး၊ လွန်စွာမှပင် လျှို့ဝှက်နိုင် လွန်း၏။ သိုင်းပညာရှင်ကြီးတစ်ယောက်လည်း ဖြစ်နေပြန်၏။ သိုင်းလောကကြီးအကြောင်းကို သူမသိသည် များ မရှိသလောက်ပင်။

သို့သော် သူဘယ်သူများ ဖြစ်နေနိုင်ပါလဲ...

(၃၇) အဘိုးအို

လီဆွန်းဟွာက ဘယ်သန်ဓားသမားကို အာရုံစူးစိုက်နေချိန်တွင် စွန်းရှောင်းဟုန်၏ အာရုံက တခြားတစ်နေရာသို့ ရောက်ရှိနေ၏။

ထိုသူနှစ်ယောက်သည် လမ်းကိုဖြေးလေးစွာလျှောက်နေကြသော်လည်း ခြေလှမ်းများက ကျဲ၏။ ပထ မဆုံးအကြိမ်ကြည့်လိုက်ရာ ထူးခြားသည်ဟုမထင်ရဘဲ ပုံမှန်အတိုင်းသာ ရှိကြ၏။ သို့သော် စွန်းရှောင်း ဟုန်၏ အာရုံခံစားမှုများက တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားနေရ၏။

အတော်လေးကြာသောအခါမှ မည်သည့်အရာက သူမအတွက်မှားယွင်းနေကြောင်း တွေ့ရှိလိုက် ရလေတော့သည်။

လူနှစ်ယောက် ပုံမှန်အတိုင်းသာ လမ်းလျှောက်လာကြပါက ဟန်ချက်ညီ ဖြစ်နေကြပေမည်။ သို့ သော် ထိုလူနှစ်ယောက်မှာမူ ကွဲပြားခြားနားနေကြ၏။ ပထမလူ၏ခြေဖဝါးက မြေကြီးပေါ်ထိချိန်တွင် ဒုတိယလူ၏ ခြေဖျားက လေထဲ၌ပင် ရှိနေသေး၏။ ခြေထောက် ၄ စုံရှိသော်လည်း လူတစ်ယောက်တည်း လမ်းလျှောက်နေသကဲ့သို့ပင်။

ပထမလူက ပထမခြေလှမ်းလိုက်သော် ဒုတိယလူက ဒုတိယခြေလှမ်းလိုက်၏။ ပထမလူက တတိ ယခြေလှမ်းလိုက်သောအခါ ဒုတိယလူက စတုတ္ထခြေလှမ်းပြီးသား ဖြစ်နေ၏။ သူတို့၏ခြေလှမ်းများက လွန်စွာမှပင် သဟဇာတရှိပြီး ဟန်ချက်ညီလွန်းလှ၏။

(၃၆) ထူးဆန်းသောစိတ်လှုပ်ရှားမှု

ကင်းမြီးကောက်ပြာ၏ နဖူးပြင်ပေါ်၌ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။

သူမက တုန်လှုပ်စွာပင် မေးမြန်းလိုက်၏။ “ရှင့်ဓားပျံကို ဘာဖြစ်လို့ မပစ်သေးတာလဲ။ ကျမကို သတ်လိုက်ပါတော့လား။”

လီဆွန်းဟွာ-“မင်းဟာ ရိခူအပေါ်မှာ အချစ်ကြီးလို့ လက်စားချေချင်နေတယ်ဆိုတာ ကျုပ်သိပါ တယ်။ အခု သူသေသွားတော့ မင်းအတော်လေး ခံစားနေရမှာပဲ။”

သူ၏လက်ထဲမှ ဓားပျံလေးအား ကြည့်လိုက်ပြီးနောက် ငြင်သာစွာ ပြောဆိုလိုက်၏။ “မင်းရဲ့ခံစား ချက်ကို ကျုပ်နားလည်ပါတယ်။ ကျုပ် တကယ်ကို နားလည်ပါတယ်။ မင်း လူသတ်လိုက်တိုင်း အဲ့ဒီခံ စားရမှုက ပျောက်သွားမှာမဟုတ်ဘူး။ လူဘယ်လောက်ပဲသတ်သတ် မင်းဆက်ပြီး ခံစားနေရဦးမှာပဲ။”

မီးရောင်မှိန်မှိန်အောက်၌ စူးရှတောက်ပသော အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ဓားပျံတစ်လက် လက်ကနဲထွက်ပေါ်လာပြီး ကင်းမြီးကောက်ပြာဘေးရှိ နံရံပေါ်သို့ စိုက်ဝင်သွား၏။

လီဆွန်းဟွာ-“မင်းသွားလို့ရပါပြီ။”

(၃၅) လူသားစားသောကင်းမြီးကောက်

ခါးကုန်းစွန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “မင်းတောင်မှ တော်တော်လေး အရွယ် ရောက်လာခဲ့ပြီပဲ။ ငါ မင်းကိုနောက်ဆုံးတွေ့ခဲ့တုန်းက ၅ နှစ်သမီးလေးပဲ ရှိသေးတယ်။”

ပြီးနောက် သူသည် စားပွဲသုတ်သောအလုပ်ကို ဆက်လုပ်နေလေတော့သည်။

စွန်းရှောင်းဟုန်က ခေါင်းငုံ့ထားလိုက်ပြီး မေးမြန်းလိုက်၏။ “ဒုတိယဘဒွေး အိမ်ပြန်မလာတာ ၁၃-၄နှစ်လောက် ရှိတော့မယ်နော်...”

ခါးကုန်းစွန်းက ခေါင်းညိတ်ပြလိုက်ပြီး- “ဟုတ်တယ်။ ၁၄နှစ်လောက် ရှိရော့မယ်။ နောက်လအနည်း ငယ်ဆိုရင် ၁၄ နှစ်တင်းတင်းပြည့်ပြီ။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့ ဒုတိယဘဒွေးက အိမ်မပြန်လာတာလဲ။”

ခါးကုန်းစွန်းက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကျယ်လောင်စွာဖြင့်- “မိသားစုတစ်စုကို ၁၅ နှစ်တိတိ ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ လူတစ်ယောက်ကို ကတိပေးခဲ့တယ်။ ကျုပ်ပြောတဲ့အ တိုင်း လုပ်မယ်ဆိုတာ ယုံထားလိုက်။”

(၃၄) အံ့ဩစရာသတင်း

စွန်းရှောင်းဟုန်က ခေါင်းခါရမ်းပြလိုက်ပြီး ပြုံးလိုက်ကာ- “ကြည့်စမ်းပါဦး။ ဘာဖြစ်လို့ ရှင် ခဏ ခဏ စည်းကမ်းဖောက်နေရတာလဲ။ ရှင့်အလှည့်ရောက်အောင်တော့ စောင့်ဦးမှပေါ့။”

ထို့နောက် သူမက ဆက်ပြောလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့ စိတ်ဓာတ်ကို ရှင်သိပါတယ်။ တော် ရုံရတနာလောက်နဲ့ဆိုရင် သူစိတ်ဝင်စားမှာမဟုတ်ဘူး။ သူစိတ်ဝင်စားလောက်အောင် စွဲဆောင်မှုရှိတဲ့ အရာက ဘာလဲဆိုတာ ရှင်သိလား။”

လီဆွန်းဟွာ-“ကျုပ်မသိဘူး။”

စွန်းရှောင်းဟုန်-“ရှင့်ရဲ့ ဖခင်နဲ့ အယင်တစ်ခေတ်ကသူရဲကောင်း‘ရှန်လန်း’တို့ အရမ်းခင်မင်ရင်းနှီး ကြတဲ့ မိတ်ဆွေတွေဆိုတာ သူသိထားတယ်။”

လီဆွန်းဟွာ-“ရှန်လန်းက ဖေဖေ့ရဲ့ မိတ်ဆွေဆိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ သူသိုင်းလောက ကနေ အနားယူသွားပြီး လူပြတ်တဲ့ ကျွန်းလေးတစ်ကျွန်းမှာ သွားပြီးဇာတ်မြှုတ်နေခဲ့တာ ကြာလှပေါ့။ ဒီ ကိစ္စတွေက သူနဲ့ ဘာဆိုင်လို့လဲ။”

စွန်းရှောင်းဟုန်က ပြုံးပြလိုက်၏။ “ကြည့်ရတာ မေးခွန်းတွေ ပေးမမေးရင် ရှင်ရူးသွားလိမ့်မယ်ထင် တယ်။ ဒါပေမဲ့ အရက် ၃ခွက်လောက် အရင်သောက်လိုက်ပါဦး။”

(၃၃) အံ့အားသင့်ဖွယ်စကားဝိုင်း

ကျစ်ဆံမြီးမိန်းကလေး-“အဲ့ဒီမှာ သူ့ကိုသတ်နိုင်ရဲ့သားနဲ့ ပထမဆုံးအကြိမ် ရှင်လက်လွှတ်ပေး လိုက်တဲ့ အခွင့်အရေးတစ်ခုပဲ။ ကျမဆက်ပြောပြရဦးမလား။”

လီဆွန်းဟွာက မချိပြုံးလေးပြုံးပြလိုက်ပြီး- “မလိုတော့ပါဘူး...”

ကျစ်ဆံမြီးမိန်းကလေး-“ရှင့်ကို သူရဲကောင်းတစ်ယောက်လို့ လူတိုင်းကပြောကြတယ်။ ဒါပေမဲ့ ကျမအတွက်တော့ ရှင်ဟာ မိန်းကလေးဆန်တယ်။”

သူ့ဘဝတစ်သက်တာတွင် များစွာသော စော်ကားပြောဆိုမှုများကို လီဆွန်းဟွာ ကြုံတွေ့ခဲ့ဖူးသော် လည်း ဤတကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးဆန်သည်ဟု အပြောခံရခြင်းဖြစ်၏။ သူရယ် ရမည်လား၊ စိတ်ဆိုးရမည်လား မဝေခွဲတတ်တော့ပါ။

ကျစ်ဆံမြီးမိန်းကလေးသည် သူ့ကို ဝိုင်းစက်တောက်ပသော မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်နေ လိုက်ပြီး- “ရှင့်မှာ ဘာမှပြောစရာ စကားမရှိတော့ဘူးဆိုရင် ချောင်းဆိုးလိုက်ပါဦးလား။”

လီဆွန်းဟွာက သက်ပြင်းရှိုက်လိုက်ပြီး- “မိန်းကလေးရဲ့ မျက်လုံးက တော်တော် အမြင်စူးရှတာပဲ။ ကျုပ် မိန်းကလေးကို မသိတဲ့အတွက် တောင်းပန်ပါတယ်။”

(၃၂) ကြောက်မက်ဖွယ်ရန်သူချင်း အပြန်အလှန်နားလည်မှု

ထိုနေရာသို့ ရောက်သော် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ အသက်ကို ပေးဆပ်ရမည် ဖြစ်လေသည်။

ထိုအချက်ကို လီဆွန်းဟွာ သိထား၏။ ကော့စွန်းယန်သည် သူ့အတွက် လွန်စွာမှပင် ထိတ်လန့် စရာကောင်းသော ရန်သူတစ်ယောက် ဖြစ်၏။ သူ၏ဘဝတွင် ဤတစ်ကြိမ်သည် တကယ့်ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် တွေ့ဖူးခြင်းလည်းဖြစ်၏။

သိုင်းလောက၏ သိုင်းသမားအချို့သည် ရှုံးနိမ့်ခြင်းကို ရှာဖွေလေ့ရှိကြသည်။ အဘယ်ကြောင့်ဆို သော် တကယ့်ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံရပြီး ထိုပြိုင်ဘက်လက်အောက်၌ ရှုံးနိမ့်ရခြင်းကို သူတို့ ဂုဏ်ယူကြလေသည်။ ထိုအချက်ကြောင့် သူတို့ပျော်ရွှင်ကြရ၏။

သို့သော် လီဆွန်းဟွာသည် မပျော်ရွှင်နိုင်ပါ။ သူ့စိတ်များက လေးလံနေ၏။ ယခုအခြေအနေအ တိုင်းဆိုပါက သူသေချာပေါက် ရှုံးနိမ့်နိုင်၏။ လမ်းဆုံးလေးသို့ရောက်သော် သူ၏ဘဝသည်လည်း ဆုံးပါးရ တော့မည်လော...

ထိုလမ်းဆုံးသည် သူ၏နောက်ဆုံးခရီးဖြစ်နေနိုင်၏။ သူသေရမည်ကို လုံးဝမကြောက်ပါ။ သို့သော် ယခုအချိန်တွင် သူမသေချင်သေးပေ။

ပတ်ဝန်းကျင်က ပို၍တိတ်ဆိတ်ငြိမ်သက်လာ၏။ ရှေ့ဆီမှ သစ်တောအုပ်လေးကို သူလှမ်းမြင် လိုက်ရလေသည်။

(၃၁) ရှောင်းလီဓားပျံ

ယန်ချောင်းဖေ၏ စိတ်ဆိုးဒေါသထွက်နေသော အမူအရာများအား တွေ့လိုက်ရသောအခါ လောင်ရှောင်း၃ယွန်သည် လျင်မြန်စွာပင် ပြောဆိုလိုက်၏။ “သူ့ဓားပျံက သာမန်သံထည်နဲ့ ပြုလုပ်ထားတာပါ။ ဘာမှ မထူးဆန်းပါဘူး၊ ဒါပေမဲ့ လူတွေက နတ်ဓားပျံလို့တောင် တင်စားပြီး ပြောဆိုနေကြတာကိုတော့ ကျနော်ကိုယ်တိုင်တောင်မှ နားမလည်နိုင်တော့ဘူး။ တော်တော့်ကို အဖြစ်သည်းကြတာပဲ။”

အနက်ရောင်ဝတ်ဆင်ထားသူသည် တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။ “မင်းရဲ့သိုင်းပညာကို သူ ဖျက်ဆီးခဲ့တယ်လို့ ကြားဖူးတယ်။ မင်းသူ့ကို တော်တော်မုန်းနေမှာ အမှန်ပဲ။”

လောင်ရှောင်း၃ယွန်သည် အပြုံးမပျက်ပင် ပြန်ပြောလိုက်၏။ “ဦးရီးတော်လီက ကျနော့်ထက် အကြီးပဲ။ လူကြီးတစ်ယောက်က ဆုံးမတာကို ကျနော် ဘယ်လိုလုပ်ပြီး စိတ်ဆိုးရမှာလဲဗျာ။ ဒါ့အပြင် လူတစ်ယောက်အတွက် အောင်မြင်ကျော်ကြားဖို့ဆိုတာ သိုင်းပညာ ရှိတာမရှိတာနဲ့ မဆိုင်ပါဘူး။”

အနက်ရောင်ဝတ်ဆင်ထားသူသည် သူ့ကို ကြည့်နေလိုက်ပြီး သူ့အတွေးထဲ၌ စဉ်းစားနေသည့် အကြောင်းအရာများကို ခန့်မှန်းလိုက်သော်လည်း လူတစ်ယောက်၏ စိတ်တွင်းရှိအရာများကို ထိုးဖောက် မြင်နိုင်စွမ်းမရှိခဲ့ချေ။

ကျူကော့ခန်းသည် လက်ခုပ်ဩဘာတီးလိုက်ပြီး- “ကောင်းလိုက်တဲ့စကား... မင်းပြောတာသိပ် ကိုမှန်တယ်။ မင်းဟာ လောင်ရှောင်း၄ယွန်ရဲ့သား ပီသပါပေတယ်။”

(၃၀) ရှည်လျားသောည

ညတခွင်လုံး မြူနှင်းများက ဖုံးလွှမ်းထား၏။ သစ်ပင်များပေါ်၌ သစ်ရွက်များ ကြိုးကြား ကြိုးကြား ကျန်နေသေး၏။ ကြာပန်းရေအိုင်ထဲတွင်တော့ ရွက်ကြွေများဖြင့် ပြည့်လျှံနေသည်။ မြက်ခင်းစိမ်းများလည်း ညှိုးနွမ်းခြောက်သွေ့နေလေ၏။ အတိတ်ကာလများက ပန်းပွင့်များ နီရဲနေပြီး သစ်ရွက်များက စိမ်းလဲ့နေ ၏။ မက်မုံပန်းရနံ့များက ခြံဝင်းတစ်ခုလုံးကို သင်းပျံ့နေစေ၏။ ယခုတော့ ဘာမှမကျန်ရှိတော့ပါ။ တံတား လေး၏တစ်ဘက်တွင် အဆောင်ငယ်လေးတစ်ခု တည်ရှိနေ၏။ လေနုအေးအဆောင်...

ထိုနေရာ၌ သိုင်းလောက၏ ပထမသူရဲကောင်းနှင့် အချောမောဆုံး မိန်းကလေးတစ်ယောက် နေ ထိုင်ခဲ့ဖူး၏။ ထိုအချိန်တုန်းက မက်မုံပန်းရနံ့များက ညှို့ဓာတ်ပြင်းလှ၏။

ယခုတော့... ပင့်ကူအိမ်များက ထောင့်စွန်းများတွင် နေရာယူထားကြပြီး ပြတင်းတံခါးများတွင် ဖုန်မှုန့်များပင် တက်နေလေပြီ။ အရင်ကအတိုင်း ဘာတစ်ခုမှ မကျန်ရှိတော့ပါ။ မက်မုံပန်းများပင်လျှင် ခြောက်သွေ့နေခဲ့ပြီ မဟုတ်ပါလော။

မှောင်မည်းတိတ်ဆိတ်နေသော ညဉ့်ယံထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုသူသည် ဆံပင်များရှုပ်ပွနေပြီး အင်္ကျီကိုလည်း ဖရိုဖရဲဝတ်ဆင်ထား၏။ လမ်းပေါ်မှ ကလေကချေ တစ်ယောက်ကဲ့သို့ပင်။ သို့သော် သူ၏အမူအရာများက တည်ငြိမ်ရင့်ကျက်နေပြီး အထူးသဖြင့် သူ၏ မျက်လုံးများက စူးရှတောက်ပနေကြ၏။

(၂၉) မျက်စိပါရှိသောကျာပွတ်

ခပ်ပိန်ပိန်လူသည် စားပွဲကိုလက်ဖြင့်တစ်ချက်ပုတ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွား၏။ လေနုအေးလေးတိုက်ခတ်လာခဲ့ပြီးနောက် သူ၏လက်ထဲသို့ အနက်ရောင် ကျာ ပွတ်တစ်ချောင်း ရောက်ရှိလာခဲ့၏။

သူ၏လက်ကို လှုပ်ခါလိုက်ရာ ကျာပွတ်ရှည်သည် လေတိုးသံများထွက်ပေါ်လာကာ အပြင်ဘက် ၌ရပ်နေကြသော လူများဆီသို့ ဦးတည်သွား၏။ ထို့နောက် တချွမ်ချွမ်အသံများကိုကြားလိုက်ကြရပြီး လူပေါင်း ၄၀ ကျော်တို့၏ခေါင်းများပေါ်မှ ဒင်္ဂါးပြားများ မြေပေါ်သို့ ပြုတ်ကျလာခဲ့ကြ၏။

ထိုလူပေါင်း ၄၀ ကျော်တို့သည် သိုင်းလောကတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူများ ဖြစ်ကြ သော်လည်း ဤမျှလှပသေသပ်သော ကျာပွတ်ရိုက်ချက်မျိုးကို လုံးဝမတွေ့ဖူးခဲ့ကြချေ။

သူ၏လက်ထဲတွင် ကျာပွတ်ရှိနေသည့်အချိန်များတွင် ကျာပွတ်သည် အသက်ဝင်လာပြီး မျက်လုံး တစ်စုံရှိနေပုံလည်းရ၏။

လူပေါင်း ၄၀ကျော်တို့သည် အချင်းချင်းကြည့်လိုက်ကြပြီး ကိုယ်ဖော့ပညာများအသုံးပြုလိုက်ကြ ကာ အသီးသီးပင် လမ်းမဘက်ဆီသို့ ထွက်ပြေးလိုက်ကြ၏။ အချို့သူများသည် နံရံပေါ်သို့ ခုန်တွယ် တက်လိုက်ကြပြီးထွက်ပြေးသွားကြ၏။ မြင်ကွင်းတစ်ခုလုံး လူအုပ်ကြီး၏အရိပ်များဖြင့် ဖုံးလွှမ်းသွားလေ သည်။ အချိန်တိုလေးအတွင်း၌ပင် လူအားလုံး ပျောက်ကွယ်သွားကြလေသည်။

(၂၈) မရဏဒင်္ဂါးပြားများ

အတန်ကြာသောအခါ ‘ဒူ...ဒူ...ဒူ...ဒူ...’ဆိုသောအသံများ လမ်း၏အဆုံးဘက်မှ ထွက်ပေါ်လာ၏။ ထိုအသံများသည် တပြေးညီတည်းသောအသံကို ထွက်စေပြီး လူသားများကို ထိတ်လန့်စေလေသည်။

‘ဒူ... ဒူ... ဒူ...’ ဆိုသောအသံများသည် လူသားများကို ကြောင်တောင်တောင်ဖြစ်သွားစေနိုင်၏။

အဝါရောင်ဝတ်ဆင်ထားသူ၄ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး အတူတကွ ထရပ်လိုက် ကြ၏။

ညအမှောင်ထုထဲမှ လူတစ်ယောက် ထွက်ပေါ်လာ၏။

ထိုသူသည် ဘယ်ဘက်ခြေထောက် ပြတ်နေပြီး ချိုင်းထောက်ကို အသုံးပြုကာ လျှောက်လှမ်းလာ နေ၏။

ဆိုင်လေး၏ မှိန်ပြပြမီးရောင်က ထိုသူ၏မျက်နှာပေါ်သို့ ထိုးကျနေ၏။ ရှုပ်ပွနေသော ဆံပင်များ သည် ပခုံးပေါ်သို့ ပြန့်ကျဲနေပြီး မျက်နှာသည် ကျွဲတစ်ကောင်၏အရေပြားထက်ပင် မည်းနက်နေသေး၏။ မျက်နှာတစ်ပြင်လုံးတွင်လည်း အမာရွတ်များပြည့်နှက်နေ၏။ တြိဂံပုံမျက်လုံးများ၊ ကြီးမားသောနှာခေါင်း၊ ကြီးမားသောပါးစပ်နှင့် မျက်ခုံးထူထူများက အမာရွတ်များ ရှိမနေပင်လျှင် ကြောက်စရာကောင်းနေ သေးတော့၏။ တွေ့မြင်လိုက်ရသူအပေါင်း အော်ဂလီဆန်သွားစေနိုင်လေသည်။

(၂၇) ဆိုင်ငယ်လေးမှနောက်ထပ်လူစိမ်းများ

ယနေ့အဖို့ ဇိုးသမားသည် ထူးခြားနေလေသည်။ အရက်ကို ဖြည်းညှင်းစွာသောက်နေပြီး သူ၏ မျက်လုံးများသည် လွန်စွာမှပင် တောက်ပနေကြ၏။ လက်ထဲတွင်လည်း သစ်သားရုပ်တုများရှိမနေပါ။ သူ၏ စားပွဲပေါ်မှ ဖယောင်းတိုင်ကိုလည်း ဘေးသို့ဖယ်ထား၏။

သူ၏မျက်လုံးများက တံခါးဝသို့စိုက်၍ ကြည့်နေသည်မှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည့် အတိုင်းပင်။

၁ နာရီကျော်သွားခဲ့သော်လည်း စားသောက်သူများ ရောက်မလာခဲ့ကြသေးပါ။

ခါးကုန်းစွန်းသည် ဟားသန်းလိုက်၏။ “ကြည့်ရတာ ဒီနေ့ဖို့ စားသောက်သူတွေ ထပ်ရောက်လာ ကြတော့မှာ မဟုတ်ပါဘူး။ ဆိုင်ပိတ်လိုက်ရင် ကောင်းမယ်ထင်တယ်။”

ဇိုးသမားသည် ရယ်မောလိုက်၏။ “သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့ဗျာ။ ဒီညအဖို့ ခင်ဗျားဆိုင်ရဲ့ စီးပွား ရေး တော်တော်လေးကောင်းလိမ့်မယ်ဆိုတာ ကျုပ်အာမခံပါတယ်။”

ခါးကုန်းစွန်း-“ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေနိုင်တာလဲ။”

(၂၆) ဆိုင်ငယ်လေးမှလူစိမ်းတစ်ယောက်

ဆောင်းဦးရာသီ...

သစ်ရွက်များ ကြွေကျနေ၏။

လမ်း၏အဆုံးဘက်တွင် စံအိမ်ကြီးတစ်အိမ်တည်ရှိနေပြီး ရွက်ကြွေများကဲ့သို့ပင် ကြွေကျနေ တော့မယောင်...

ခြံရှေ့တံခါးမကြီးက မဖွင့်တာကြာပြီဖြစ်သဖြင့် သံချေးများတက်နေ၏။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ပုရစ်ကောင်များ၏ တွန်သံများကိုသာ ရံဖန်ရံခါ ကြားနေ ကြရ၏။

အတိတ်က ဤလိုမျိုးတိတ်ဆိတ်နေခဲ့ပါသလား၊ မဟုတ်ပါ။ ဧကရာဇ်၏ စာမေးပွဲအောင် မြင်ခဲ့သူ ၇ ယောက်နှင့် တွမ့်ဟွာ ၃ ယောက် ဤနေရာ၌ အရင်က နေထိုင်ခဲ့ပါသည်။ ထိုအထဲမှ တစ်ယောက် သည် မျက်မှောက်ခေတ် သိုင်းလောက၏ သူရဲကောင်းတစ်ယောက်ပင်မဟုတ်ပါလား။

သို့ရာတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က ဤစံအိမ်၏အရှင်သခင် ပြောင်းလဲခဲ့လေသည်။ ပြီးခဲ့သော ၂ နှစ်ကျော်က ဤနေရာ၌ ရင်သပ်ရှုမောဖွယ်ရာအဖြစ်များ ဖြစ်ပွားခဲ့ပြီး သိုင်းလောက၏ ထိပ်သီးသိုင်းသမားများ ပျောက်ကွယ်ခဲ့ရသည်မဟုတ်ပါလော။

Thursday, March 3, 2011

(၂၅) ဓားသည်ကရုဏာမဲ့၏၊ ဓားရှင်သည်ကားကြင်နာမှုအပြည့်ရှိလေသည်

ပန်းဘီလူးသည် မိန်းမတစ်ယောက်ဖြစ်ကြောင်း လီဆွန်းဟွာ၏ ပြောဆိုချက်ကို ကြားလိုက် ရပြီးသည့်နောက် အားဖေသည် ရယ်မောလိုက်၏။ “မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကို ဘယ်လို လုပ်ပြီး မုဒိန်းကျင့်နိုင်မှာလဲ။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ သူမ ဟာသိပ်ကို ကောက်ကျစ်တယ်လို့ ပြောနိုင်တာပေါ့။ ပန်းဘီလူးဟာ မိန်းမတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး။”

“ဒါပေမဲ့ မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကို မုဒိန်းကျင့်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။”

လီဆွန်းဟွာ-“တစ်နည်းတော့ရှိတယ်။”

သူသည် ချောင်းခဏဆိုးနေလိုက်သေး၏။ ပြီးမှ- “ပန်းဘီလူးဟာ တကယ်ပဲ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မုဒိန်းကျင့်မှုအတွက် အခြားယောက်ျားတွေကို အသုံးပြုနိုင်တယ်။ နောက်အခွင့်အ ရေးသင့်တဲ့အခါမှ အဲ့ဒီယောက်ျားတွေကို ပြန်သတ်လိုက်လိမ့်မယ်။”

အားဖေ-“ခင်ဗျားသိပ်ကို အတွေးခေါင်နေပြီထင်တယ်။”

(၂၄) သစ္စာဖောက်ကို ဖော်ထုတ်ဖမ်းဆီးခြင်း

လီဆွန်းဟွာသည် သက်ပြင်းချလိုက်၏။ “ဒါဆိုရင်တော့ ကိုယ်တော်ကံကောင်းတာပဲ။ ဘာလို့လည်းဆိုတော့ ကြောက်ရွံ့ ရွံရှာစရာကောင်းလွန်းလို့ပါ။”

မည်သူမဆို အဆိပ်မိပြီးသေဆုံးခဲ့ပါက ကြည့်ပျော် ရှုပျော်ရှိမည်မဟုတ်ပါ။

လီဆွန်းဟွာသည် မျက်လုံးများကိုမှိတ်လိုက်၏။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ရဲ့အဆိပ်မိပြီး လူတစ်ယောက်သေဆုံးသွားခဲ့ပုံကို အခုထိမြင်ယောင်နေမိသေးတယ်။ ခဏလေးတင်ပဲ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး နက်ပြာသွားခဲ့ပြီး တဖြည်းဖြည်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပျက်ဆီးသွားခဲ့ရတယ်။”

+++++

ရှင်းရှု-“ဒါပေမဲ့ ရှင်းမယ်ကိုယ်တော် သေဆုံးခဲ့တာ ရက်ပေါင်းအတော်ကြာတောင်မှ ရှိပါပေါ့ လား။ ဘာဖြစ်လို့...”

လီဆွန်းဟွာသည် မျက်လုံးများကို ပြန်၍ဖွင့်လိုက်ပြီး- “မှန်တယ်။ သူသေဆုံးခဲ့တာ ရက် တော်တော်ကြာပြီ၊ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ မပျက်စီးသေးဘူး။ ဘာဖြစ်လို့လည်း သိလား။”

ရှင်းရှုသည် ခေါင်းကို ခါရမ်းပြလိုက်၏။

(၂၃) ထောင်ချောက်တွင်းသို့

လင်ရှန်းအာနှင့်အားဖေတို့သည် ဤမျှအေးပြီး လေထန်နေသောအချိန်မှာပင် စံအိမ်တော်ကြီးရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။ လင်ရှန်းအာသည် ပုံမှန်အတိုင်းမရှိဘဲ မြင့်မားလှသော နံရံကြီးကို ညွှန် ပြလိုက်ပြီး- “ဒီအိမ်ကြီးဟာ နံပါတ်၃အစ်ကိုကြီးရှန်ရဲ့ အိမ်တော်ကြီးပဲ။ သူနဲ့ သူ့မောင်နှမတွေက စီးပွား ရေးလုပ်ငန်းကြီးတွေ ၄၀ ကျော်ကို အတူတူ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြတယ်။ အခုတော့ ကျန်မောင်နှမ ၁၅ ယောက်လုံး အခေါင်းထဲကို ရောက်သွားခဲ့ကြပြီး သူတစ်ယောက်ပဲ ငုတ်တုတ်ကျန်နေခဲ့တယ်။”

အားဖေ-“သူတို့ ဘယ်လိုမျိုးသေဆုံးသွားခဲ့ကြတာလဲ။”

လင်ရှန်းအာ-“ဖျားနာပြီးသေဆုံးသွားခဲ့ကြတာ။ ဒါပေမဲ့ ဘယ်လိုမျိုးဝေဒနာတွေခံစားခဲ့ကြရတယ်ဆိုတာ ဘယ်သူမှမသိလိုက်ခဲ့ဘူး။ သန်သန်မာမာ ကျန်းကျန်းမာမာလူ ၁၅ ယောက်လုံးဟာ ၃ နှစ်အတွင်းမှာ အသီးသီးသေဆုံးသွားခဲ့ကြတာ ဘယ်သူမှမယုံကြည်နိုင်ခဲ့ဘူး။ နံပါတ်၃အစ်ကိုကြီးရှန် တစ်ယောက်ပဲ အကောင်းပကတိကျန်ခဲ့တယ်။”

အားဖေသည် ဘာမှပြန်မပြောတော့ဘဲ စကားတစ်ခွန်းကိုသာ ပြောဆိုလိုက်၏။ “မနက်ဖြန်ည ကျရင် ကျုပ်သူနဲ့သွားတွေ့မယ်။”

+++++

(၂၂) ပန်းဘီလူးပြန်လည်ထွက်ပေါ်လာခြင်း


နေ့လည်စာစားချိန်ပြီးဆုံးသွားခဲ့သလို ဇာတ်လမ်းပြောခြင်းလည်း ပြီးဆုံးသွားခဲ့၏။ ပရိသတ်များလည်း အလျှိုအလျှိုပြန်သွားခဲ့ကြ၏။ အပြန်လမ်းတွင်သူတို့သည် လီဆွန်းဟွာ ရင်ဆိုင်နေရသော အခက်အခဲများအကြောင်းကို ပြောဆိုသွားကြလေသည်။

လင်ရှန်းအာသည် နက်နဲစွာစဉ်းစားခန်းဝင်နေသော အားဖေကို ကြည့်နေ၏။ သူတို့၏စားပွဲပေါ်မှ စားစရာများက တို့ထိထားခြင်းပင်မရှိ။ 

အတန်ကြာသောအခါ ကျစ်ဆံမြီးမိန်းကလေးသည် သူမ၏ အဘိုးဖြစ်သူအားမေးလိုက်၏။ “ဘိုးဘိုး... လီတွမ့်ဟွာက အပြစ်ကင်းပါတယ်နော်။”

အဘိုးအိုစွန်း-“သူအပြစ်ကင်းတယ်ဆိုတာ ကျုပ်သိနေလဲ ကျုပ်ကဘာများလုပ်ပေးနိုင်မှာလဲကွယ်။”

Wednesday, March 2, 2011

(၂၁)ဂုဏ်ယူဖွယ်ကောင်းသော မိတ်ဆွေတစ်ယောက်

ရိခူသည် ခုတင်ဘေး၌ရပ်နေပြီး သူ၏အင်္ကျီကို ပြင်ဝတ်နေ၏။

အတန်ကြာသောအခါမှ လင်ရှန်းအာသည် သူ့ကိုပြုံးပြီးပြောဆိုလိုက်၏။ “အခုတော့ ကျမဟာ ဘယ်လောက်တန်ဘိုးရှိလဲဆိုတာ ရှင်သိသွားပြီမဟုတ်လား။”

ရိခူ-“ကျုပ်မင်းကို သတ်ပစ်ခဲ့သင့်တယ်။ မဟုတ်ရင် လူဘယ်လောက်များများ မင်းရဲ့လက်ထဲမှာ ဒုက္ခရောက်ကြရဦးမလဲမသိဘူး။”

လင်ရှန်းအာ-“အစတုန်းက ရှင်က ကျမကို သတ်ချင်ခဲ့တယ်ပေါ့။”

ရိခူ-“အင်း...”

သူမသည် ချိုသာစွာပြုံးနေလိုက်၏။ “ဒါပေမဲ့ ရှင်ကျမကို တကယ်ကော သတ်နိုင်ခဲ့လို့လား။”

ရိခူသည် သူမကိုအကြာကြီး စိုက်ကြည့်နေလိုက်ပြီး၊ “မင်းနဲ့ပါလာတဲ့ ချာတိတ်က ဘယ်သူလဲ...”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲ။ ရှင်ကမနာလိုဖြစ်နေတာလား။ ဒါမှမဟုတ် ကြောက်နေလို့လား။”

(၂ဝ) နှလုံးသားကောက်ကျစ်သူ

ရှောင်လင်ကျောင်းတော်၏ ခေါင်းလောင်းသံများ ဆူညံလာကြ၏။ သူတို့၏အကြီးအကဲ ဂိုဏ်းခေါင်းဆောင်တစ်ယောက်သေဆုံးသွား၍ ထိုးလိုက်သော ခေါင်းလောင်းသံများပင်ဖြစ်၏။

ဆောင်းလေအေးထဲ၌ လီဆွန်းဟွာသည် အဆက်မပြတ်ချောင်းဆိုးနေ၏။ သူသည် ဒေါသထွက်ရမည်လား၊ နောင်တရနေရမည်လား၊ သို့မဟုတ် စိတ်မကောင်းဖြစ်နေရမည်လား မသိတော့ချေ။

သူ၏ချောင်းဆိုးခြင်းရပ်တန့်သွားသောအခါ ဤကွင်းပြင်လေးသို့ ဘုန်းကြီးများစွာ စီတန်း၍ ဝင်လာကြ၏။ အားလုံး၏သွင်ပြင်များက အေးစက်ငြိမ်သက်နေကြလေသည်။

အားလုံးပင် သူ့ကိုစိုက်ကြည့်နေကြပြီး သူတို့၏နှုတ်ခမ်းများကို စေ့နေအောင် ကိုက်ထားကြ၏။ ခေါင်းလောင်းသံသည် ရပ်တန့်သွားခဲ့လေပြီ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး နှင်းပြင်ပေါ်သို့ လျှောက်လှမ်းလာသော ခြေသံများကသာ ကြီးစိုးနေ၏။

နောက်ဆုံးခြေသံရပ်တန့်သွားသောအခါ လီဆွန်းဟွာသည် သူ့ကို ရေခဲချပ်များ အလွှာလိုက် ဖုံးအုပ်လာသလိုမျိုး ခံစားလိုက်ရ၏။

Tuesday, March 1, 2011

(၁၉) ရှင်းပြရန်ခက်ခဲ

ရှင်းမယ်သည် ထိုဆန်ပြုတ်ထဲ၌ အဆိပ်ခပ်မထားကြောင်းကို သေချာပေါက်ယုံကြည်နေမိ၏။ သူသည် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးမဟုတ်ပါလား။ ထို့ကြောင့် ဣန္ဒြေသိက္ခာထိန်းကာ ၂ လုတ် လောက်သာ ဘုန်းပေးလိုက်၏။ ထိုအချိန်တွင် တျန်ချီသည် ပန်းကန်တစ်လုံးလုံးကုန်အောင် မော့ သောက်ခဲ့ပြီးပေပြီ။

တျန်ချီက ပြုံးပြလိုက်ပြီး- “ကျုပ်တို့သာ ဒီအတိုင်းဆက်သွားလိုက်မယ်ဆိုရင် ရှောင်စီးတောင်ကို မနက်ဖြန် မနက်စောစောလောက် ရောက်သွားလိမ့်မယ်။”

ရှင်းမယ်သည်လည်း စိတ်လက်ပေါ့ပါးသွားခဲ့ရ၏။ “ကျုပ်တို့ကို လာကြိုကြမယ့် ရှောင်လင်ကျောင်းတော်က တပည့်တွေ အများကြီးရောက်လာလိမ့်မယ်။ ကျုပ်တို့သာ ဆက်ပြီး...”

ချက်ချင်းပင် သူ စကားပြောရပ်သွား၏။ သူ၏ခန္ဓာကိုယ်သည် ယိမ်းထိုးသွားခဲ့ရပြီး လက်ထဲမှ ဆန်ပြုတ်ပန်းကန်သည်လည်း လှည်း၏ကြမ်းပြင်ပေါ်သို့ လွတ်ကျကွဲသွား၏။

တျန်ချီ၏မျက်နှာအမူအရာပျက်သွားခဲ့လေတော့သည်။ “ဆရာတော်... ဆရာတော်...”

“ဒီဆန်ပြုတ်ထဲမှာ အဆိပ်ခပ်ထားတယ်။”

Monday, February 28, 2011

(၁၈) တစ်ရက်တည်း၌ကြုံတွေ့ရသော အံ့အားသင့်မှုများ

ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံသည် သာမန်လူများအဖို့ လွန်စွာမှပင် ရှည်လျားနေမည်ဖြစ်သော်လည်း ထိုသူ့အတွက်မူ တိုနံ့နံ့ဖြစ်နေလေ၏။

သူသည် မြင်ရသူတိုင်းအံ့အားသင့်လောက်အောင် အရပ်ရှည်သူတစ်ယောက်ဖြစ်၏။ ထိုသူသည် ရှည်လျားသော အစိမ်းရောင်ခမောက်တစ်ခုကို ဆောင်းထားပြီး သစ်ပင်တစ်ပင်ကဲ့သို့ မတုန်မလှုပ် ရပ်နေသည်။

သွားနေသောမြင်းလှည်းအား ရပ်တန့်သွားအောင် ဆွဲနိုင်ခဲ့သည့် သူ့အင်အားသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ၏မျက်လုံးများက ပို၍ပင်ကြောက်စရာကောင်းနေသည်။ ထို မျက်လုံးများသည် လူသားတစ်ယောက်၏ မျက်လုံးများမဟုတ်သည့်အတိုင်းပင်။ သူ၏မျက်လုံးများက အစိမ်းရောင်သမ်းနေပြီး တောက်ပလင်းလက်နေ၏။

အပြင်ဘက်သို့ တျန်ချီသည် ထွက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ဝင်ရောက်လာခဲ့၏။ သူ့မျက်နှာအမူအရာများ ပျက်နေလေ၏။

ရှင်းမယ်-“အပြင်ဘက်မှာ တစ်ယောက်ယောက်များ ရောက်လာခဲ့တာလား။”

တျန်ချီ-“ရိခူ...”